တံလျှပ်ရွှေပြည် အပိုင်း (၆)


“ဒီမှာ… ဒီမှာ… ကျမအိမ်က ဘယ်နားလေးမှာလဲဟင်”

“အမ်..” ဟု တင်တင့်ထံမှ အာမေဋိတ်သံတိုးတိုးလေးကို ၀င်းဝင်းမာကြားလိုက်ရပါသည်။ စကားများပုံရသော အမျိုးသမီးက သူမနေ့ကအသုတ်နှင့်ပါလာတာဖြစ်ကြောင်း၊ လိုအပ်တာတွေဝယ်ရင်း အိမ်မရှာတတ်တော့ကြောင်းတွေကို အာဘောင်အာရင်းသံသံနှင့် ရှင်းပြနေသေးသည်။

“အမအိမ်က နံပါတ်ဘယ်လောက်လဲ မှတ်မိလား” ဟု ပြန်မေးလိုက်သည်။

“အင်း…၆၅၀ တော့ ကျော်တာပဲ”

“အဲဒါဆို အန်အယ်လ်ဒီအုပ်စုဘက်မှာဖြစ်လိမ့်မယ်။ ဒီကနေ တည့်တည့်ဆက်လျှောက်သွားအမ။ ရှေ့နားကျ ထပ်သာမေးလိုက်တော့နော်။ အဲဒီဘက်ခြမ်းမှာပဲရှိမှာပါ”

ကျေးဇူးပဲ ညီမရေ ဆိုသည့်အသံကို ချန်ရစ်ခဲ့ကာ အထုတ်အပိုးတွေတနင့်တပိုးသယ်လာသော ထိုအမျိုးသမီးက ရွှံ့စေးတွေကြားမှာ ချော်မလဲအောင် ခေါင်းငိုက်စိုက်ချကာ ဆက်လျှောက်သွားသည့်အတွက် သူ့အိမ်ကို ခလုတ်ဝင်တိုက်မိလျှင်တောင်မှ သိအုံးမှာ မဟုတ်တာသေချာသည်။

ဝင်းဝင်းမာတို့လည်းပဲ တညအိပ်ပြီးသည်နှင့် ကုန်ထုတ်လို့ရသည့် စာအုပ်ကလေးသွားလုပ်ဖို့ သည်လိုပဲ ဈေးတန်းလေးတွေ၊ ဒေသခံ ကရင်ရပ်ကွက်ကလေးတွေကိုဖြတ်ကာ ဂိုဒေါင်တွေကို တခုပြီး တခု သွားခဲ့ကြရသည်။ ဒန်အိုး။ ဖျာ၊ ခြင်ထောင်၊ စောင်တထည် စသည့်အတွဲတွေကိုပေးသည်က ဂိုဒေါင် တခု။ နောက်ပြီး မီးသွေးနှင့် မီးဖိုကို မျက်နှာချင်းဆိုင်ကယူ။ ဆန်က တဂိုဒေါင်။ လူတွေက တရုန်းရုန်းနှင့် ကြည့်ရင်း ပင်ပန်းလာသည်။

အိမ်ပြန်တော့ ကိုယ့်အိမ်ကိုယ်မမှတ်မိဘဲ ကိုယ့်ရပ်ကွက်ထဲမှာပင် မျက်စိလည်လမ်းမှားနေသည်။ အိမ်လေးတွေအားလုံးက ဆင်ဆင်တွေ။ အကာမပါ။ ၀ါးတိုင်၊ ၀ါးကာ။ ၀ါးခင်း။ သွပ်ကြိုးနှင့်ဆိုင်းတုပ်။ အခုနက အမျိုးသမီးလိုပဲ ကျမတို့အိမ်ဘယ်မှာလဲဟင်…ဟု မေးမိလုဆဲဆဲ ကိုယ့်ကို မှတ်မိနေသော အိမ်နီးချင်းအမကြီးက သူတို့နှစ်ယောက် မျက်စိလည်နေတာကို ငြိမ်ပြီးစောင့်ကြည့်နေရာက မအောင့်နိုင်တော့ဘဲ ရယ်ချလိုက်တော့မှ သူတို့ ကိုယ့်အိမ်ကို ပြန်တွေ့ရသည့်အဖြစ်။ ထိုအိမ်နီးချင်းအမကြီးက ပြောသည်။ သည်လို ကိုယ့်အိမ်ရှေ့မှာ အိမ်ပျောက်နေသည့်သူတွေက တရာမှာ (၉၉) ယောက်လောက် ရှိသည်ဆိုပဲ။

တင်တင်နှင့် ၀င်းဝင်းမာတို့ တယောက်ကို တယောက်ကြည့်ကာ ခပ်တိုးတိုး ရယ်လိုက်ကြသည်။ အခုတော့ သူတို့ နည်းနည်းပါးပါး ရယ်နိုင်လာကြပြီ။

ကိုယ့်ပိုက်ဆံနှင့်ကိုယ် အိမ်ကို အပြည့်ကာလိုက်ပြီး တခါးလေးကိုလည်း အဟန့်အတားလေးအဖြစ် တပ်လိုက်ခဲ့ပြီးပြီ။ ပေါက်နေသည့် သက်ကယ်တွေကို လိုက်လံဖာထေး၍လည်းပြီးပြီ။ စောင် ခြင်ထောင်တွေနှင့် အိုးခွက်တွေနှင့် ဆိုတော့ နည်းနည်းတော့ ပတ်ဝန်းကျင်ကို ခြေညောင်း လက်ဆန့်ထွက်ကြရန် နှစ်ယောက်သား တိုင်ပင်ထားကြသည်။

တအိမ်နှင့်တအိမ် အမိုးချင်းထိဆက်မတတ်နီးကပ်နေသည့် ညပ်ကြပ်နေသောတဲတွေကြားကနေ လမ်းမပေါ်ထွက်လိုက်သောအခါ စိတ်လွတ်လပ်ပေါ့ပါးမှုကို ပြန်လည်ရရှိလိုက်သည်။ မဲဆောက်မှာလို ရဲမကြောက်ရတော့ဘဲ လုံခြည်ဝတ်ကာ လမ်းထွက်ရသည့် အရသာကို နှစ်ထောင်းအားရရှိလှသည်။ လမ်းပေါ်မှာ ကိုယ်လိုလူတွေအများကြီး လမ်းလျှောက်နေကြတာကို ကြည့်ပြီးအံ့သြမိသည်။

အင်းလေ….ယူအဲန် အစီအစဉ်နှင့် မဲဆောက်က ဒုက္ခသည်တွေကို သွင်းဖို့ဆိုပြီး စာရင်းအတိုင်း ကြိုတင်ဆောက်သည့်တဲပေါင်း အလုံးနှစ်ထောင်က လူတွေပဲ။ နေ့တိုင်းဝယ်လို့ရသည့် ကုလားဈေး ထဲမှာလည်း ကြိတ်ကြိတ်တိုး။ တကယ်တော့ အဲဒီဈေးကို သူများဘယ်လိုခေါ်လည်း ၀င်းဝင်းမာမသိပါ။ သို့သော် ဟိုဘက်သည်ဘက် မျက်နှာချင်းဆိုင်နှစ်တန်းလုံးမှာ ဈေးဆိုင်မှန်သမျှ ကုလားတွေချည့်ဖြစ်သောကြောင့် ၀င်းဝင်းမာက ကုလားဈေးဟု ခေါ်လိုက်တာဖြစ်သည်။ ညာဘက်အစွန်ဆုံးတွင်တော့ ကရင်ဆိုင်လေးတဆိုင် ရှိသည်။ အသီးအရွက်တွေကတော့ တပတ်ကို ၂ ရက်ဈေးရှိသည်။ အဲဒါက ပလာရုံးရှေ့က လမ်းပေါ်မှာ မနက်မိုးမလင်းခင်ကစပြီး ဈေးတန်းဖြစ်ပြီး (၁၀) နာရီလောက်ဆို ပျောက်သွားသည့် ယာယီဈေးလေးဖြစ်သည်။ အဲသည်မှာကျတော့ မြန်မာပြည်နယ်စပ်ကနေ ထိုင်းဘက်မှာ အခြေကျနေသည့် ထိုင်းတောင်ပေါ်သားကဒ်ရထားကြပြီဖြစ်သော ကရင်တွေဖြစ်သည်။ ဗမာလိုမပြော၊ ထိုင်းလိုသာပြောနေကြသော ကရင်လူမျိုးတွေ။ တချို့က ထိုင်းလူမျိုးများနှင့် အိမ်ထောင်ကျပြီး ထိုင်း ကရင်ဖြစ်နေသူတွေ။

ကရင်ကတော့ ဘယ်နေရာမှာနေနေ ကရင်သွေးမပျောက်။ ရိုးသား ကြိုးစားသည်။ တောဓလေ့ကို မြတ်နိုးသည်။ ပစ္စည်းဥစ္စာကို ခင်တွယ်ကာ ဆထက်တပိုးတိုးလာဖို့ဆိုတာ သူတို့နှင့်မဆိုင်သလို… မြို့ကြီး ပြကြီးတွေမှာ မျိုးဆက် နှစ်ဆက်မက အခြေကျနေသည့် ကရင်မဟုတ်လျှင် ကရင်တွေရဲ့ ပင်မနေထိုင်မှုပုံသဏ္ဍန်က အဲဒီအတိုင်းပါပဲ။

တောင်တန်းများဝိုင်းရံနေသည့် နို့ဖိုး ဒုက္ခသည်စခန်းဘေးက တခုတည်းသော ကားလမ်းပေါ်မှာ ပွဲဈေးလျှောက်သလို လမ်း လျှောက်ထွက်သည့်သူများတွင်တော့ ထို ကရင်လူမျိုးများမပါဝင်ပါ။ အားလုံး ဒုက္ခသည် အသစ်စက်စက်တွေ။ သည် လောက်ကောင်းသည့် ရာသီချိန်မှာ လောင်းကုတ်အရှည်ကြီးဝတ်ကာ ဒေါက်ဖိနပ်စီးထားသည့် အမျိုးသမီးတယောက်ကို လည်းတွေ့ရသည်။ သူက နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူ ဟုပြောကြသည်။ တချို့မိန်းကလေးတွေ ကျတော့လည်း ပေါင်ရင်းတက်နေသည့် ဘောင်းဘီတိုလေးတွေနှင့် လည်ပင်းပေါက်က ရင်ညွန့်ကိုကျော်ဆင်းနေသည့် ပါးလှပ်လှပ် အကျမည်ကာမတ္တတွေနှင့်။ အသက်လေးတွေရှိမှ အလွန်ဆုံး နှစ်ဆယ်ကျော်။

ဒီကြားထဲမှာ အသားအရည်မွဲသွေ့သွေ့နှင့် အရက်စွဲနေသော အသက်ကို ခန့်မှန်း၍မရနိုင်သည့်တိုင် လူလတ်ပိုင်းဖြစ်ပုံရ သော လူတယောက်က ပြုံးပြုံး ပြုံးပြုံးနှင့် သူ့ဖာသာသူ စကားပြောလိုက် သူ့ဘေးက ဖြတ်သွားသူကို စကားပြောလိုက် ရှိနေသည်။

“တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေ” ဟု ငေါ့တော့တော့ပြောပြောနေတာကိုလည်း ကြားရသည်။

“မနက် မနက်ဆို အိမ်တွေရှေ့မှာ လာအော်တာ သူပေါ့” ဟု တင်တင်က ၀င်းဝင်းမာကို လက်ထောက်ချသည်။ တင်တင်က ၀င်းဝင်းမာထက် သွက်သည်။ ဒါကြောင့် ခနလေးနှင့် လူတော်တော်များများကို မိတ်ဆွေမဖြစ်သေးလျှင်တောင် သိတော့ သိနေပြီဖြစ်သည်။ တင်တင်ပြောတော့မှ မနက်တိုင်းကြားရသည့် အသံရှင်ကို တချက်ပြန်ငဲ့ကြည့်ကာ ခပ်တိုးတိုး ရယ်မိသည်။

သူလာလာအော်တာကတော့-

“ပဲပြုတ်သည်တောင် ပဲပြုတ်ရောင်းလို့ကုန်နေပီ။ နိုင်ငံရေးသမားရပ်ကွက်ကလည်း အခုထိ ဘယ်တယောက်မှ မထကြသေးပါလား။ ဒီပုံစံနဲ့ ကျုပ်တို့တိုင်းပြည်ကြီးကို ဘယ်လိုကယ်တင်ကြမှာလဲ၊ ထကြပါတော့ဗျို့…” တဲ့။

မနက်စောစော လာအော်သည်ဆိုသော်လည်း အသံကျယ်ကြီးနှင့်မဟုတ်သောကြောင့် သူတပါးကို အနှောင့် အယှက်မဖြစ် စေပါ။ သူ့ကို လူတွေက အညာသားဟု ခေါ်ကြသည်။ နံမည်ရင်းက ဘာလည်းမသိ။ အညာမှာမွေးပြီး အသားမည်းသူဆို လျှင် ဗမာလူမျိုးထုံးစံအတိုင်း နံမည်တပ်လိုက်တာကတော့ သည်လိုပါပဲ။

သူ့ကိုလိုက်ကြည့်မိသော ၀င်းဝင်းမာကို ကိုအညာသားက သတိထားမိသွားပုံနှင့် လှည့်ကြည့်ကာ ပြုံးပြသည်။

“ဘယ်သွားကြမလို့လဲ၊ ဟိုးတောင်တန်းတွေပေါ်မသွားနဲ့နော်။ အဲဒီမှာ ကျားကြီးတွေရှိတယ်။ လူသားစားတဲ့ ကျားတွေ၊ ဟိုးဘက်က သူများစိုက်ခင်းတွေ၊ တက်မနင်းမိစေနေနဲ့သိလား။ ဖျက်ဆီးတဲ့စိတ်ဆိုတာ ကောင်းတာမဟုတ်ဘူး။ သူများစိုက်ခင်းနေရာကိုလည်း ခွင့်မတောင်းဘဲ သွားမစိုက်နဲ့။ အဲဒါ လူမျိုးကြီးစိတ်ထားမဟုတ်ဘူး”

လမ်းလျှောက်သွားရာတလျှောက် ဆုံးမသြ၀ါဒတွေ တသီကြီးပေးသွားသော ကိုအညာသားက ၀င်းဝင်းမာတို့နှင့် တဖြေးဖြေးဝေးသွားသည်။

“ဒီလူက မူးသာနေတာ၊ သူပြောတဲ့စကားတွေကျတော့လည်း ပညာတတ်ဆန်လိုက်တာနော်။ ဘာလို့များ အရက်သမားဖြစ်နေရလဲမသိဘူး”

“သူက အေဘီကကျောင်းသားတဲ့။ ၈၈ အရေးအခင်းမှာ တောခိုလာတာလို့ပြောကြတာပဲ။ ဟိုးဘက်အခြမ်းက အေဘီအုပ်စုနေတာ။ သူက အဲဒီဘက်မှာနေတယ်” ဟု တင်တင်က သူသိသမျှ ဖောက်သည်ချသည်။

“အေဘီ ဆိုတာရော သိလား” ဟု သူတို့နောက်နား ခပ်လှမ်းလှမ်းမှာရပ်နေသူ သုံးယောက်အနက် တယောက်က မေးသည်။

“ကျောင်းသားအဖွဲ့ကိုပြောတာလေ” ဟု ၀င်းဝင်းမာဖြေတော့ ထိုသူများက ခပ်ဖွဖွရယ်ကြသည်။

“ကျောင်းသားအဖွဲ့။ ဟုတ်တယ်။ အဲလိုပဲ ခေါ်ကြတာများတယ်။ အပြည့်အစုံပြောမယ်ဆိုရင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ် တပ်ဦးတဲ့။ အေဘီအက်စ် ဒီအက်ဖ်လို့ခေါ်တယ်။ စောစောက ညီမတို့ကိုစကားပြောသွားတဲ့ အညာသားက ဆယ်တန်းကို ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်တဲ့နှစ်မှာပဲ မြန်မာပြည်မှာ အရေးအခင်းတွေဖြစ်တော့ ကျောင်းသားအရေးအခင်းထဲပါလာပြီး ကျောင်းတွေကလည်း ပြန်မဖွင့်၊ အရေးအခင်းထဲပါသမျှလည်း လိုက်ဖမ်းနေတာနဲ့ တောခိုလာခဲ့တာလေ။ လူငယ်တယောက်ရဲ့ အနာဂတ်ပျောက်သွားတဲ့ အနေအထားမှာ တောထဲတောင်ထဲ ငှက်ဖျား ကြမ်းကြမ်းထိတဲ့အခါ သောက်စရာ ဆေးအစား၊ ခြုံစရာ စောင်အစား အရက်ပဲအားကိုး အစားထိုးစရာရှိတဲ့ အခြေအနေ မျိုးမှာ အခုလို အရက်စွဲသွားကြတာ အဆန်းမဟုတ်ပါဘူးကွာ” ဟု ရှင်းပြသည်။

တရွေ့ရွေ့ဝေးသွားသော အညာသား၏ ကျောပြင်ကို လိုက်ငေးရင်း ၀င်းဝင်းမာရင်ထဲမှာ နည်းနည်း လှုပ်ခပ်သွားသည်။ ငါ့အကို..ငါ့မောင်များသာဆိုရင်…ဆိုသည့်အတွေးကြောင့်ပါ။ သူ့အမေဆို ရင်ကျိုးမှာပါပဲ။

“အဲဒီတောင်မှာ တကယ်ကျားရှိသလား” ဟု တင်တင်က စပ်စုလိုက်တော့ သူတို့အုပ်စု ရယ်ကြပြန်သည်။

“ဆယ်ကီလိုမီတာအကွာမှာ ရန်သူ့စစ်တပ်ရှိတယ်။ ရန်သူဆိုတာရောသိလား။ နအဖစစ်အုပ်စုကိုပြောတာ။ သူက စစ်တပ်လို့ မပြောချင်လို့ ကျားလို့ပြောသွားတာပါ”

ရည်ရွယ်မထားဘဲ တယောက်နှင့်တယောက် မိတ်မဆက်ဖြစ်ဘဲ သူတို့ အတူတူ လမ်းလျှောက်လာမိကြသည်။ တဖြေးဖြေး နှင့် သူတို့ ထိုင်းရဲတွေ၏ အစောင့်တဲလေးနားကိုရောက်လာသည်။ ၀တ်စုံနက်နှင့် ထိုင်းလူငယ် စစ်သား သုံးလေးယောက် တဲထဲမှာရှိနေသည်။

တဲကိုကျော်ဖြတ်ကာ လျှောက်ရလား မလျှောက်ရလား ဝေခွဲမရသည့် ညနေခင်းလမ်းလျှောက်သူများ တဲနားကနေ လှည့်လှည့်ပြန်သွားကြသည်။ သူတို့ကခြေလှမ်းကို မရပ်ကြ။ အသက် (၅၀) အရွယ် မျက်မှန်နှင့် ခပ်ပိန်ညက်ညက်အမျိုးသားတယောက်က သူတို့ကို ရှေ့ဆက်မလျှောက်ဖို့ လှမ်းပြောသည်။

“ဒီကောင်တွေက ကွန်မဲန်ဒိုတွေ၊ သူတို့မသင်္ကာရင် ပစ်သတ်ခွင့်ရှိတယ်။ ကိုယ်က သူတို့မြေပေါ်မှာ လာပြီး တရားမ၀င် နေ နေရတဲ့သူတွေ။ သတ်လည်းခံရမှာပဲ။ ဂိတ်ကိုကျော်ပြီး မသွားတာအကောင်းဆုံးပဲဗျာ” ဟု ပြောရင်း သူကိုယ်တိုင်လည်း စိမ်းမြသော တောင်တန်းတောရိပ်မြင်ကွင်းကို ကျောခိုင်းပြန်လှည့်သွားသည်။ အဲသည်လူသည် ကမ့်ထဲဝင်မည့်မနက်စော ဘုရင့်ကွင်းထဲမှာ လူစစ်တုံးက အမတ်မင်းတွေလည်း ဒီလိုပဲ ကျော်ဖြတ်ခဲ့ရတာပဲ ဟုပြောကာ ခနိုးခနဲ့ ရယ်ခဲ့သော ပုဂ္ဂိုလ်ဆိုတာကို ၀င်းဝင်းမာ ချက်ခြင်းမှတ်မိလိုက်သည်။

တင်တင်နှင့် ၀င်းဝင်းမာတို့က အဲသည်လူ သုံးယောက်ကို အကဲခတ်သလိုကြည့်တော့ သူတို့က သူတို့မူအတိုင်း ခပ်ပြုံးပြုံးနှင့် မျက်ခုံးပင့်ပြသည်။ သူမျက်ခုံးပင့်လိုက်တာက ၀င်းဝင်းမာတို့ကို စိန်ခေါ်လိုက်သလိုခံစားမိစေသည်။ စိတ်ဆတ်သော တင်တင်က ရှေ့ဆက်သွားရန် ဆုံးဖြတ်လိုက်သလို ပေခံခံ မျက်နှာပေးနှင့်ရှိနေသည်။

“တကယ်တော့ ကိုယ်တို့ ဒီထဲဝင်လာကြပြီဆိုကတည်းက ဒီမြေမှာ တရားဝင်နေထိုင်ကြတာကို အသိအမှတ်ပြုလိုက်တဲ့ အဓိပ္ပာယ်သက်ရောက်ပြီးသားပါကွာ။ ကိုယ်တို့က သူတို့စည်းမျဉ်းဥပဒေကို မချိုးဖောက်ရင် သူတို့ ဘာမှ လုပ်ခွင့်မရှိပါဘူး” ဟု တယောက်က ရှင်းပြသည်။ တယောက်ကတော့ စီးကရက်မီးခိုးငွေ့တွေမှုတ်ထုတ်ရင်း တဲကလေးဆီလျှောက်သွားပြီး စစ်သားတွေကို ထိုင်းဘာသာနှင့် နှုတ်ဆက်လိုက်သည်။

“လူဆိုတာ ကိုယ့်ဘာသာစကားကို တခြားလူမျိုးက ပြောတတ်တာတွေ့ရင်ကိုပဲ အလိုလို ၀မ်းသာအားရဖြစ်ပီး ရင်းနှီးတတတ်တဲ့အမျိုးမဟုတ်လား။ ဘာသာစကားက လူလူချင်းဆက်ဆံရေးမှာ တော်တော်အရေးပါတယ်။ ညီမတို့ရော ထိုင်းစကားပြောတတ်လား”

နှစ်ယောက်လုံး ထိုင်းလိုမပြောတတ်ကြသောကြောင့် ၀င်းဝင်းမာတို့ အဖြေမပေးဘဲ ရယ်လို့သာနေလိုက်ကြသည်။

“ထိုင်းလေသံက ခက်တယ်။ နှာခေါင်းသံနဲ့ပြောတာကိုနားထောင်ရတာနဲ့တင် အသဲယားတယ်။ အင်္ဂလိပ်စကားကမှ စိတ်ဝင်စားဖို့ကောင်းသေးတယ်”

“ဒါကတော့ ညည်းတို့က ငယ်ငယ်ကတည်းက ကျောင်းမှာ အင်္ဂလိပ်စာသင်ခဲ့ရတော့ နားယဉ်နေတဲ့အခံလေးကြောင့် ဒီလိုထင်တာကိုး။ တကယ်လို့ အင်္ဂလိပ်စာကို လေသံတောင်မကြားဘူးခဲ့ရင် အင်္ဂလိပ်စာလည်း ခက်တယ်ထင်မှာပါပဲ။ ထိုင်းအသံကတော့ နှာသံပါလို့ လူကြိုက်မများတာတော့ အမှန်ပါပဲ” ဟု အသက်နည်းနည်းပိုကြီးသူတယောက် ပြောသည်။ စကားသွားပြောသောအကိုကြီးပြန်လာသည်။

“သိပ်ဝေးဝေးတော့မသွားနဲ့၊ တခုခုဖြစ်ရင် သူတို့မှာ တာဝန်ရှိတယ် တဲ့”

သည်လိုနှင့် အစောင့်တဲကို မဖြတ်ရဲသောကြောင့် လှည့်ပြန်သွားကြသူတွေနှင့် ဆန့်ကျင်ဘက်သို့ သူတို့ စိတ်အေးလက်အေး လမ်းလျှောက်နိုင်ခဲ့ကြသည်။တောင်ကမ်းပါးယံကို ဖောက်ထားသောကြောင့် လမ်းအကွေ့တွေတိုင်းမှာ သူတို့ မျက်နှာမူရသည်က ၀ါးတောလွှမ်းသည့် တောင်နံရံတွေသာဖြစ်သည်။ စိမ့်အေးနေသော လေထုကို အားပါးတရ ရှိုက်ရှူရသောအခါ လူက ပိုပြီး လန်းဆတ်သွားသည်။

“ဟာ ဟိုမှာ မျောက်-မျောက်” ဟု တင်တင်က ကလေးတယောက်လို ၀မ်းသာအားရအော်ရင်း သစ်ပင်ထိပ်ဖျားက မျောက်မိသားစုကို လက်ညိုးထိုးပြသည်။ သူတို့က မျောက်ဆိုလျှင် တိရိစ္ဆာန်ရုံ၏ လှောင်အိမ်ထဲကနေ အပြင်က လူတွေကို ရန်လို ၀န်တိုသောအကြည့်နှင့် သွားဖြဲပြကာ မာန်ဖီနေသော မျောက်အကျဉ်းသားတွေကိုသာ တွေ့ဖူးခဲ့ကြတာမို့ လူနီးသည့် သစ်ပင်အုပ်ထဲမှာ အေးအေးလူလူ သန်းတုပ်နေရင်း ကွိကွိကွကွတွေ ဆူညံနေသည့် သဘာဝမျောက်ရွာကလေးကို တွေ့ရတာကိုက အရိုင်းဆန်ဆန် ပျော်ရွှင်မှုကို ဖြစ်စေသည်။

ကျောက်ကမ်းပါးယံမှာကပ်ပေါက်နေသည့် သစ်ပင်တွေက တချို့ ၀င်းဝင်းမာမမြင်ဘူးခဲ့ဘူးဟု ထင်မိသည်။ အစိမ်းရောင်မှာ ၀ါဖန့်ဖန့်ရောနေသည့် အပင်ကို ဘာအပင်မှန်း မသိသော်လည်း အဝေးကမြင်ရတာ တော်တော်လှပပြီး ငေးလို့ကောင်းသည်။

“ကိုမျိုး အဲဒီတောင်ကြီးကိုကြည့်ရတာ ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက် သေလုဇောနဲ့ မျောပီးလဲနေတာနဲ့ မတူဘူး လား” ဟု အစောင့်တဲဆီသွားခဲ့သူက ၀င်းဝင်းမာတို့ကို စကားစပြောခဲ့သူအား လှမ်းပြောသည်။

ကျောက်ကြိုကျောက်ကြားမှာ မြေမရှိဘဲ အမြစ်တွယ်ကုပ်ကာ ရှင်သန်နေသည့် အရောင်ဆန်းဆန်းသစ်ပင်တခုတည်းကို အာရုံစိုက်နေမိရာက ၀င်းဝင်းမာအကြည့်က တောင်တခုလုံးကို ခြုံကာ လေ့လာဖြစ်သည်။ သည်တောင်ကုန်းကမူ၏ အောက်ခြေမှာ ကုလားဈေးရှိနေသည်။ ကုလားဈေးကိုသွားတိုင်း သည်တောင်ကို မော့မော့ကြည့်ဖြစ်သော်လည်း သူ့လို မမြင်တတ်ခဲ့။ တကယ်ပါပဲ။ မျက်နှာအရာ…လည်ပင်းအဟိုက်…မို့မောက်သောရင်သားပြင်။ ပူဖောင်းနေသည့်ဝမ်းဗိုက်ကနေ အောက်ပိုင်းကို တဖြေးဖြေး ပြန်လျှောသွားသည့် အမျိုးသမီးတယောက်အသွင် အားလုံးပြည့်စုံနေသည်။

ကိုယ်ဝန်ဆောင်ဗိုက်သားက သာမန်ကိုယ်ဝန်ရင့်မာပြီး ပူနေဟန်ထက် ဖောပုပ်ကာ ဖောင်းကားနေသယောင်ဟုပင် ခံစားရအောင် မို့မောက်နေသည့် တောင်ကမူကျောက်ကတုံးကို ၀င်းဝင်းမာ မော့ငေးရင်း သည်လူတွေက ဘယ်လိုလူတွေ လဲ ဟု သိချင်မိလာသည်။ သူများနှင့်မတူသော အတွေး၊ အမြင်နှင့် သီးခြားဆန်သော အလေ့အထများသူတို့ဆီမှာ ရှိသည်။

“ဒုက္ခသည်စစ်စစ်တွေရဲ့ သင်္ကေတပေါ့ဗျာ။ ပြည်တွင်းစစ်ရဲ့ သင်္ကေတပေါ့။ ထိုင်းအာဏာပိုင်တွေကိုက ရွေးပေးတတ်တာ လား။ ကျနော်တို့ တိုင်းပြည်ရဲ့ ကံကြမ္မာအတွက်ကိုပဲ သဘာဝက ဖန်တီးပေးလိုက်သလား။ ဒါကတော့ ဒုက္ခသည် စခန်းတခုရဲ့ သင်္ကေတဆန်နေတာတော့ အမှန်ပဲ”

စက်သံဆူဆူညံညံနှင့် ဗမာပြည်က ထော်လာဂျီလို့ ခေါ်သော တောတွေမှာ စပါးခင်းထဲ အသုံးပြုသည့် ယာဉ်တစင်း ဖြတ် သွားသည်။ မောင်းသူက ထိုင်းလယ်သမားဖြစ်ပုံရသည့် လူလတ်ပိုင်းအရွယ်။ ပလိုင်းနှင့် သင်တိုင်းနှင့် ဆေးတံခဲထားသည့် မုတ်ဆိတ်တိုနံ့နံ့နှင့် ကရင်ခေါင်းပေါင်းနှင့် အမျိုးသားကြီးတယောက် ကရင်လုံခြည် ခပ်ကြမ်းကြမ်းကို တိုတိုဝတ်ထားသည့် ကြံ့ခိုင်သော ကရင်အမျိုးသမီးကြီးယောက်၊ မျက်နှာပြည့်ဝိုင်းဝိုင်းနှင့် ဆယ်ကျော်သက် ကရင်မလေးတယောက်တို့ အဲသည် ပေါ်မှာ ပါသွားသည်။

“ကိုယ့်အစိုးရက အသုံးမကျတော့ ကိုယ့်လူမျိုးတွေက သူများနိုင်ငံမှာ အခြေချနေကြရတယ်။ ဒီလောက်ချောတဲ့ ကလေးမလေး ထိုင်းတယောက်ယောက်ရဲ့ အငယ်အနှောင်းဖြစ်သွားအုံးတော့မှာပဲ ထင်ပါရဲ့”

“ထိုင်းမှာ လာနေတာနဲ့တော့ ထိုင်းတွေရဲ့ အငယ်ချည့်ပဲ ဖြစ်မကုန်နိုင်ပါဘူး” ဟု ၀င်းဝင်းမာက သူ့ကို ဆင်ခြေတက်တော့ သူက ၀င်းဝင်းမာကို ငုံ့ကြည့်ကာ ပြုံးသည်။

“ညီမ ထိုင်းကိုရောက်တာ ဘယ်လောက်ကြာပြီလဲ” ဟုမေးရင်း တဆက်တည်း

“မိန်းကလေးတိုင်းလို့ မဆိုလိုပါဘူး။ ဒါပေမယ့် အနေနီးစပ်မှုအရ၊ စဉ်းစားတွေးခေါ်တတ်တဲ့ အမြော်အမြင်အရ၊ စိတ်သာယာမှုအရ၊ စီးပွားဥစ္စာဖိအားအရ…မရှောင်သာတဲ့ အခြေအနေအရ…ဆိုတာတွေက အများကြီးလေ။ ကိုယ့်တိုင်းပြည်မှာ နေလို့ထိုင်လို့အဆင်ပြေကြရင် … ပညာသင်နိုင်ကြရင် …. အလုပ်အကိုင် အခွင့်အလမ်းတွေပေါများမယ်ဆိုရင် ဒီမှာ ဒီလိုဇာတ်လမ်းတွေကို အကိုတို့ တွေးပီး စိတ်မကောင်းဖြစ်မနေရဘူးပေါ့ကွာ”

“ဒီနေ့တော့ ဒီလောက်ဆို တော်သင့်ပီထင်တယ်။ နည်းနည်းလည်းမှောင်လာပြီ။ ပြန်လှည့်ကြစို့” ဟု သူတို့သုံးယောက်တည်းက အသက်အကြီးဆုံး တယောက်က ပြောသည်။ တောင်စွယ်မှာ နေကွယ်သွားသောအခါ အေးစိမ့်စိမ့်အရသာက အရေပြားကို လာပြီး တို့ထိ ကျီစယ်နေသည်။

“အကိုတို့က ကျောင်းသားတပ်ကလား” ဟု တင်တင်က စပ်စုသည်။

“ကိုယ်တို့က နိုင်ငံရေးအကျဉ်းသားအုပ်စု၊ ကျောင်းသားတပ်ကလူတွေကလည်း အကိုတို့ သူငယ်ချင်းတွေပါပဲ။ ကိုယ့်ကျရာဇာတ်ရုပ်ကနေ နိုင်ငံအရေးထဲ လိုသလို ပါဝင်ပတ်သက်ခဲ့ကြတာပါပဲ။ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဆိုတာ ကြားဖူးတယ်မို့လား။ ကျောင်းသားတွေနဲ့ ဖွဲ့ထားတဲ့ ပါတီလေ။ အဲဒီမှာ လုပ်ရင်း ထောင်ကျကြတာ။ သူကတော့ အဲန်အယ်လ်ဒီပါတီက”

ဝင်းဝင်းမာက နားထောင်ရသမျှ စကားတွေအပေါ်မှာ ကိုယ်နှင့် ပြန်နှိုင်းယှဉ်ပြီး လိပ်ပြာမလုံဖြစ်မိလာသည်။ နိုင်ငံရေးလုပ် သူတချို့က ပေးသော စာတို့ ငွေတို့ကို သူ့အိမ်ပြန်သည့်အခါ ယူသွားပေးဖူးသည်။ ထိုင်းမှာ အလုပ်လာလုပ်သော သူများ ဆိုလျှင် စစ်ဆေးရေးဂိတ်တွေက သိပ်ပြီး မရှာဖွေတတ်။ ငွေရှာလာသူများမို့ ဂိတ်ဖြတ်ကြေးတွေကိုသာ လည်ပင်းညစ် မ တတ် ရသလောက်တောင်းကြဖို့ အားသန်ကြတာဖြစ်သည်။ အ၀င်လည်းတောင်း၊ အထွက်လည်းတောင်း…တဂိတ်နဲ့ တဂိတ်ကလည်း သိပ်မဝေးတတ်သည့်အတွက် တခါတခါ အိမ်ပြန်ရလျှင် အဲသည် ဂိတ်ကြေးတွေကချည့် ငါးသောင်း လောက် ဖြစ်ဖြစ်သွားသည့်အခါက ရှိသေးသည်။ သူတို့က သုံးထောင်ထက်နည်းလျှင် မျက်နှာက မကြည်လင်တတ်ကြ။ (၁၀) ဂိတ်ဖြတ်ရလျှင်ကို သုံးသောင်းဖြစ်နေပြီ။ ရဲ၊ စစ်၊ လူဝင်မှုကြီးကြပ်ရေး။ အထူးထောက်လှမ်းရေး စသည်ဖြင့် အဖွဲ့ တွေကလည်း ထပ်ကို မထပ်စေရ။

အဲသည်တော့ လူကြုံပေးသည့် ပစ္စည်းလေး၊ စာလေး၊ ငွေစလေးတွေကိုကျစ်နေအောင်ထုတ်ပြီး သယ်ယူခလေး နည်းနည်းပါးပါးတောင်းကာ သယ်ပေးခဲ့ဖူးသည်။ အတွင်းက အပြန်ကျတော့လည်း သည်ဘက်က ပြန်မှာသည့် စာအုပ်တို့ ဘာတို့ ပြန်သယ်လာပေးရသည်။ အဲသည်မဖြစ်စလောက် နိုင်ငံရေးနှင့် ပတ်သက်မှုလေးကို ပုံကြီးချဲ့ကာ ၀င်းဝင်းမာက မြန်မာပြည်ပြန်လို့ မဖြစ်တော့ပါဟု အသနားခံလွှာ ရေးသားပြီး သူတို့က ယူအဲန်ဟု အလွယ်ခေါ်နေကြသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ သွားပြီး ဒုက္ခသည်စာရင်း သွင်းခဲ့တာဖြစ်သည်။

“ကြည့်စမ်းပါအုံးဗျာ၊ ဒိုင်နာကားနဲ့ နွားကျောင်းနေကြတာ၊ မြန်မာပြည်က နယ်တွေမှာဆို ဒိုင်နာတစီးလောက် ရှိနေရင်ကိုပဲ လူလတ်တန်းစားသဌေးလေး စာရင်းဝင်နေတာ”

သချုင်းမြေအစပ်တွင် ပေါက်နေသော မြက်ပင်များရှိရာသို့ နွားတွေလွှတ်ထားသော ပိုင်ရှင် ကုလားက သံတန်းများနှင့် ခြံခတ်ထားသည့် ဒိုင်နာကားပေါ်သို့ နွားတွေကို ကုန်းဘတ်ပေါ်ကနေတဆင့် ပြန်မောင်းသွင်းနေသည်။ ခပ်ကြပ်ကြပ်ထည့်တော့ သုံးလေးကောင် အသာလေးဝင်သွားသည်။

“ခင်ဗျားက ဒိုင်နာနဲ့ နွားကျောင်းတာကို ခံစားနေ…ကျနော်ကမှ ချင်းမိုင်မှာနေတုံးက လမ်းလျှောက်သွားလို့ ခွေးတွေ တသီကြီးလိုက်ဟောင်တာကိုခံခဲ့ရတဲ့စိတ်က သေရာပါတော့မှာ”

“လမ်းလျှောက်လို့ ခွေးဟောင်တယ်။ ဘယ်အချိန်လျှောက်လို့လဲ” ဟု ၀င်းဝင်းမာက မေးလိုက်တော့ ကိုတင့်လွင်ဆိုသူက

“မနက် (၈) နာရီမထိုးခင်ဗျာ။ ဈေးနဲ့လည်း သိပ်မဝေးတော့ လမ်းလျှောက်ပြီး ဈေးကိုသွားတာ။ အိမ်ကထွက်ပြီဆိုကတည်း က လမ်းဘေးအိမ်တွေထဲကခွေးတွေက သူတို့လှောင်အိမ်ထဲကနေ သူတို့ခြံဝကနေ ခုန်ပေါက်ပြီးတော့ကို စူးစူးဝါးဝါး ဟောင်တာ။ အစကတော့ ကိုယ့်ကို ဟောင်တယ်မထင်မိဘူး။ နောက်တော့ တအိမ်လည်းမဟုတ်၊ နှစ်အိမ်ဖြတ်တော့လည်း ဟောင်၊ ဆက်တိုက်ဖြစ်နေလို့ ခွေးတွေကို လှမ်းကြည့်တော့ သူတို့က ကိုယ့်ကို ဟောင်နေတာကိုး”

“ခင်ဗျားက ကို့ယို့ကားယားဝတ်ထားလို့လား”

“ဘယ်ကလာ ကိုတင်ထွဋ်ရယ်။ ဂျင်းဘောင်းဘီနဲ့ တီရှပ်နဲ့။ ကိုယ်ပေါ်မှာ အပိုဆိုလို့ လျှာထိုးဦးထုပ်ဆောင်းထားတာပဲ ရှိ တယ်။ နောက်တော့မှ သတိထားမိတာက ချင်းမိုင်မှာ ဈေးသည်ကအစ လမ်းလျှောက်တဲ့သူမှ မရှိတာကိုးဗျ။ အဆင်းရဲဆုံး ဈေးသည်တောင် ဆိုင်ကယ်တော့ရှိတယ်။ စက်ဘီးစီးတဲ့သူဆိုတောင် ရှားနေပီပြောရမယ်။ ပြည်သူလူထုက သူတို့လူမှု စရိတ်ဖူလုံပြီး အဆင့်မြင့်မြင့်နေနိုင်လာခဲ့တဲ့နှစ်တွေအတွင်း ထိုင်းနိုင်ငံမှာ ခွေးမျိုးဆက် ဘယ်နှစ်ဆက်လောက်ကစပြီး လမ်းလျှောက်တဲ့လူကို မမြင်ဘူးကြတော့လဲ..လို့ တွေးရင်း စိတ်ထဲ တနုန့်နုန့်နဲ့ နာနေတာလေ။ ဟောင်တာမှ အိမ်မွေး ခွေးရော၊ ရှားရှားပါးပါး လမ်းပေါ်က ခွေးလေခွေးလွင့်ကပါ ဟောင်တာဗျာ။ ခွေးမြင်ရင် ရင်ဘတ်ထဲကအောင့်တဲ့ ရောဂါရတာ အဲဒီကတည်းကပဲ”

“အကိုတို့ရဲ့ ပေါက်ကွဲမှုသံစဉ်တွေကြောင့် ငါ့ညီမတွေရဲ့ ညနေခင်းလေးတော့ ပျက်စီးသွားပီထင်တယ်” ဟု တိတ်တိတ် ဆိတ်ဆိတ်လျှောက်နေကြသော တင်တင်နှင့် ၀င်းဝင်းမာကို ကိုမျိုးဆိုသူက လှမ်းမေးသည်။

“မပျက်စီးပါဘူး။ အဲလိုမျိုး နှိုင်းယှဉ်ပြောပြမယ့်သူ ကျမတို့ပတ်ဝန်းကျင်မှာ မရှိခဲ့ဘူးတော့ ကိုယ့်တိုင်းပြည်အကြောင်းကို ဘာမှ မသိရဘူးလေ။ အလုပ်မရှိလဲ ကိုယ့်အကြောင်းပဲ။ ၀င်ငွေနဲ့ထွက်ငွေမမျှလည်း ဒါက ဖြစ်ရိုးဖြစ်စဉ်ပဲ။ လမ်းလျှောက် နေရလည်း ဒါက လူတိုင်း ဒီလိုပဲဆိုပီး တသက်လုံးနေလာခဲ့တာ။ အစိုးရဆိုတာနဲ့ သူများနိုင်ငံတွေမှာတော့ ဘယ်လိုပါလား ဆိုတာမျိုး တွေးရကောင်းမှန်းကို မသိခဲ့တာ။ အခုမှ ကိုယ့်တိုင်းပြည်အကြောင်းကို လေ့လာမှတ်သားခွင့်ရတာဆိုတော့ ကျမတို့မှာ အကျိုးအများကြီးရှိပါတယ်”

“ဒီလိုဆိုရင် ကိုယ်တို့ အတူတူ လမ်းလျှောက်ဖြစ်ကြတာ ကောင်းသွားတာပေါ့။ အိုကေ..နောက်တော့ တွေ့ကြသေး တာပေါ့”

ကိုယ့်တဲတန်းရှေ့ချိုးဝင်ရတော့မည်ဖြစ်သောကြောင့် ခြေလှမ်းအစသပ်လိုက်ကြသော ၀င်းဝင်းမာတို့နှစ်ယောက်ကို နှုတ်ဆက်လျှက် သူတို့ ထွက်သွားကြလေသည်။

ခွာညို

နိုဝင်ဘာလ (၅) ရက်၊ ၂၀၀၉ ခုနှစ်။

2 Comments:

Unknown said...

အားမလိုအားမရဖြစ်မိတယ်..။

Unknown said...

What u said about Anyar Thar is true.

His friend.