မုန်းဖို့ကောင်းတဲ့ မဆုမွန်


အစ်မ အိမ်လွမ်းသူ က မှတ်မှတ် ရရ တက်ခ်ပါတယ်.ကိုယ့်ကိုကိုယ် မုန်းတဲ့ အချက်များတဲ့...ဘလော့ကာ တစ်ယောက် ရေးထား တာ ကိုယ့်ကို ကိုယ်မုန်းတယ် ပြောပြီး ကိုယ်ရေသွေး ဂုဏ်ဖော်နေကြ တာတွေချည်းပဲ ဆိုတာကို ဖတ်ဖူးလို့ ရေးရမှာ တောင် နည်းနည်း တွန့်မိတယ်။ ကိုယ့်အကြောင်း ကိုယ်ရေးပါတယ်ဆိုမှ ပဲလေနော်.

ကျွန်မမှာ သိပ်ဆိုးတဲ့ အချက် တစ်ချက်ရှိတယ် အဲ့တာ ဘာလဲဆိုတော့ မလုပ်နဲ့ဆိုရင် လုပ်ချင်တာ မပြောနဲ့ဆိုရင် ပြောချင်တာ မရေးနဲ့ဆို ရေးချင်တာ မသွားနဲ့ဆို သွားချင်တာ မကြည့်နဲ့ဆို ကြည့်ချင်တာ တားမြစ် ထားတာ မှန်သမျ အကုန်ချိုးဖောက်ချင်တာ အဲ့တာက ပထမဆုံး မုန်းစရာ အချက် ဖြစ်မယ်ထင်ပါရဲ့ ငယ်ငယ်က အစ်ကိုငယ်က ဆန်အိတ်ကို ဂျင်ကလိနဲ့ ပစ်နေတာ ၀င်ရူပ်လို့ ဖယ်နော် မတင်နဲ့နော် ပြောတာကို ခြေထောက်လေး သွားထိုးခံ လိုက်တာ ထုတ်ချင်းခတ် သွားပါလေရောလား အဲ့လို..မဖြတ်နဲ့နော် ဆိုရင် အရိပ်လေးတော့ ဟိုဘက် ထိုးနေအောင် သွားရပ်တာ အဲ့လိုမျိုး ရူပ်တတ်တာလေ

နောက်တစ်ခုက ကိုယ်နဲ့ မဆိုင်ပေမယ့် နေရာတကာ ပါလေရာ လုပ်ချင်တာ ဥပမာ မတရားတာ မြင်ရင် မျက်စိထဲ အမြင် မတော်တာ မြင်ရင် အနိုင်ကျင့် နေတယ်ထင်ရင် မနေနိုင် မထိုင်နိုင် ၀င်ပြောမိတာ ၀င်ပါမိတာ ခံလိုက်ရသူထက်ကို ပိုပေါက်ကွဲပြီး စိတ်မထိန်းနိုင်ရင် လက်ပါပါမိတာ ၀င်ရန်ဖြစ်ပေးတာ အဲ့လိုတော့ မဖြစ်သင့်ဘူး ဘာညာနဲ့ နောက်ကျတော့ ကိုယ်က စေတနာနဲ့ပေမယ့် သူများအမြင်ကပ်တာ ခံလိုက်ရတာ ကိုယ်က ကူလိုက်တာဖြစ်ပေမယ့် ကျေးဇူးတင်မခံရပဲ ကိုယ့်ကိုတောင် ပြန်အပြစ်တင်သွားကြတာ သင်ခန်းစာတွေမှ တစ်ပုံကြီး ရခဲ့ပြီးသား ဒါပေမယ့် ၀င်ပါမိနေတုန်းပဲ ၀ါသနာကိုဖြစ်နေပြီ ဟိုတစ်ခါလည်း ပွဲတစ်ခုမှာစင်ပေါ်ကနေ မိန်မိန်ကြီးထိုင်ပြီး မြန်မာ လူငယ်တွေကို နှိမ်တဲ့ပုံစံနဲ့ ပြောလာလို့ ဘယ်လိုမှ ဆက် သည်းမခံနိုင်တော့လို့ အသံဖမ်းစက် ခနချထားပြီး ခပ်တည်တည်နဲ့ မိုက်ကိုင်ပြီး အပြန်အလှန် တစ်ချက်ချင်း ငြင်းချက် ထုတ်ပေးလိုက်တာ လောလောဆယ်တော့ ငြိမ်သွားတယ် နောက်ကွယ်မှ ပြန်ဆော်ခံရမလားတော့ မသိဘူး

နောက် ကျွန်မစိတ်ထဲမှာ အလွန်အမင်း အားနာတတ်တာ တစ်ခုခုကို ကိုယ်ကို အကူအညီတောင်းရင် အတတ်နိုင်ဆုံး ကိုယ်ဖိရင်ဖိ အပင်ပမ်းခံပြီး လိုက်လုပ်ပေးတတ်တယ် အသိအမှတ်အပြုမခံရတာ များပါတယ် နောက် ကိုယ်မလုပ်ပေးနိုင်ပေမယ့်လည်း ငြင်းပယ် လိုက်ရမှာ သိပ်အားနာတတ်တာ တွေကြောင့် ခနခန ဒုက္ခရောက်ရတာ ကျဉ်းထဲကျပ်ထဲဖြစ်ရတာ အားနာလို့ သူများအတွက် လိုက်လုပ်ပေးရင်း ကိုယ့်အလုပ်တွေ ပျက်ရတာ အခုထက်ထိဖြစ်တုန်းပဲ

နောက် ကျွန်မ ဒေါသ အရမ်းဖြစ်လွယ်တယ် ကိုယ့်ကို ကြည့်လိုက်တဲ့ အကြည့်တစ်ချက်နဲ့တင် ဘာလဲ ဘာကြည့်တာလဲ ဘာသဘောလဲ ဆိုပြီး မျက်မှောင်ကြုတ် မေးခွန်းထုတ်ပြီး စိန်ခေါ်တတ်တာ ထိုင်းမှာဆို ပိုတောင်ဆိုးသေးတယ် ထိုင်းတွေက အမြဲ မြန်မာလို့ပြောလိုက်တာနဲ့ မျက်နှာပြောင်းတတ်လွန်းလို့ ခနခန ရန်ဖြစ်ရတာအမောပဲ စိတ်ထဲမှာ ကိုယ့်ကို ကိုယ့်အမျိုးကို ကိုယ့်တိုင်းပြည်ကို ကိုယ်ယဉ်ကျေးမူကို ကိုယ့်ဘာသာကို နှိမ်တယ်ထင်ရင် မညှာမတာ ပြန်ပြောတတ်လွန်းလို့ အခုဆို ပါးစပ်ကို ဘရိတ်တပ်ထားရတယ် နောက်စကားတစ်ခွန်းပြောလိုက်ရင် ဘာသဘောနဲ့ပြောတာလဲ ရန်ရှာတာလား ရိတာလား နှိပ်ကွပ်တာလား ဆော်ချင်တာလားဆိုတဲ့ မေးခွန်းက ချက်ခြင်းတက်လာတာ ပြီးတာနဲ့ စိတ်ထဲမထားဘူး ချက်ခြင်းပြန်မေးလိုက်တာ အဲ့တာလဲ သိပ်မကောင်းဘူးထင်တာပဲ ဒါပေမယ့် ကျောလေးကို သပ်ပြီး ငါးခူပြုံးပြုံးတတ်တဲ့ လူတွေထက်စာရင်တော့ ကိုယ့်ကိုကိုယ် သူများအပေါ် မယုတ်မာဘူးလို့ ထင်တာပဲ ကျွန်မ စိတ်ဆိုးပေမယ့်လည်း သူတို့က အသံကို နားထောင်ပြီး စိတ်ဆိုးတယ် မထင်တဲ့လူကတော့ ရှိသေးတယ် အဲ့လို သြဇာနဲ့လဲ ပြည့်စုံသေးတယ် ဟဲ

အဲ့တာလဲ မုန်းစရာကောင်းတဲ့အချက်ထဲပါတယ်ထင်တယ် ကိုယ်ပဲ အကောင်း ကိုယ်သာ သူတော်ကောင်း ထင်မိတာတွေ များတယ် ငါ့လုပ်ပေးရက်နဲ့ ငါကမှန်ရက်နဲ့ ငါ့ကို သူက ဒီလို ငါကတော့ဖြင့် ငါ့မှာ ငါ့ကို ငါငါငါ စသဖြင့် ကိုယ်ကိုကိုယ် အကောင်းမြင်တတ်တာ ကိုယ့်ကိုယ် အလွန်အမင်း သနားတတ်တာ ငါသာလျင် အနစ်နာခံရတယ် ငါ့ကိုတော့ဖြင့် ဘယ်လို ဘယ်ချမ်းသာ စသဖြင့် အဲ့လို အကျင့်လေးကလဲ ရှိတယ်

နောက်တစ်ခုက လုပ်ချင်စိတ်ရှိရင် အရိုးကြေကြေ အရေခမ်းခမ်း လုပ်တတ်ပြီး မလုပ်ချင်ဘူးဆိုရင်တော့ သေအောင်ပြော နားပိတ်ပြီး ထိုင်နေတာ မလုပ်ချင်တော့ဘူးဆိုရင် သေနတ်နဲ့ချိန်ပြီး နင်မလုပ်ရင် သတ်ပစ်မယ်လို့ ပြောလာရင်တောင် သတ်ဟယ် သတ် မလုပ်ရေးချ မလုပ်လို့ ခပ်တင်းတင်းပဲ ပြန်ပြောပြစ်မိမှာ အယ်ဒီတာနဲ့ဆို ခနခန ဖြစ်လေ့ရှိတာပေါ့ မလုပ်ချင်တော့ဘူး ဆိုလို့ကတော့ အလုပ်ပြုတ်နိုင်ခြေ ရှိတာတောင် ငုတ်တုတ် ထိုင်နေလိုက်တယ် အဲ့လိုမျိုး စိတ်ကလဲ ကြီးသေးတယ်. မကောင်းတတ် ခေါင်းမာစိတ်ပါ စိတ်ဆိုးပြီး ဆိုရင် ရေတောင် ထမသောက်တော့ပဲ ပေတေနေတာ လမ်းပေါ်မှာ စိတ်ဆိုးရင်လည်း လမ်းပေါ်မှာတင် ငုတ်တုတ်ထိုင်နေလိုက်တာ ပြီးရင် ဒေါသဖြစ်လာရင် သူများ မလုပ်ရရင် ကိုယ့်လက်ကိုယ်ကိုက်တာ (ငယ်ငယ်ကပါ)

နောက်တစ်ခုက ကိုယ်က ချစ်ပြီ ကိုယ်က ယုံပြီ ကိုယ်က တကယ်ပဲ စိတ်ထဲမှာ ထည့်ထားလိုက်တဲ့ လူဆိုရင် သူများတွေ ဘယ်လောက်ပဲ မကောင်းပြောပြော သူ့ဘက်က ရပ်တည်ပေးတာ သူ့နဲ့ပတ်သတ်ပြီး စိတ်ထဲမှာ ဘာမှ မထားတာ ထင်ယောင် ထင်မှားလေးတောင် မတွေးတာ အဲ့လိုသူငယ်ချင်း မိတ်ဆွေမျိုးတွေကို ကြားက ဘယ်လိုသွေးခွဲခွဲ မားမားမတ်မတ်ရပ်တည်ပေးတာ အဲ့တာမျိုးစိတ်ရှိသလို ကိုယ့်စိတ်ထဲမှာ ဒီလူတစ်ယောက်ကို စိတ်အချဉ်ပေါက်ပြီ ကြည့်မရတော့ဘူးဆိုရင် သူဘာကောင်ကြီးပဲဖြစ်နေဖြစ်နေ လုံးဝကို လှည့်မကြည့်တာ မဆက်ဆံတာ အပေါင်းအသင်းမလုပ်တာ မျက်နှာကို မကြည့်တော့တာ စိတ်ထဲကကို ရှိတဲ့လို့ကို မသတ်မှတ်တာ အဲ့တာမျိုးလဲ ရှိတယ်။

နောက် အဆိုးဆုံးအချက်က ခြေကန်ငြင်းတတ်တာ ကျွန်မစိတ်ထဲ မှန်တယ်လို့ထင်ရင် မဆုတ်မနစ် ဇွဲနပဲကြီးစွာနဲ့ အငြင်းသန်တာ မနားတမ်းငြင်းတာ အသေငြင်းတာ မရရမက ငြင်းတာ ငယ်ငယ်ကတည်းက ကစားကြရင် ကျွန်မကို သူတို့ဘက်ကို ခေါ်ချင်သူတွေများတယ် အငြင်းသန်လွန်းလို့လေ ခုန်ခုန်ပြီး အာဗြဲကြီးနဲ့ငြင်းတာ အာသီးတောင် မြင်ရတယ်ဆိုပဲ ငယ်ငယ်က

နောက်ဆုံးတစ်ချက်ကတော့ အသက်သုံးဆယ်မှာ ဟန်ဆောင်တတ်လာတာပါပဲ အဲ့လို မကောင်းတဲ့စိတ်တွေ တယူသန်စိတ်တွေ အခုထက်ထိရှိနေပေမယ့် များနေပေမယ့် လည်း လူမူပတ်ဝန်းကျင်ဆိုတာ ရှိလာတော့ စိတ်ကောင်းလေး မွေးပြီး စိတ်ပြောင်းပြန် နေတတ်လာခဲ့တယ် အခုအသက်က ထောက်လာပြီဆိုတော့ ငယ်ငယ်ကလို စိတ်မျိုးမထားနိုင်တော့ပဲ လူမူပတ်ဝန်းကျင်မှာ စိတ်ထဲကမပါပေမယ့် မချိသွားဖြဲ ရယ်ကျဲကျဲနဲ့ ကျောသပ်ခေါင်းသပ် နဲ့ အစွယ်ဖြဲပြသူတွေကို .စိတ်ထဲက သေလုအောင် မုန်းနေပေမယ့် လည်း ချစ်ချင် ဟန်ဆောင်ပြတတ်လာတာပါပဲ.

အမုန်းဆုံးအချက်ကတော့ ကိုယ့်ကို ဟန်ဆောင် ဆက်ဆံနေတာကို သိပေမယ့် ကိုယ်ကလဲ ပြန်ဟန်ဆောင် ပေးလိုက် တာပါပဲ ဆုမွန်လေး ကလေ တော်တယ် အရမ်းလဲ လိမ်မာတယ် အလုပ်လဲကြိုးစားတယ် ဘာညာ သရကာနဲ့ ချီးမွမ်းချင် ဟန်ဆောင် သူတွေကို ကိုယ်က ပြုံးပြုံးလေးနေပြီး အဟင်းဟင်း နဲ့ ဖြစ်ညှစ်ပြီး ရယ် နေပေမယ့် စိတ်ထဲမှာတော့ ဟွန်း ငါ့ကို ကွယ်ရာမှာ ရစရာ မရှိအောင် အတင်း ပြောထားတာ မသိတာကြနေတာပဲ လို့ အကြား အမြင်ပေါက်နေတာလေးတွေကို ဖုန်းဖိထားပြီး အခု မဆုမွန်လဲ အရမ်း ဟန်ဆောင် တတ်လာပါတယ်ရှင့် စိတ်ထဲက ရွံရှာဖွယ်လိလိ ဖြစ်နေတဲ့သူ တွေကိုလည်း လက်ခံစကားပြော လေးစားချင် ဟန်ဆောင် တတ်လာတာပါပဲ ဒါတွေအားလုံးဟာ ဆုမွန်မှာ ရှိတဲ့ အင်မတန်ကို မုန်းစရာ အချက်တွေပါပဲရှင် ဟီး အစ်မအိမ်လွမ်းသူရေ အတွင်းရေးတွေ ဂုဏ်ဖော်ရေးလိုက်ပြီ ဟဲဟဲ

2 Comments:

အိမ်လွမ်းသူ said...

ညီိမရေးရင်ဖတ်လို့ကောင်းမယ်ဆိုတာသိတယ်..။ ဖတ်လို့လဲကောင်းသလို ညီမရဲ့ မကောင်းတဲ့အချက်တော်တော်များများက အမမှာလဲရှိနေတယ်.. ။ အမတို့အလုပ်မှာဆိုအမြဲတမ်း လူတွေကို ချိုချိုလေးပြောပြီးခိုင်းတတ်တော့ သူတို့ချီးမွမ်းရင် မရယ်ပြမိဘဲ မဲ့ပြုံးသာပြုံးမိနေတယ်ညီမရေ.. စိတ်ထဲမှာကတော့ ဒါလေးလုပ်တာကိုများ ဟန်ဆောင်ချီးမွမ်းနေတာဆိုပြီး အကောင်းမမြင်ဘူးဖြစ်နေတယ်..။ ကိုယ်နဲ့မဆိုင်တာဆို ကြားသုံးကြားတော့ရှောင်ပါညီမရေ..။ အခုလို ကိုယ်ဂုဏ်လေးကိုယ်ဖော်ပေးတဲ့အတွက် ကျေးဇူးပဲ။ ဒီပို့စ်လေးဖတ်ပြီး စိတ်ကြီးတဲ့ အင်္ဂါသမီးကို ပိုတောင်ခင်သွားပါတယ်..။ အမလည်း ညီမမေးထားတဲ့ အင်္ဂါသမီးမဆုမွန်နဲ့အတူ နေဂိုဏ်း၊ လဂိုဏ်း ပုဂ္ဂိုလ်တွေစားဖို့သင့်တော်တာတွေကို ရေးနေပါပြီ..။

Anonymous said...

စိတ်ခြင်းတူပါ့ဗျာ။ဟီး မှတ်သားသွားတယ်ဗျို့