ပြည်ထောင်စု

မြန်မာနိုင်ငံဆိုတာ..ကမ္ဘာ့မြေပုံပေါ်မှာ ပါတဲ့ မြေပုံလေးက အစသိပ်လှတဲ့ နိုင်ငံလေးပါ ဒါငါတို့ရဲ့ ပြည်ထောင်စု
အပြာရောင်ပင်လယ်ပြင်ကြီးရင်ပြင်ပေါ်ကို ခြေဖျားလေးထောက် ရပ်ပြီး မြန်မာဆန်လွန်းတဲ့ အညိုရောင် မြေဆီရောင် သန်းနေတဲ့ ကိုယ်ထည် သွယ်သွယ်လှလှလေးနဲ့ မခို့တရို့ ရပ်နေရင်းက မျက်နှာကို မာန်ချီ ဦးထိပ်တံခွန်ပုံစံ ချွန်ချွန်လေးပေါ်မှာ အစိမ်းရောင် မျက်ခုံးလေးကို ပင့် မော့ပြီး ခါးလေးနှစ်ဘက်ထောက်ပြီး ခပ်ကျော့ကျော့လေးရပ်နေတဲ့ ပုံလေးက သိပ်လှပလွန်းတယ်တဲ့..သူရဲ့ ရင်ခွင်အလည်မှာတော့ အပြာရောင် မြစ်တွေ သွေးကြောလို သွင်သွင် ဖြာဆင်းနေလေရဲ့ ..

အရှေ့တောင် အာရှမှာ သိပ်လှတဲ့ နိုင်ငံလေး ဖြစ်တဲ့ ငါတို့ မြန်မာပြည် ငါတို့နိုင်ငံ ..
ငါတို့ဟာ မြန်မာ.မြန်မာ မြန်မာ..ဆိုတာ နုတ်က တစ်ဖွဖွ ရွတ်ရင်းကို ကြက်သီးမွှေးညှင်းတွေ တဖြန်းဖြန်း ထလာတယ် .နိုင်ငံတော် အလံမြင်ရင်ကို သွေးကြောထဲက ပူနွေးလာတယ် ဒါတို့မြေ ဒါတို့ပြည် တို့ပိုင်တဲ့ မြေ.

မြေပေါ် မြေအောက် သဘာဝ သယံဇာတတွေ.ပေါကြွယ်ဝတဲ့ ငါတို့မြေ ငြိမ်းချမ်းလှပလွန်းတဲ့ ရေမြေတောတောင် သဘာဝတွေနဲ့ ကြည်နူးစရာ ငါတို့မြေ ကျောင်းကန်ဘုရားစေတီပုထိုးတွေနဲ့ ဘာသာသာသနာ ရောင်ဝါလွှမ်းတဲ့ သာသနာ့မြေ ချစ်စရာ ဓလေ့ ထုံးတမ်း စဉ်လာတွေနဲ့ ပျော်ပွဲရွှင်ပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပနေတဲ့ ငါတို့မြေ

ဒါ ငါတို့မြေ ဒါငါတို့ရဲ့ မွေးမြေ ဒါငါတို့ရဲ့ ဇာတိချက်ကြွေ ဒီနေရာတွေမှာ ငါတို့က အဘိုးအဘွားတွေ အသက်သွေးချွေးတွေ စတေး ပေးဆပ်ခဲ့တဲ့ ကာကွယ်ခဲ့တဲ့ ထိန်းသိမ်းခဲ့ရတဲ့ ငါတို့ရဲ့မြေ..

ဒီနေ့ဟာ ပြည်ထောင်စုနေ့ဖြစ်တယ်

ပြည်ထောင်စုနေ့ ၆၂နှစ်မြောက်ဖြစ်ပြီ

ပြည်နယ်ပြည်မ တောင်တန်းပါ မကျန် သွေးစည်းတယ် ဆိုတာသရုပ်ကို ပြလိုက်တဲ့ သက်သေ
၁၉၄၇ ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာ ဗိုလ်ချူပ်အောင်ဆန်းနဲ့အတူ တိုင်းရင်းသားခေါင်းဆောင်တွေ ပင်လုံစာချူပ်မှာ လက်မှတ် ရေးထိုးကြတဲ့နေ့ တစ်နေ့ဖြစ်တယ်
ငါတို့မြန်မာပြည်မှာ တိုင်းရင်းသားပေါင်းစုံရှိတယ် အားလုံး ကိုယ်စီမှာ ကိုယ်ပိုင်ယဉ်ကျေးမူ စာပေ ဓလေ့ထုံးတမ်းစဉ်လာတွေ ရှိတယ် ငါတို့ညီအစ်ကို မောင်နှစ်မတွေ အားလုံးဟာ ပြည်ထောင်စုသား တိုင်းရင်းသားတွေဖြစ်တယ်

တရားမျတမူ လွတ်လပ်မူ ငြိမ်းချမ်းမူ တွေ အပြည့်အ၀ ရှိလာမယ့် တစ်ချိန်မှာ ငါတို့မြေမှာ စစ်မှန်တဲ့ ပြည်ထောင်စုတစ်ခုကို တည်ဆောက်နိုင်ရမယ်..

(ပြည်ထောင်စုကို
ကျွန်မတို့ရဲ့ပြည်ထောင်စုကို
အသက်ပေးလို့ဖြင့် ကာကွယ်မယ့်သူတွေ
ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးကြပေ
ဒါ တို့ပြေ ဒါတို့မြေ ကြွေးကြော်သံကြီး ရိုက်ဟီးမြည်ကာနေ
မေးပါရစေတော့ဖြင့်
မောင်တွေ မယ်တွေ ဘယ်ပုံဘယ်နည်း ကာကွယ် ကာကွယ်ကြမှာတုန်းလေ.......... )

သောတအာရုံမှာ ပြည်ထောင်စုနဲ့ပတ်သတ်တဲ့ သီချင်းသံသဲ့သဲ့ကြားတယ်..

ငြိမ်းချမ်းရေးမိခင် ငါတို့ မြေအတွက်..သံလွင်ခက်လေးကို ချီလာမယ့် ချိုးဖြူဌက်လေးတွေရဲ့ အိမ်အပြန်လမ်းမှာ ညီညွတ်ရေး တေးသံတွေ ဝေနေစေရမယ် ယမ်းခိုးတွေ ပြယ်ပြီး ပန်းရနံ့တွေသာ ထုံမွှမ်း မွှေးပြန့်နေစေရမယ်..

4 Comments:

Anonymous said...

ပြည်ထောင်စု ပြိုကွဲရေး
ဒို့အရေး
တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး (ဗမာ မပါ)
ဒို့အရေး

ကိုယ့်ပြည် ကိုယ့်အချုပ်အခြာအာဏာတည်မြဲရေး ဒို့အရေး

kay said...

မေလှမြိုင်ရဲ့ရင်ပတ်ထဲက..လာတဲ့ သီချင်းသံလေးကို ကြားယောင်မိသွားတယ်..ညီမလေးရေ..

ခါချဉ်ကောင် မာန်ကြီးလို့သာ..တောင်ကြီးဖြို့မဲ့ကြံ..ခါးမသန်..အားမာန်တင်းပေမဲ့..အခင်း မလှနိုင်ပါပေ..

ဆက်ဆိုလိုက်တယ်။

ဖိုးဂျယ် said...

မြန်မာပြည်သူ ပြည်သား အချင်းချင်း၊ မြန်မာပြည်ထောင်စုဝင် တိုင်းရင်းသားအချင်းချင်း ရင်းနှီး ချစ်ခင်စွာဖြင့် တိုင်းပြည်အဓွန့်ရှည် တည်တံ့ခိုင်မြဲနေရေးအတွက် စည်းစည်းလုံးလုံး ရှိနိုင်ပါစေ

ဒေါင်းမင်း said...

မြန်မာနိုင်ငံမြေပုံကြီးလှသလို..မြန်မာနိုင်ငံသားများလည်း
အလှပန်းများဝေစာနိုင်ရင်ဘယ်လောက်ကောင်းလိုက်မလဲ