ပြီးခဲ့တဲ့နှစ် ဒီအချိန်

May 2(2008-2009)

မနှစ်က ဒီလိုအချိန်မှာပေါ့ ငါတို့မြန်မာပြည်မှာ..
ဘာတွေဖြစ်မလဲဆိုတာ မသိသေးချိန်ပေါ့
မနှစ်က ဒီအချိန်မှာပေါ့ ငါတို့ဧရာဝတီမှာ
ဘာဖြစ်မလဲဆိုတာ မသိသေးဘူး

မနှစ်က ဒီမိုး ဒီလေ ဒီရေတွေလေ ဒီအချိန်
သိန်းချီတဲ့ ငါတို့ အဖိုးအဖွားတွေ ငါတို့ဦးကြီး ဘထွေး ဘလေးတွေ
ငါတို့ ဒေါ်ကြီး ဒေါ်လေး ဒွေးလေးတွေ ငါတိုကအဖေအမေတွေ
ငါတို့ ညီအစ်ကိုမောင်နှစ်မတွေ ငါတို့သွေးရင်းတွေ
ငါတို့သူငယ်ချင်းတွေ ငါတို့အပေါင်းအဖော်တွေ
ငါတို့အသက်သခင်ကျေးဇူးရှင် ကျွဲ နွားသတ္တ၀ါတွေ
ငါတို့ကိုယ်တိုင်ရဲ့ အသက်ဝိညဉ်တွေ
ငါတို့ရဲ့ တစ်စစီကျဲပြန့်သွားတဲ့ တစ်စဆီ ဖြိုဖျက်ခံလိုက်ရတဲ့ ငါတို့ဘ၀တွေ ဘ၀တွေ
ငါတို့ မသိခဲ့ဘူး မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ

ငါတို့ မသိခဲ့ဘူး နှစ်ချီပြီး တည်ဆောက်ခဲ့ရတဲ့ ငါတို့အိမ်တွေ ပျောက်ဆုံးမှာ
ငါတို့ချစ်တဲ့ ငါတို့ရဲ့ လယ်မြေတွေ ဆုံးရူံးမှာ
ငါတို့နေရာ ဆီ ပင်လယ်ကြီး တက်လာမှာ
ငါတို့မသိခဲ့ဘူး ငါတို့ အိုးအိမ်စည်းစိမ်တွေ တစ်စစီ ပျက်စီးကုန်မှာ
ငါတို့မသိခဲ့ဘူး ငါကိုယ်တိုင် ငါ့ရင်သွေးကို ဖြူတ်ချခဲ့ရမှာ
ငါမသိခဲ့ဘူး ငါ့ရင်သွေးလေးပျောက်သွားမှာ ငါ့ရင်သွေးကို နွားစာခွက်ထဲ ထည့်မျောရမှာ
မနက်ဖြန်ဆို အုန်းရေသောက်ဖို့ပူဆာခဲ့တဲ့ ငါ့ဇနီးကိုယ်ဝန်ဆောင်သည်
သူ့အသက်ဘေးအတွက်
ဟော့ဟိုအမြင့်ထက်က အုန်းပင်ပေါ် တက်နေရမှာ

ငါတို့မသိခဲ့ဘူး နောက်ရက်နည်းနည်းထပ်ကြာရင်
ဆယ်သူမဲ့နေမယ့် ကယ်သူမဲ့နေမယ့်
အလောင်းတွေ တောင်လိုပုံနေတော့မှာ ငါတို့ မသိခဲ့ဘူး
လူ့ဂုဏ်သိက္ခာမဲ့ အရှက်မဲ့ သေဆုံးရမယ့် ၀တ်လစ်စလစ် ငါတို့အမျိုးကောင်းသားသမီးတွေ
ရုပ်အလောင်းတွေ တစ်စစီပျံကျဲနေမှာ
ဟိုမှာကြည့်စမ်း စိမ်းညို့နေတဲ့ လယ်ကွင်းတစ်ခွင်လုံး
အ၀တ်မဲ့အလောင်းတွေ မိုးမျော်သူက မျော် လက်ကမ်းသူက ကမ်း ထိုးထိုးထောင်ထောင် ပိုးလက်ပိုးလက်ဖြစ်နေလေရဲ့
နာဂစ်ရောင်လို့ ကိုဇာဂနာပြောခဲ့တဲ့ မြစ်ရောင်ဖြူဖျော့ဖျော့မှာ
ပေါလောမျောနေတဲ့ ငါတို့အလောင်းတွေ
အထပ်ထပ်ပိသေနေတဲ့ ရုပ်ပျက်ဆင်းပျက်အလောင်းတွေ
ငါတို့မသိဘူး ကွင်းလည်ခေါင်က ထီးတည်းနေလေ့ရှိတဲ့ ငါတို့ ကို မေ့နေမယ်ဆိုတာ

ငါတို့မသိခဲ့ဘူး အသက်လေးက ကံသီလို့လွတ်ခဲ့တဲ့ ငါတို့ကိုယ်တိုင်
အငတ်ဘေးဆိုက်ပြီး မသေအောင်
ကိုယ့်အသက် ကိုယ်ဖက်နဲ့ထုပ်ပြီး မြစ်ကို ကူးဖြတ်ပြီး
အရောက်ပြေးလာရမယ်ဆိုတာ
ငါတို့မသိခဲ့ဘူး ငါတို့ကို မသေရုံကျွေးမယ့် ရိက္ခာရုံတွေမှာ
နာကျင်စုတ်ပြတ်နေတဲ့ ငါ့ခနာကိုယ်အသက်ရှင်ရေးအတွက်
ခွက်လက်စွဲပြီး တန်းစီတောင်းရမယ်ဆိုတာ ငါမသိခဲ့ဘူး
ငါတို့အတွက် သေရတာထက် နေရတာ ခက်မယ်ဆိုတာ ငါမသိဘူး

အ၀တ်မဲ့နေတဲ့ ငါတို့ကို မီးပူတိုက်ကျမပျက်တဲ့ ဘောင်းဘီဝတ်တွေက
နေပူကျဲကျဲ ဆောင့်ဆောင့်ထိုင်ပြီး လက်အုပ်ချီခိုင်းမှာ
ငါတို့မသိဘူး ငါတို့အတွက် ရွက်ဖျဲတဲတွေက သူတို့အတွက် ဘန်ဂလိုဖြစ်နေမှာ
ငါတို့မသိဘူး ငါတို့အတွက် အာဟာရဘီစကစ်က သူငယ်ပြန်နေတဲ့ လူ့အတ္တဘောတွေ ကိုက်စားဖို့ဆိုတာ

ဟောဟော ဟော သေချာနားထောင်ကြစမ်း နားထောင်ကြစမ်း
အမေရိကန် အမေရိကန် အမေရိကန် စစ်သင်္ဘောတွေ တက်လာပြီ တက်လာနေပြီ ငါတို့ကို ကယ်မယ် လာကယ်တော့မယ်တဲ့ ကယောင်ကတမ်းအော်ပြီး ထပြေးတဲ့ သူကို
ဒန်ခွက်လေးတွေကိုင်ပြီး ငါတို့မျက်စိအကြောင်သား ကြည့်မိမယ်ဆိုတာ

ငါတို့ကို သောင်ပြင်လွှတ်တဲ့လူတွေလို စားစရာမရှိ နေစရာမရှိ အားလုံး ဗလာနတ္တိနေရာတွေကို မောင်းထုတ်ပစ်မှာ ငါမသိဘူး ငါမသိဘူး ငါမသိဘူး ငါမသိဘူး ငါမသိဘူး ငါမသိဘူး ငါမသိဘူး

ကျွန်မတို့ ကိုယ်တိုင် ဒီနေ့ ဘာဖြစ်မယ်ဆိုတာ သူတို့ကို သေသေချာချာ မပြောပြနိုင်ခဲ့ဘူး
အပြစ်သားဖြစ်တဲ့ ငါ့ကို တာဝန်မကျေခဲ့တဲ့ ငါ့အတွက် မေလ၂ရက်နေ့တိုင်း ငါ့စိတ်နှလုံးကို နာဂစ်မုန်တိုင်းတိုက်မှာသေချာတယ်

(မနေ့က ကျွန်မ နာဂစ်ပို့စ်လေး တင်ပြီးချိန်မှာပဲ ကျွန်မ ဘလော့ခ်ကလေး ရုတ်တရက် ပျောက်သွားပါတယ် မမြင်ရတော့ဘူး ဆိုတဲ့အခါ ဒီဘလော့ခ်လေးအပေါ် ဘယ်လောက်အထိ သံယောဇဉ်ဖြစ်နေတယ် မြတ်နိုးတန်ဖိုး ထားတယ် ဆိုတာ အသေအချာသိလိုက်ရတယ် အရူးမီးဝိုင်း ဖြစ်ပြီး ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိတဲ့အချိန် ရှိရှိသမျ မိတ်ဆွေ အပေါင်းအသင်းတွေဆီ ဂယောင်ဂတမ်းနဲ့ ဖုန်းတွေ ဆက်ပြီး မေးကြည့်ပါတယ် အားလုံးကတော့ ဂူဂဲလ်က စစ်တာ ဖြစ်နိုင်သလို ကျွန်မပို့စ်မှာ တင်ထားတဲ့ ထိုင်းဓာတ်ပုံတွေ ကြောင့် ဖြစ်နိုင်တယ် လို့ပြောပါတယ် စိတ်အေးအေး ထားဖို့ပြောကြတယ် နောက်ပြီး ဘလော့ခ်ကို သိမ်းထားလား မေးတော့ မသိမ်းမိတာတော့ သေချာတယ် မေးတဲ့မေးခွန်းတွေကို ဘာတွေ ဖြေလို့ ဖြေမိမှန်းတောင် မသိတော့ပါဘူး။ ရင်ထဲမှာ ပူလောင်နာကျင်ပြီး စိတ်လည်း တော်တော် ထိခိုက်သွားမိတယ် သတိရတဲ့အချိန်ကျတော့ ရင်တစ်ခုလုံး မွန်းကျပ်ပြီး မျက်ရည်က ပေါက်ပေါက်ကျနေပြီ အဲ့ဒီ့မှာ ရုတ်တရက် အတွေးတစ်ခုဝင်လာတယ်

ငါတောင် ဒီဘလော့ခ် ပျောက်သွားတာ ဒီ့လောက် ကမ္ဘာပျက်ပြီး ထိခိုက်ဝမ်းနည်း ခံစားနေရင် နာဂစ် မုန်တိုင်း ကြောင့် မိဘတွေ သားသမီးတွေ ဇနီး ခင်ပွန်းတွေ အသက် အိုးအိမ်စည်းစိမ်တွေ စွန့်လွှတ် ဆုံးရူံး လိုက်ရတဲ့ သူတွေများဆို အပူသောက အဆတစ်သိန်း တောင် ကွာဟမယ်ထင်ပါရဲ့ ငါတော်တော် ပျော့ညံ့တာပဲ လို့ စိတ်ကို မနည်းပြန်ထိန်းပြီး အိပ်ဆေးသောက် အိပ်လိုက်ပါတယ်ရှင်. မနက်မိုးလင်းတဲ့အခါ ဘလော့ခ်လေးကို ပြန်မြင် ရတော့ စိတ်ထဲ ထင်သလောက် ၀မ်းမသာမိဘူး ဘာကြောင့်ဆိုတော့ အခုချိန်ဆို ဟိုးမြန်မာပြည်က နာဂစ်ထိခဲ့တဲ့ လူတွေ ဒီနေ့ ဒီအချိန် မိုးအလင်းမှာ သူတို့တွေးမယ့်အတွေးတွေကို ကြိုသိနေလို့ပါပဲ)

9 Comments:

မယ့်ကိုး said...

ရင်ကွဲနာ အပိုင်းအစများ...label ရော စာပါ ခံစားရလွန်းပါတယ်...

tg.nwai said...

ကြေကွဲဖွယ် သည်အဖြစ်ဆိုးတွေ တကယ်ဖြစ်ပျက်ကြုံတွေ့ခဲ့ရလိမ့်မယ်လို့လည်း တကယ် မသိခဲ့ဘူး.. ဖြစ်လေရာ ဘ၀တိုင်း ဒီအဖြစ်ဆိုးတွေ ဝေးကြပါစေ...ကပ်ဆိုးချင်းကြုံရတာချင်းအတူတူ လူသားဆန်ဆန် တန်ဖိုးထားတဲ့ တိုင်းပြည်တွေမှာပဲ လူဖြစ်ကြပါစေ..

Ree Noe Mann said...

ဟုတ်တယ် မမဆုမွန်ရေ
ရင်ကွဲနာ ရုံတင်မကပါဘူး
အကုန်လုံး အကုန်လုံးပါ.

ခင်တဲ့
Ree Noe

Pinkgold said...

မဆုမွန်က Blog Post တွေကို full access မပေးဘူးလားရှင့်.. ကျွန်မ ရီဒါကနေယူဖတ်တာဆိုတော့ တစ်ပိုင်းတစ်စတွေ ဖြစ်ဖြစ်နေတာလေ

အိမ်လွမ်းသူ said...

ညီမရေ.. ဝေဒနာတွေ အသစ်ပြန်ဖြစ်သွားတယ်.. အသက်ရင်ကျန်ခဲ့သူတွေ အတွက် သက်သာရာရလိုရငြား တရားလေးတင်ပေးထားတယ်

kiki said...

ပြီးခဲ့တဲ့နှစ် ဒီအချိန် ..ဘာတွေဖြစ်မယ်ဆိုတာ ငါမသိခဲ့ဘူး ၊နင်လဲမသိခဲ့ဘူး ။ငါတို့ ပြည်သူတွေ မသိခဲ့ဘူး ။ ဟို လူမဆန်တဲ့  လူ့ မိစ္ဆာတွေ သိသိနဲ့  မသိချင်ယောင်ဆောင်ခဲ့ ကြတာ ။ ပြောရင်း တွေးရင်းနဲ့တောင် အသည်းနာတယ် ။ ကမ္ဘာမကျေပါဘူး ။ ကံကိုအပြစ်ပုံချရလောက်အောင်လဲ ကံတွေက ဒီလောက်တောင်မှ ဆိုးရလေသလားလို့  ။

မိုးခါး said...

ဝမ်းနည်းလိုက်တာ
စာကိုဖတ်ပြီးတော့ ငိုချင်လာဘီ
ကံကိုက ဆိုးလွန်းပါတယ်
သေရတာထက် နေရတာပိုခက်တယ် ..
း(

ညလေး said...

မဆုရေ..
ဒီအဖြစ်ဆိုးမျိုး နောက်ဘယ်တော့မှ မတွေ့၊ မမြင်၊ မကြုံ၊ မတွေ့ရပါစေနဲ့... လို့ပဲ ဆုတောင်းနေရမှာ...

အိုးဝေအောင် said...

ငါတောင် ဒီဘလော့ခ် ပျောက်သွားတာ ဒီ့လောက် ကမ္ဘာပျက်ပြီး ထိခိုက်ဝမ်းနည်း ခံစားနေရင် နာဂစ် မုန်တိုင်း ကြောင့် မိဘတွေ သားသမီးတွေ ဇနီး ခင်ပွန်းတွေ အသက် အိုးအိမ်စည်းစိမ်တွေ စွန့်လွှတ် ဆုံးရူံး လိုက်ရတဲ့ သူတွေများဆို အပူသောက အဆတစ်သိန်း တောင် ကွာဟမယ်ထင်ပါရဲ့...
good thinking