မွေးမိခင်ကြီးနဲ့ ကျွေးဖခင်ကြီးကို ကန်တော့ပါတယ်

ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် မယ်တော် ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားကို တာဝတိံသာ နတ်ပြည်မှာ အဘိဓမ္မာ ခုနှစ်ကျမ်းကို ဟောကြား တော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့မှာ တာဝတိံသာ နတ်ပြည်မှ လူပြည်သို့ ကြွမြန်း ဆင်းသက် တော်မူခဲ့ပါတယ်.. အဲ့ဒီလို ထူးမြတ်တဲ့ နေ့ဖြစ်တဲ့အတွက် သီတင်းကျွတ် လပြည့်နေ့ကို “အဘိဓမ္မာ အခါတော်နေ့”လို့  သမုတ်ပြီး အဘိဓမ္မာ ရွတ်ဖတ် ပူဇော်ပွဲများလည်း ကျင်းပကြတဲ့ နေ့ဖြစ်ပါတယ်..အတုမရှိတဲ့ မိခင် ကျေးဇူးကို ဘုရားရှင် ကိုယ်တော်တိုင် ပြန်ပြီး ကျေးဇူး ဆပ်ပြခဲ့တဲ့ နေ့ထူး နြေ့မတ်ကြီး တစ်ခုလဲ ဖြစ်ပါတယ်။ သီတင်းကျွတ် လပြည့်နေ့ မှာ မွေး မိခင်ကြီး ကို ပန်းပျိုးလက် ဆိုတဲ့ စာလေးနဲ့ ကန်တော့ ပါတယ် (ပန်းပျိုးလက်)
အမေ နုပျိုစဉ်က အမေဟာ ပန်းလေးတွေပျိုးခဲ့တယ် အမေ့ရင်ခွင် မြေပြင်ထက်က ပေါက်ဖွားလာတဲ့ ပန်းလေးတွေကို အမေ့နို့ ရည်နဲ့ ပက်ဖျန်းပြီး ရှင်သန် လန်းဆန်းစေခဲ့တယ် အမေဟာ ပန်းတောထဲမှာပဲ သူ့သက်တမ်း တလျောက်လုံး နစ်မျောနေခဲ့တယ် အမေဟာ နှစ်လ တွေကို မေ့နေခဲ့တယ် အမေဟာ နေ့ည တွေကို မေ့ခဲ့တယ် အမေ ပျိုးထောင်ခဲ့တဲ့ ပန်းလေးတွေ အညောင့်ပေါက်ကတည်းက ပိုးမထိ ခရုမကိုက်အောင် အမေ့ ညတွေပေးခဲ့တယ် အမေ့ပုခုံးတွေ ပေးခဲ့တယ် မြေသြဇာကောင်းဖို့ အမေ့သွားတွေ ၀ါးကျွေးခဲ့တယ် အမေ့ပန်းလေးတွေ ညိုးနေရင် အမေ့ မျက်ရည်စက်တွေနဲ့ ပြန်လန်းစေခဲ့တယ် အမေ ပျိုးခဲ့တဲ့ ပန်းလေးတွေ မွှေးနေရင် အမေပျော်မယ် အမေပျိုးခဲ့တဲ့ ပန်းလေး ရော်နေရင်လဲ အမေရင်မောရှာမယ် အမေဟာ ပန်းတွေပျိုးခဲ့တယ်

အမေ့ အတွက် လှပ လန်းဆန်း မွှေးပြန့် လွန်းတဲ့ ပန်းပွင့် လေးတွေ ရခဲ့တယ် အမေ့ အတွက် လှပ ပေမယ့် မွှေးရနံ ကင်းတဲ့ ပန်းလေး တွေလဲ ရခဲ့တယ် အမေ့ အတွက် ပွင့်ဖတ် မစုံတဲ့ ပိုးကိုက်တဲ့ ပန်းလေးတွေ ရခဲ့တယ် အမေ့ အတွက် မူးမိုက် စေတဲ့ ဆူးစိုက် စေတဲ့ ပန်းလေး တွေလဲ ပွင့်ခဲ့တယ် မပွင့် သေးတဲ့ ပန်းဖူးလေး တွေလဲ ရှိနေသေးရဲ့ အမေ ပျိုးခဲ့တဲ့ ပန်းလေးတွေ အတင့်တယ်ဆုံး ပွင့်လန်းလာလို့ အလှပဆုံး အချိန်မှာ အမေ့ ပန်းလေးတွေကို
ဈေးဗန်းပေါ် တင်ရတယ် အဲ့အချိန်တွေမှာ အမေ့ရင် ဘယ်လိုရှိရှာမလဲ ဘယ်လို မချိရှာမလဲ ဘယ်သူသိနိုင်မလ

ဈေးဗန်း ပေါ်မှာ ရောင်းပန်းလှတဲ့ ပန်းလေးတွေအတွက် အမေ မော်နိုင်ပေမယ့် ဈေးဘောင်ကျိုး တဲ့အထိ ၀ယ်သူမဲ့ ပန်းလေးတွေ အတွက် အမေ နာကျင်ရှာမယ် နေထိပန်းလို နွမ်းလျပျော့ခွေနေတဲ့ ပန်းလေးတွေကို အမေရင်က နှလုံးသွေးနဲ့ ရေ ဆက်ဖြန်း ပေးခဲ့တယ် စိတ်တိုင်းကျ အရွေးခံ လိုက်ရတဲ့ ပန်းပွင့်လေးတွေက မျက်နှာ ခပ်မော်မော်နဲ့ အမေ ရင်ခွင် ကခွာပြီး အအေးခန်းက ကြွေပန်းအိုး လှလှလေး ပေါ်မှာ တင့်တယ်နေတယ် ဒါပေမယ့် ဒီပန်းလေးတွေဟာ အကိုင်း အခက် ဖြတ်တောက် ခံရပြီး ကတည်းက အမေ့ရင်ခွင် မြေပြင်နဲ့ ဝေးကုန်တော့ လူတွေရဲ့ မျက်စိအေးအောင် အပြခံရတဲ့ ပန်းလေးတွေ လူ့အပူလိုင်းမိပြီး မြန်မြန် နွမ်းကုန်တာ အမေ သိမယ်မထင်ဘူး

ဈေးကောင်းရတဲ့ အမေ့ ပန်းဖိုးလေးတွေ ရေတွက်ရတိုင်း အမေ ရင်ချိရှာမယ်မထင်ဘူး ပေါင်းသင်း မြေဆွ ပျိုးခဲ့ရတဲ့ အမေ့ လက်အရေခွံ တွန့်တွန့်တွေကြားထဲက သစ်လွင် နေတဲ့ ငွေစလေး တွေကို အမေကြည့်ရင်း အမေ့ရင်မှာ ဘာရှိတယ်ဆိုတာ ဘယ်သူ သိနိုင်မလဲ အမေ့ခြံထဲက နွမ်းလျော်စ ပြုနေတဲ့ အမေ့ပန်းလေးတွေအတွက်လည်း အမေ ဟာ မလျော့တဲ့ ဇွဲနဲ့ ပန်းဖိုးထဲက ရလာတဲ့ ငွေစလေးတွေနဲ့ မြေသြဇာထည့်ပေးနေဆဲပဲံ အမေ ပန်းတွေ ပျိုးခဲ့တယ် ပြီးတော့ ပန်းတွေ အမေ ဆက်ပျိုးနေဆဲပဲ အမေ့ ပန်းပျိုး လက်တွေ ခိုင်မာနေဆဲပဲ အမေက ပန်းတွေ ပျိုးခဲ့တယ်...အမေလေ ပန်းတွေ ပျိုးနေတုန်းပဲ..

5 Comments:

Anonymous said...

ဆုမွန်ရေ...ငါလည်းလွမ်းပြီ..အိမ်မှာလည်းမီးတွေထွန်းနေကြပြီ.ထင်ပါရဲ့..ငါတို့မှာတော့ လမင်းကိုတောင် လွတ်လွတ်ကျွတ်ကျွတ်မမြင်နိုင်တဲ့တိုင်းပြည်မှာ..နင်လည်းလွမ်းနေတော့...ငါလည်းလွမ်းနေတော့..အားလုံးကလည်းလွမ်းနေတော့..သီတင်းကျွတ်ကို..ငါတို့ဘယ်လိုပေးဆပ်ကြမှာတုန်း..အိမ်ကိုမှန်းပြီး တို့အမေတွေကို ကန်တော့ကြမယ်လေ..နော်..နင်မငိုလောက်ပါဘူးနော်..ငါ..ရင်ဘတ်ထဲမှာပဲမီးထွန်းနေခဲ့တာဆုမွန်ရဲ့..နင့်စာတွေကို ဖတ်ရမှပဲ..ငါဆိုးမှန်းသိတော့တာ..ငါလည်းပြန်ချင်တယ်..နင့်ရဲ့ စာတမ်းကိုဖတ်ပြီး..နင်ဘယ်လိုခံစားနေရမလဲ.ငါကိုယ်ချင်းစာတယ်လို့မပြောရက်ပါဘူး..နင်ကငါ့ထက်ဝေးနေတာလေ..ခရီးမိုင်တွေထက်..အခက်အခဲတွေက..နင့်ကိုပိုဝေးစေတာ..ငါနင့်ကို သနားတယ်..ဒါပဲဟာ..ငါမသိတော့ဘူး..

စာခြောက်ရုပ် said...

ဆုမွန်ရေ...ငါလည်းလွမ်းပြီ..အိမ်မှာလည်းမီးတွေထွန်းနေကြပြီ.ထင်ပါရဲ့..ငါတို့မှာတော့ လမင်းကိုတောင် လွတ်လွတ်ကျွတ်ကျွတ်မမြင်နိုင်တဲ့တိုင်းပြည်မှာ..နင်လည်းလွမ်းနေတော့...ငါလည်းလွမ်းနေတော့..အားလုံးကလည်းလွမ်းနေတော့..သီတင်းကျွတ်ကို..ငါတို့ဘယ်လိုပေးဆပ်ကြမှာတုန်း..အိမ်ကိုမှန်းပြီး တို့အမေတွေကို ကန်တော့ကြမယ်လေ..နော်..နင်မငိုလောက်ပါဘူးနော်..ငါ..ရင်ဘတ်ထဲမှာပဲမီးထွန်းနေခဲ့တာဆုမွန်ရဲ့..နင့်စာတွေကို ဖတ်ရမှပဲ..ငါဆိုးမှန်းသိတော့တာ..ငါလည်းပြန်ချင်တယ်..နင့်ရဲ့ စာတမ်းကိုဖတ်ပြီး..နင်ဘယ်လိုခံစားနေရမလဲ.ငါကိုယ်ချင်းစာတယ်လို့မပြောရက်ပါဘူး..နင်ကငါ့ထက်ဝေးနေတာလေ..ခရီးမိုင်တွေထက်..အခက်အခဲတွေက..နင့်ကိုပိုဝေးစေတာ..ငါနင့်ကို သနားတယ်..ဒါပဲဟာ..ငါမသိတော့ဘူး..

မေငြိမ်း said...

သမီးး ဖတ်ပီး မျက်ရည်ဝဲမိတယ်..။

မိုးမြင့်တိမ် said...

အမ စိတ်ထဲမကောင်းလိုက်တာဗျာ။ ဖတ်ပြီးရင်ထဲမှာ ဆို့တက်လာတယ်။ အမခံစားနေရတဲ့ ခံစားမှုကို ကျွန်တော်နားလည် ကိုယ်ချင်းစာပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုခံစားနေရလို့ပါဘဲ။ ကျွန်တော့် အမေကတော့ သူပျိုးထောင်ခဲ့တဲ့ သားဆိုတဲ့ပန်းလေးတစ်ပွင့်ကို ဘယ်သောအခါမှ ပြန်လည်မြင်ခွင့်မရတော့အောင် စွှန့်လွှတ်လိုက်ရပြီလေ။ ကျွန်တော့်အနေနဲ့ကျတော့လည်း အမေ့မေတ္တာရေနဲ့ အတူတူကြီးပြင်းခဲ့ရတဲ့ အကိုဆိုတဲ့ ပန်းလေးတစ်ပွင့်ကို ဆုံးရှုံးသွားခဲ့ ရပြီလေ။

Anonymous said...

သာဓုပါဗျား အခုလိုသိတတ်တာကိုပဲ ဂုဏ်ယူပါတယ်
နောင်လဲ သိတ်ပါစေနော်