ကျွန်မနေတဲ့ ကွန်ဒိုတိုက်ခန်းလေးက စုစုပေါင်း၈ထပ်ရှိပါတယ်။
အပေါ်အောက် အတက်အဆင်းကို ဓာတ်လှေကားနဲ့ အသုံးပြုကြပါတယ်။ ကျွန်မနေတာ နှစ်ထပ်မှာဆိုပေမယ့် အမြဲတမ်း ဓာတ်လှေကားနဲ့ပဲ တက်လေ့ ဆင်းလေ့ရှိပါတယ်။ ဓာတ်လှေကားကို တစ်ယောက်တည်း သုံးရင်တော့ နံပတ် ၂ကို နှိပ်တာ ကိစ္စမရှိပေမယ့် လူအများနဲ့ စုတက်ရလို့ နံပတ် ၂ကို နှိပ်ရင် အပျင်းကြီးရန်ကောဆိုတဲ့ အထာတွေနဲ့ ထိုင်းတွေက မကြည်သလို ကြည့်တတ်ကြပါတယ်။
တစ်ခါတစ်ရံ အပြင်ထွက်ပြီး အမိုက်ခန်းထဲကို အမိုက်ထွက်သွန်တတ်တာကလွဲရင် အပြင်ကို သိပ်ထွက်လေ့ ထွက်လှ မရှိလှပါဘူး။ တစ်ခါတစ်ရံ ကိုယ့်အမိုက်ထုတ် ထွက်သွန်ရင်း အပေါက်ကနေ ကိုယ် ပစ်ချလိုက်တဲ့ ဗုံးဆိုတဲ့ အသံကြားရင် ငါပါရောပြုတ်ကျသွားရင်ဆိုတဲ့ အသိနဲ့ ကြောက်စိတ်ဝင်ပါသေးတယ်။ ဒါကြောင့် အမိုက်ထုတ် လေးတွေကို စုစုထားပြီး ပုံလာမှ ထွက်သွန်ပါတယ်။
ကြွက်သိုက်လို အခန်းကျဉ်းလေးထဲမှာ မနက်မိုးလင်းတာနဲ့ နေက မျက်နှာပေါ် တိုက်ရိုက်ထိုးလာတာနဲ့ အိပ်ယာပေါ်က လှိမ့်လိုက်တာနဲ့ မျက်နှာ မသစ် သွားမတိုက်သေးပဲ ကွန်ပျူတာခုံရှေ့ကို ငုတ်တုပ်လေး ရောက်သွားပြီး လေးဘက်လေးထောက် အိပ်မူံစုံဝါးနဲ့ အင်တာနက်ခလုတ်ဖွင့်ပါတယ်။ အင်တာနက်မှာ ဘလော့ကို ပထမဦးစားပေး ဖွင့်ပါတယ်။ နောက် ဂျီတော့ချက်ကို တန်းဖွင့်ပြီး တွေ့တဲ့လူ နူတ်ဆက်ပါတယ်။ နောက် ရေနွေးအိုးတည် ပြီး ရေချိုးခန်းဝင်ပါတယ်။ နောက် ကော်ဖီခါးခါးတစ်ခွက်ကို မတ်ခွက်ကြီးနဲ့ဖျော်ပြီး မုန့်ထုတ်တွေ တန်းစီချထားပြီး လုပ်ငန်းစ ပါတော့တယ်။ ချက်နှစ်ခု သုံးခုဖွင့်ပြိး လက်မလည်အောင် ချက်ပါတော့တယ်။ ဘလော့တွေ လိုက်လည် ရန်ဖြစ် နုတ်ဆက် ကော်မန့်ရေး ဆီဗုံးဖြည့် သတင်းတွေလိုက်ဖတ် စသဖြင့် လိုက်ရူပ်နေလိုက်တာမှ ကော်ဖီသောက်လိုက် မုန့်စားလိုက်နဲ့ လက်လှမ်းပြိး ငုံ့အသောက် တစ်စက်မှ မကျန်တော့တာ သိပြီး ကော်ဖီကုန် မုန့်ကုန်တော့မှ ခါးညောင်းလို့ ဆန့်လိုက်ပြီး နာရီကြည့် လိုက်တော့ မွန်းတိမ်းနေပါပြီ။
အသာလေးထပြီးတော့မှ..ရေချိုးခန်းဝင် ရေမိုးချိုး သနပ်ခါးလူး ပေါင်ဒါရိုက် ခေါင်းဖြီး အုန်းဆီလိမ်း အလှပြင်ပြီးတော့ ဗိုက်ထဲ ဆာသလိုလို ရှိလာတော့ ရေနွေးထပ်ကြိုပါတယ်။ ခေါက်ဆွဲခြောက်ထုတ် နှစ်ထုတ်ကို ကြက်ဥနဲ့ ရှိတဲ့ အရွက်စိမ်းလေးတွေ ထည့်ပြုတ် ပြီး သကြားထည့် ငရုတ်သီးစိမ်းမူန့်ထည့် အ၀သောက် နောက် ဟိုင်းတီးမစ်ကို နိ့ဆီပျစ်ပျစ်လေးနဲ့ ဖျော် တစ်ခွက်ကြီး ကျကျဆိမ့်ဆိမ့်လေး ဖျော်ပြီး တစ်စိမ့်စိမ့် ထိုင်သောက်ပါတော့တယ်။
နောက် သတင်းအစရှာ ဟိုဆက် ဒီဆက် ဒီစပ်စု ဟိုစပ်စု လုပ် တကုတ်ကုတ် တဖြောက်ဖြောက်စာတွေရိုက် အသံဖိုင်တွေဖွင့် တကျီကျီ တဂွီဂွီ တဂွမ်ဂွမ် လုပ်ပြီး အားလုံးကို ခုတ်ဖြတ်တောက်ပြီး.ရလာတဲ့ packageလေးကို ကမ္ဘာတစ်ခြမ်းက အယ်ဒီ့တာထံ ပေးပို့လိုက်ပါတော့တယ်။
စောင့်ဆိုင်းနေရတဲ့ ကာလတွေမှာတော့ ဟိုလိုက်ကြည့် ဒီလိုက်ကြည့် အမြင်မတော်တာတွေ့ရင် ၀င်ပြော ရန်စ ကွိုင်ရှာ ဆရာလုပ် စသဖြင့် အရူပ်တွေ လုပ်ပြီးနောက်မှာတော့ အယ်ဒီ့တာထံက ပြန်စာလေး လာချိန်မှာ စက်ဖွင့် မိုက်ကိုင် အော်ဟစ်ပါတော့တယ်။ ဟိုတည်း ဒီဖြတ် ဟိုညှပ် ဒီကပ် လုပ်ပြီးချိန်မှာ ညနေရိုးအမှီ အားလုံး အချောသပ်ပြီး ပို့လိုက်တော့ ဇက်က တော်တော်ညောင်း ခါးက တော်တော်ကိုက်နေပါပြီ။
ရေမိုး တစ်ခါပြန်ချိုး အလှပြင် အကျီအ၀တ်စားလဲပြီး လမ်းသလား ထွက်ပါတော့တယ်။ ဘန်ကောက်မှာ လမ်းထိပ်ထွက်ရင် ကျွန်မ သိပ်မုန်းတာ ဆိုင်ကယ်တက်စီတွေပါ ၀ှီးကနဲ ဝေါကနဲ ဖြတ်သွား ပွတ်သွားတာများ ကြောက်စရာ လန့်စရာပါ။ လမ်းဖြတ်ကူးရင်လဲ မျက်စိကျီးကန်း တောင်းမှောက်နဲ့ အပြေးအလွှားသွားရ ရှောင်ရ တိမ်းရပါတယ်။
လမ်းထိပ်က ရှော့ပင်းမောကြိးထဲမှာ ၀င်းဒိုးရှော့ပင်းထွက်ပြီး ခြေထောက်အညောင်းဖြေရင်း ယပလက်မ သေးသေးလေးတွေရဲ့ အထက်ချမ်း အောက်ပူ ပေါင်တိုစတိုင်လ်လေးတွေ ကို မျက်စိအရသာခံ ယပလက် ဖြတ်ဖောက် ချူပ်လေးတွေကို မုဒိတာပွား လေဒီဘွိုင်းလေးတွေရဲ့ ခပ်ဟော့ဟော့ စတိုင်လ်ကို မျက်မှောင်ကုတ်ကြည့်ပြီး မျက်စိအညောင်းဖြေ အ၀တ်တွေ ကို ဟိုထိုး ဒီဆွလုပ်ပြီး အိတ်တွေကို ဟိုဖြုတ် ဒီတပ်နဲ့ လက်အညောင်းဖြေ စသဖြင့် လေ့ကျင့်ခန်းပေါင်းစုံကို တစ်ပြိုင်တည်း လုပ်ဖြစ်ပါတယ်။
နောက် ဂုန်းကျော်တံတားလေးကို ဖြတ်ပြီး မြို့လည်ခေါင်မှာ ရှားရှားပါးပါး သစ်ပင်အုပ်အုပ်လေးတွေ နဲ့  အလှဆင်ထားတဲ့ ပန်းခြံတောအုပ်လေးထဲ ၀င်ပြီး အသက်ရူပါတယ်။
ပန်းခြံထဲက လေ့ကျင့်ခန်းလုပ်နေတဲ့ သူတွေကို ငေးကြည့်နေရင်းက မကောင်းတာနဲ့ စက်ဝိုင်းကျဉ်းကျဉ်းလေးကို တစ်ပတ် နှစ်ပတ် သုံးလေးပတ် ခုန်ဆွ ခုန်ဆွ ပြေးရင်း..ခြေထောက်ညောင်းလာတာတော့ ခုံပေါ် ထိုင် ခြင်ကိုက် ဖြုတ်ကိုက် ဖြစ်လာတော့ ပြန်ဖို့ပြင် လေ့ကျင့်ခန်းလုပ်ထားတော့ ခြေလက်တွေ မသယ်ချင်တာနဲ့ စက်လှေကားကနေ ဂုံးကျော်တံတားကို ဖြတ် လူလုံးကြီးတွေကြား ဖြတ်ရင်း အိမ်ပြန်လာပါတော့တယ်။
လမ်းမှာတွေ့သမျ မြန်မာစကားပြောတဲ့ ပလာတာကုလားလေးဆီက နို့ဆီဆမ်းတဲ့ ကြက်ဥပလာတာ နှစ်ချပ်(မနက်စာအပါ)။ တစ်နေကုန် ရေနွေးကြမ်းအိုးလေးတစ်လုံးနဲ့ မုန့်ရောင်းနေတဲ့ ဆိုင်က မုန့်လင်မယား သေးသေးလေးတွေ တစ်ဗူး။ မျက်နှာမာမာနဲ့ ထိုင်းမကြီးဆိုင်က ကောက်ညှင်းငချိပ်ကို အုန်းနို့ပေါင်းတစ်ထုတ်။ ဟိုဟာ စားပါလား ဒီဟာစားပါလားလို့ အတင်းထိုးရောင်းတတ်တဲ့ ပိုးကောင်ကင်ဆိုင်က ပိုးလောက်ဆားဖြူးနဲ့ ခါချဉ်ကောင် စပါးလင်ဖြူး တစ်ထုတ်။ အသံလေး ညောင်နာ ညောင်နာနဲ့ လက်က စက်လို ကြော်ရောင်းနေတဲ့ အသားလုံးကင်ကို ညစာအတွက် ၀ယ် ။ ထိုင်းစကားမပြောတတ်ပါဘူးဆိုမှ အတင်းလိုက်လိုက် စပ်စုတဲ့ ထိုင်းမကြီးဆီက ယိုးဒယား သင်္ဘောသီး ထောင်း စပ်ချက်လက်ကုန် တစ်ထုတ် ကောက်ညှင်း တစ်ထုတ်။ ကြက်တောင်ပံကင်။ ။ ပုဇွန်နဲ့တုန့်ယန်ကွမ်းပါ ဆိုနေမှ တုန့်ယင်ဂွမ်းဖြစ်လို့ တုန့်ယမ် ဖားပေါင်စင်းဟင်း ရောင်းလိုက်တဲ့ ဆိုင်က တုံယမ်ဟင်းတစ်ခွက်။ အမြဲအိပ်ငိုက်နေတဲ့ အဘွားဆီက လိမ္မော်သီးပိစိလေးတွေ တစ်ကီလို။ လက်တိုပြီး အသံကျယ်တဲ့ ထိုင်းမဆီက ရေငံသီးကီလိုဝက်။ ဖရဲသီးတစ်ခြမ်း။ နာနတ်သီး တစ်စိတ်စသဖြင့် မြင်မြင်ကရာ စားချင်တာ အပေါင်းအသင်းတွေဖြစ်နေတဲ့ ဈေးသည်တွေဆီက အကုန်ဝယ်ပြီး အိမ်ကို ဒယီးဒယိုင်ပြန်လာပါတော့တယ်။
ထုံးစံအတိုင်း ဒုတိယထပ်ကို ဓာတ်လှေကားနဲ့တက် အထုတ်အပိုးတွေ ဆွဲလာတာ လက်ချောင်းလေးတွေတောင် သွေးပြတ်မလိုပဲ နာလိုက်တာ ပြောမနေနဲ့ မောတာနဲ့ အခန်းထဲရောက် ရေခဲရေသောက် အထုတ်တွေ ရေခဲသေတ္တာထဲထည့်။ နောက် ခနမှောက်။ နောက် အင်တာနက်ဖွင့်။ မုန့်ထုတ်တွေသယ်။ အအေးဗူးဖောက်။ သောက်လိုက် စားလိုက် ချက်လိုက် ပွားလိုက် နဲ့ ပို့စ်လေးကို ပျင်းပျင်းနဲ့ တင်မယ်ဆိုပြီး ရောက်တက်ရာရာ တစ်နေ့တာ ဘာညာကွိကွ အကြောင်းတွေ ရေးကောင်းကောင်းနဲ့ လျောက်ရေးလိုက်တာ
ဟော သတိရချိန်မှာတော့ အခုပဲ ည၁၂နာရီထိုးတော့မယ်။
ကဲ မဆုမွန်လေး ပင်ပမ်းလာလို့ အိပ်ယာထက်ပေါ် စက်တော် ခေါ် ပါတော့မယ်ကွယ် ..ဒီနေ့အဖို့တော့ ဒီလောက်ပါပဲ..ဂွဲ
ဘာရယ်မဟုတ်တဲ့ တစ်နေ့တာ အရူပ်များ
Posted by မဆုမွန် at Saturday, February 07, 2009
Labels: ရင်ဖွင့်စာ
15 Comments:
အမပြောတဲ့ပလာတာရောင်းတဲ့ကုလားလေးကကျွန်တ်ာတို့နားလဲလာတယ်..အမနေတဲ့နေရာနဲ့ကျွန်တော်နေတဲ့နေရာနီးမယ်ထင်တာ်..
ဟီး..ကျွန်တော်လဲဘန်ကောက်မှာ..ရာနကာလမ်းမှာ..
စာထောင်းမြို့နယ်လား..စာတွန်မြို့နယ်လားတော့
မသိဘူး.
မ၈ျီးဟီး..ပလာတာကုလားလေးကကျွန်တော်တို့နေတဲ့
နေရာလဲလာရောင်းတယ်..ဟီးပန်းခြံနဲ့လဲနီးတယ်..
မဂျီးကဘယ်နားနေလဲ....
ဒေါင်းမင်းရေ့...
အနုစာဝါးလီ အနားမှာလေ...
ရမ်းသမ်းမှန်းပြောကြည့်တာ...
မဆုမွန်-
ငါ့တူမရေ ယပက်လက်စကားလည်း ထမင်းစားရေသောက်လောက်တော့ ပြောတတ်အောင် လုပ်ထားလေ... ပြောချင်ချင် မပြောချင်ချင် နေ့စဉ်အတွက်ကတော့ လိုအပ်တာပဲ...
လိုအပ်ချက် တခုကို အားထုတ်တဲ့ အနေနဲ့ လုပ်ပေါ့ကွယ်...
ပေးစရာက သြ၀ါဒပဲရှိလို့...
ရှိတဲ့ သြ၀ါဒပဲ ပေးသွားပါသည်...း)
အစစ အရာရာ အဆင်ပြေပါစေ... ဟေ့...
မနက်ပိုင်း ရယ်ဒီမိတ်တွေ သိပ်မစားနဲ့ဗျို့.. ၀ယ်ထားတဲ့ သစ်သီးတွေစားရင်စား၊ ဒါမှမဟုတ် ထမင်းစားလေ.. လိုက်ဖတ်ကြည့်တာ အစားအစာတွေက ပိုးကောင်တွေရော၊ ခါချဉ်တွေရော.. အဟီး.. ကိုင်တောင်ကိုင်ရဲဘူး :D အဲ့လောက်သတ္တိကောင်းတာရယ် ..
အေးအေးချမ်းချမ်းနဲ့ တစ်ယောက်တည်းနေရတာ ကောင်းလည်းကောင်းတယ် မကောင်းလည်းမကောင်းဘူး။း)
(၁) ကိုယ့်ညီမကို တစ်ခါမှ မမဲန့်ဘူးတာနဲ့ ၀င်လာမိပါတယ်။ ကိုဒေါင်းက ဆွေမျိုးလိုက်စပ်နေတာ အရင်တွေ့ရတာကိုး။
(၂) ထိုင်းစကားမတတ်ပါဘူး..ဆိုမှ ဆိုတဲ့ စာလေးဖတ်ရတော့ ဂျေစကူးလ်မှာတုန်းက နှစ်ယောက်သား အင်တာဗျူးထွက်ခဲ့ကြတာ သတိရမိတယ်။ တုတ်တုတ်ဒရိုင်ဗာကို တတ်တဲ့တစ်လုံးတည်းနဲ့ “အနိထောက်လိုင်”သွားလုပ်တာလေ။ ဟိုက ထိုင်းလိုပြန်ဖြေတော့ တစ်လုံးမှ နားမလည်လို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး လဂွမ်းအိမ်ကိုတ..နောက်တော့ ဘိုလိုမေး..ဒရိုင်ဗာကလည်း ဂဏန်းလောက်ပဲ ဘိုလိုတတ်..ကိုယ်တွေက ထိုင်းလိုရော ဘိုလိုပါ ဈေးမဆစ်တတ်တော့ ဘော်ဒီလန်းဂွတ်ခ်ျတွေ ပါလာ.. ရှစ်ဆယ်ကို ခြောက်ဆယ်လားမသိ ဒေါ်ဆုမွန်က ဆစ်တော့ သူက သူ့လက်ကို မထောင်ချင့်ထောင်ချင် ခုနစ်ချောင်း ထောင်ပြ၊ သူ့လက်ကလေးတွေက ပိုးကိုက်စားလို့ ခပ်တိုတို...
ကိုဒေါင်းမင်းရဲ့ ဆွေမျိုးစပ်တဲ့မဲန့်တွေကို အပြုံးတ၀က်နဲ့လေ့လာပြိးသကာလ...
ဒေါ်ဆုမွန်-ရေးထားတဲ့ ထိုင်းစကားလည်းမတတ်ကြောင်းဖတ်ရတော့ ဂျေစကူးလ်မှာ နှစ်ယောက် အင်တာဗျူးထွက်ကြချိန်ကို သတိရမိတယ်။ စကားလည်းမတတ်ဘဲနဲ့ တုတ်တုတ်ဒရိုင်ဗာကို “အနိထောက်လိုင်” သွားလုပ်တဲ့ကလေးမ။ ဟိုက ပြန်ပြောတော့ မျက်လုံးအပြူးသားနဲ့ ကိုယ့်ကိုလာကြည့် ကိုယ်က သူ့လိုတောင် မထောက်လိုင်တတ်တဲ့သူ...ဆိုတော့ စကားတတ်တဲ့ လဂွမ်းအိမ်ကိုတ,ရင်း ဘိုလိုမေး။ ဈေးဆစ်တဲ့အခါကျ ဘော်ဒီလန်းဂွစ်ခ်ျတွေပါလာ..ရှစ်ဆယ်ကို ခြောက်ဆယ်ဆစ်တော့ သူက လက်ခုနစ်ချောင်းကို မထောင်ချင်ထောင်ချင်ထောင်ပြရှာတယ်။ သူ့လက်ချောင်းငုတ်တိုလေးတွေ ကြည့်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်...
အင်း...ပြန်ပြောရင် လွမ်းလွမ်းနေသေးတယ်..သံယောဇဉ်နွမ်းနွမ်းကလေးတွေ....
တနေ့တာအရှုပ်တွေက ဒီလိုပါပဲ။ အချိန်ကုန်သွားလို့ ကြည့်လိုက်တော့ အခုပဲ ဒီနေ့လည်း ည ၁၁ ကျော်ပြီ။
ဟားဟား နာ့ညီမလေးရေ ဒီပို့စ်ကိုဖတ်ရင်း မျက်စိထဲ ကွင်းကွင်းကွက်ကွက်ကိုမြင်ယောင်လာရောပဲ။ ချင်းမိုင်ရောက်မှ အသက်ဝဝ ရှူဟာ.. ကိုင်း ဒီပို့စ်ကို ဖိုက်စတား ပေးလိုက်ပြီ တိန်
အတော်ပင်ပန်းသွားပြီ :D
ဖြစ်နိုင်တာက မဆုမွန် ဘန့်ကပိမောလ်၊ ရမ်ကန်ဟမ်နားမှာ ဖြစ်နိုင်တယ်၊ ထားပါတော့.....တခါက ကြာပါပြီ ... ဘန်ကောက်မှာပေါ့ ပလာတာ ရောင်းတဲ့ ကုလားလေးဆီက သူငယ်ချင်းနဲ့ ကြက်ဥပလာတာ ဝယ်ရင်း သူက အင်္ဂလိပ်လို မေးတယ် ဘယ်နိုင်ငံက လာတာလဲလို့? ကုလားလေးက အိန္ဒိယကလာတာတဲ့? ဗြန်းဆို ဒူကဘာ လဲ သူ့လက်က Tattoo သွားတွေ့တော့ ကုလားလေးကို ဗမာလိုပြောလိုက်တယ် "နောက်ဆို အိန္ဒိယက မလာနဲ့... ဝေးတယ်" "ငါတို့ဆို ဗမာပြည်က လာတာနီးနီးလေး လို့" ပြောလိုက်တယ် ... (ကုလားလေးရဲ့ လက်ဖမိုးပေါ် ထိုးထားတဲ့ Tattoo က "သတ္တိ"...တဲ့)
ညီမဝယ်တဲ့ဟာတွေအားလုံး စားချင်တယ်...။ အမအတွက်ပါပိုစားပေးနော်.....။ အစစအဆင်ပြေပါစေ ညီိမလေးရေ...
အစ်မရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေ လိုက်ကြည့်မိ ပါတယ်။ ကျွန်တော်တော့ ကွန်ပျူတာရှေ့မှာ မလှုပ်မယှက်ပါပဲ အစ်မရေ။
မဆုမွန်ရေ
တစ်နေ့ တာလှုပ်ရှားမှုလေးကိုလည်း
ပို့ စ်တစ်ခုဖြစ်အောင်ဖန်တီးနိုင်တယ်နော်
ပညာယူသွားတယ် မဆုမွန်ရေ
နာ့ချစ်မကြီး သိပ်သိပ်ပင်ပန်းသွားမှာပဲနော် မီးကိုလဲခေါ်ဘူး အဟင့်
နာ့အမသိပ်ပင်ပန်းသွားမှာပဲနော် မီးလဲစားချင်တာပေါ့ ခေါ်လဲခေါ်ဝူး အဟင့်
Post a Comment