မဆုံးတဲ့ လမ်း


ဘ၀ဆိုတာ အမြဲတမ်းပျော်စရာမကောင်းနိုင်သလို
အမြဲတမ်းလဲ စိတ်ညစ်စရာ မကောင်းနိုင်ပါဘူး.
ဒါပေမယ့် အချိန်တိုင်း စိတ်မော မော နေရတာ တစ်ခုပါပဲ
ဘာမှန်းမသိတာကို မိုးတွေ လင်း မိုးတွေချူပ် တကုတ်ကုတ်နဲ့
အလောတကြီး ရေးကြီးသုတ်ပျာ အရင်တွေများ ဟပ်ဟပ်ထိုး လို လို့.
ပြေးလိုက် လွှားလိုက် ရောက်လိုက် ပြန်လိုက် လွန်းထိုးနေလိုက်နဲ့ .ပြီးတော့လည်း ပြီးသွားတာပဲ
နှစ်တွေက တိုးသွားတာပဲ နေတဲ့ရက် များလာသလို သေမယ့်ရက်ကလဲ ကပ်လာနေပြီ
အခုထိလဲ ဘာမှ မပြီးသေးဘူး။

နေရတဲ့ ဘ၀ထဲမှာလည်း လုံးလည် ချာလည်ကို ဖြစ်လို့
ဟိုလူက ဟိုလို ဒီလူက ဒီလို ကိုယ်ပဲ သူတော်ကောင်း သူမြတ်လောင်း
ကျန်တဲ့သူ ဘ၀အဆက်ဆက် နင်တို့သာ ဒေ၀ဒတ်
ခေတ်အဆက်ဆက် ချီးမွမ်းခန်းတွေ ဖွင့်ဖွင့်ပြီး
အော်အော် ရယ်လိုက်ရတာများ
ဒါနဲ့များတောင် ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ ခုနှစ်ရက်တဲ့ ပြောကြသေးတယ်
တစ်ခါတစ်လေ ခုနှစ်ရက်နဲ့ မပြီးလို့ ခုနှစ်နှစ်တောင် ရေနူးနေကြတဲ့သူတွေကလဲ ရှိတုန်း
သူတို့များကျတော့ အချိန်တွေကလဲပေါပါ့ကွယ်..
ကိုယ်ကလဲ ကိုယ်
စကားလုံးတွေ အပြုအမူတွေ အမူအယာတွေပေါ် လိုက်ခံစားနေလိုက်တာ
နာကျင်ရ နာကျည်းရ ပေါက်ကွဲရ ဒေါသဖြစ်ရ သူများစိတ်နဲ့ကိုယ့်ကိုယ် ညှင်းဆဲနေလိုက်တာ မပြီးနိုင်မစီးနိုင်..ပြီးတော့ရော ပြီးသွားပြန်တာပဲ
နောက်ပြုံးပြကြ ရယ်ပြကြ သွားဖြဲပြကြနဲ့..လက်တွေ ဆုပ် ပုခုံးတွေပုတ်လို့..
ချစ်သူတွေက ရန်သူတွေဖြစ် ရန်သူတွေက မိတ်ဆွေတွေဖြစ်
မိတ်ဆွေတွေက ဟိုဟာဖြစ် ဒီဟာဖြစ် ဖြစ်ချင်သလို ဖြစ်

ဒီလိုနဲ့ ကျွန်မတို့မှာ နောက်ဆုံး မိနစ်တွေမှာ အကြိမ်ကြိမ် စိတ်မောခဲ့ကြ
မှတ်တိုင်မှာ ကားစောင့် နေရတာမျိုး
ကားသွားနေတုန်း ကားလမ်းပိတ်နေတာမျိုး
မြန်မြန်လျောက်ချင်ပေမယ့် ရှေ့မှ တိုးမရအောင် ပိတ်နေတာမျိုး
လှည့်ထွက်ဖို့ မှာလည်း နောက်ကိုတောင် မလှည့်သာတော့မျိုး
ဇောတွေ ဇောတွေ
ဒီလို သွားချင်ဇောတွေနဲ့ မောပမ်းလိုက်ရတာ
ခရီးတွေကလဲ ဆုံး မဆုံးနိုင်တော့ဘူး။
ဘာရယ်မဟုတ်ဘူး ဒီဇောတွေနဲ့ မောလိုက်ရတာ
သေမယ့်အတွက် ပူရ နေမယ့်အတွက် ပူရ
အခုတလော လူတွေထဲမှာ နေလို့မရဘူးဖြစ်နေပြန်တယ်
ကြာရင်တော့ အလွဲတွေ ကြားထဲမှာ
သုမနတော့ ကျောတစ်ရာ ရင်တစ်ရာ နှက်ပြီး
ရွာပြင်ထုတ်ခံရမယ် ထင်ရဲ့...


ဘာရယ်မဟုတ်ဘူး တောင်လိုလို မြောက်လိုလို နဲ့
ကိုယ့်ကိုကိုယ် ဖော်ဖော်ပြီး ငါကွ ငါကွနဲ့
သူတော်ကောင်းဇာတ်တွေသာ ခင်းခင်းပြီး ကနေလိုက်ရတာ
မွေးသက်ပဲ နှစ် ၃၀တောင် ကျော်တော့မယ်
ကနေတဲ့ ဇာတ်က မဆုံးသေးဘူး..ကန့်လန်ကာကလဲ ကျ မလာဘူး
ဘာရယ်မဟုတ်ပါဘူး
အဆုံးမသတ်သေးခင် လေး အရင်းစစ်ကြည့်ပြန်တော့

မင်းကလဲမင်း
ငါကလဲငါ
ကိုယ်မြင်းတွေ ကိုယ်စိုင်းနေပုံများ
စစ်ကိုင်းတောင် ကျော်သွားတယ်..

ငါကလဲ မင်း အပြစ်တင်
မင်းကလဲ ငါ့အပြစ်မြင်
ကိုယ်လှေတွေ ကိုယ်ထိုးပုံများ ပဲခူးလဲ လွန်သွားပြီ

ကဲ ဒါဆို ကိုယ့်လူ
စကားတွေလည်း အပိုမပြောချင်ပါဘု
ခပ်တိုတို တစ်ခုသာ မေးချင်ပါရဲ့
ကဲ အခု
ဘယ်သွားမတုန်း

8 Comments:

မိုးမြင့်အောင် said...

မဆုမွန်ရေ အတွေးစ လေးများကို ဝေမျှသွားပါတယ်။ ကျနော်ထင်တာကတော့ ကျနော်ကတော့ သေလမ်းသွားသင့်တာကြာနေပြီ။ မသေပဲ အမေရိကားမှာ ဘလော့ဂါ လာဖြစ်နေသေးတယ်..တာကယ်ဖြစ်ချင်တာက ဘင်လာဒင် ခက်တာက အဖော်စပ်မရဘူး

မယ့်ကိုး said...

ဒိုင်ကြောင်မဟုတ်ပါဘူး။လူတော့ နည်းနည်းရှိန်သွားပြီ။ အရေးအသားကောင်းလို့ ..:)

မယ့်ကိုး said...

ဒိုင်ကြောင်မဟုတ်ပါဘူး။လူတော့ နည်းနည်းရှိန်သွားပြီ။ အရေးအသားကောင်းလို့ ..:)

မိုးခါး said...

ဒီလမ်းလား .. ဆုံးနိုင်ဦးမယ်မထင်ဘူး ..း)

မသက်ဇင် said...

ဆုမွန်----------
ကဗျာအရေးကောင်းတယ်--

မင်းအိမ်ဖြူ Minn Eain Phyu said...

တခါတလေ ဆွေးနွေးနေရင်း ဦးတည်ချက်ကဘယ် ရောက်သွားမှန်း မသိတော.ဘူး ၊၊ အဟုတ် ၊၊ ဆရာတော်တစ်ပါးဟောထားတာလေး ရှိတယ် ၊၊ လူပဲလေဆိုပြီး ဖြေလိုက်ပါတဲ. ၊၊ အတ္တမရှိရင် လူဘယ်ဟုတ်တော. မလဲတဲ. ၊၊ မှန်တယ်နော် ၊၊ ကျွန်တော်တော. ငြင်းရခုန်ရတိုင်း ၊ အမြင်မတော်တွေ.ရတိုင်း ဒါလေးတွေး ပြီးဖြေလိုက်တယ် ၊၊ ကိုယ်လည်း ကိုယ်.ဖို.ကိုယ် ကြည်.တဲ. အတ္တသားကောင်ပဲလေ လို. ............

အိမ်လွမ်းသူ said...

ညီမရေ... မရောက်တာကြာသွားပြီ.. စာတွေလာဖတ်တယ်. ကဗျာလေးကောင်းတယ် ဘာမှမသေချာတဲ့ ဘဝမှာ ဘယ်ကိုသွားရမှန်းလဲ မသိတော့ပါဘူးညီမရေ...

tg.nwai said...

ဒီလိုပဲ မဆုမွန်ရေ..ဘ၀ဇာတ်ခုံပေါ်မှာ တော်ကြာနေ ဟိုဇာတ်ကလိုက်..တော်ကြာနေ ဒီဇာတ် က လိုက်ရ.. နောက်ဆုံးတော့ ကိုယ်ဘာပါလိမ့် ဆိုတာ အစရှာမရတော့ဘူး.. မဆုံးတဲ့လမ်းတွေလေ..။