လမင်းကို လိုင်းပုတ်တဲ့ ပင်လယ်ရဲ့ ည

ဟိုးအဝေးက လိုင်းလုံးကြီးတွေ တရိပ်ရိပ် တဟဲဟဲ အော်မြည်လာတဲ့ နဂါးခေါင်းကြီးတွေ မြင့်နိုင်သလောက် ယိမ်းထိုး တက် အမောက်ထောင်ပြီး လွန့်လူးလိမ့်ပြီး ထိုးတက်လာသလိုမျိုး တ၀ုန်းဝုန်း တက်လာနေတယ်။ မိုးကုတ်စက်ဝိုင်း တစ်ခြမ်းလုံးကို သူ့ရင်ခွင်တစ်ခုလုံး အပြည့် ဖြတ်မျဉ်းတစ်ကြောင်းလို တိတိကျကျ ဖြန့်ကျက်ကာထားတဲ့ ပင်လယ်ကြိးကလဲ မည်းလိုက်တာမှ မှောင်မိုက်နေတာပဲ ပင်လယ်ကမ်းခြေအစပ် အရောက်မှာမှ လိုင်းခေါင်းဖြူတွေက တလျောသောပါးပြေးလာခါပြီးမှ ရုတ်တရက် ငိုက်ကနဲ ဦးစိုက်ဆင်းသွားတယ် နောက် သဲသောင်ပြင်ပေါ်မှာ တင်ကျန်ခဲ့တဲ့ ရေဘူဖောင်းအစလေးတွေက ဟိုဒီဝေ့၀ဲလို့ ခနုက ဒေါသတကြိး ပြေးတက်လာတဲ့ လိုင်းလုံးကြိးတွေက သူတို့ မဟုတ်တော့သလိုပဲ..

ဒါပေမယ့် အဲ့ဒီ့နေ့က လေငြိမ်တယ် ပင်လယ်ကမ်းစပ်မှာ ထူးထူးခြားခြား လေလေးတစ်ချက်တောင် မဝေ့ပဲ ငြိမ်သက်နေတယ်။ နောက်..လသာတယ်။ လမင်းကြီးက ၀ိုင်းစက်နေပြီး ငွေမှင်ရောင် သန်းတဲ့ လရောင်တွေ မှောင်မည်းနေတဲ့ ပင်လယ်ပေါ် လိုင်းလုံးထိပ်တွေပေါ် ဖြာကျနေတဲ့ အလှက တော်တော်လေး ရင်သပ်ရူမောဖို့ကောင်းတယ်....

ပင်လယ်ရဲ့ ညို့ငင်မူ လရဲ့ ဆွဲဆောင်မူ..ငြိမ်းချမ်း တိတ်ဆိတ်မူ ညအမှောင်ရဲ့ တည်ငြိမ်မူ စတာတွေက လူတွေရဲ့ စိတ်နှလုံးတွေကို ပုံမှန်မဟုတ်ပဲ နူးညံသွားအောင် ဒါမှမဟုတ် ရူးသွပ်သွားအောင် ပြောင်းလဲသွားအောင် ဆွဲဆောင်မူရှိတယ် ဆိုပဲ..

ပတ်ဝန်းကျင်တစ်ခုလုံးက အေးမြခြင်းတွေ ငြိမ်းချမ်းခြင်းတွေ တိတ်ဆိတ်ငြိမ်သက်ခြင်းတွေ နဲ့ အတိပြီးနေသလောက် ကျွန်တော့် ရင်ခွင်တစ်ခုလုံး လိုင်းတံပိုးတွေ တ၀ုန်းဝုန်းထန်သလို အပူမီးလျံတွေ တငြီးငြီး တောက်လောင်နေတယ်...

ဘေးနားမှာ လက်နှစ်ဘက်ကို တင်းတင်းပိုက် မတ်မတ်ရပ်ရင်း ပင်လယ်ကို ငေးကြည့်နေတဲ့ သူမမျက်နှာက ပကတိ တည်ငြိမ်အေးစက်လွန်းနေတယ် သူမရဲ့ မျက်ဝန်းနက်နက်တွေက လရောင်မှာ အရောင်တွေ တဖြတ်ဖြတ်တောက်နေသလို သူမငိုနေသလား..မဖြစ်နိုင်ဘူး .သူမဟာ ဘယ်တော့မှ ဘယ်အတွက်နဲ့မှ သူ့အတွက် မျက်ရည်ကျဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူမရဲ့ ပြတ်သားမူတွေအတွက် သူအမြဲတမ်း ထိခိုက်နာကျင်ခဲ့ရတဲ့ ခံစားချက်တွေက အခုထက်ထိ အသစ်တွေလိုပဲ နာနာကျည်းကျည်း ရှိနေတုန်းပဲ။

သူမနဲ့ဝေးရာကို နှစ်ချီပြီး သွားရတော့မယ်လို့ အသိပေးတဲ့အချိန်မှာ သူမရဲ့မျက်နှာက တစ်ချက်တော့ ညို့ကနဲ လူပ်လူပ်ခတ်ခတ် ဖြစ်သွားသလို နောက် မျက်လုံးကို တင်းတင်းစေ့ပိတ်ထားပြီး အမြဲလိုလို တိကျပြတ်သားတဲ့ စကားတွေသာ ဆိုလေ့ရှိတဲ့ နုတ်ခမ်းအစုံက ဘာတစ်ခွန်းမှ မပြောပဲ အကြာကြီးငြိမ်သက်သွားတယ်။ ဘာကိုမှ တုန့်ပြန်ခြင်းမရှိပဲ ငြိမ်သက်နေတဲ့ သူမကို စိုက်ကြည့်ရင်း ငါမရှိလည်း မင်းနေလို့ဖြစ်မှာပါလို့ ကိုယ်နာနာကျင်ကျင်ရေရွတ်တော့..သူမတစ်ချက်ပြုံးတယ် ဟုတ်တာပေါ့ ကျိမ်းသေတာက မင်းမရှိလည်း ငါနေခဲ့ရမှာပဲလေ ဟုတ်တယ် မင်းမရှိလည်း ငါနေရဲရမှာပဲလို့ ပင်လယ်ပြင်ကြီးကို ငေးစိုက်ကြည့်ရင်း အေးစက်စက်လေသံနဲ့ သူမ ပြောတယ်။

သူ သူမအနားမှာ နီးနီးကပ်ကပ် ရပ်နေရင်းနဲ့ကို သူနဲ့သူမကြားမှာ အခုကတည်းက မိုင်ပေါင်းများစွာ ကြိုတင်ကွာဝေးနေသလို။ ဆို့နစ်ကြေကွဲစိတ်တွေနဲ့ ရုတ်တရက် အသက်ရူကျပ်လာသလို မွန်းကျပ်စွာ ခံစားလာရတော့ သူမကို ငဲ့စောင်းကြည့်ပြီး အရမ်းမှောင်နေပြီ ရေတွေလည်း အရမ်းတက်လာလိမ့်မယ် ဟိုတယ်ပေါ် ပြန်တက်တော့မယ်..လိုက်ခဲ့မလား နေခဲ့ဦးမလားလို့ သူမကို မေးတော့..သူမဆီက ဘာစကားမှ ပြန်မကြားရဘူး။ နောက် သူမစိတ်ကို နားမလည်စွာနဲ့ပဲ..တိတ်တဆိတ် လှည့်ထွက်ခဲ့လိုက်တယ် နောက်ကျောဘက်ဆီမှာတော့ ကမ်းခြေက ကျောက်ဆောင်တွေကို လိုင်းပုတ်သံ တ၀ုန်းဝုန်းကို ကြားနေရတယ်။
.............
သူလှည့်ထွက်သွားတဲ့အချိန် ရုတ်ချည်း အရာရာက တိတ်ဆိတ်သွားသလို သူမတစ်ယောက်တည်း လောကကြီးထဲမှာ သက်ရှိသတ္တ၀ါတစ်ယောက်ပဲ ကျန်နေတော့သလိုလို ပင်လယ်ကြီးရယ် ကမ်းစပ်မှာ မတ်မတ်ရပ်နေတဲ့ သူမရယ် နောက် မိုးကောင်ကင်ပေါ်က အရိပ်မည်းတွေ ထင်ဟပ်နေတဲ့ လမင်းကြီးရယ် ရင်ထဲမှာပါ တလှပ်လှပ်တုန်ယင်လာပြီး လက်ဖ၀ါးတွေမှာ ချွေးစေးတွေ ပြန်လာပါတယ်။ သူမတစ်ယောက်တည်း ကျန်ခဲ့ပါလား ဆိုတဲ့ အထီးကျန်စိတ်က စိတ်ကို တကယ် အားငယ်တုန်လူပ်စေတယ်။

သူမ တကယ်တော့ ပင်လယ်ကို အရမ်းကြောက်သည်။ ငယ်ငယ်ကတည်းက အမေနဲ့အဖေက ရေအရမ်းကြိုက်တဲ့ သူမက ပင်လယ်ကမ်းခြေအစပ်မှာ ချပေးလိုက်တဲ့အချိန် လိုင်းအပုတ်မှာ သူမ ချော်လဲပြီး ပါးစပ်ထဲက ငန်တူးတူး ပင်လယ်ရေတွေ ၀င်လာပြီး ထပ်ခါတလဲလဲ ရိုက်ပုတ်လာတဲ့ လိုင်းလုံးတွေကြားမှာ အလူးအလူးအလိမ့်လိမ့် သူမ ပြင်းပြင်းထန်ထန် အကြောက်လွန်ပြီး ဖျားခဲ့ဖူးတယ်တဲ့။ အထူးသဖြင့် ပင်လယ်ပြင်မျက်နှာပြင်ကို လရောင်ဆမ်းထားပေမယ့် မည်းမှောင်နေတဲ့ ရေပြင်မည်းမည်းကြီးကို ကြည့်ရင်း စိတ်တွေက ပုံမှန်မဟုတ်သလို...လရောင်ရဲ့ ညို့ငင်မူလား ပင်လယ်ရဲ့ဖမ်းစားမူလား ဒါပေမယ့် ဘုရားရေ ထူးခြားဆန်းပြား နူးညံ့သိမ်မွေ့ တဲ့ ချစ်ခြင်းတရားက ဘာဖြစ်လို့များ သူနဲ့သူမကြားမှာ ဒီလိုအချိန် ဒီလိုနေရာမျိုးမှာတောင် ပျောက်ဆုံးပျောက်ကွယ်နေပါလား။

သူသွားရတော့မည်တဲ့။ တိုင်ပင်ခြင်းမမည်တဲ့ အသိပေးခြင်း ဟုတ်သည် ဒါ အသိပေးရုံသပ်သပ်မျသာဖြစ်သည်။ အမြဲလိုလို သူနဲ့သူမကြားမှာ ရှိနေတတ်တာက တစ်ယောက်ကို တစ်ယောက် မျက်စိအောက်က အပျောက်မခံလောက်အောင် ချစ်ခြင်းတရားတွေ ကြီးမားကြပါလျက် နှစ်ယောက်ကြားမှာ တင်းတင်းခံနေတဲ့ အကြောင်းတရားက မာနတရား ဖြစ်နေတယ်။ ကြီးပြင်းခဲ့ရာ အသိုင်းအ၀ိုင်း မိသားစု အရှေ့နဲ့အနောက် ဒါပေမယ့် ခံယူချက်နဲ့ ရပ်တည်ချက် တူညီနေတာ တစ်ခုအတွက် ကံကြမ္မာကို ကျေးဇူးတင်ရမလို။ နောက် တစ်ယောက်ကိုတစ်ယောက် တကယ့်ကို မေတ္တာအစစ်နဲ့ ချစ်ခြင်းအတိနဲ့ ချစ်နေသေးခြင်းပါ။

အမြဲလိုလို သူ့အပေါ်တစ်စုံတစ်ရာ ချူပ်ကိုင်ဖို့မကြိုးစားခဲ့တာ အရာရာအတွက် လွတ်လပ်ခွင့် အပြည့်ပေးထားခြင်းနဲ့ ဘယ်သောအခါမှ ဘယ်လိုလူမျိုးနဲ့မှ သံသယဆိုတာ တစ်ရွေးသားမှ မရှိပဲ သူမ ရဲ့ ချစ်သူအပေါ် ယုံကြည်စိတ်ချခြင်း အပြည့်ရှိတဲ့အတွက် ၀န်တိုမူကြောင့်ဖြစ်တဲ့ ပြသနာဆိုတာ သူနဲ့သူမကြားမှာ သိပ်စိမ်းတဲ့ စကားလုံးတစ်လုံးသာဖြစ်သည်။ သူနဲ့သူမ ချစ်သူတွေဖြစ်တဲ့နေ့က သူမ တောင်းခဲ့တဲ့ ကတိသည် ရှားရှားပါးပါး တစ်ခုသာဖြစ်သည်။

ကျေးဇူးပြုပြီး ငါ့ကိုမလိမ်ပါနဲ့ ချစ်သူ မင်းဆီက ငါတောင်းချင်တာ အဲ့ကတိတစ်ခုတည်းပါပဲ။ ငါ့ကို မလိမ်ပါနဲ့ ဘယ်အတွက်နဲ့မှ ဘယ်အကြောင်းအရာကိုမှ ငါ့ကို မလိမ်ပါနဲ့ အမှန်အတိုင်းပြောလိုက်လို့ ငါနာကျင်စေမလားဆိုပြီးလည်း မလိမ်ပါနဲ့ အဲ့လိမ်လည်ခြင်းကသာ ငါ့ကို ပိုပြီး ထိခိုက်စေနိုင်တယ် နောက်ပြီး တကယ့်လို့များ ငါ့ကိုမချစ်တော့ရင်လည်း မချစ်တော့ကြောင်း ငါ့ကို အမှန်အတိုင်းပြောပါ ငါ့ကို လိမ်လည်ခြင်းနဲ့ မင်းကိုမင်းလည်း မလုံလဲစိတ်တွေနဲ့ အပူလောင်မခံပါနဲ့ ငါတို့ချစ်သူတွေ အဖြစ်နဲ့နေခဲ့အချိန်တွေမှာ တစ်ယောက်ကို တစ်ယောက် အမှန်တရားတွေနဲ့ လွတ်လွတ်လပ်လပ် ချူပ်နှောင်ခြင်း လိပ်ပြာသန့်ခြင်း စိတ်ခံစားလွတ်လပ် ပေါ့ပါးခြင်းတွေနဲ့ချစ်ကြရအောင် တကယ့်လို့များ မချစ်နိုင်တော့ရင် အချစ်အသစ်တွေ့ခဲ့ရင် ငါ့ကိုပွင့်ပွင့်လင်းလင်းပြောပါ ငါတို့ အရင်းနှီးဆုံး နေခဲ့ကြသေးတာပဲ မိတ်ဆွေအနေနဲ့တော့ ဆက်ဖြစ်လို့ရသေးတာပဲ အချစ်ရေ လို့ ကိုယ်ပြောတော့ ကိုယ့်လက်ဖ၀ါးနှစ်ဘက်ကို တင်းတင်းဆုပ်ကိုင်ပြီး သူ ကျွန်မကို ပြုံးကြည့်နေခဲ့တာ မှတ်မိပါသေးတယ်။ အဲ့အချိန်တွေတုန်းကတော့ တကယ့်ကို ငြိမ်းချမ်းအေးမြမူတွေ ချစ်ခြင်းမေတ္တာအပြည့်တွေနဲ့ ကြည်နူးခဲ့ကြတာပါ။

နောက်ပိုင်းတွေမှာ..အနီးကပ်ဆုံး တစ်ယောက်အနားကို တစ်ယောက် ချဉ်းကပ်လာချိန် မှာတော့. သူနဲ့သူမကြားက ကွာဟမူတွေ... နားလည်မူလွဲတာတွေ. .နာကျင်မူတွေ.. မကျေလည်မူတွေ.. ဖြစ်လာတိုင်း ပေါက်ကွဲပစ်လို့ နာကျင်မူကို ပိုအားပေးစေမယ့် စကားလုံးတွေ နာကျင်စေမယ့် မျက်ဝန်းအကြည့်တွေနဲ့ မပေါက်ကွဲချင်တဲ့ ခံစားချက်ခြင်း တူတဲ့ သူရော ကျွန်မမှာပါ တူညီချက်တွေက နူတ်ကို တင်းတင်းစေ့ပိတ်လိုက်ပြီး စကားလုံးတွေကို မြိုသိပ်လိုက်ကြတယ်။ လိုအပ်နေရင်းနဲ့ကို ခေါင်းခါခဲ့တဲ့ အကြိမ်တွေ များလာတယ်။ တစ်ယောက်ကို တစ်ယောက် မနာကျင်စေလိုတဲ့ စိတ်စေတနာတွေနဲ့ တစ်ယောက်ရဲ့အဝေးကို တစ်ယောက်က ထွက်ပြေးသွား လိုက်တာတွေဟာ ပိုပြီးတော့ တစ်ယောက်ကို တစ်ယောက် နာကျင်စေခဲ့တယ်ဆိုတာ မသိခဲ့ကြတာအမှန်ပါ။

သိလိုက်တဲ့အချိန်မှာတော့..သူနဲ့သူမ လရောင်ဆမ်းတဲ့ ပင်လယ်ကြီးနားမှာ အတူယှဉ်ရပ်ရင်း ခွဲခွာံခြင်းဆိုတဲ့ ခရီးအစကို ရောက်နေကြပြီ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ချစ်ရက်နဲ့ခွဲခွာကြရတယ်။ ချစ်ခြင်းကပဲ နီးစပ်စေခဲ့တယ် ချစ်ခြင်းကပဲ ကွဲကွာခြင်းကို ဖြစ်စေတယ်။ ချစ်ခြင်းကပဲ ခွဲခွာဖို့အတွက် ဆုံးဖြတ်ခဲ့ကြတယ်။ ချစ်ခြင်းက တစ်ခါတစ်လေ အလွမ်းတွေနဲ့ပဲ အဆုံးသတ်လှနေစေခဲ့တယ်။ နာကျင်မူတွေနဲ့ပဲ ချစ်ခြင်းကိုပိုပြီး ခိုင်မာစေခဲ့တယ်။ အမှန်တရားတွေက တစ်ခါတစ်လေမှာ ထိခိုက်စေလွန်းတယ်။ စစ်မှန်တဲ့ ချစ်ခြင်းကို ရခဲ့အတွက်တော့ ကျေးဇူးတင်မိသလိုလို။

သူမ ခြေကျင်းဝတ်အထိ ပင်လယ်ရေ တရိပ်ရိပ်တိုးလာတာ သတိထားလိုက်မိတယ်။ လိုင်းတွေရဲ့ အရှိန်ပြင်းပြင်း တိုးပုတ်လာတဲ့အတွက် သူမခန္ဒာကိုယ် ရုတ်တရက်ယိုင်သွားတယ်။ လရောင်က ရိပ်ကနဲ တိမ်အုပ်ကြားမှာ ပြေးဝင်သွားတယ်။ ရုတ်တရက် လေပြင်းတွေ တ၀ုန်းဝုန်းတိုက်ခတ်လာတယ်။ အုန်းပင်တွေရဲ့ အုန်းလက် အချင်းချင်း ရိုက်ခတ်သံတွေက မိစ္စာတွေလက်ခုပ်လက်ဝါးတီးနေသလို။ လိုင်းသံ တ၀ုန်းဝုန်း ကျောက်ဆောင်တွေ ကြားထဲ လေချွန်သံလို လေတိုးသံ စူးစူးရှရှတွေက နားစည်ကို ခပ်ပြင်းပြင်း ရိုက်ခတ်လာတယ်။ နားထဲမှာ ခေါ်သံသဲ့သဲ့ ကြားလိုက်ရတယ် ချစ်သူ ခေါ်သံလေများလား။ စကားသံခပ်တိုးတိုးက လေပြင်းတွေကြားထဲကနေ တဖြည်းဖြည်း ကျယ်လောင်လာသလိုလို...

မင်း နေခဲ့မှာ မဟုတ်လား..နေခဲ့မှာ မဟုတ်လား..မင်းနေခဲ့မှာ မဟုတ်လား. ငါမရှိပဲ... မင်းနေလို့ရတယ်မဟုတ်လား။

မင်းမရှိပဲ နေခဲ့တဲ့အချိန်တွေမှာလဲ ငါနေလို့ရပါတယ်လို့ ပြုံးပြောခဲ့ရင်းက (ငါမနေခဲ့ပါရစေနဲ့ ငါမနေပါရစေနဲ့လို့ ရင်ထဲမှာ ငိုကြွေးနေရင်းက ...ချစ်သူရေ.....လိမ်လည်ခြင်းကို မုန်းတဲ့ငါ ငါ့ကိုမလိမ်ပါနဲ့လို့ ငါကိုယ်တိုင် ကတိတောင်းခဲ့တဲ့ ငါချစ်တဲ့မင်းကို တစ်ချိန်လုံး နာကျင်စေမှာစိုးတဲ့စိတ်နဲ့ .. ငါလိမ်ခဲ့ဖူးတယ်ဆိုတာ မင်းသိခဲ့ရင် ..)

မျက်ရည်တွေနဲ့ဝေ့၀ဲလာတဲ့ မြင်ကွင်းခပ်ဝါးဝါးမှာ .အရှိန်ပြင်းပြင်းနဲ့ပြေးလာတဲ့ ပင်လယ်ပြင်ကြီးကို မြင်နေရတယ်.ဘုရားရေ..ငါက ပင်လယ်ကြီးဆီ သွားနေတာလား ပင်လယ်ကြီးက သူရဲ့ရင်ခွင်ထဲ ဆွဲသွင်းဖို့ကြိုးစားနေတာလား.....အံကို ခပ်တင်းတင်းဖိကိုက်လိုက်ချိန်မှာ နုတ်ခမ်းဖျားမှာ ငံကျိကျိ သွေးလိုလို နောက်တော့ ပါးစပ်ထဲကို အလုံးအရင်းနဲ့ဝင်လာတာက ပင်လယ်ဆားငန်ရေတွေ...ရုတ်တရက် အရာအားလုံးဟာ အမှောင်အတိဖြစ်သွားတယ်...

အဲ့နေ့ညက ပင်လယ်ပြင်ပေါ်က လိုင်းတွေ ကောင်းကင်က လမင်းကို တောင် လှမ်းပုတ်နိုင်အောင် ပင်လယ်ရေမျက်နှာပြင် ထူးထူးခြားခြား ရုတ်တရက်မြင့်တက်ခဲ့သတဲ့။

(မကြာသေးခင်က ပြန်လာတဲ့ ချာအမ်းပင်လယ်ကမ်းခြေရဲ့ ညတစ်ညမှာ ပေါ်လာတဲ့ စိတ်ခံစားမူ အတွေးအတိုင်း ရေးဖြစ်တယ်)

18 Comments:

Anonymous said...

အမရေအမရဲ့ဘလော့ကိုဝင်ဖတ်မိနေပေမယ့်ဘာကွန်မန့်မှမပေးခဲ့ဖြစ်ဘူး။အမနှုတ်ဆက်တယ်ပို့စ်ဖတ်ရတုန်းက တော့စိတ်မကောင်းဘူး။ အခုပို့စ်အသစ်လေးဖတ်လိုက်ရလို့ဝမ်းသာကြောင်းနဲ့စာများများဆက်ရေးနိုင်ဖို့ဆုတောင်းပေးလိုက်ပါတယ် ခင်မင်စွာဖြင့်
ဇေယျာဖြူ

Mar Mar said...

Oh!Welcome back.
You are back to your blog.
Nice to see.

chocothazin said...

မဆုမွန်ရေ ဟတ်ထိသွားပြီ။ စာဖတ်ရတာလေ လူချင်းပြန်တွေ့ ရသလိုကို ဝမ်းသာနေတာ။

chocothazin said...

ဟာ ကော်မန့် မှာ ခါတိုင်းလို approval ဆိုတာကြီး မစောင့်ရတော့ဘူးလား။

စည်သူ said...

လိမ်လည်ခြင်းကို မုန်းတဲ့ငါ ငါ့ကိုမလိမ်ပါနဲ့လို့ ငါကိုယ်တိုင် ကတိတောင်းခဲ့တဲ့ ငါချစ်တဲ့မင်းကို တစ်ချိန်လုံး နာကျင်စေမှာစိုးတဲ့စိတ်နဲ့ .. ငါလိမ်ခဲ့ဖူးတယ်ဆိုတာ မင်းသိခဲ့ရင် ..)

အဲစာသားလေး မိုက်တယ်အမရေ..
ကိုကသာ သူများကို သင်ပေးတတ်တာ
ကိုယ့်ကိုယ်ကိုယ်ကျတော့ ပြန်သင်ဖို့မေ့နေတယ်..

အတွေးနှစ်ခုရသွားတယ်..
ဖတ်ရတာ အရသာလည်းရှိပါ့အမရေ.

ပျော်ရွှင်ပါစေ
စည်သူ။

မဆုမွန် said...

ကိုဇေယျာဖြူ မမာမာ ညီမလေး ချိုကိုသဇင်နဲ့ မောင်လေးစည်သူနဲ့ လာဖတ်တဲ့သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်..မဆုမွန် အခုရက်ပိုင်း ခရီးထွက်တာနဲ့ ကျောင်းပေပါတမ်းတွေ တင်စရာတွေ များနေလို့ ဘလောခ်ကို ပုံမှန်မတင်နိုင်ဘူးဖြစ်နေရင် ခွင့်လွှ့တ်ပါ.ရှင်

မြစ်ကျိုးအင်း said...

ညရယ် လရောင်ရယ် ပင်လယ်ရယ် မိန်းမတယောက်နဲ့ ချစ်ခြင်းတခုကို သိမ်မွေ့စွာ ပြထားတဲ့ပို့စ်လေးပါပဲ။

ညင်ညင်သာသာလေးပဲ ဇာတ်လမ်း အဆုံးသတ်အထိ ဆွဲခေါ်သွားတယ်။

တပုဒ်လုံးပြီးတော့ ကိုယ်ကိုတိုင် ပင်လယ်ထဲက တက်လာခဲ့ရသလို မော နေမိတယ်။

Taw Lu Thit said...
This comment has been removed by the author.
Taw Lu Thit said...

မဆုမွန်ပြန်လာလို့ဝမ်းသာပါတယ်ဗျ.ဘာပဲဖြစ်ဖြစ်
စာဖတ်သူတွေကိုတော့ ချန်မသွားပါနဲ့
ပင်လယ်ကမ်းစပ်က မာကျောသယောင်ယောင်နဲ့ ပျော့ပြောင်းနူးညံ့တဲ့ မိန်ကလေးတယောက် ကို ကျနော်
လာကြည့်သွားပါတယ်.

ဖြူတုတ်လေး said...

မရဲ့ စိတ်ကူးကို မျှဝေခံစားသွားတယ်... ဖတ်လို့အရမ်းကောင်းပါတယ်။ မ ပြန်လာတာ အရမ်းဝမ်းသာတာပဲ။ Have a great weekend and Good Luck with the parpars and such!

မောင်မိုး said...

အစ်မ ဘလော့သိုင်းလောကကြီးထဲကို ပြန်ဝင်လာပြီပေါ့လေ...ကြိုဆိုပါတယ်ဗျာ။

ကိုလူထွေး said...

တော်တော်နုနေပါလား...
အရေးအသားရော အဖွဲ့အနွဲ့ရော ယဉ်ယဉ်လေးနဲ့...

းဝ)

Unknown said...

မဆုမွန် က ပင်လယ် ကြီး အကြောင်း ရေး ထား တယ် မျက် စိ ထဲ ကွက်ကွက် ကွင်းကွင်း တောင် မြင်ရတယ်။
အချိန် ရ ရင် “၂၀၁၂” သွားကြည့် လိုက်ပါလား။
ကျွန် တော် တော့ ရုံ စတင် တဲ့ နေ့ ကပဲ သွားကြည့် ဖြစ်တယ်။
ယုံတာ မယုံ တာ ထက်၊“ အရာရာ ဟာ ဖြစ်ပြီး ရင် ပျက် ရ တာချည်းပါ ပဲ၊”ဆိုတာ နှလုံး သွင်းမိ တော့..............
လိုချင်တာတွေနဲ သွားတယ်၊ အလိုမကျ မှုတွေ လျှော့ သွားတယ်၊သူများ အကြောင်း မသိချင် ကိုယ့် အကြောင်း ကို ပို သိချင်လာတယ်။

ဘာပဲ ဖြစ်ဖြစ် ဘလော့ လေးပြန် ဖတ်ရတာ ၀မ်းသာ တယ် မဆုမွန် ရေ။

အန်တီ said...

ဆုမွန်ရေ...ဒဏ်ရာဆိုတာ တနေ့ကျက်ကို ကျက်တယ် မတွေးဘဲ နေလို့ရမှာမဟုတ်လို့ တွေးပါ အရသာရှိရှိကို တွေးပါ အချိန်စောင့်နိုင်တဲ့ စွမ်းအားတွေ ရှိရင်ရဘီ

Angel Shaper said...

မမဆုမွန်ရေ....
ဘာပြောရမှန်းမသိဘူး။
ဖတ်ပြီး ရင်တောင်မောသွားတယ်။

Unknown said...

အစ်မ ဇာတ်ကောင် ပြောသွားတဲ့ စကားလေးတွေကို တကယ်သဘောကျတယ်

အစ်မရေ တစ်ခါတစ်ခါတော့လည်း မလိမ်ပါနဲ့ ဆိုတဲ့ စကားလုံးရဲ့နောက်ကွယ်မှာ ယုံကြည်ခြင်းတွေ နဲ့ အားပေးကူညီခြင်းတွေ ပါဖို့လိုသလို အနိုင်ကျင့် စွပ်စွဲ ယိုးစွပ် မယုံကြည်ခြင်းတွေပါရင် တော့ တစ်ဖက်သားက ဘယ်လို ပြောပါ့မလဲနော် ဒါမှမဟုတ်လည်း........

အင်း ဘာပဲဖြစ်ဖြစ် ဇာတ်လမ်းလေးတွေ ကောင်းတယ်
ဆက်ရေးပါအစ်မ
မအားတော့ နားရေးပေါ့
စာရေးကောင်းတယ်

မင်းအိမ်ဖြူ

Unknown said...

အစ်မရေ

နောက်တစ်ခေါက်ထပ်ဖတ်တယ်

သုံးထားတဲ့ စကားလုံးလေးတွေ ကြိုက်တယ်

နောက် အဲဒီလို အဖြစ်အပျက်မျိုးတွေလည်း အပြင်မှာ တကယ်ရှိတယ်အစ်မ

မချစ်လို့ မဟုတ်ဘဲ ချစ်လွန်းလို့ မာနနဲ့ အတ္တကြောင့် ခွဲခွာသွားရတဲ့ ချစ်သူတွေ

ဘာတွေ မှန်းမသိတော့ပါဘူးဗျာ

ပျော်ရွှင်ပါစေ

မင်းအိမ်ဖြူ

ခိုင်စိုးလင်း said...

လွမ်းမော ခံစား တမ်းတ ကြေကွဲ