မမြင်ရတဲ့ အတူနေသူငယ်ချင်း

နာရီကို တစ်ချက်ငုံ့ကြည့်တော့ ညဦးပိုင်း တစ်နာရီကျော်ကျော်တောင်ရှိနေပြီပဲ။ ခြေလှမ်းခပ်ကျဲကျဲလှမ်းရင်းက လမ်းထဲမှာ လူသူကင်းပြတ်လွန်းလာတဲ့အတွက် ဆိုင်ကယ်တက်စီဂိတ်ကို ခြေဦးတည်လိုက်တယ်။ "စင်ထန်းကွန်ဒို " ဆိုင်ကယ်တက်စီသမားကို စကားကို ခပ်ပြတ်ပြတ် ပြောပြီး ခွထိုင်လိုက်တယ်။ တရကြမ်း မောင်းထွက်သွားတဲ့ ဆိုင်ကယ်နောက်မီးမှာ ထိုင်လိုက်ရင် ဘန်ကောက်ရဲ့ညချမ်းမှာ တစ်ခါတစ်ရံ ရလေ့ရှိတဲ့ ညမွှေးပန်းနံ့ ခပ်ပြင်းပြင်းလေးကို ရူရိုက်မိလို့ ၀ိုင်နဲ့ ဘီယာပေါင်းထားလို့ ရီဝေေ၀ဖြစ်နေတဲ့ စိတ်အစဉ်က ခဏတော့ လန်းဆတ်သွားသလိုလို။ နီယွန်မီးရောင်တစ်ချို့လင်းလက်နေပေမယ့် မှောင်ရိပ်သန်းနေတဲ့ ကွန်ဒို ပေါ်တီကိုရှေ့ကို ဆိုင်ကယ်ထိုးရပ်တော့ လက်ထဲ အသင့်ဆောင်ထားတဲ့ ၁၀ဘတ်စေ့ကို လက်အိပ်စွပ်ထားတဲ့ ဆိုင်ကယ်သမားလက်ထဲ ထည့်လိုက်ပြီး ခပ်ပွန်းခါးလို့ ပြောလိုက်တယ်။ နောက် ကျောပိုးအိတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း လော့ခ်ချထားတဲ့ အ၀င် အခန်းတံခါးကို လုံခြုံရေးကဒ်ပြားလေးနဲ့ တေ့ပြီး ဖွင့်လိုက်ပါတယ်။ လူသူတိတ်ဆိတ်နေတဲ့ ရုံးခန်းကြီးက သာမာန်ထက်ကို ပိုပြီး အေးစက် တိတ်ဆိတ်ငြိမ်သက်လွန်းနေသလိုပါပဲ။ ကျွန်မ ဓာတ်လှေကားရှေ့ကို ရပ်လိုက်တယ်ဆိုရင်းပဲ လက်နဲ့နှိပ်မှ ပွင့်တဲ့ အပေါ်ကိုတက်မယ့် အနီမြှားလေးက သူ့အလိုလို ဖြတ်ကနဲ လင်းလက်သွားပါတယ်။

အလိုလို သိနေကျ အသိတစ်ခုနဲ့ ကျေးဇူးလို့ စိတ်ထဲက ပြောရင်းနဲ့ ကျွန်မ နုတ်ခမ်းကိုကိုက်ပြီး ခပ်ဟဟပြုံးမိတယ်။ သီချင်းနားထောင်နေတဲ့ အမ်ပီသရီးစက် နားကြပ်လေးကို ဆွဲဖြုတ်ရင်း ဂျင်းဘောင်းဘီအိတ်ထဲ လက်နှစ်ဘက်လုံး ထိုးထည့်ရင်းနဲ့ခြေဦးနဲ့ ကွန်ကရစ်ကို ကန်ပြီး ခုန်ဆွ ခုန်ဆွ လုပ်မိတယ်။ ဓာတ်လှေကားက အလိုအလျောက် ဂျောင်းဆို ပွင့်သွားပါတယ်။ ကျွန်မ ဖြတ်ကနဲ လှည့်ဝင်လိုက်ရင်းက စက်လှေကားရဲ့ ခလုတ်လေးကို ကြည့်မိတယ်။ နံပတ် ၂ ..ဒါပေမယ့် သိနေတာက သူ့အလိုလို တက်သွားပီး လူမရှိတဲ့ နံပတ် ၃ ဒါမှမဟုတ် နံပါတ် ၅မှာ ရပ်သွားမယ်ဆိုတာပါပဲ။ နောက် အဲ့အလွှာတွေမှာ တံခါးက လူတစ်ယောက်ဆင်းသလို အလိုလိုပွင့်တယ် နောက်ပြီးရင် အလိုလိုပြန်ဆင်းပြီး ၂လွှာမှာ ပြန်ပွင့်တတ်ပါတယ်။

ဓာတ်လှေကားထဲက လှည့်ထွက်တော့ ကော်ရစ်တာတလျောက် ကိုယ့်ကို နောက်ကနေ တစ်ယောက်ယောက်က ရပ်ကြည့်နေသလိုလို။ အခန်းဝကို ရောက်တော့ ဒူးထောက်ပြီး ရူးဖိနပ်လေးကို ကြိုးလေးဖြည်ရင်းက နောက်ကို အသာ လှည့်ကြည့်တော့ အမှောင်ရိပ်သန်းနေတဲ့ ကော်ရစ်တာရှည်ကြီးက လူရိပ်တွေ ယှက်ထိုးနေတဲ့ အမှောင်ရိပ်တွေ ဝေနေသလိုလို။ တံခါးကို အသာခေါက်တော့ ခြေသံဖျတ်ဖျတ် ပြေးလာသံကြားရပြီးတော့ မျက်နှာ ဖြူဖျော့ဖျော့နဲ့ သူငယ်ချင်းမလေး မျက်နှာပေါ်လာတယ်။ ငါကြောက်လိုက်တာ ဆုမွန်ရယ် နင်ကလည်း နောက်ကျလိုက်တာတဲ့။ အေးပါ ဆောရီးဟာ ငါနည်းနည်းသူငယ်ချင်းတွေနဲ့ စကားကောင်းနေတာနဲ့လို့ အားပေးစကားပြောရင်းနဲ့ သူရဲ့ပုခုံးကို ဖြစ်ပြီး အခန်းထဲကို ၀င်လိုက်တယ်။

ကြောက်လို့ စောင်ခေါင်းမြီးခြုံရင်း သူမရဲ့ချစ်သူကို ဖုန်းဖွင့်ခိုင်းထားတယ်လို့ ပြောလို့ ကိုယ် သဘောကျပြီး ကျယ်ကျယ်လောင်လောင် ရယ်မိပါတယ်။ အ၀တ်အစားတွေလဲပြီး ကွန်ပျူတာသုံးဖို့ ခုံပေါ် ထိုင်မိတဲ့အခါမှာတော့ အတွင်းဘက်က လှည့်ဖွင့်ရတဲ့ တံခါးဂျက်က လည်ပြီး ဂျောက်ခနဲ အသံမြည်လာတယ်။ ကျီခနဲ အသာလေး တံခါးချပ်က ဖြေးဖြေးချင်း လှည့်ပွင့်သွားတယ်။ နှစ်ယောက်စလုံး မျက်စိအပြူးသားလေးနဲ့ ကြည့်နေတုန်းမှာပဲ ဖြေးဖြေးချင်း ပွင့်သွားတဲ့ တံခါးက ရုတ်တရက် ဂျမ်းခနဲ ဆောင့်ပိတ်သွားပါတယ်။ အားလို့ အော်ပြီး သူငယ်ချင်းမလေးက ကျွန်မကို အတင်းလာဖက်ပါတယ်။ ကျွန်မလည်း နည်းနည်းလန့်သွားပါတယ်။ နောက် ကျွန်မ ချက်ခြင်း ထိုင်ရာက ထပြီး တံခါးဘုကို ဖိပြီး ခတ်လိုက်ပါတယ်။ လော့ခ်ချောင်နေပြီး လေတိုးနေတာပါဟ လို့ ပြောတော့ သူငယ်ချင်းက " မဟုတ်ဘူးတဲ့ အခုလေလုံးဝ မတိုက်ဘူးလေ နင်သိတယ်ဟုတ် နင် ချင်းမိုင်သွားတဲ့ညကတည်းက တံခါးက ပွင့်လာလိုက် ဆောင့်ပိတ်လိုက်ဖြစ်နေတာ ငါကြောက်လိုက်တာ ဆုမွန်ရယ်"တဲ့ တုန်တုန်ရီရီ အသံလေးနဲ့ပြောတော့ ကျွန်မ နည်းနည်း တွေဝေသွားပါတယ်။

ကျွန်မ မှတ်ညဏ်ထဲမှာ အလိုလို ပေါ်လာတာက ကျွန်မ အမေလာနေတုန်းကရော ကျွန်မ ညီမလေးနဲ့ပြည့်စုံနဲ့ နှစ်ယောက်တည်း အသားလုံးလို အသားကင်လို တစ်ခုခုဝယ်လာပြီး အစားစားနေရင် တံခါးက အလိုလိုပွင့်လာလိုက် ဆောင့်ပိတ်လိုက်ဖြစ်နေတတ်ပါတယ်။ ပြည့်စုံက ဟေ ဘာတုန်း စားချင်လို့လား ဒီမှာတောင် နှစ်ယောက်စာမလောက်ဘူး လို့ စပြီး ပြောလိုက်တိုင်း တံခါးက ၀ုန်းဆို ဆောင့်ပိတ်သွားတတ်လို့ ဘာကိုမှ အလွယ်တကူမကြောက်တတ်တဲ့ ကျွန်မတို့ ညီအစ်မနှစ်ယောက် အားရပါးရ အော်ရယ်တတ်ကြ ပါတယ်။ ကြက်သီးမွှေးညှင်းလေးတောင် မထလို့ ဘာပဲဖြစ်ဖြစ် စိတ်ထဲရှင်းရှင်းနေတတ်တဲ့ ကျွန်မအတွက်ကတော့ ဘာကိုမှ မကြောက်တာအမှန်ပါ။ ပြည့်စုံကို အဲ့ကိစ္စ ဖုန်းနဲ့ပြောပြတော့လည်း သူကရယ်နေပါတယ်။ သူနဲ့ပြောနေရင်းတန်းလန်းနဲ့ပဲ တံခါးပိတ်သံဖွင့်သံကို သူကိုယ်တိုင် ကြားနေရပါတယ်။

အိမ်ခန်းထဲမှာ အင်တာနက်သုံးနေရင် အခန်းထဲက လက်နဲ့လှည့်ဖွင့်မှ ပွင့်တဲ့ တံခါးလော့ခ်လေး ဖြတ်ဆို ပွင့်ပွင့်လာပြီး ဖြေးဖြေးလေးပွင့်တာကနေ ဂျောင်းခနဲ ဂျောင်းခနဲ ဆောင့်ပိတ်ပိတ်သွားတတ်တာ အမိုက်သွန်ဖို့ ကျွန်မ အမိုက်ထုတ်လေး လက်ကဆွဲပြီး လမ်းလျောက်လာရင် အလုံပိတ် တံခါးနဲ့ ပိတ်ထားတတ်တဲ့ အမိုက်ပုံးသွန်ထည့်တဲ့ အခန်းကျဉ်းလေးထဲက တံခါးရွက်က ကျွန်မလာတိုင်း အလိုလို ပွင့်သွားတတ်တာ ကျွန်မ အမိုက်ထုတ်ပစ်ချလိုက်ပြီး လှည့်ထွက်တာနဲ့ သိသိသာသာ အသံမြည်ပြီး ဆောင့်ပိတ်သွားတတ်တာတွေဟာ ကျွန်မဖြင့် သာမာန်ရိုးကျ ဖြစ်ရိုးဖြစ်စဉ်တောင်ဖြစ်နေပါပြီ။

ကျွန်မနဲ့ အတူတူနေဖို့ ရောက်လာနေတဲ့ သူငယ်ချင်းမလေးကတော့ အရမ်းကို စိတ်အားငယ်တတ်တာ အမှန်ပါ။ သူက ကျွန်မလို ကျားကျားလျားလျားမရှိပဲ အမြဲ ကုတ်ချိချိလေးနေတတ်ပြီး သိပ်ကို နူးညံ့သိမ်မွေ့လွန်းတဲ့ သူလေးဆိုတော့ တစ်ခုခုဆို မျက်နှာလေးက ဖြူဖျော့ဖျော့ဖြစ်နေတတ်ပါတယ်။ ကျွန်မ ဇင်းမယ်သွားခါနီးမှာမှ သူမက အခန်းကို အတူနေဖို့ ပြောင်းလာတာပါ။ သူမ ပြောင်းလာတဲ့ညကစပြီး တစ်ညလုံး မအိပ်ရအောင်ကို တံခါးက ဖွင့်လိုက် ပိတ်လိုက် တ၀ုန်းဝုန်းဖြစ်နေတယ်လို့ သူမ အပြောအရ သိရပါတယ်။ ကျွန်မအခန်းက ထူးခြားတာက အတွင်းလော့ခ်သေချာချထားရင် တံခါးက အလိုလိုပွင့်လာပြီး အပြင်ထွက်လို့တံခါးကို မေ့ပြီး လော့်ခ်မချမိရင် တံခါးက အလိုလို လော့ခ်ကျကျနေတတ်ပါတယ်။

သူငယ်ချင်းတွေကို ဖေ့စ်ဘွတ်ခ်က ကျွန်မ ဝေါလ်မှာ "

ညညဆို အိမ်ရှေ့တံခါးမကြီးက လော့ခ်ချထားတာတောင် ကျီ..ဆိုပြီး ပွင့်ပွင့်လာတယ် ပြီးရင် ၀ုန်းဆိုပြီး ပြန်ပိတ်တယ်..ကွန်ဒိုက ဓတ်လှေကားကလဲ မဆုမွန် ၀င်လာပြီဆို သူ့အလိုလို အမြဲပွင့်တယ် လူမရှိတဲ့အထပ်မှာ ပွင့်တယ် ပြီးတော့ ပြန်ပိတ်တယ်. အမိုက်ပုံးတွေ သွန်ချရတဲ့ တံခါးကလဲ အမိုက်သွန်မယ်ကြံတိုင်း အလိုလိုပွင့်တယ် သေချာတာ လေတိုးတဲ့ အပေါက်တောင်မရှိဘူး အဲ့နေရာမှာ အာရုံနောက်အောင်မလုပ်နဲ့လို့ ကြိမ်းတော့ ၀ုန်းဆို ဆောင့်ပိတ်သွားတယ် ဗြဲ...

ပြောပြတော့ သူတို့က မင်းနဲ့အတူလာနေချင်လို့နေမှာပေါ့။ တံခါးဖွင့်ရတာ ပင်ပမ်းမှာစိုးလို့ လာကူပေးတာပေါ့။ အခန်းထဲမှာ နေတဲ့သူဖြစ်ပါလိမ့်မယ် အဖော်မင်လို့နေမှာပေါ့ စသဖြင့်တွေ နောက်ပြောင်ကြပါတယ်။ အခုရေးနေရင်းနဲ့တောင် တံခါးကလေ ဒုန်းဒုန်းနဲ့ လာထုနေတယ် အတူနေတဲ့အခန်းဖော် ညက ပရိတ်တွေ ထရွတ်နေတယ် :( မဆုကတော့ ၀ိုင်လေးသောက်ပီး ထိုင်ကြည့်နေလိုက်တယ် :(လို့ ပြောတော့ ညီမငယ် ခွန်မြလိုင်ကလဲ သူနဲ့ သူ့အမျိုးသား ဘန်ကောက်မြို့လည်ခေါင်မှာ ညဘက်ကြီး အသားကင်တွန်းလှည်းသရဲနဲ့ဆုံဖူးကြောင်းကိုလည်း မှတ်မှတ်ရရ ပြောပြပါသေးတယ်။ ထူးဆန်းတာက ဒေါ်မေငြိမ်းတို့ ဒေါ်ခင်မင်းဇော် အိမ်ကို လာလည်တုန်းက ဘာမှ ထူးထူးခြားခြား မဖြစ်လိုက်ပါဘူး။ ကိုယ်တွေရဲ့အလုအယက်စကားပြောပြီး ပွားကြတဲ့ အသံတွေက အောင်လွန်းလို့ သူ့ရဲ့ အသံတောင် ကြားချိန် မရလိုက်တာ ဖြစ်ပါမယ်။

ကျွန်မ အတွေးလွန်နေတုန်းမှာပဲ ခုနက တံခါးဂျက် ကလစ်ခနဲဆို အသံထွက်လာလို့ ကျွန်မ မျက်မှောင်ကုတ်ပြီး စိုက်ကြည့်လိုက်ပါတယ်။ တံခါးရွက်က ကျီခနဲဆို ပွင့်လာပြီး တံခါးက ဂျောင်းကနဲ မပိတ်ခင် ကျွန်မ တံခါးရွက်ကို သွားဆွဲလိုက်ပါတယ်။ နောက် သံပန်းတံခါးအပြင်ဘက်ကို ခပ်တည်တည်စိုက်ကြည့်ပြီး တံခါးမကို ကုလားထိုင်နဲ့ မပိတ်အောင် ကာလိုက်ပါတယ်။ နောက်တော့ ကျွန်မ မနက်တိုင်း အိမ်ရှေ့ခန်းက ဘုရားစင်မှာ ဘုရားပန်းလဲ ဘုရားသောက်တော်ရေ မျက်နှာသစ်တော်ရေကပ် အမေပို့ပေးထားတဲ့ ပရိတ်ကြီး ၁၁သုတ်အခွေဖွင့်လေ့ လုပ်လေ့ရှိပါတယ်။ အဲ့တာကို သတိရတော့ ဘုရားစင်ပေါ်က မျက်နှာသစ်တော်ရေ ငွေဖလားခွက်လေးကို သယ်ပြီး ပဌာန်း၂၄ပစ္စည်းရွတ်ပြီးတော့ အိမ်တံခါးမကြီးနဲ့ သံပန်းတွေကို ရေနဲ့ ဖြန်းလိုက်ပါတယ်။ ကဲ ငါကတော့ မကြောက်ဘူးဟေ့ ဒီမှာ ငြိမ်းချမ်းက ကြောက်လို့တဲ့ သူများကို လာမနှောင့်ယှက်ကြနဲ့ကွယ် မကောင်းဘူးနော်လို့ ပြောပြီး ပက်လိုက်တာပါ။ အဲ့ဒီ့နေ့ကစလို့ တံခါးမကြီးက တုတ်တုတ်တောင်မှ မလူပ်ပဲ ငြိမ်သက်သွားလိုက်တာ ၀ုန်းကနဲ ဂျောင်းကနဲ တံခါးဆောင့်ပိတ်သံလေးကိုတောင် အခုဆို လွမ်းသလိုလို။

မမြင်ခဲ့ရတဲ့ သူငယ်ချင်းလေးနဲ့ အတူရှိခဲ့ဖူးတဲ့ ဘန်ကောက်ညချမ်းများ အမှတ်တရ

15 Comments:

ကိုအောင် said...

သူငယ်ချင်းပဲဗျာ သနားပါတယ်၊ မောင်းမထုတ်ပဲ ဒီအတိုင်းထားလိုက်ပေါ့ ...း)

ခင်မင်းဇော် said...

ဟုတ်တယ်နော် အန်တီတို့ လာနေတုန်းက တခါမှ မတခါဘူးးး ဟင်းးး သူက ပြန်လန့်သွားတာ ဖြစ်မယ် ဟိဟိ..

Moe Myint Tane said...

ဘယ်လိုလုပ်တာလဲ မဆုမွန်ရယ်။ အသစ်တင်ထားတာတွေ့လို့ လာဖတ်တာ။ ဖတ်ပြီးတော့မှတော့ ပြီးအောင်ဘဲ ဆက်ဖတ်ပါမယ်လေလို့ အားတင်းပြီးဖတ်လိုက်တယ်။ ကျွန်တော်က တစ်ယောက်ထဲ နေတာဗျ။ (:

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

မဆုမွန် said...

ကိုအောင်ရေ နေသားတော့ကျနေပြီလေ သူနဲ့က ဒါပေမယ့် အခုနေတဲ့သူငယ်ချင်း ဆေးရုံရောက်ရင် အလုပ်ပိုမှာစိုးလို့လေ :P အန်တီခင်မင်းဇော်တို့လာတုန်းက တူ ဘယ်ကပ်ရဲမလဲ ဒီလောက်ဟိုးဟိုးကျော် နံမည်ကြီးသတင်းထောက်တွေ တွေနားကို ခိခိ>>> မိုးမြင့်တိမ်လေး တစ်ယောက်တည်းနေတာ ကြော်ငြာဝင်သွားပါတယ်ကွယ် အဲ့တာဆို မဆုမွန် သူငယ်ချင်းလေးကို ပို့လိုက်မယ်နော်..:P

Anonymous said...

ခွိခွိ.. လုပ်ပါနဲ့ မမချု့ရယ်.. ဦးတိမ်ကြီး လန့်ဖျားဖျားသွားဦးမယ်.. သူက အသည်းငယ်ငယ်ရယ်။ :P
စိတ်ဝင်စားဖို့ကောင်းတယ်။ ကိုယ်သာ တကယ်ကြုံကြည့် အောင်မငီးးး မတွေးရဲ။
မမချု့ကို လေးစားပါသည်.. သတ္တိကောင်း၏။

Nge Naing said...

လာဖတ်သွားပါတယ်။ မဆုမွန်လည်း သရဲအချောက်ခံရဖူးတာကိုး။ သူ့ဖါသာသာသူ လွတ်လွတ်ကျွတ်ကျွတ် သွားတာကောင်းပါတယ်။ ပြန်လွမ်းနေတယ်ဆိုလို့ ရောက်လာနေဦးမယ်။

ကိုချစ်ဖေ said...

အင်း..မကြောက်တဲ့သူတွေနဲ့တွေ့တော့လဲ သူလဲ ဘယ်လိုကြောက်အောင်လုပ်ရမှန်းမသိဖြစ်နေတာဖြစ်
မယ်.

purplemay said...

မမစု...ပရိတ်ရေဖျန်းလိုက်လို့ မလာတော့တယ်ထင်တယ်နော်...။
တရဲလေး တနားပါဒယ် ...တူက အိမ်ထဲဝင်ချင်နေရှာတာ...ခိခိ

chocothazin said...

အံ့ရော မမဆုမွန်မှန်းမသိလို့ လာလာနေတာနေမှာ။ သိလည်းသိရော ပြေးရော။

ဂျေဂျူဝိုင် said...

တရားစာတွေ ရွတ်ဖြစ်တာပေါ့ဗျာ

မောင်မောင် said...

မဆုမွန် ရေ အဖော်တောင်ရသေးဗျာ။
မကြောက်တတ်သူများ ကို သရဲ ကလဲ ခြောက်ရမှာ
အတော်ခက်ပါ့နော်။ :)

ရွှေရတုမှတ်တမ်း said...

မယ်ဆုနှယ်..ဘန်ကောင်မှာ သရဲမျိုးကိုစုံနေတာပဲ..
လေးလေးနဲ့မဆုံလိုက်ရဘူး..သူငယ်ချင်းတွေတော့ကြုံကြတယ်

Angel Shaper said...

မကြီးဆုရေ...သတ္တိကောင်းလိုက်တာနော်။ လေးစားပါတယ်။ တကယ်ကြုံဖို့တော့ အီးးးးးးးးးးအိပ်မက်ထဲတောင် ထည့်မမက်ရဲ။ အဲလောက် သတ္တိရှိပါတယ်။ အဟီးးးးး

kiki said...

ဆုမွန်က သတ္တိခဲပဲ။ ကိုယ်သာဆို အိမ်ပြောင်းပြေးမှာ ။အသံပေးရုံလောက်ပဲ ဆို တော်သေး။ ကိုယ်ထိလက်ရောက် လည်ပင်းလာညှစ်တာတို့  ၊ ကုတင်ပေါ်က ဆွဲချတာတို့  ဆို .. အွန်မငီးး

ပရိတ်ရေ အစွမ်းကလည်း အတော်ထက်တယ်နော် ...ခုဆို အဲ့ဒီ သူငယ်ချင်းလေး ဘယ်နေရာ သွားခိုနေပြီလည်းမသိ ။

Unknown said...

oh hoooo...how brave you are ma sumon...