တံလျှပ်ရွှေပြည် အပိုင်း (၇)

အွန်လိုင်းမှာ လာစုမိနေကြသည့် ငယ်ငယ်တုံးက သူငယ်ချင်းတွေရဲ့နံမည်သစ်တွေကို ငေးမောရင်ခုန်လျှက် စိတ်လှုပ်ရှား နေမိသည်။ ဥရောပကတယောက်….အမေရိကားကနှစ်ယောက်၊ နော်ဝေကတယောက် အင်္ဂလန်ကတယောက်၊ ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းထဲက ၃ ယောက်… ကိုယ်ကမြန်မာပြည်ထဲက …ကိုယ့်အကြောင်း သူ့အကြောင်းတွေဖလှယ်လိုက်ကြတာ အချိန်တွေအကုန်မြန်လိုက်တာ…ဟုပင် နာရီလက်တံကို နောက်ပြန်ဆွဲထားလိုက်ချင်သေးသည်လေ။


“အခု ငါတို့နေရာမှာ အရမ်းအေးနေပြီ။ ဒီနေ့ရေခဲမှတ်အောက်ကျနေတယ်” ဟု အမေရိကန်က သူငယ်ချင်းဝေငြိမ်းဆီက စာတန်းလေးတက်လာသည်။ ခနနေရင် ငါ့အိမ်ရှေ့ကနှင်းပုံနဲ့ဓာတ်ပုံရိုက်ထားတာပို့ပေးလိုက်မယ်ဟု ဆက်ရေးလာသည်။ “မင်းက အေးတာစာဖွဲ့နေ ငါနေနေတဲ့ နော်ဝေမှာ နေ့ခြောက်လ ညခြောက်လနဲ့သွားနေတာ၊ နေရောင်မြင်ဖို့မပြောနဲ့ နေ့အလင်းရောင်တောင်မရှိဘူးဟ” ဟု နော်ဝေကသူငယ်ချင်းက ၀င်ပြောသည်။

ညခြောက်လဆိုသည့်စကားက ကိုမျိုးနိုင်စိတ်ကိုအတော်လေးပုတ်နှိုးလိုက်သည်။ နိုင်ငံများစွကို သူက နိုင်ငံရေးရှုဒေါင့်ကသာလေ့လာမှတ်သားခဲ့ဖူးသည်။ ပထ၀ီဝင်အနေအထားအရမှာတော့ သူအတော်လေး လေ့လာဖို့လိုသေးတာပဲဟု တေးမှတ်လိုက်သည်။ သည်အချိန်မှာပဲ ဝေငြိမ်းပို့လိုက်သော သူ့ဓာတ်ပုံရောက်လာသည်။

“မင်းဓာတ်ပုံရောက်လာပီ”ဟု လှမ်းပြောတော့ ဝေငြိမ်းက “မင်းတို့ဆီကအင်တာနက် access တွေက အရမ်းနှေးတယ်ဆို လို့ ပုံဆိုက်ဒ်တွေချုံ့ပေးလိုက်တယ်။ ပုံအရည်အသွေးကတော့ သိပ်ကောင်းမှာမဟုတ်ဘူး။ အမှတ်တရမြင်ရရုံပေါ့ကွာ” ဟုပြန်ရေးသည်။
နှင်းတွေဖွေးနေသောအိမ်ရှေ့မှာ ထွက်ရပ်နေသော သူငယ်ချင်းရဲ့ မျက်နှာက အရင်ကထက် ဖြူလာသော်လည်း နှင်းတော ထဲမှာ ထူပွသောအ၀တ်ကြီးထဲဝင်နေရသော သူငယ်ချင်းမျက်နှာမှာ မြန်မာဆန်သောအငွေ့တွေ မပျောက်သေးတာ ကိုတော့ သူ ခံစားရဆဲဖြစ်သည်။

“မင်းက ဆံပင်ရှည်ကို ခုထိကြိုက်တုံးနော်”
“ကြိုက်လို့မဟုတ်ဘူးဟ၊ အမေရိကန်ငွေချေစနစ်ကိုမကြိုက်လို့မညှပ်တာ။ မင်းစဉ်းစားကြည့်ကွာ။ ဆံပင်ဆိုင်ထဲဝင်သွား တော့ လျှော်တာနဲ့ ညှပ်တာ (၁၆) ဒေါ်လာလို့ရေးထားတယ်။ အိုကေ ပေါ့လေ။ ခေါင်းလျှော်တော့လည်း ရှမ်ပူတွေ ပြောင်အောင်ရေကိုသေချာများများသုံးပြီး ပြန်ဆေးမပေးဘူး။ ထားပါတော့ အိမ်ပြန်ရောက်ရင် ပြန်လျှော်မယ်ပေါ့။ ဆံပင်ဖြတ်ပီးတော့ ငါ့ဆံပင်က အထူကြီးနဲ့ ရေကစက်လက်ပဲရှိသေးတယ်။ အဲဒီအမျိုးသမီးက မေးတယ်။ Do you want your hair to be dry, if you want to you have to pay $5 more, totally $21. တဲ့”
ဘောက်စ်ထဲမှာ ရယ်ပုံမျိုးစုံ အီးမိုရှင်နယ်အရုပ်ကလေးတွေ ပလုံ ပလုံ..ဆိုပြီးတက်လာကြသည်ကိုကြည့်ရင်း ကိုမျိုးနိုင်ရယ်မိလေသည်။

“ခေါင်းလျှော်ရင် ခြောက်အောင်ပြန်လုပ်ပေးရတာ ဆံပင်ညှပ်ဆိုင်တွေရဲ့ထုံးစံပဲ။ မင်းနားကြားလွဲလို့လားကွာ”
“ဟေ့ကောင်၊ ငါ ဒီမှာနေတာဆယ်နှစ်ကျော်ပီကွ၊ ဒီအခြေခံစကားလောက်ကို နားမလည်လောက်အောင် မထူဘူး၊ It is really nasty business.”
ဒိန်းမတ်ကနေ လှမ်းမေးပြီးဆွလိုက်သော ဆွေမျိုးက အီမိုးရှင်နယ်ရုပ်ကလေးပေါင်းများစွာကို အတောမသတ်လွှတ် ပေးနေတော့သည်။

“ပီးတော့ တစ်ပ်မဲန်းနီးကလည်းပေးရသေးတယ်။ တကယ်ရွံဖို့ကောင်းတဲ့ စီးပွားရေးပုံစံ၊ ငါနားလည်တာက တစ်ပ်ပေးတယ် ဆိုတာ ကပ်စ်တမ်မာက ၀န်ဆောင်မှုကောင်းတဲ့ အလုပ်သမားကို သဘောကျလို့မုန့်ဖိုးပေးတယ်လို့ပဲ။ ဒါပေမယ့် ဒီမှာက ရာခိုင်နှုန်းနဲ့ပေးရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ရှင်က အလုပ်သမားကို လခနည်းနည်းလေးပဲပေးထားပီး တစ်မန်းနီး ကသာ သူတို့တကယ်ရတဲ့လခလိုမျိုးလုပ်ထားတာကိုး။

တကယ်တန်းကျ သူ့အလုပ်အတွက်သူငှားထားတဲ့အလုပ်သမားကို ကပ်စ်တန်မာက လခပေးနေရတာပဲ။ အလုပ်သမားလခကို တခါတည်းတင်ယူထားပီး သူ့ဖာသာသူပေးတာက စိတ်ထဲ ခံသာသေးတယ်။ အခုကျတော့ သက်သက်မဲ့လူပါးအ၀ခံနေရသလိုခံစားရတယ်။ အခွန်လည်းဖြတ်တယ်။ တစ်ပ်လည်း ပေးရတယ်။ စားသောက်ဆိုင်များသွားရင် ထိုင်ခပါပေးရသေးတယ်။ အဲဒါကြောင့် ငါဆံပင်မညှပ်ဘူး။ ဆိုင်မှာထိုင်စားတဲ့ အကျင့်သိပ်မလုပ်ဘူး။ ဆံပင်သိပ်ရှည်လာရင်တော့ ကင်ဆာရောဂါဖြစ်လို့ ခေါင်းပြောင်နေတဲ့ လူနာတွေအတွက် ဆံပင်တုလုပ်ဖို့ သွားလှူလိုက်တယ်”

“နေရာတခုမှာ ဆယ်နှစ်ကျော်နေပီးတာတောင် အသားကျမလာသေးဘူးဆိုရင် ပြဿနာရှိတယ်နော်” ဟု အင်္ဂလန်က သူငယ်ချင်းက လှမ်းသတိပေးသည်။

“ငါသိပါတယ်။ ဒါပေမယ့် တတ်နိုင်သမျှ လိုက်လျှောညီထွေနေနိုင်အောင်ကြိုးစားပါတယ်။ ဒါပေမယ့် တချို့အခုလိုဟာမျိုးမှာတော့ ငါ့စိတ်ငါ အလိုလိုက်ထားမိတာပဲ။ ဘယ်သူ့မှမထိခိုက်ဘူးလေ။ ငါ့ပိုက်ဆံငါချွေတာတာ။”

“ငါတို့တိုင်းပြည်လောက်တော့ ရာသီဥတုအဆင်ပြေ၊ အစစအရာရာပြည့်စုံချစ်ဖို့ကောင်းတဲ့မြေမျိုး မရှိတာတော့ အမှန်ပါပဲကွာ”
အိမ်လွမ်းနာကျနေကြသည့် သူငယ်ချင်းတွေစာကိုဖတ်ရတော့လည်း ဒီမှာ မွန်းကျပ်မှုနဲ့ တင်းခံနေရတာက အမှန်လား။ အပြင်ကိုလွတ်မြောက်အောင်ထွက်သွားနိုင်ကြသူတွေက အမှန်လား ကိုမျိုးနိုင်စိတ်မှာ မဝေခွဲတတ်အောင်ဖြစ်ရပြန်သည်။

“ငါတို့ကတော့ မင်းရွံနေတဲ့ အခင်းအကျင်းတွေဆီကို တိုးဝင်ဖို့ ခြေလှမ်းကျွံမိပြီး ဝေငြိမ်းရေ” ဟု ကမ့်ထဲက သူငယ်ချင်းတွေက ၀င်ပြောလာသည်။

“ဒါကတော့ ကိုယ်ကျရာဇာတ်ရုပ်အတိုင်း ရွေ့ကြရတာပဲ။ အမှန်အမှားဆိုတာက အခြေအနေနဲ့ အချိန်အခါအလိုက် လူပုဂ္ဂိုလ်တယောက်ချင်းစီကြုံရတဲ့ သီးသန့်အခက်အခဲအလိုက် သီးသန့်တည်ရှိနေမှာပါ။ ဒါကို စိတ်ပျက်နေဖို့ ကိုယ့်အစီအစဉ်ဖျက်ပစ်ဖို့တော့ မလိုပါဘူးကွာ”

ဒိန်းမတ်ကသူငယ်ချင်းကတော့ မင်းစီးပွားရေးအဆင်ပြေရဲ့လား ဟု ကိုမျိုးနိုင်ကို လှမ်းမေးသည်။ သူငယ်ချင်းတွေထဲက ဘယ်သူတွေအထဲရောက်နေပြီး ဘယ်သူတွေက အပြင်မှာလည်း…ဆက်ပြီးတိုက်ပွဲဆင်နေတဲ့သူငယ်ချင်းတွေ ဘယ်နှစ် ယောက် ကျန်သေးလဲဆိုတာကိုတော့ ဘယ်နိုင်ငံကသူငယ်ချင်းကပဲဖြစ်ဖြစ်မေးရှာကြသည်။

နောက်ပြီး သူတို့က ထောင်ထဲ ရောက်နေသောသူငယ်ချင်းတွေ၏မိသားစုတွေကို ထောက်ပံ့ဖို့စကားပြောကြသည်။ အားလုံးတပြေးညီ သဘောတူနိုင်ကြ တာက တော်လှန်ရေးလုပ်မည့်မျိုးဆက်သစ်လူငယ်တွေမှာ အသိတရားနှင့် ခေတ်နှင့်လျှော်ညီသော နည်းပညာတွေ လိုအပ်သည်ဆို တာပါပဲ။

အင်္ဂလိပ်စာအရမ်းညံ့သော တောသားကိုအောင်ဆန်းကလေးက နိုင်ငံရေးကိုတစိုက်မတ်မတ်လုပ်လာချိန်တွင် အင်္ဂလိပ် တွေဆီက လွတ်လပ်ရေးတောင်းဖို့ အင်္ဂလိပ်စကားပြောတတ်ဖို့လိုကြောင်း ပြောခဲ့ရေးခဲ့တာကို သူတို့ပြန်သတိရကြသည်။ ကိုအောင်ဆန်းက သူကိုယ်တိုင်ပြောတာကို ဖြစ်အောင်လည်း လုပ်နိုင်ခဲ့သည်။

အာဏာပိုင်တို့၏သားသမီးများက ခေတ်မီပညာရေးကိုသင်ကြားနိုင်ချိန်မှာ ကိုယ့်ဘက်ကမျိုးဆက်က အခြေခံပညာ အထက်တန်းစရိတ်လောက်ကိုပင် မတတ်နိုင်တော့သည့်အတွက် ဈေးတောင်းခေါင်းရွက် နေရသည့်သမီးတွေ… ဆိုက်ကား နင်းနေရသည့်သားတွေရဲ့ မျိုးဆက်အကြောင်း သူတို့ဆွေးနွေးဖြစ်ကြသည်။

အိမ်လခ..ထောင်ဝင်စာ… ဆန်ဖိုး.. ဆိုတာတွေရဲ့အောက်မှာ နစ်မြုပ်နေရသည့် လူငယ်ဘ၀တွေကို သူတို့ပစ်ပယ် လျစ်လျှူရှုထားပါက မျိုးဆက်တွေ တဆက်ပြီးတဆက် ညံ့သထက်ညံ့လာလျှင် တိုင်းပြည်ကို အဖတ်ဆည်၍မရနိုင်တော့မှာကို တွေးပူမိသည်။

“အဲဒီတော့ကွာ၊ ပညာတော်ရဲ့သားနဲ့ အလုပ်တဖက်နဲ့ မိသားစုကိုထောက်ပံ့နေရလို့ ပညာရေးမှာ အခက်တွေ့နေတဲ့ ဘယ်ကလေးမဆိုကို ထောက်ပံ့ဖို့ ငါတို့ တခုခုစီစဉ်ကြရအောင်။ ကိုယ့်ပတ်ဝန်းကျင် တနိုင်တပိုင်စီပေါ့”

“မင်းက အတွင်းမှာရှိနေတဲ့သူဆိုတော့ မင်းပဲပြောလေ။ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ”
“ငါတို့အနေနဲ့ ကလေးတွေဘာလုပ်ချင်တယ်ဆိုတာ အရင်သိဖို့လိုမယ်။ ဥပမာ အင်္ဂလိပ်စာသင်တန်းတက်ချင်တဲ့သူကို ကျူရှင်လခထုတ်ပေးနိုင်ဖို့”

“တခုရှိတာက ငါတို့က ပိုက်ဆံပို့ပေးနိုင်ရင်တောင် သူတို့အချိန်ကို သူတို့မဲန်းနိတ်ခ်ျလုပ်နိုင်မလား ဆိုတာ ထည့်တွက်ဖို့ လို မယ်။ မိသားစုအတွက်လိုအပ်ချက်အတွက် တပတ်မှာ ခုနစ်ရက်လုံးအလုပ်လုပ်နေရတဲ့လူငယ်တွေအများကြီးပဲ။ ဒါတောင် ငွေကြေးဖောင်းပွတဲ့ဒဏ်ကြောင့် တလနဲ့တလ အလျဉ်မမီကြဘူး”

“ငါစဉ်းစားမိတာတခုပြောမယ်နော်” ဟုနော်ဝေက အေးအေးတင့်က ၀င်ပြောသည်။

“အင်း”
“ငါ့အနေနဲ့ အခုလောလောတယ် နှစ်ယောက်တာဝန်ယူနိုင်တယ်။ ပညာရေးစရိတ်ပေါ့။ အဲဒီနှစ်ယောက်ကို ကွန်ပြူတာနဲ့ အင်တာနက်သင်စရိတ်အရင်ဆုံး ငါပို့ပေးရမယ်ဆိုရင် ဘယ်လောက်ကုန်မလဲ။ အင်တာနက်ကနေ သူတို့လေ့လာချင် တာတွေလေ့လာလို့ရတယ်ဆိုတာကို အရင်ဆုံးပေးသိချင်တယ်ကွာ။ လူငယ်တွေဘယ်လို ရုန်းကန်နေကြသလဲ။ ဘယ်လို ကြိုးစားနေကြသလဲဆိုတာကို သူတို့ကိုယ်တိုင်တွေ့စေချင်တယ်”

“အဲဒီအကြံမဆိုးဘူး။ ငါက အခုလောလောဆယ် အလုပ်ကပုံမှန်မဟုတ်သေးတော့ တယောက်လောက်တော့ တာဝန်ယူပါ့မယ်” ဟု ဝေငြိမ်းကလည်း ဖြည့်စွက်သည်။

“တကယ်လို့ ပညာဒါနတွေက စာသင်ကောင်းတယ်။ ပေးစရာသိပ်မလိုဘူး။ ဒါပေမယ့် ကျောင်းသွားတက်ဖို့ မိသားစုဝင်ငွေအတွက်အလုပ်လုပ်နေရတဲ့အချိန်ကို မလျှော့နိုင်လို့ ကျောင်းတက်ချိန်မရတာမျိုးဆိုရင် ငါ့ကိုပြောပါ။ ကျောင်းတက်ချိန်တွေမှာ အလုပ်ပျက်လို့ လိုအပ်သွားမယ့်ငွေကို ငါပို့ပေးမယ်။ ပညာဒါနမှာ သူတို့ကျောင်းတက်ဖြစ်ပါစေ။ ငါနဲ့မပြတ်ဆက်သွယ်ထိတွေ့နေပါစေ။ သူတို့ရဲ့တိုးတက်မှုကိုလိုက်ပြီး အဆင့်မြှင့်ပီး စာထပ်သင်ချင်တယ်ဆိုရင် ငါ ဒီမှာ လိုက်ပြီး အလှူခံမယ်။ အဲဒီလိုကလေးမျိုး နှစ်ယောက်စာ ငါတာဝန်ယူမယ်”

ထို့နောက် ကမ့်ထဲက သူငယ်ချင်းများကို လှည့်ကာမေးဖြစ်ကြပြန်သည်။
“ကမ့်ထဲက အခြေအနေရောဘယ်လိုလဲ”
“စိတ်ပျက်စရာတော့ တော်တော်ကောင်းတယ်ကွ”
“ဟုတ်လား။ ဘာဖြစ်လို့လဲ”
“ဒုက္ခသည်စခန်းထဲကိုဝင်လာတာ သူဌေးတွေချည့်ဖြစ်နေလို့ဟေ့”
“ဟားဟားဟး”

အဲဒီကိစ္စက အွန်လိုင်းမှာပျံ့နေပီးသားသတင်းဟောင်းပါကွာ၊ ဒုက္ခသည်ဖြစ်ချင်လို့ ဒုက္ခရောက်နေကြရတဲ့ ကမ္ဘာကျော်သတင်းတွေ”
“ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် မွန်းကျပ်လှောင်ပိတ်နေတဲ့နေရာကနေ လွတ်မြောက်ချင်တာ လူ့သဘာဝပဲ မဟုတ် လား။ အပြစ်ပြောလို့တော့ မရဘူး။ ဒါလည်း လွတ်လပ်စွာရွေးချယ်ခွင့်ပဲ။ တခုပဲရှိတယ်လေ။ အင်မီဂရေးရှင်းက အင်တာမဗျူးခင်မှာ ညာဘက်လက်ထောင်ပြီး အမှန်အတိုင်းပြောပါ့မယ်လို့ ကျိန်ရမှာနဲ့ ကျိန်စာကို အလေးမထားဘူးဆိုရင် ဘယ်သူမဆို လွတ်လပ်စွာပြောရေးဆိုခွင့် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတာပဲ”

“အဲဒါကိုက သူတို့မှားတာ”
“ဘယ်သူမှားတာလဲ။ ဘယ်လိုမှားတာလဲ”
“သံရုံးအင်တာဗျူးလေ။ ကျိန်ဖို့ထောင်ခိုင်းတာကိုက ညာဘက်လက်ဆိုတော့ ညာတော့မှာပေါ့ဟ”
“ဟားဟားဟား”…ဆိုသည့်စာလေးတွေက အကန့်တိုင်းက တက်လာသည်။

“အင်း…မင်းပြောမှ သူရ ရဲ့ လွှတ်တော်ထဲမှာ ခေါင်းပေါင်းကြီးတွေအကုန်လုံးညာချနေကြတယ် ဆိုတာကို ပြန်သတိရ မိပြန်ရော”
“သူရအကြောင်းပြောတော့ တခုသတိရပြန်ပီ။ ငါတို့သင်္ကြန်မင်းသားရဲ့ နောက်ကြည့်မှန် တော်တော်ကောင်းတယ်ကွ”
“ငါတို့သင်္ကြန်မင်းသားရဲ့ နောက်ကြည့်မှန်” ဟု ကိုမျိုးနိုင်က သံယောင်လိုက်စာတကြောင်း ကိုဝေငြိမ်းကိုပြန်ပို့လိုက်သည်။

“အေးလေ သူအပြင်ခနထွက်တုံးရေးသွားတာလေ။ ဒီဘက်မှာထုတ်တယ်။ တော်တော်ကောင်းတယ်။ ၁၄ နှစ်လောက် အပိတ်အလှောင်ခံထားရပီး ငပိပိုးထိုး ပဲပိုးထိုးစားရင်းထွက်တဲ့ စာပေက ရိုးရိုးရှင်းရှင်းလေးနဲ့ အရပ်ဆန်ဆန်လေး။ ငါသူ့ကို တကယ်ချီးကျူးတယ် လေးစားသွားတယ်”

ကိုမျိုးနိုင် အတော်ကြာစဉ်းစားတော့မှ မင်းကိုနိုင်ကို ရည်ညွှန်းနေတာ သတိရသည်။ သူ့သူငယ်ချင်းတွေက အင်တာနက် ဆိုင်တွေကို ရုတ်တရက်ဝင်ဝင်စစ်တတ်သည့်သတင်းတွေကြောင့် တတ်နိုင်သမျှ အမည်ရင်းတွေကို ထည့်မရိုက်ပေးကြဘဲ ကိုယ့်ဘာသာစကားနဲ့ကိုယ် ပြောတတ်ကြသည်။ မင်းကိုနိုင် ၀တ္ထုတပုတ်ရေးသွားသည် ဆိုသည့်သတင်းကို ခပ်သဲ့သဲ့တော့ သူကြားခဲ့မိသည်။

“ငါဖတ်ချင်လိုက်တာကွာ”
“scan ဖတ်ပီး မင်းဆီကို ငါပို့ပေးမယ်”
အော်…ကိုယ့်တိုင်းပြည်အတွင်းက ကိုယ့်နိုင်ငံသားရေးသည့်ဝတ္ထုကို နိုင်ငံခြားကတဆင့်ပို့မှ ဖတ်ရသည့်အဖြစ်ကို အောင့် သီးအောင့် မျက်ခံလိုက်ရသည်။

ဒေါ်အောင်ဆန်းစုကြည်ရေးသည့်စာအုပ်တွေလည်း ထိုနည်းလည်းကောင်း။ ကိုယ့် နိုင်ငံက ကမ္ဘာကျော်နေတဲ့ စာရေးဆရာမစာအုပ်အဖြစ် နိုင်ငံတကာက လွတ်လွတ်လပ်လပ်ဖတ်ရှုနိုင်ကြ ကျောင်းသုံးစာအုပ်တောင် ပြဌာန်းကြဖြစ်နေချိန်မှာ မြန်မာပြည်သားတွေကတော့ ခိုးကြောင်ခိုးဝှက်ဖတ်နိုင်ဖို့တောင် အတော်လေး အဆက်အသွယ် ရှာရသည်။ မိသွားလျှင်လည်း အနည်းဆုံး (၇) နှစ်။

“ငါတို့ထွက်လိုက်တော့မယ်။ နောက်မှာ အင်တာနက်သုံးဖို့တန်းစီစောင့်နေကြတဲ့သူတွေရှိလို့” ဟု ကမ့်ထဲက သုံးယောက်က နှုတ်ဆက်သည်။ အချိန်တွေမတူကြတော့ တချို့က အိပ်ချိန်ပေမယ့် တချို့အတွက်ကျတော့ အလုပ်သွားချိန်ဖြစ်နေသည်။

“ငါလည်း ခနနေရင် သွားရတော့မယ်။ တွေ့စရာရှိတယ်။ နောက် ဘတ်စ်ကားစောင့်ရတဲ့အချိန်တွေလည်း ထည့်တွက် ရသေးတယ်” ဟု ကိုမျိုးနိုင်က သူငယ်ချင်းတွေအားလုံးကို တခါတည်းနှုတ်ဆက်လိုက်သည်။

မင်း လုပ်နေတာတွေနဲ့ ထပ်ပြီးလုပ်ချင်တာတွေကို ငါတို့ကိုပြောပါ။ ငါတို့ကတော့ မင်းတို့ကိုပံ့ပိုးပေးဖို့ကလွဲရင် ဘာမှ မတတ်နိုင်တော့ဘူးကွာ။ အထူးသဖြင့် ငါတို့သူငယ်ချင်းတွေရဲ့ ကလေးတွေပညာရေးတွေမှာ အခက်အခဲဖြစ်နေရင် ငါ တို့ကို ချက်ခြင်းပြောပါ။ ငါတို့ တတ်နိုင်သလောက်ဝိုင်းစောင့်ရှောက်ရမယ် ဟူသောစာတန်းလေးတွေကိုဖတ်ရင်း ကိုမျိုးနောင် ရင်ထဲဆို့လာသည်။ ကြည်နူးပီတိနှင့်ဆို့သောရင်ပါ။ တကယ်မလုပ်ဖြစ်စေအုံးတော့ သည်လိုစကားနှင့် အားပေးဖော်ရလျှင်ကိုပဲ သူတို့အနေနှင့် အားကိုးစရာ ကောက်ရိုးတမျှင်ကို ရလိုက်သလိုပါပဲ။

လိုအပ်နေတာက ဟိုဘက် ဒီဘက်မျိုးဆက်ချင်းယှဉ်လျှင် ကိုယ့်ဘက်က အပြတ်အသတ်နိမ့်ကျမကျန်ရစ်စေဖို့ပါပဲ။

ရုံးတက်ချိန်ဖြစ်သည့်အတွက် ဘတ်စ်ကားက ထုံးစံမပျက်လူကြပ်လှသည်။ လမ်းတ၀က်က ဖြတ်တက်သူ ခင်လေးတို့လို လူတွေအတွက် နေရာရဖို့ဆိုတာ ဘုရားပေးတဲ့အခွင့်ထူးတခုလိုမို့ ဘယ်တုံးကမှ ဘတ်စ်ကားကို နေရာနှင့်မစီးခဲ့ရ။ တခါတရံ ကိုယ်က နေရာရနိုးနိုးမျှော်လင့်ချက် ၀ိုးတ၀ါးလေးကို အားပြုပြီး ကိုယ့်ကို ဖိတိုးနေသူများ၏အင်အားကို ခုခံရင်း ခုံနေရာတခုခုဘေးမှာ တွယ်ကပ်ရပ်နေခဲ့ကျိုးနပ်စွာ နေရာရတတ်သော်လည်း တမှတ်တိုင် နှစ်မှတ်တိုင်လောက်ပဲ ထိုင်ရသေးသည်။ ဘုန်းကြီးတို့…သက်ကြီးရွယ်အိုတို့…သားသည်မိခင်တို့ကို မြင်လျှင် မသိကျိုးကျွံပြုကာ ထိုင်နေရာမှာ စိတ်မလုံတာနှင့်ပဲ မတ်တပ်က မတ်တပ်ပဲဖြစ်သွားရတာပါပဲ။ မတ်တပ်သာစီးနေရ… ကားခတွေကလည်း တက်လိုက်သည်မှာ သကြားမင်းငယ်ထိပ်မှာသွားကပ်နေသည့်ဈေး… ခေါင်ကိုခိုက်လို့။

“ငါးဖယ်တိုးလေးနော်..ငါးဖယ်တိုးလေးသာတိုးသွား။ အလယ်မှာ ၀ါသနာပါရင် မော်ဒယ် လျှောက်လို့ရတယ်”
ကိုယ့်ဆွဲခြင်းကိုယ်တောင်မှ ဘယ်လက်ကနေ ညာလက်ပြောင်းလို့ မရအောင်ကြပ်နေသည်ကိုများ သူက မော်ဒယ် လျှောက်လမ်းပေးအုံးမတဲ့။ ဒါတောင် မှတ်တိုင်စေ့ရပ်တာမဟုတ်သေး။ နောက်က ကားက နီးနေလျှင် နီးနေသလို လမ်းလု မောင်းနေကြသည့်အတွက် လူမရှိသည့်မှတ်တိုင်ဆိုလျှင် ကားပေါ်က ဆင်းမည့်သူမရှိလျှင် မရပ်။ ဆင်းမည့်သူရှိလျှင် နောက်ကျောကနေ တွန်းချသည်။ ဆင်းသူက ဟပ်ထိုး ဟပ်ထိုးနှင့် မလဲအောင်သူ့ဖာသာသူ ထိန်းပေတော့။

ခင်လေးကတော့ ကိုယ်ဆုပ်ကိုင်ထားသည့် တိုင်ကလေးက လက်တနေရာစာလေးကို ချွေးစေးများနစ်ကာ ချော်နေသည့် တိုင်အောင် အတင်းဆုပ်ထားရသည်။ အရပ်ပုသူဆိုတော့ လက်လွတ်သွားလျှင် နောက်တခါ ပြန်ကိုင်ဖို့ နေရာရတော့မှာ မဟုတ်။
တချို့မှတ်တိုင်တွေကျတော့ လူအနည်းအကျဉ်းရှိပေမယ့် တက်မည် မတက်မည် မသေချာလျှင် မရပ်ပြန်။ သည်လိုနှင့် တခါတရံမှာ ဖြစ်သည့်နည်းတူ တက်မလို ခရီးသည်နှင့် ရပ်မလို ဒရိုင်ဗာတို့ကြားက ယောင်ဝါးဝါးဖြစ်မှုတွေကြောင့် ဘရိတ် ဆောင့်အုပ်လိုက်…ချက်ခြင်း အရှိန်ပြန်တင်ကာ မောင်းထွက်လိုက်လုပ်လိုက်သည့်အခါမျိုးဆိုလျှင် ခရီးသည်တွေခမျာ စကောထဲထည့်လှိမ့်သည့် ဇီးဖြူသီးများသဖွယ် လိမ့်လိမ့်လူးလူး…

“ဒီလူတွေဟာ ဘတ်စ်ကား တသက်လုံးစီးလာကြပြီး ကားကို ရပ်စေချင်ရင် လက်ကလေးထောင်ပြဖို့လောက်တော့ သိသင့်တာပေါ့။ မလိုက်ဘူးထင်ပြီးမောင်းမှ နောက်ကပြေးလိုက်လာတော့ ကျုပ်က ဘာလုပ်ရမှာတုံး။ လက်ညှိုးလေး တချက်ထောင်ပြဖို့ ကြောက်နေရအောင် စပါယ်ယာကိုများ အဂုင်္လိမာလ မှတ်နေလားမသိဘူး”

စပါယ်ယာ့ဥပမာကြောင့် ကျဉ်းကျဉ်းကြပ်ကြပ်ကြားက ခရီးသည်တွေ တယောက်မျက်နှာတယောက် နီးစပ်ရာတွေ ကြည့်လျှက် ဖျော့တော့နွမ်းလျှစွာပြုံးဖြစ်ကြသည်။ “ဟဲ့။ ငါ့ထမိန်တက်နင်းထားတာ။ ကျွတ်ကျသွားပြီ” ဟူသော အဖွားကြီးတယောက်အသံက ကားအလယ်တည့်တည့်ကနေ ထွက်လာတော့ ပွဲကျသွားကြပြန်သည်။ စပါယ်ယာလေးက ရွှတ်နောက်နောက်နှင့် “အမေကြီးနော်။ ဒါမိုးလုပ်နဲ့ ကြိုက်ဖူး” ဟု လှမ်းနောက်လိုက်သေးသည်။

နောက်က စပါယ်ယာကတော့ ရှေ့ကတယောက်နှင့်မတူ။ အပေါက်အလွန်ဆိုးလှသည်။

“လက်မှတ်လေးတွေ ၀ယ်ထားနော်။ ကိုယ့်အကြောင်းကိုယ်သိပါ။ လူကြပ်တယ်ဆိုပြီး လက်မှတ်မပေးဘဲ ချောင်ခိုစီးလို့ စပယ်ယာမသိလည်း ဘုရားကသိတယ်။ နောက်ဘ၀ကျ ကားဘီးတာယာဖြစ်ပြီး တသက်လုံးလိမ့်နေရမယ်။ လက်မှတ်လေးတွေကိုယ့်အသိစိတ်လေးတွေနဲ့ကိုယ်ဝယ်ကြပါ”

အမေတို့ငယ်ငယ်တုံးက ဘတ်စ်ကားစပယ်ယာတွေက လွယ်အိပ်တလုံးအမြဲလွယ်ထားပြီး လက်မှတ်လည်း ကိုင်ထား သတဲ့။ လက်မှတ်တစောင် ဆယ်ပြား…ငါးပြား သူ့ခရီးနှင့်သူ ပေးဝယ်။ လက်မှတ်ဆုတ်ပေး။ တချို့နေရာတွေမှာ လက် မှတ်စစ်တွေကားပေါ်တက်လာပြီး ခရီးသည်တွေဆီက လက်မှတ်တောင်းကြည့်တတ်သတဲ့။ လက်မှတ်မတွေ့လျှင် စပါယ် ယာရှင်းပေတော့။

အခု ခင်လေးတို့ခေတ်မှာတော့ စပါယ်ယာတွေက အော်ရိုးထုံးစံအတိုင်း လက်မှတ်ဝယ်သာပြော နေသည်။ တကယ်တန်းကျ ဘာလက်မှတ်မှ သူက ပြန်ပေးတာလည်းမဟုတ်။ ပိုက်ဆံကိုသည်အတိုင်းပေးလိုက်ရသည်။
တခါတရံများဆို အမ်းစရာမရှိသေးလို့…ခန ဆိုရင်းက သူလည်းမေ့ ကိုယ်လည်းမေ့နှင့် အအမ်းပြန်မရဘဲ ဖြစ်ရတာတွေ လည်းရှိသေးသည်။ တခါတရံမှာ ကိုယ့်က သတိရ၍တောင်းသည့်အခါ ကျုပ်ပြန်ပေးပြီးပီမဟုတ်လား…ဟု မယုံသင်္ကာ ပြန်အော်တာမျိုး…လူတွေကလည်း လူရှုပ်တာ အခွင့်ကောင်းယူပြီး ပေးမထားတဲ့ပိုက်ဆံကို အအမ်းပြန်တောင်းကြ သေးတယ်…ဟု လူတကာဝိုင်းကြည့်လာအောင် အာပြဲနှင့်အော်ကာ ဆောင့်ကြီးအောင့်ကြီးပြန်ပေးလားပေးတတ်သည်။

“အား..ခင်ဗျားထမင်းဂျိုင့်ကြီးက ပူလိုက်တာ”
“တကဲတော်။ အထိမခံချင်ရင် ကိုယ်ပိုင်ကားဝယ်စီးပေါ့” ဟု အလုပ်သမကြီးထံမှ လူထုတိုက်ပွဲခေါ်သံ ထွက်လာသည်။
လေးဆင့် စတီးချိုင့်နှင့်ထည့်လာသည့် ဆောက်လုပ်ရေး အလုပ်သမတယောက်ဘေးမှ ရုပ်ရည်ခပ်သန့်သန့်နှင့် ကျောင်း သားလေးတစ်ယောက်က မကျေမနပ်ရေရွတ်ရင်း ထမင်းချိုင့်နှင့်လွတ်ရာသို့ အတင်းတိုးလိုက်သည့်အတွက် ခင်လေး နေရာပိုကြပ်ပြီး လက်ကကိုင်ထားသည့် တိုင်ကိုလွှတ်လိုက်ရသည်။ အရပ်ပုသူဖြစ်သည့်အလျှောက် ဘတ်စ်ကားကြီး တွေစီးတိုင်း ခင်လေး ဒုက္ခရောက်ရသည်။

အပေါ်တန်းက ကွင်းကိုမမှီသောကြောင့် ဘေးကစတီးလ်တိုင်နေရာရရင်ရ။ ခုံတခုခုရဲ့ဘေးကို ဇွတ်ကပ်ပြီး နောက်မှီကသံကွင်းကိုကိုင်ထားမှ ခင်လေးကဘတ်စ်ကားပေါ်မှာ ရပ်တည်နိုင်တာဖြစ်သည်။ စလင်းဘက်ဂ်၊ လက်ထဲမှာ ထမင်းခြင်းနှင့် ခေါက်ထီး အစိုကလည်း သပ်သပ်ကိုင်ထားရသည်။ ခြင်းထဲက စာရွက် စာအုပ်တွေ ထီးရေစိုကြောင့် ပျက်စီးကုန်မှာစိုးသည့်အတွက် လက်သေးသေးလေးထဲမှာ စုံပြုံရှုပ်ထွေးနေသည်။

“ညီမ၊ ပစ္စည်းတွေပေးထားလေ” ဟု ခပ်လှမ်းလှမ်းခုံမှာထိုင်နေသည့် အမျိုးသမီးကြီးတဦးက အကူအညီရှာနေသော ပစ္စည်းတွေကို သူ့ပေါင်ပေါ်တင်ထားပေးသည်။ အားသွားသောလက်နှင့် ဘယ်ခုံနောက်တန်းကို ဖမ်းဆုပ်ကိုင်လျှင် အဆင်အပြေဆုံးဖြစ်မလဲ ကျီးကန်းတောင်းမှောက်လိုက်ရှာရပြန်သည်။ ကားကမှတ်တိုင်တခု ထပ်ရောက်လာသည့်အတွက် ဘရိတ်ဆောင့်အုပ်ပြီး ရပ်လိုက်သောကြောင့် ယိုင်လဲ မတတ်ဖြစ်သွားသည်။ ဘေးက အကိုကြီးတယောက်က ဖမ်းထိန်း ထားပေးသည်။

ထိုခနမှာ အခုမှ ကားပေါ်တက်လာသည့် အဖိုးကြီးအဖွားကြီးစုံတွဲတတွဲက ခင်လေးကို အတင်းတိုးတိုက်ပြီး အတွင်းကို ဇွတ် တိုးဝင်ဖို့ကြိုးစားသည်။ ခုံဖိနပ်စီးထားသော အဖိုးကြီးက ခင်လေးခြေထောက်ကို တက်နင်းသွားသဖြင့် အား..လား..လား.. ဟု ခပ်ကျယ်ကျယ်အော်လိုက်မိသည်။ နာလွန်းသောကြောင့် မျက်ရည်ပင်ဝဲလာသည်။ တစက္ကန့်လောက်လေး လှည့်ကြည့် ကာ “အဘ မမြင်မိလို့ပါကွယ်” လို့များ ပြောချိန်မရအောင် သူ့အဖွားကြီးလက်ကို တင်းနေအောင်ဆုပ်ကိုင်ပြီး ဟိုး… ထောင့် ဆုံးရောက်အောင် ရှေ့ကနေ အဖွားကြီးလမ်းရအောင် အတင်းဖိတိုးကာ ၀င်သွားသည်။ ငိုမဲ့မဲ့ဖြစ်သွားသော ခင်လေးကို ဘေးလူတွေက ငုံ့ကြည့်ပြီး အဲသည် စုံတွဲဆီကို လိုက်ကြည့်ရင်း ဘယ်လိုလူတွေပါလိမ့်…ဟု ခပ်တိုးတိုး ရွတ်ကြသည်။

“ဒီအသက်အရွယ်တွေ ရောက်နေတဲ့အထိ ကြားလေသွေးရင် ဝေးမှာစိုးတုံးနဲ့တူပါရဲ့” ဟု ရွဲ့တဲ့တဲ့ပြောသံလည်းထွက်လာသည်။
ခြေချောင်းလေးနှစ်ချောင်းဆီက စပ်ဖျဉ်းဖျဉ်းနှင့် သွေးစို့ထွက်လာသလိုမျိုးခံစားလိုက်ရသည်။ နာကျင်တာသက်သာရာရ စေအောင် လက်ကလေးနှင့် အသာဖျစ်ညှစ်ဆုပ်ကိုင်ထားလိုသည့်တိုင် တကယ်တန်းကျတော့ ငုံ့ကြည့်လို့ပင်မရသည့် အခြေအနေ။ တနေ့တနေ့ သည်လိုကားတိုးစီးပြီးလူနင်းခံရတာသေသည်အထိဖြစ်နေအုံးမှာပဲဆိုသည့် နာနာကျည်းကျည်း စိတ်က ခြေချောင်းလေးတွေ နာသည့် စိတ်ကို လွှမ်းမိုးသွားပြီး မျက်ရည်ကျလုလုဖြစ်လာသည်။ လူမှန်းသိပါပြီ ဆိုကတည်း က သည်လူအုပ်… သည်လိုကြပ်တည်း နံစော်မှု…သည်စပါယ်ယာ၏ ငေါက်ငန်းမှုဆိုတာတွေကြားမှာ အသက်ရှူနေရတဲ့ ဘ၀ကို ခင်လေး မုန်းလှပြီ။

“လာ ညီမ။ ဒီမှာလာနေလိုက်၊ တော်တော်နာသွားလား” ဟု အကိုကြီးတယောက်က နေရာတခု ရအောင်စီစဉ်ပေးသည်။ မျက်ခမ်းစပ်မှာ ယီးလေးခိုနေသည့် မျက်ရည်စကို မျက်တောင်ပုတ်ခတ် ပုတ်ခတ်နှင့်သိမ်းဖို့ကြိုးစားရင်း ပေးထားသည့် နေရာလေးထဲ တိုးဝင်လိုက်ရင်း မကျေမနပ်နှင့် ထို အဖိုးကြီး စုံတွဲရှိရာကို လှမ်းပြီး မေးမော့ကာ ကြည့်လိုက်သည်။
သူတို့လိုချင်သည့် ချောင်ကောင်းကောင်းတခုကို သူတို့ရသွားခဲ့ကြသည်။ သူတို့ကို ဘယ်သူမှ အတိုးအတိုက်မလုပ်မည့် နေရာတခုမှာ အဖွားကြီးက အဖိုးကြီးပုခုံးစွန်းမှာထိလုနီးပါး ခေါင်းငုံ့လျှက်…။

ခင်လေးက အဖိုးကြီးမျက်နှာကို သေချာ စိုက်ကြည့်နေမိသည်။ အသက် (၆၀) ကျော်..ရုပ်ရည်ခပ်သန့်သန့်ဖြစ်သော်လည်း ဆင်းရဲမွဲတေမှု၏ အထုအထောင်းဒဏ် ကြောင့် မွဲခြောက်သွေ့ကပ်နေသည့် အရေနှင့်အရိုးသာရှိသည့် မျက်နှာမှာ မလုံခြုံမှုနှင့် သိမ်ငယ်မှုတို့က အထင်းသား။

“ကဲ။ ကားပေါ်တက်ချင်လှချည့်ရဲ့အတင်းတိုးဝင်လာပြီးမှတော့ လက်မှတ်လေးတွေ ၀ယ်ထားနော်။ နောက်ဘ၀မှာ တာယာတွေဖြစ်ပြီး ဘ၀တွေ ပြားသထက်မပြားချင်ရင် လက်မှတ်လေးတွေ ၀ယ်ထားကြ။ ရွှေဂုံတိုင်အထိ ငါးဆယ်ပဲကျ မယ်။ ရွှေဂုံတိုင်ကျော်ရင် တော့ ထုံးစံအတိုင်းပဲ သိတယ်နော်။ အားလုံးပေါက်ပြီးသား။ ဟိုးဘက်က အကိုကြီး ပေးပြီးပြီလား..”

ချေးအထပ်ထပ်တက်ကာ ပိုက်ဆံရုပ်ပင်ပျောက်နေပြီဖြစ်သည့် ငါးဆယ်တန်လေး တရွက်ကို အဖိုးကြီးက ကြေကြေကွဲကွဲ စိုက်ကြည့်နေလေသည်။ ပျက်ယွင်းနေသည့် မွဲသွေ့သွေ့မျက်နှာအိုတွေမှာ စိတ်မလုံခြုံအားငယ်မှုနှင့် ပိုပြီး အိုစာကျနေ သည်။
“ပိုက်ဆံထုတ်ထားပါ။ စပါယ်ယာက လက်တို့မတောင်းရပါစေနဲ့။ အော်တောင်းရင် အပေါက်ဆိုးတယ်လို့တော့ မထင်နဲ့ နော်။ ကားတာယာဘ၀မရောက်ချင်ရင် ကားခတွေ အလိုက်တသိပေးကြပါ… ဟိုးဘက်က အင်္ကျီပန်းရောင်နဲ့ ... ”

အော်… သူတို့ခမျာ သည်ပိုက်ဆံအနွမ်းလေးတရွက်နှင့် ကားဘယ်နှစ်ခါများစီးခဲ့ပြီး…နောက်ထပ် ဘယ်နှစ်ခါလောက်များ စီးရအုံးမှာပါလိမ့်။
٭٭٭٭٭٭٭٭ ٭٭٭٭٭٭٭٭
ခွာညို
ဒီဇင်ဘာ(၁၁)ရက်၊ ၂၀၀၉ ခုနှစ်။

4 Comments:

moekhar said...

ဟင်းးးးးးးးးးးးးးးးး
ရင်မောတယ် .....................

Anonymous said...

စိတ်မကောင်းဘူး။ ငိုချင်လောက်အောင် ဖြစ်သွားတယ်။

ကိုလူထွေး said...

ရေးထားတာ တကယ်ကောင်းတယ်။

အိုးဝေအောင် said...

ခွာညိုက မဆုမွန် ကလောင်ခွဲလား
နောက်ကျိမှန် အဲလေ နောက်ကြည့်မှန် ပို့ပေးလေ အီးမေးကနေ လိပ်စာပို့လိုက်မယ်