အခုလက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး အကျပ်အတည်း အခင်းအကျင်းထဲက နှစ်ရှည်ခရီးရှည်ကြီးထဲမှာ မားမားမတ်မတ် ရပ်တည်နေတဲ့ ခက်ခဲပင်ပမ်းပေမယ့် မားမား မတ်မတ် ရပ်တည်နေဆဲဖြစ်တဲ့ ကျွန်မချစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်တွေ အပေါ် သတိရခြင်း လေးစားခြင်းများစွာနဲ့ ဒီပို့စ်လေးကို တင်ဖြစ်တယ်။
မည်သူ့ကိုမျှ အချိုမကျွေးခဲ့ပါ ကျွန်မတို့ ကိုယ်တိုင်ပင်လျင် အချဉ်မဟုတ်ပါ။
ကျွန်မ သူငယ်ချင်းများသည် ကျွန်မ သူငယ်ချင်းများ သပ်သပ်သာ ဖြစ်သည်..ကျွန်မ တို့တွေ တစ်ယောက်ကို တစ်ယောက် အလွန် အင်မတန်ကို ချစ်ခဲ့ကြပါသည် ကျွန်မတို့ရဲ့ ဆယ်နှစ်နှစ် ကျော် ချစ်ခြင်းသည် တော်တန်ရုံ ချစ်ခြင်းမျိုးတွေ တော်တန်ရုံ သံယောဇဉ်မျိုးတွေ တော်တန်ရုံ မေတ္တာတရားတွေနဲ့ ပေါင်းစပ် ဖွဲ့စည်းထားခဲ့တာ မဟုတ်ပါ။ ကျွန်မတို့ ချစ်ခြင်းတွေထဲမှာ အနစ်နာ ခံခြင်းတွေ ပါခဲ့သည် စွန့်လွှတ် ခြင်းတွေ ပါခဲ့သည်။ ပေးဆပ် ခြင်းတွေ စေတနာ တွေ ရောသမ ပေါင်းစပ် ထားတဲ့ ချစ်ခြင်း တရားတွေမှာ ရယူလိုခြင်း ဂုဏ်ဖော် လိုခြင်း မရိုးသားခြင်း အလျင်းမရှိ လောဘ ဒေါသ မာန်မာနတရားတွေ ပဂတိ ကင်းစင်ခဲ့ သည်ဆိုတာ ပြောရဲခဲ့ကြ ပါတယ်။ ကျွန်မတို့ အလွန်ချစ် ခဲ့ကြပါတယ်.။ တကယ့်ကို အလွန် အင်မတန်ကို ချစ်ခဲ့ ကြပါသည်။
ဝေးလံ ခေါင်းပါးတဲ့ နေရာတွေ ဆီကနေ ကားတစ်တန် နွားတစ်တန် လှေတစ်တန်နဲ့ ကျွန်မတို့တွေသည် ကျောပိုးအိတ် ကိုယ်စီ လွယ်ပိုးပြီး အုဌ်လမ်းက ဗဟိုဌာနချုပ်မှာ သင်ကြားပေးတဲ့ ဘ၀သင်္ခန်းစာကို ဆာလောင် မွတ်သိပ်စွာနဲ့ သင်ယူခဲ့ချိန်တွေမှာ ကျွန်မတို့  စိတ်နှလုံးတွေ ကျွန်မတို့  ပုံရိပ်တွေဟာ အဖြူရောင် သပ်သပ်မျသာ..။
ဒီအရိပ် ဒီအ၀န်း အ၀ိုင်းကို ခိုလူံ့လာကြစဉ်က ကျွန်မတို့အားလုံး စိတ်အစဉ်ဟာ ဗလာသပ်သပ်ပါ မြင်မြင်သမျတွေသည် ကျွန်မတို့အတွက် ထူးထွေတည့် အံရာသော်တွေ ချည်းဖြစ်ခဲ့သည်။။ နှစ်ကိုယ်ကြား တီးတိုးသံတွေကြားမှာ မလုံမလဲစိတ်နဲ့ ကိုယ်ပါ အလိုလို အသက်အောင့်မိခဲ့သည်။
လျို့ဝှက်ချက်တွေ ဆန်းပြားမူတွေ ဖုန်းကွယ်မူတွေ ဖွင့်ဟခြင်းတွေ သတိထားရမည့် သူများနဲ့ ယုံကြည်ထိုက် သူတွေများ စသဖြင့် အပြုံးစတွေ ရိတိတိ အသံများ အာဘောင်အာရင်း အသံများ လက်သီး လက်မောင်းတန်း တွေရဲ့ ကြား ခပ်အုပ်အုပ် ရယ်သံများ တီးတိုးသံလေးများနဲ့ ဖွဲ့စည်းထားသော ဒီဝန်းကျင် နေရာလေးသည်သာ အံ့သြ ကုန်နိုင်ဖွယ် မရှိ ရင်သပ်ရှုမောစရာ အတိ ဖြစ်ခဲ့သည်။
အနီရောင် လွင်ပြင်ကျယ်ကြီးထဲက အမှောင်ရိပ်တွေကြားထဲမှာ နေရင်းနဲ့ အလင်းရောင်ကို ခံစားခဲ့ကြသည်။ ဘာပြောပြော ခေါင်းငြိမ့်ရတာကိုက အရသာဖြစ်သည် အားလုံးသည် ထောက်ခံစရာတွေသာဖြစ်သည်။ မကြားဖူးသည် များကို အားရပါးရကြားရသည် မပြောရဲခဲ့သည်များကို အားရပါးရ ပွားခဲ့သည်။ ကျွန်မတို့ နားထောင်မ၀ဖြစ်ခဲ့ကြသည်။
အချိန်တွေသည် ကုန်လွယ်ခဲ့သည် ဇွန်းခြောက်ချောင်းတပ် ထမင်းသုတ်တစ်ပွဲကို ရေနွေးကြမ်း တစ်အိုးနဲ့ ကျွန်မတို့ ဆာလောင်မူ တွေကို ဖြည့်ဆည်း ခဲ့ကြသည်။ အလွန်တရာ မွဲတေသော ကျွန်မတို့ အလွန် အင်မတန်ကို ပျော်ခဲ့သည်။ ငွေသည် ရယ်စရာ တစ်ခု သာဖြစ်သည်။ တစ်ရာကျော် ကိုင်နိုင်လျင်ပင် သူဌေး သူကြွယ်ဖြစ်သည် ခေါင်းဆောင် ပင်လျင် ခဏ ဖြစ်နိုင်သေးသည်။ ဘာမှန်းမသိ လွတ်လပ် ပေါ့ပါး ဘယ်လိုမှ စေ့မရတဲ့ နူတ်ခမ်း တွေနဲ့ ရွှင်မြူး ကြည်လင် စိတ်အစဉ်နဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဘယ်ရယ်မဟုတ် အလိုလို ပျော်ရွှင်ပြီး မျက်နှာပိုး မသတ်နိုင်ပဲ မြူးတူးပျော်ပါးခဲ့သည်။
တစ်ခါသားမှာ အန်တီနဲ့ အဘကိုယ်တိုင် အမြဲ ထိုင်ပြီး အားပေးလေ့ရှိတဲ့ စာဖတ်ဝိုင်းမှာ ဗေဒါလမ်း ကဗျာမှ မဗေဒါကြောင့် ကျွန်မတို့ အဆူပူခံရသည်။ ချောင်းကိုဝင် ချောင်းကထွက် မောပန်းနေရှာတဲ့ မဗေဒါလေး ခင်ဗျာ ဘဲအုပ်ကပါ ထပ်ယက်တော့ ဆိုတဲ့ ဆွေးနွေးသူမျက်နှာပေးကြောင့်ဖြစ်သည်။ အမြဲလိုလို မြူးနေတဲ့ကျွန်မတို့ ကို ကြည့် မရသော ခေါင်းဆောင်ဆိုသူများက လွတ်လပ်စွာ ရယ်ခွင့်မပြုလိုသောကြောင့် မကြာခဏ ရယ်ခွင့်ပါမစ် အပိတ် ခံရ သော်လည်း မျက်နှာလေးတွေ ခုံပေါ်အပ်ရင်း လက်ဝါးလေးတွေ အုပ်ကာ အုပ်ကာ ကြိုက်ရိုက် ရယ်ခဲ့ရချိန် တွေကို အသက်မဲ့ ခြောက်ကပ်လွန်းတဲ့ ဟန်လုပ် ရယ်သံ တွေကို ကိုယ်တိုင်ရယ်ရင်း သူများ ရယ်တာကို နားထောင်ရင်း နာနာကျင်ကျင် အမှတ်ရနေ သေးတော့သည်။
ကျွန်မတို့ ရယ်မောခြင်းတွင် မာယာမပါသည်ကား အသေအချာဖြစ်သည်။ အာရုံမ၀င်ပဲ ခေါင်းကို ထောက်ခံ သယောင် ညိမ့်တတ်သူများလဲ ရှိသေးသည်။ ထိုသူများသည် မကြာခဏ သန်းဝေတတ်သည်။ ပြောသူပြီးလျင် အလန်တကြားထပြီး အမှားရှာ ဝေဖန်သေည်။ မလိုသူများမှ အနှိပ်ကွပ်ခံရခြင်း ခေါင်းဆောင်ဟု ဆိုသူများရဲ့ ပညာပေးခံရခြင်း အရေးတကြီးဟု ဆိုကာ ရေခပ် တံမြက်လှည်း မျလောက် အရေးလုပ် အခိုင်း ခံရခြင်းပင် သည်လျင် ဂုဏ်ယူစရာ ဖြစ်ခဲ့သည် ။ ကျွန်မတို့ ပျော်ပျော်ကြီး လုပ်အားပေးခဲ့ကြသည်။ ထိုစဉ်က လူကြီးမျာရဲ့ ခွင့်ပြုချက်မပါပဲ လူငယ်တွေ ဘုရားပေါ်တက်ခြင်း အာဇာနည်ကုန်းချီတက်ရန်ပြင်ခြင်းများ သည် ပြသနာ အကြီးစား များဖြစ်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် လူကြီးများကို နားမထောင်ချင်ဟန်ဆောင်ရခြင်းဖြင့် ကျွန်မတို့ အလွန်ပျော်ခဲ့သည်။
လေးစားခြင်း မြတ်နိုးခြင်း ယုံကြည်ခြင်း နောက်..အားကိုးခြင်း ဟုတ်သည် ကျွန်မတို့ရဲ့ အားကိုးခြင်း ဖြစ်သည်။ ကျွန်မတို့အားလုံးရဲ့ လွတ်မြောက်ရာလမ်းစသည် ထိုသူတို့သာ လုပ်နိုင်ခြေရှိသည်ကို ပိုပြီး ပိုပြီး ယုံကြည်ခိုင်မာ လာသည်ချည်းသာဖြစ်သည်။ လက်မောင်းသွေးများ မဖောက်ခဲ့သော်လည်း ကျွန်မတို့ အသက်ပေးမည် ဘ၀ပေးမည်ဟု ကြွေးကြော် ကြုံးဝါးကြရင်း လက်ဝါးခြင်း ရိုက်ကြခြင်း ကျောင်းသား အရွယ် စာငတ်နေသည့် ကျောင်းပျောက်နေသည့် ကျွန်မတို့ အန်တီကိုယ်တိုင် မျှော်လင့်ချက်ကြီးကြီး ရည်ရွယ်ချက်ကြီးကြီးနဲ့ ဖွင့်ထားတဲ့ ဌာနချုပ်ကြီးထဲက သင်တန်းချိန်တွေ မှာ အချိန်တွေကို ကုန်လွယ်စေခဲ့သည် ကျွန်မတို့ စာတွေတတ်ခဲ့ကြသည်။ ကျွန်မတို့ စာဖတ်ဝိုင်းတွေ တက်ခဲ့သည်။ ကျွန်မတို့ စကားတွေ ပြောတတ်ခဲ့သည်။
ချစ်သော အန်တီစုနဲ့ ကြမ်းတစ်ပြေးတည်း ထိုင်ခွင့်ရခဲ့ချိန်များသည် အခုချိန်တွင် အစားထိုးပြန်မရနိုင်တော့ပြီ ကျွန်မတို့ နှစ်ကိုယ်ကြား ပြောခွင့်များ ရခဲ့သည် ချစ်ခြင်း အတိဖြင့် အနီးကပ် ငေးမောခဲ့သည်။ အချိုးကျ ပြေပြစ် ချောမောလွန်းလှတဲ့ အန်တီ့ မျက်နှာကို မျက်လွှာ အဖွင့် အပိတ်မှာ ပင်လျင် ပျောက်ကွယ်သွားမှာ စိုးရိမ်မိသည် ခေါင်းဆောင်ရဲ့ ကျက်သရေရှိလှတဲ့ မျက်နှာကို ဘေးကနေ တစ်စိမ့်စိမ့် ကြည့်ရသည်ကိုက ရင်တွင်းမှာ တလှပ်လှပ် အသံကြားရုံဖြင့်လဲ ရင်ခုန်ခြင်းများ ဖြစ်တတ်သေးသည်။
တောင်ကုန်းလေးထက်က လေထန်ကုန်းလေးမှာ လေတွေ တလဟော အန်ချခဲ့ကြသည် ခေါင်းတွေ တဆတ်ဆတ်ငြိမ့်ခဲ့ကြသည် ခေါင်းတွေ တရစပ် ခါခဲ့ကြသည် ခေါင်းတွေ ငုံခဲ့ကြသည် ခေါင်းတွေမော်ခဲ့ကြသည် စကားလုံးကြီးများ မနိုင်တနိုင် ထမ်းရင် ခင်ရင့်ရင့် ပြောတတ်သူများကို ခပ်အုပ်အုပ် အတင်းတုတ် တတ်ခဲ့လာသည်..ကျွန်မတို့  တူညီစွာ ကွဲလွဲခဲ့ကြသည်။
ကျွန်မတို့ အလွန် အင်မတန်ကို ချစ်ခဲ့ကြသည်။ ကျွန်မတို့  ကားခတွေ မတတ်နိုင် တော့ပြီ ကျွန်မတို့ စာအုပ်လေးများ ကုလားနဲ့ အဖော်ပြုရပြီ စက္ကူဟောင်းလေးက တဆင့် ငွေကို တိုက်ရိုက် ထုတ်လုပ် တတ်ပြီ။ ကျွန်မတို့  အချင်းချင်း မွတ်သိပ် လာကြသည် ဆာလောင် မူများသည် အဆန်း မဟုတ်တော့ပြီ သို့သော် အချင်းချင်း မဆုံရတဲ့ တစ်ရက် တစ်နေ့ တစ်ချိန်သည်က ပူလောင်ခြင်း အတိသာ ပြီးတော့သည်။
အကြောင်း သိလာတာနဲ့အမျ ပေါင်းမိကြတဲ့ ကျွန်မတို့ ရန်ဖြစ်ကြသည် ကျွန်မတို့ ပေါက်ကွဲကြသည် ကျွန်မတို့ အခွဲခံရသည် ကျွန်မတို့ ကွဲလွဲကြသည် ကျွန်မ တို့ကို မျက်မှန် စိမ်းများ တပ်ကြည့်ကြသည် ကျွန်မတို့ကို အနာအဆာ ရွေးချယ် ပယ်ထုတ်စ ပြုလာသည်။ လက်ညိုးထိုးခြင်း တရားခံ စွတ်စွဲခြင်း မတော်တရား နံမည်တပ်ခံရခြင်း ခြေထိုးခြင်း ဂျောက်တွန်း ချောက်တွန်းခြင်းခံရမူများသည် ထိုနေရာရဲ့ ယဉ်ကျေးမူ အစဉ်အလာ တစ်ခု လိုပဲဖြစ်လာသည်။
အံကိုတင်းတင်းကြိတ် လက်သီးကို တင်းတင်းဆုပ်ရင်း မျက်ရည်ကျရင်း ဟုတ်သည် နာကျင်မျက်ရည်ကျရင်းနဲ့ ပြန်ဖြေရှင်းခွင့်မရှိတဲ့ ဖြစ်စဉ်တွေမှာ ခေါင်းငုံ့ခံရင်း သည်နေရာကနေ သွားခွင့်ရပေမယ့် ထွက်ပြေးခွင့်မရတဲ့ ကျိန်စာသင့်သူတွေလို အံကြိတ်ရင်း တင်းခံခဲ့သည် ဘ၀တွေပေးပြီး ရင်းခံခဲ့သည်။ အချို့သောသူတို့ ကျွန်မတို့ ကို ပျားရည်လူးကြသည် ပျားအတုတ်ခံရသည် သကာလူးကြသည် ပုရွတ်ဆိတ် အကိုက်ခံရသည် ကျွန်မတို့ နာကျင်ရသည် မိအေး တရစပ် အော်သည် ဂဏန်း ကတော့ ကန့်လန့်တိုက် လျောက်နေရင်း လက်မ ထောင်နေဆဲဖြစ်သည်။
ကျွန်မတို့  ခေါင်းဆောင်ထိုင်နေကျ ကြမ်းပြင်လေး ကွပ်လပ်ဖြစ်လာသည် ခေါင်းဆောင်ကို တိုက်ရိုက် မြင်တွေ့ရချိန်မှာ ကျဲတောက်လာသည် လွတ်လပ်စွာပြောဆိုခွင့်ပေးခဲ့တဲ့ ခေါင်းဆောင်နဲ့ စကားတွေ ပြောခွင့်ရတဲ့ ကျွန်မတို့  နူတ်တွေ ဆွံအစပြုလာသည် ကျွန်မတို့  စကားတွေ အများကြီး မျိုချခဲ့ကြသည် ကျေးဇူးတင်ပါတယ် ဆိုသည့် စကားအဆုံး ကျွန်မတို့  ...အားလုံး မှင်သက်ခဲ့ကြသည်.မနေနိုင်ရင် ထွက်သွား..ထွက်သွား...ရပ်တည်ရေးမှာ ချစ်ကြည်ရေးကို ပြိုကွဲအောင် မလုပ်နဲ့ မနေနိုင်ရင် ထွက်သွား.....သမိုင်းဝင် စကားတစ်ခုဖြစ်ခဲ့သည် ကျွန်မတို့  ပြင်းထန် မာကျောမူများ အောက်တွင် အလွန်နာကျင်ခဲ့ကြသည်။
ကျွန်မတို့ မမေ့နိုင်သော နေ့တစ်ခုဖြစ်သည် အဲ့ဒီ့နေ့က နေကြွပ်ကြွပ်ပူသည်။ အနီရောင် သံပန်းကာရံထားတဲ့ ဌာနချုပ် အရှေ့ မျက်နှာစာတွင် ကျီးအာသံများ ဆူညံခဲ့သည် လေထန် ကုန်း လေးမှာ စကားလုံးများ အငွေ့ပျံခဲ့သည်။ ကျွန်မတို့ ဆက်ချစ် နေကြသေးသည်။ ကျွန်မတို့ ငြိမ်သက်စပြုလာသည် ထိုငြိမ်သက်မူ ပင်လျင် ပြင်းထန်စွာ လုပ်ရှားခြင်းရဲ့ အစပျိုးခြင်းဖြစ်သည်
ကျွန်မတို့ အားလုံး ဇာတ်လိုက်တွေ ဖြစ်ခဲ့သည် ကျွန်မတို့ အားလုံး ဘုရားလောင်းများ ဖြစ်ခဲ့သည် ကျွန်မတို့ အကြိမ်ကြိမ် ဒေ၀ဒတ် ဖြစ်ခဲ့သည် သေချာတာ ကတော့ ကျွန်မတို့ အားလုံး သရုပ်ဆောင် ခဲ့ကြသည် နာကျင် လျက်ပင်လျင် နာကျင်မူကို တမ်းမက်ခဲ့သည် အသေအချာကို အထပ်ထပ် ကွဲလွဲခဲ့ကြသည် လက်ညိုးသာ ထောင်ပြီး ခေါင်းပဲ ငြိမ့်တတ်သည်ဟု မကြာခဏ အရောင် ပြောင်းသူ တွေက စွတ်စွဲပြောကြသည် အဆိုသည် မှန်ကန်ကြောင်း ကျွန်မတို့ ခေါင်း ငြိမ့်ပြရသေးသည်။
ကျွန်မတို့ အားလုံး တစ်နေရာဆီမှာ ငြိမ်ငြိမ်လေး ထိုင်ဖြစ်ကြသည်။ မရယ်မောဖြစ်ကြတော့တဲ့ မျက်နှာသေတွေနဲ့ အံကိုတင်းတင်းကြိတ်ရင်း ကျွန်မတို့  အရောင်စုံ ခဲတံတွေနဲ့  ပုံတူပန်းချီတွေ ရေးခဲ့သည် အံ့သြစရာ ကောင်းသည် ပုံများ အားလုံး ထပ်တူ ဖြစ်နေသည် ဘောင်မခတ်ပဲ ရောင်စုံ ခြယ်ထား သောပုံများ အားလုံး သည် အနီရောင် သွေးကွက်များ သပ်သပ် သာဖြစ်နေသည်။ ကျွန်မ တို့ အလန့်တကြား ကျွန်မတို့အချင်းချင်းရဲ့ ရင်ဘတ်တွေကို ငုံ့ ကြည့်တဲ့အခါ နှလုံးသွေးတွေသည် ပန်းချီကားများပေါ်သို့ တစ်စက်စက် တပေါက်ပေါက် တသွင်သွင် စီးကျနေပါသည်။
ကျွန်မတို့ ထောင်စုပြည့်ချိန်မှာ မုန်တိုင်း ရုတ်တရက် အတိုက်ခံရသည် ထိုစဉ်က နာဂစ်ထက်ပင် ကြမ်းသည် မုန်တိုင်း ရိုက်ချက်ပြင်းသည် အုပ်စုထဲတွင် ကျွန်မတစ်ယောက်တည်း လွင့်ပါသွားသည် ကျွန်မ ထောင်တွင်း အခန်းကျဉ်းလေးထဲ ကားယားပြုတ်ကျသည်။ သူငယ်ချင်းများသည်သာ မျက်ရည်အတိဖြင့် ငိုကျွေးသည် ကျန်သူများ ရယ်သွမ်းသွေးသည်။ မမြင်ရလျင် အေးမည်ဟု ထင်ကြသည်။ ကျွန်မကို ချစ်သူများသည် အရက်နဲ့ နှာခေါင်းသွေး ရောစပ်ပြီး ကဗျာတွေ ရေးစပ်ကြသည် နှာခေါင်းသွေးသည် ခုံပုလေးများကို ကိုင်ရိုက်ခြင်းဖြင့် ယိုစီးလာခြင်း ဖြစ်သည် မင်းကြောင့် ငါ့ကြောင့် အပြန်အလှန် ထိုးကြရင်း ငိုချင်းတွေကို ပြောပြောပြီး တသောသော ရယ်မောကြသည် ကျွန်မတို့ အလွန် အင်မတန်ကို ချစ်ကြသည်..
ဘ၀တွေသည် ကွဲလွဲစပြုလာသည် အသက်ရှင် နေထိုင်ရေးသည် ဦးစားပေး အရာတစ်ခုဖြစ်လာသည် ကျွန်မတို့  မှင်ရည်တွေ ကျဲစပြုလာသည် ကားတစ်တန် သမားများ ရေရောတာ များလာသည် ရေတစ်တန် သမားကတော့ မလျော့တမ်း ဆက်တိုက် မွှေလာ လိုက်တာ အနှစ်ပင် ဖြစ်စပြုလာသည် ကျွန်မတို့ အားလုံး သိုးစပြုလာသည်.. ကျွန်မတို့ တစ်စစ နီးကပ်လာရင်းကို ဝေးကွာစ ပြုလာသည် ကျွန်မတို့ အလွန် အင်မတန်ကို ချစ်နေကြဆဲဖြစ်သည်။
မည်မျပင် မောပန်းနေစေကာမူ ကျွန်မတို့  တွဲလက်တွေ ဆုပ်ထားဆဲဖြစ်သည် ကျွန်မတို့  ရင်တွေ အပ်ထားဆဲ ဖြစ်သည် ကျွန်မတို့ ကျောတွေ ကပ်ထားဆဲဖြစ်သည် အနီးကပ် ထိုးသော ဓားချက်တွေ စိတ်လာသည် အဝေးပစ် မြားချက်တွေကြောင့် သုမန ကျောမှာ ဇကာပေါက်တွေ များလာသည် အသက်ရှုသံတွေ မြန်လာသည် ချွေးစက်တွေ အန်ချခဲ့သည် သွေးစက်တွေ တစ်ပေါက်ပေါက် ယိုစီး ကျနေဆဲဖြစ်သည် မျက်ရည်စများဖြင့် ကျိန်းစပ်နေဆဲ မျက်ဝန်းတွေ နီမြန်း မူန်ဝါးစပြုလာသည်
ဆာလောင်မူတွေကို မျိုသိပ်ခဲ့ရတဲ့ အံသွားတွေသည် မကျေနပ်ချက်များကိုသာ နာနာဖိဝါးပြီး စကားလုံးများကို မြိုမြိုချရင်း လူသားစားလိုစိတ်ကို ကျိကျိမြည်အောင်ကို မနေမနား ကြိတ်ခွဲရင်း အာသာဖြေခဲ့သည် လက်သီးဆုတ်များသည် ဖြန့်ကြည့်မိလျင် သွေးခြင်းခြင်း နီခြင်းကိုသာ ရှုနိုင်မည်။ အတွေးထဲမှာ တင် အကြိမ်ကြိမ် သတ်ပြီးဖြစ်သည့် သူများနှင့် ထမင်းစားဖြစ်နေသေးသည် ပြီးလျင် လက်ထိုးအန်ပစ်သည် အနည်းငယ် ငွေစရှိလျင် နို့ဝယ်ပြီး ဆေးပစ်သည်။
အားလုံးပြီးဆုံးချိန် တန်ပြီဟု ထင်သည် ကျွန်မ ခွဲထွက်ရမည့် နေ့တစ်နေ့တွင် ကျွန်မတို့ အားလုံး လမ်းဆုံတွင် တွေ့ ကြသည် နူတ်ဆက်ကြသည့် အခါတိုင်း ဆဲဆိုကြသည် ကျွန်မတို့ ချစ်နေကြသေးသည် နုတ်ဆက်ခြင်းကို ကျွန်မ အလွန်မုန်းတီးသည်။ မလိုအပ်သော စကားများကို သယ်ရတာ လေးသည် ခရီးသည်တွေသာ ဖြစ်နေသေးသည်။ ကျွန်မတို့ ခွဲခွာခဲ့ကြသည် ။ အပြီးတိုင် ခွဲခွာခြင်းဟု ကျိန်းသေလျက် မကြာခင် ပြန်ဆုံနိုင်မည်ဟု အတင်းယူဆ ခံယူထားသည် ကျွန်မ အခုတော့ အိမ် ပြန်ချင်နေသည်..
ထီးတည်း ရှိနေခဲ့သော နေရာတွင် ဖုန်းကောတစ်ခုနဲ့ ကျွန်မ ဘ၀ထဲကို သူငယ်ချင်းတစ်ယောက် ပြန်ဝင်လာသည် ။. အလွန် ဝေးလံသောနေရာ အလွန် နီးကပ်သော နေရာများတွင် နေစေကာမူ ဖုန်းလိုင်းနဲ့ ချက်လိုင်းသည်သာ လေလိုင်းကတဆင့် လက်ချောင်းလေးများမှ တဆင့် စကားလုံးများကို သယ်ဆောင်ပေးသည် ကျွန်မတို့ အလွန် အင်မတန် ချစ်နေကြသေးသည် တွေ့ ကြလျင် ဆဲဆိုကြသည် ကြိမ်းမောင်းကြသည် ဦးသူက မဆဲလျင် သံသယ ဖြစ်ကြသည် အပြန် အလှန် နှိမ်ချကြသည် အပြန် အလှန် ကြွားဝါကြသည် ရယ်မောရင်း နှင့်ပင်လျင် မျက်ရည် တွေတွေကျကြသည် ကျွန်မတို့ အလွန်ချစ်ကြသည်
တစ်နေ့သားတွင် ငလျင်ပြင်းစွာ လူပ်သည် လူပ်ရသည့် အကြောင်းများစွာ ရှိသည် ငလျင်လူပ်မည်ကို ကြိုသိသည်။ အဘယ်မျ ရစ်ချခ်တာ စကေးနှင့် မည်သည့်နေရာကို ဗဟိုပြု ပြီး လူပ်မည်ကိုကား မသိ ပိတ်မိနေသူများ ကြားညှပ်နေသူများ ကို ချွေးဒီးဒီးကျအောင် သွေးချင်းချင်းရဲနေတဲ့ လက်ဖ၀ါးတွေနဲ့  မရရအောင် ခြစ်ထုတ်ကယ်မနေတဲ့သူတွေကို အပေါ်စည်းကကြည့်ရင်း ပ၀ါစကို အသာချပြီး ဆံပင် ဖားလျားချရင်း မပဋာရုပ်နဲ့ အတင်း ပဏာ လုပ်နေသူများလည်း တွေ့ရသည် ကြိတ်ရယ်နေသူများကို တွေ့ ရသည်
ထိုအခိုက် တရားခံဖမ်းလက်ညိုးတွေ မိုးတွင်းမိုပေါက်တွေလို အမြောက်အများ ပေါ်လာသည် အင်္ဂုလိမာလ ရှိစေချင်သည် လက်ညိုးပန်းကုံးအစုံလိုက် ကို မြို့ မီးလောင်စဉ် မယ်ဒလင် တီးမပျက်သူအား ပန်းကုံးစွပ်လိုသည် ပေါင်မုန့် မရှိလျင် ကိတ်မုန့်စားကြမည့် သူများအတွက် တရုတ်ပြည်က လာသည့် နို့မူန့်ဖျော်တိုက်လိုသည် ခက်သည်က ထိုသူများသည် နို့မသောက် ရေကိုမလို အရက်သာလိုသည် စာတမ်းတွေ ဖတ်ကြမည် ငိုပွဲတွေ ဆက်ကြမည် ဘာပဲဖြစ်ဖြစ် ကျွန်မတို အလွန်ချစ်ခဲ့ကြသည်
ကျွန်မတို့ မည်သူကိုမျ အချိုမကျွေးခဲ့ပါ ကျွန်မတို့ ကိုယ်တိုင်ပင်လျင် အချဉ်မဟုတ်ပါ။
အချိုမကြိုက်သူများ
Posted by မဆုမွန် at Thursday, April 01, 2010
Labels: NLDမှာ သူငယ်ချင်းများအတွက်
5 Comments:
ချစ်ညီမလေး အမလဲအချဉ်မဟုတ်ဘူးနော်?။
ဆီးချိုရှိလို့အချိုမစားရဘူးလေ။
ဟန်ဆောင်မှုတွေ.အပေါ်ယံတွေ.မာန်တက်နေတာတွေ.
ငွေမျက်နှာတွေ.ကိုယ်ကိုယ်အထင်ကြီးတာတွေ.
အရာရာကိုငွေနဲ့ပြောလာတွေကို
ညီမပြောသလို အမကလဲ ကျမတို့ကိုယ်တိုင်အချဉ်မဟုတ်ပါလို့ ပြောလိုက်တော့မယ်။ဒီပိုစ်လေးကိုကြိုက်မှကြိုက်
မမမြတ်လေးငုံ ညီမလေးလည်း အချိုမကြိုက်ဘူးလေ အခါးပဲကြိုက်တယ် ခိခိ ကျေးဇူးပါနော် မမ ညီမလေး တို့ ခံစားချက်တွေကို စီနီယာရဲဘော်ကြီး အစ်မကြီးတစ်ယောက်အနေနဲ့ ခံစားနားလည်လိမ့်မယ် ထင်ပါတယ်..
မဆုမွန်ရေ..
နန်း ဘာမှမဟုတ်ပါဘူး
ဒါပေမယ့် ဒီပို့စ်ကို ဖတ်ပြီး အံတင်းတင်းကြိတ်မိတယ်..
ခွင့်ပြုမယ်ဆိုရင် မဆုမွန်ရဲ့ ဂျုနီယာ ဖြစ်ချင်တယ်
“ ဂဏန်း ကတော့ ကန့်လန့်တိုက် လျောက်နေရင်း လက်မ ထောင်နေဆဲဖြစ်သည်။.”...
ဒီစကားလုံး (ကြိုက်တယ်) ။
အဲ့ဒီ ဂဏန်းလေးနဲ့  လိုက်ဖက်တာက ချဉ်ချဉ်စပ်စပ် ..ဆော့စ် လေးပါပဲ ။
တောင့်ထား အောင်မောင်းရေ ။
အနေဝေးနေကြပေမဲ့ စိတ်ချင်းနီးနေကြရင်လည်း နီးစပ်မှုတမျိုး အားသစ်တမျိုးပါပဲ
အရမ်းကောင်းတယ်ဗျာ။ရင်ကပစ်တဲ့မြှားမို့လို့လားမသိ ရင်ကိုတည့်တည့်ထိတော့တာပဲ။
စိတ်မကောင်းစရာတခုကတော့ ယနေ့ခေတ်လူငယ်များသည်(ကျွန်တော်အပါအ၀င်)နိုင်ငံရေးသွေးမရှိတော့ပါ။
Post a Comment