ဖြန်ဖြေခဲ့ရတဲ့ စနေ

ဒီနေ့စနေမနက်စောစောစီးစီး ကျမ မနိုးစဖူး နိုးလာခဲ့တယ်။ ဈေးသွားဖို့ ဆိုင်ကယ်ကို မောင်းရင်း အရမ်းချမ်းလွန်းလို့ ဂျင်းဂျက်ကတ်ကို ရင်ဘတ်အထိ တင်းတင်းစေ့ရင်း လက်ဖျားတွေ ထုံကျင်အေးခဲနေတာကို နာနာကျင်ကျင်ခံစားရတယ်။ အေးလွန်းလို့ ရူးဖိနပ်ထူထူစီးထားတဲ့ ခြေဖျားလေးတွေ ဆိုင်ကယ်လက်ကိုင်ကို တင်းနေအောင် ဆုပ်ကိုင်ထားတဲ့ လက်ချောင်းထိပ်ကလေးတွေ အေးခဲပြီး အထိမခံနိုင်အောင် ထုံကျင်နေတယ်။ လက်ဘက်ရည်ဆိုင်ရောက်မှ ရေနွေးကြမ်းပူပူကို ကမမ်းကတမ်းသောက်ရင်း လက်ဖ၀ါးနဲ့ ရေနွေးကြမ်းခွက်လေးတွေကို ကပ်ရင်း အအေးဖြေခဲ့ရတယ်။" မခို့"လို့ ခေါ်တဲ့ လက်ဘက်ရည် ချိချိုကျကျဆိမ့်ဆိမ့်လေးကို ငုံသောက်ရင်း ပဲကြော်နဲ့ မုန့်ဟင်းခါးပူပူလေးကို စားရင်း ညီမငယ်ပြည့်စုံနဲ့ ထွေရာလေးပါးတွေ ပြောရင်း အားရပါးရရယ်ခဲ့ရတဲ့အထိ စနေမနက်ခင်းက တကယ့်ကို မင်္ဂလာအတိပါပဲ။

လက်ဘက်ရည်ဆိုင်ကနေပြန်တော့ နေရောင်ခြည်က ခပ်နွေးနွေးလေး ဖြာကျနေပြီဖြစ်ပါတယ်။ ဆိုင်ကယ်အရှိန်နဲ့ မျက်နှာကို လေတ၀ူးဝူးတိုးနေတဲ့လေကတော့ အေးစက်နေတုန်းပါပဲ။ အိမ်နားကို ရောက်ဖို့ ချိုးကွေ့ခါနီးမှာ လူတွေ အုပ်စုလိုက် ရုတ်ရုတ်ရုတ်ရုတ် ဖြစ်နေတာကို သတိထားမိတယ်။ အဲ့တာနဲ့ တတ်သည့်ပညာမနေသာဆိုသလို လူစုလူဝေးနဲ့တစ်ခုခုဖြစ်နေတာကို သတိထားမိတာနဲ့ ဆိုင်ကယ်ဦးက အဲ့ဒီ့နေရာဆီကို လှည့်မောင်းလိုက်ပါတယ်။


မက်ခရိုကုန်တိုက်လို့ခေါ်တဲ့ ထိုင်းချင်ဟန်ဆောင်တတ်တဲ့ မြန်မာနွယ်ဖွား ထိုင်းပေါက်လေးတွေက မြန်မာ မြန်မာအချင်းချင်း အချိုးမပြေပဲ ကျိုးတို့ကျဲတဲ ဆက်ဆံတတ်တဲ့ မြန်မာဆိုရင် အထင်သေးသလို ဟောက်တတ်တဲ့ ဆက်ဆံရေး ရေရောထားတဲ့နေရာရှေ့မှာ ထိုင်းဆိုင်ဝန်ထမ်းတွေနဲ့ ထိုင်းချင်ဟန်ဆောင်နေတဲ့ ရွှေ မြန်မာမမတွေက အပေါက်ဝတွေက ပြူတစ် ပြူတစ်ကြည့်နေတယ်။ ကားလမ်းမရဲ့တစ်ဘက်တစ်ချက်မှာ အရောင်အသွေးစုံတဲ့မြန်မာတွေ အုပ်လိုက် မျောက်ပွဲကြည့်သလို ရပ်ကြည့်နေကြတယ်။

အဲ့ဒီ့လူစုစု စုစု ရှေ့ကို ကျမဆိုင်ကယ်ကို ဖြတ်မောင်းလိုက်တဲ့အချိန်မှာ လူအုပ်စုရဲ့ကြားထဲမှာ အသက်၆၀ကျော် ၇၀နီးပါး ကုလားဆင်အဖိုးအိုအိုကြီးတစ်ယောက်ကို လူတစ်ယောက်က အနောက်ကနေ ချုပ်ထားတယ်။ အချုပ်ခံထားရတဲ့ အဲ့အဖိုးကြီးကို လုံခြုံရေးဝတ်စုံအပြာဝတ်ထားတဲ့ လူပိန်ပိန်တစ်ယောက်က ဗိုက်ကို အဆက်မပြတ်ထိုးနေတယ်။ အဖိုးကြီးလဲကျသွားတဲ့အချိန်မှာ အဖိုးကြီးကို စစ်ဖိနပ်ဝတ်ထားတဲ့ ခြေထောက်နဲ့လွှဲလွှဲပြီး ပိတ်ကန်နေတယ်။ အဖိုးကြီးက ယိုင်တိုင်ယိုင်တိုင်ဖြစ်နေတဲ့အချိန်မှာ အဖိုးကြီးကို မျက်နှာကို လက်သီးနဲ့ပိတ်ထိုးဖို့လုပ်နေတယ်။ အဲ့ဒီ့လူရဲ့လက်ဖမိုးမှာ စတီးလက်ထိပ်လို သံလက်ကောက်ဝတ်ထားတယ်။ နောက်မှ မြင်လိုက်ရတာ အဖိုးကြီး၇ဲ့ ဖွေးဖြူနေတဲ ဆံပင်တွေရဲ့ကြား ဦးခေါင်းရဲ့နောက်စေ့တည့်တည့်မှာ သွေးတွေ ရဲနေတာပါပဲ။ မတရားတာမြင်ရင် သွေးကကို အလိုလို ကြွလာမိတဲ့ ကျွန်မလည်း ဆိုင်ကယ်ကို ၀ုန်းကနဲ ကွေ့ချလိုက်ပြီး ဆိုင်ကယ်ရပ်တဲ့နေရာမှာ ခပ်ကြမ်းကြမ်း ရပ်လိုက်ပြီး ဆိုင်ကယ်ပေါ်ကနေ လွှားလွှားနဲ့ အဲ့နေရာကို ပြေးသွားလိုက်တယ်။

မြင်လိုက်ကတည်းက ဒီအဖိုးကြီးဟာ မြန်မာဖြစ်တယ် ထိုးနေတဲ့လူက ထိုင်းဖြစ်တယ်ဆိုတာ ကျွန်မ ရိပ်မိလိုက်တယ်။ ဘာဖြစ်လို့ အဲ့လောက်လုပ်ရတာလဲ ဘာဖြစ်တာလဲ ဘာဖြစ်တာလဲလို့ မြန်မာလို အော်မေးတော့ အဖိုးကြီးက သူ့ရဲ့ ကျွတ်လုဆဲဆဲ ခြေညှပ်ဖိနပ်အစုတ်လေးကို မရမက ကုန်းကောက်နေရင်းက တုန်တုန်ရီရီနဲ့ ကျွန်မကို မော့ကြည့်တယ်။ သူ့ဘေးနားက ဆွဲထူနေတာလား ဆွဲချုပ်နေတာလားမသိတဲ့ တစ်ယောက်က ကျွန်မကို ကြည့်ပြီး သူ ခိုးလို့တဲ့။ အဲ့တော့မှာ အဲ့အဖိုးကြီးက ကျွန်မကို မော့ကြည့်ပြီး သူ သွားတိုက်ဆေးတစ်ဘူး ယူမိတယ် အခုပြန်ပေးပြီးပြီလို့ပြောတယ် အဲ့အချိန်မှာ ထိုင်းလုံခြုံရေးက ၀ုးဝုးဝါးဝါးအော်ရင်းနဲ့ အဖိုးကြီးကို အတင်းဆွဲထူပြီး ထပ်ကန်ဖို့ကြိုးစားတယ်။ အဲ့ဒီ့လုံခြုံရေးထိုင်းရဲ့ လက်ပတ်နဲ့လက်မောင်းတစ်ခုလုံးမှာလည်း သွေးတွေချင်းချင်းရဲနေတယ်။ အဖိုးကြီးကို ထိုးလိုက် ချုပ်လိုက် ချလိုက် လုပ်နေရင်းနဲ့ အဖိုးကြီးရဲ့ ခေါင်းက ထွက်တဲ့သွေးတွေက သူ့ကိုယ်ကို ပေကုန်တာဖြစ်ပါတယ်။

သူက မကျေမနပ်နဲ့ကို ထပ်ပြီး ကန်ကျောက်ထိုးကြိတ်ဖို့လုပ်တော့ ကျွန်မလည်း အသံအကျယ်ကြီးနဲ့ ဟေး you should call police. call police call police လို့ အင်္ဂလိပ်လို အော်လိုက်ပြီး အဖိုးကြီးနားမှာ ကာရပ်လိုက်ပါတယ်။ နင်တို့ အဲ့လောက် ရိုက်စရာမလိုဘူး သူခိုးတာမှန်ရင် ရဲလက်အပ်လိုက် ဘာမှ ကိုယ်ထိလက်ရောက် အဲ့လောက်ကြီးမလုပ်နဲ့လို့ မြန်မာလိုဆက်ပြောတော့ အဲ့ရိုက်နေတဲ့ကောင်က ကျွန်မကို မကျေမနပ်နဲ့ ထိုင်းလို အော်ပါတယ်။ အဲ့ဒီ့မှာတင် ကုန်တိုက်ထဲက ထိုင်းမတွေကလည်း ရပ်လိုက်တော့ ဆက်မလုပ်နဲ့တော့လို့ ယူဆရတဲ့ထိုင်းဘာသာနဲ့ အော်နေကြတယ်။ ဒါကို ရိုက်နေတဲ့ လုံခြုံရေးယမ်းကောင်က မကျေမနပ်နဲ့ အဖိုးကြီးကို ဆက်ထိုးဖို့ ကြိုးစားတယ်။ အဲ့ဒီ့မှာတင် ကျမကလည်း နင်တို့မတရားမလုပ်နဲ့တော့ သူခိုးတယ်မှန်ရင် ရဲလက်အပ်လိုက် နင်တို့ ဒီလောက် ရိုက်နှက်စရာမလိုဘူး မတရားဘူး လုပ်စရာမလိုဘူးလို့လို့အသံကုန်အော်ပြီး ကာရပ်နေတဲ့ ကျမကို သူက ထိုင်းလို ဆဲပြီး ကျမကိုပါ ထိုးဖို့ ရွယ်ပါတယ်။

ထိုးဖို့ရွယ်လိုက်တဲ့ အဲ့လူကို ဘေးက လူတစ်ယောက်က နောက်ကနေ ချုပ်ပြီး တားပါတယ်။ နေရာက မရွေ့ပဲ မျက်နှာမာမာနဲ့ ကျမလည်း သူ့ကို မျက်လုံးချင်းသေချာဆိုင်ကြည့်ပြီး သူထိုးရင် ကျမကပါ ပြန်ရိုက်ဖို့ ပြင်တော့ ကျွန်မနဲ့မျက်မှန်းတမ်းမိနေတဲ့ အဖွဲ့အစည်းက ဦးလေးကြီးတစ်ယောက်ကလည်း ကျမဘေးကို ရောက်လာပြီး ဟေး မင်းတို့ ဒီလိုလုပ်တာ တရားဥပဒေနဲ့မညီဘူး ရဲကို ခေါ် ရဲလက်အပ်လို့ အင်္ဂလိပ်လိုဝင်ပြောတော့ သူ က ထိုင်းလို မကျေမနပ်နဲ့ ကျမတို့နှစ်ယောက်ကို အော်နေပါတယ်။ ကျမလည်း သူတကယ်လို့ လာရိုက်ရင် ပြန် ကိုင်ရိုက်လို့ရအောင် ဆိုင်ကယ်ဟဲလ်မက်ကို ကောက်ဆွဲပြီး ဆိုင်ကယ်နားရောက်တော့မှ နောက်မှာ ပါလာတဲ့ ညီမငယ် ပြည့်စုံက ကျမနဲ့ အဲ့လုံခြုံရေး အခြေအတင် ဖြစ်နေတဲ့တလျောက်လုံး မျက်နှာထားတင်းတင်းနဲ့ ကျမနောက်ကနေ လက်ပိုက်ပြီး လူမိုက်ရုပ်နဲ့ ရပ်ကြည့်နေတာကို မြင်လိုက်ပါတယ်။ အဲ့လိုအားကိုးရတဲ့ ချစ်ညီမပါ :P

ကျမညီမလေးရဲ့မျက်နှာထားကိုမြင်လိုက်တာနဲ့ အဲ့ထိုင်းလား မြန်မာလားမသိတဲ့ လုံခြုံရေးယမ်းက ဟိုဘက်ကားလမ်းကို ဖြတ်ကူးပြေးသွားပါတယ်။ အဲ့မှာ ထိုင်းမတွေနဲ့ထိုင်းတွေကလည်း ၀င်ပြီး ဖြန်ဖြေတဲ့သဘော အဲ့ဒီ့ကောင်ကို ထိုင်းလိုတွေပြောနေကြပါတယ်။အဲ့ဒီ့အချိန်မှာပဲ ဘေးက ခုနက မျောက်ပွဲလို ရပ်ကြည့်နေတဲ့ မြန်မာအုပ်စုလိုက်ကြီးဆီက မိန်းမကြီးကြီးတွေက ဟုတ်တယ် သူကို ရိုက်နေတာ အကြာကြီးပဲ ကန်လည်းကန်တယ် အဲ့ကောင်လက်ထဲက သံလက်ကောက်နဲ့ ခေါင်းကို ကွဲအောင် ထိုးနေတယ် မတရားဘူး ဘာညာနဲ့ ၀ိုင်းအော်ကြပါတယ်။ ကျမရင်တွေ ဒေါသသွေးတွေ တိုးပြီး တဒိန်းဒိန်း ခုန်နေပါတယ်။ စိတ်လည်း တို ဒေါသလည်း ထွက် အဲ့တာနဲ့ ဒီဘက်ကနေ ရပ်ကြည့်နေတဲ့ မြန်မာတွေဘက်ကို လှည့်ပြီး အေး မြန်မာကလည်း လစ်ရင်လစ်သလို ခိုး ထိုင်းကလည်း မိတာနဲ့ ထိုး အဲ့တာနဲ့ပဲ သေကုန်ကြတော့မယ်လို့ လှည့်ပြောလိုက်ပါတယ်။အဲ့ဒီ့လိုဖြစ်နေတုန်း ခုနက လဲပြိုနေတဲ့ သွေးအလိမ်းလိမ်းနဲ့ အဘိုးကြီးကို တစ်ယောက်က တွဲခေါ်ပြီး လမ်းကြားထဲကို ၀င်သွားတာတွေ့လိုက်ပါတယ်။

အဲ့တော့မှ လူတွေရဲ့အာရုံက ကျမနဲ့ ထိုင်းလုံခြုံရေးရဲ့ မျက်လုံးခြင်း တိုက်ပွဲကို ဆက်ကြည့်နေကြပါတယ်။ ကျမလည်း ဆိုင်ကယ်ပေါ် ပြန်တက်ပြီး စက်နိုးဖို့ပြင်ပြီး ဟိုဘက်ကားလမ်းကနေ မကျေမနပ်နဲ့ အော်ဟစ်နေတဲ့ ထိုင်းကို ဆိုင်ကယ်ပေါ်ခွထိုင်ပြီး မောင်းမထွက်သေးပဲ သေချာ စူးစိုက်ပြီး အကြာကြီး ပြန်ကြည့်လိုက်ပါတယ်။ နောက်မှ စိတ်ကို လျော့ပြီး ဆိုင်ကယ်ကို ခပ်ပြင်းပြင်းဆောင့်ပြီး မောင်းထွက်လာပါတော့တယ်။ ငါလုပ်လိုက်ရရင်တော့ ဒီထိုင်းတွေ အကုန်သေကုန်တော့မယ်လို့ မကျေမနပ် ရွေရွတ်နေတော့ ညီမငယ်က စိတ်လျော့ပါ စိတ်လျော့ပါ လို့ နောက်ပါတယ်။ သူ့ကို ချန်ထားခဲ့ပြီး နောက်တစ်ခေါက် အဲ့ဒီ့နေရာကို သွားမှာစိတ်ပူနေတဲ့ ညီမကို အသာပြုံးပြပြီး ဆိုင်ကယ်ကို သွားချင်တဲ့ခရီးဆီကို တစ်ယောက်တည်း မောင်းထွက်လာပါတယ်။ တလမ်းလုံးတွေးမိတာကတော့ လူတွေဟာ သူခိုးဟေ့ဆိုတာနဲ့ ၀ိုင်းပြီး ဆွမ်းကြိးလောင်းချင်တဲ့သူ ထိုးချင် ကြိတ်ချင် ကန်ချင် ကျောက်ချင်တဲ့သူတွေဟာ အများသားပဲ။ တိုလီမိုလီလေးတွေ ခိုးမိတဲ့သူခိုး လမ်းဘေးမြောင်းကြားက သူခိုးဆိုရင်တော့ ၀ိုင်းပြီး ထုထောင်းရိုက်ပုတ်ချင်ပေမယ့် ကုလားထိုင်ပေါ် အခန့်သားထိုင် အဲကွန်းလ်အောက် သူခိုးကြီးတွေ ပြည်သူပိုင်ပစ္စည်း ကိုယ့်ပစ္စည်းလိုမျိုး အလစ်တိုတာ ဖြောင်တာ ကလိမ်ကကျစ်ကျတာ ယုတ်မာတာ ခိုးတာကိုကျတော့ ရော..မိရင် ဆွမ်းကြီးလောင်းချင်သူတွေ ရှိပါ့မလားလို့ တွေးမိပါတော့တယ်..

သွားတိုက်ဆေးလေးတစ်ဘူးအတွက်နဲ့ လြုံခုံရေးယမ်းရဲ့ ပယ်ပယ်နယ်နယ် တွယ်တာကို ခံလိုက်ရတယ် သေလုမျောပါးပဲ တကယ့်လို့သာ ကျမတို့သာ ၀င်မကာခဲ့ရင် မမြင်ချင်ဟန်ဆောင်ခဲ့ရင် အဲ့အဘိုးကြီး အခုလောက်ရှိ သွေးပွက်ပွက်အန်နေလောက်ပြီ. နောက်ဆို ဒီထိုင်းတွေနဲ့တော့ ဆိုင်ကယ်စီးရင် သေနတ်ကိုင်ရင်ကိုင် မကိုင်ရင်တော့ ဓါး လွယ်ပြီး လျောက်သွားရမယ့် အပေါက်ဖြစ်လာတယ်

ဒီ့လောက်အေးစက်ခဲနေတဲ့ ဆောင်းမနက်ခင်းမှာ သွေးထွက်အောင် ခေါင်းကို သံလက်ထိပ်နဲ့အထိုးခံရတော့ အဲ့အဘိုးကြီး မူးနေတယ် သူ့ကိုယ်သူတောင် မနိုင်တော့ဘူး စာရိတ္တပျက်သလိုမျိုး သူများပစ္စည်းခိုးတာကို မကြိုက်ပါဘူး ဒါပေမယ့် ဒီလောက် အဘိုးအရွယ်ကြီးကို မတရားလုပ်ခံရတဲ့အတွက် ကိုယ့်လူမျိုးအချင်းချင်း စိတ်အတော်ထိခိုက်မိတယ်.