အိမ်မက်ထဲက သူငယ်ချင်း

မေ့ထားတာကြာပီဖြစ်တဲ့ တချိန်တုန်းက သိပ်ချစ်ခဲ့ရသော ကျမရဲ့ သူငယ်ချင်းကို အိပ်မက်ထဲတွင် ထူးထူးဆန်းဆန်း မြင်မက်ခဲ့သည်. အိပ်မက်ထဲတွင်ပင် ကျမတို့နှစ်ယောက် အရင်ကအတိုင်း ပြန်မဖြစ်ခဲ့ကြပါ.

အိပ်မက်သည် ပြင်ပနှင့် ထပ်တူကျတဲ့ ခံစားမှုမျိုးကို ပေးနိုင်ပါသလား အိပ်မက်တွေကို ပြောင်းပြန်ယူရသည်ဟု လူကြီးတွေ ပြောခဲ့ဖူးတာ မှတ်မိနေသည်.

ထူးထူးဆန်းဆန်း သူမကို စိတ်မစွဲပါဘဲ မက်ခဲ့သည့်အိပ်မက်ထဲတွင် သူမနှင့် ကျမသည် စိမ်းကားအေးစက်နေဆဲပင် ဖြစ်သည်. အပြင်မှ သူမနှင့် ကျမရဲ့ စိမ်းကားအေးစက်မှုသည် အိပ်မက်ထဲတွင်လဲ ထပ်တူကျသည့်ခံစားချက်ကို ပေးပါသည်. အိပ်မက်ထဲမှ ကျမတို့နှစ်ယောက်ရဲ့ စိမ်းကားအေးစက်မှုသည် အိပ်မက်က လန့်နိုးချိန်တွင်ပင် အဲ့ဒီခံစားချက်က ပြယ်ပျောက်မသွားပါ. ခါးသီးသည့် အရသာကို ပါးစပ်ထဲတွင်ပါ ခံစားခဲ့ရသည်.

ကျမက သူမကို သိပ်ချစ်ခဲ့သည်. ကျမရဲ့ ညီအစ်မအရင်းသဖွယ် ချစ်ခဲ့ပါသည်. သူမနှင့်ကျမသည် အမြွှာလို့ပြောရင် ယုံရလောက်အောင် မျက်နှာပေါက်ချင်းရော ရယ်ပုံချင်းရော အရပ်အမောင်းချင်းရော တူညီပါသည်. ယုတ်စွအဆုံး ကံမကောင်းခဲ့ပုံချင်းပါ တူညီခဲ့လေသည်. မိသားစုထဲမှာ အလတ်ဖြစ်တဲ့သူမနှင့် မိသားစုထဲမှာ နို့ညှာဖြစ်တဲ့ ကျမသည် သည့်ပြင်သူတွေထက် ပိုပီး ချစ်ခင်ခဲ့သည်မှာ အံ့သြစရာမရှိခဲ့ပါ.

သူမနှင့် ကျမရဲ့ကြားမှာ ထိန်ချန်ထားစရာ ကွယ်ဝှက်ထားစရာ ဘာတစ်ခုမှ မရှိခဲ့ပါ. သူမရဲ့ အချစ်ရေး သူမရဲ့ စိတ်ခံစားချက် သူမရဲ့ ပျော်ရွှင်မှု သူမရဲ့ ပြဿနာ သူမရဲ့ … စသဖြင့် ကျမ သိရှိခဲ့သလို ကျမရဲ့ ခံစားချက်တွေကိုလဲ သူမ သိခဲ့သည်. အခုအခါမှာ ပြန်တွေးကြည့်ရင် အဲ့ဒီလိုသိခဲ့တာတွေကပဲ ကျမတို့နှစ်ယောက်ကို ဝေးကွာစေခဲ့သလား မသိခဲ့ပါ.

သူမက မြန်မာနိုင်ငံမှာ မွေးသည့် နိုင်ငံသားတရုတ်လူမျိုးဖြစ်ပီး ကျမကတော့ ဗမာစစ်စစ် ဖြစ်သည်. ကျမတို့နှစ်ယောက်ကို တွေ့တဲ့သူတိုင်းက ဇဝေဇဝါနှင့် အမြွှာတွေလားလို့ မေးခဲ့လျင် ကျမက ဂုဏ်ယူစွာနှင့် ဟုတ်သည်လို့ ပြန်ဖြေခဲ့ဖူးသည်. ကျမ သူမကို သိပ်ချစ်ပါသည်. ကျမတို့နှစ်ယောက်ရဲ့ ခိုင်မြဲသည့် ချစ်ခင်မှုသည် ရေရှည်တည်တံ့မည်ဟု ထင်မှတ်ခဲ့ခြင်းသည် လောကဓံကို အာခံရာရောက်ခဲ့သည်.

ကျမက စိတ်မြန်သည် သူမက စဉ်းစားတွေးခေါ်မှု ပိုများသည်. တချို့ကိစ္စတွေမှာ ကျမက ဦးဆောင်သူဖြစ်ခဲ့သည်. ဒါပေမဲ့ ကျမသည် သူမကို လွှမ်းမိုးဖို့ကြိုးစားခဲ့တာ မဟုတ်ဘူးဆိုသည်ကို ဘယ်အချိန်ဖြစ်ဖြစ် ကျိန်ပြောရဲပါသည်. လူအများအမြင်မှာ သူမကို လွှမ်းမိုးချုပ်ကိုင်ထားသူဟု မြင်ရလောက်အောင် သူမ လုပ်ချင်တဲ့အရာတွေကို ကျမက အားပေးခဲ့သည်. ဟုတ်တယ် အားပေးခဲ့တာပဲ ဖြစ်သည်. သို့ပေမဲ့ ကိစမရှိပါ. ကျမသည် ဝေဖန်မှုတွေကြားထဲတွင် မတုန်မလှုပ် နေနိုင်စွမ်းရှိသည်. အထင်မှားမှုတွေ အလွဲထင်မှုတွေကိုသာ ရှင်းပြရလျင် ကျမ စိတ်အနှောင့်အယှက် ကောင်းကောင်းဖြစ်နိုင်သည်. ကျမက ပျော်ပျော်သာ နေလိုသည်.

ရုတ်တရက် သူမရဲ့ စိမ်းကားအေးစက်လာမှုကို သတိထားမိသည့် တစ်နေ့တွင် ကျမနှင့် သူမ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ထိုင်နေခဲ့သည်. ကျမရဲ့အမေးတွေကို သူမက စိတ်အနှောင့်အယှက်ဖြစ်စွာ မေးတစ်ခွန်း ပြောတစ်ခွန်း ပြောနေခဲ့သည်. ကျမ ဝမ်းနည်းလာသည်. ကျမရဲ့ သူငယ်ချင်းလေးသည် ကျမကို ဘာအတွက်များ စိတ်ဆိုးနေခဲ့ပါသလဲ. ကျမ အကြာကြီး ငိုင်နေမိပီးမှ သူမကို စတင် တောင်းပန်ခဲ့သည်. ငါ မသိလိုက်ပေမဲ့ နင် စိတ်ဆိုးခဲ့တယ်ဆိုရင် ငါတောင်းပန်တယ်. ငါမှားခဲ့ရင်လဲ ငါတောင်းပန်တယ်. ဘာများဖြစ်နေသလဲ. သူမရဲ့ မျက်နှာပေးသည် ကျမအသည်းကို ဓားနဲ့မွှန်းသလို ခံစားရသည်. ကျမ မျက်ရည်ကျသည်ကို သူမက တိတ်တဆိတ်သာ ထိုင်ကြည့်နေခဲ့သည်.

ကျမ ဘယ်တုန်းကမှ မပြောခဲ့သည့် စကားတွေအတွက် သူမထံတွင် နားနှင့်ဆတ်ဆတ်နားထောင်ခဲ့ရသည့် သက်သေရှိသည်ဆိုသော စကားလုံးတွေကို ကျမ အံ့အားတသင့်ဖြစ်ခဲ့ရသည်. သူမ ဖွင့်ဟပြောနေခဲ့သည့် ကျမကိုစွပ်စွဲချက်တွေကို ကျမ မျက်ရည်အတွေသားနှင့် ထိုင်နားထောင်နေခဲ့သည်.

ကျမမှာ ပြောစရာ ငြင်းစရာ စကားလုံးရှာမရခဲ့ပါ. ကောင်းပြီ ကျမတို့နှစ်ယောက်ကြားတွင် ရှိနေခဲ့သော ယုံကြည်မှု ချစ်ခင်မှု သံယောဇဉ် ဒါတွေအားလုံး သံသယအောက်တွင် ပျောက်ဆုံးခဲ့ပြီ.

ကျမကတော့ ကျမတို့နှစ်ယောက်ရဲ့ချစ်ခင်မှုကို မနာလိုမှု တခုနှင့် လုပ်ကြံဇာတ်ခင်းခဲ့သည့် ကျမ မသိခဲ့ရသည့် လူတစ်ယောက်အပေါ် မနာကျည်းခဲ့ပါ. ကျမ နာကျည်းခဲ့သည်ကတော့ သူမရဲ့ ကျမအပေါ် မယုံကြည်မှုသာ ဖြစ်သည်.

ကျမသာ သူမနေရာတွင် ထိုစကားလုံးတွေအတွက် ကျမ စိတ်အနှောင့်အယှက် အဖြစ်မခံပါ. သူမရဲ့ ဇဝေဇဝါနိုင်မှုနှင့် အဲ့ဒီစကားလုံးတွေအပေါ် ယုံကြည်မှုတွေက ကျမအတွက် တကယ်ကို စိတ်အနာကြီး နာခဲ့ရသည်. ဝမ်းနည်းခဲ့ရသည်.
သူမကို စကားတခွန်းထဲသာ ပြောခဲ့သည်.

ငါတို့နှစ်ယောက်ရဲ့ကြားက ယုံကြည်မှုက ပျောက်ခဲ့ပီ နင် ငါ့ကို မယုံသလို ငါလဲ နင့်ကို ယုံမှာ မဟုတ်တော့ဘူး အချိန်တခုကို ကြည့်ပါ တကယ်လို့ နင်ထင်ထားတာတွေ မဟုတ်ခဲ့ဖူးဆိုရင်တောင် ငါတို့နှစ်ယောက်က အရင်အတိုင်း ပြန်ဖြစ်မှာ မဟုတ်တော့ဘူး နှုတ်ဆက်တယ် ငါတို့ ကိုယ့်စိတ် အတိုင်းပဲ နေကြတာပေါ့.

အရင်တုန်းက ကိစ္စရပ်တွေ အတိုင်းပင် ကျမကပဲ ဒီပြဿနာကို ဆုံးဖြတ်ချက်ချခဲ့သည်. ကျမတို့နှစ်ယောက် အရင်အတိုင်းပဲ အလုပ် အတူတူ လုပ်ကြသည်. အလုပ်ကိစ စကားပုံမှန်အတိုင်းပဲ ပြောကြသည်. ဒါပေမဲ့ အေးစက် ခါးသက်မှုတွေနဲ့ အတူပေါ့. လူတွေက ပထမတော့ သတိမမူမိပေမဲ့ နောက်တော့ သတိမူလာကြသည်. သူတို့ သိပ်အံ့သြကြသည်. ကျမကတော့ အစဉ်အမြဲ ပြုံးနေတတ်သည့် မျက်နှာပေးမျိုးနှင့်ဖြစ်ပေမဲ့ သူမကတော့ သူမရဲ့ မျက်နှာကို ထိန်းချုပ်မထားနိုင်ခဲ့ပါ.

နောက်တော့ သူမက အဝေးကို ပျံသန်းဖို့ စတင်စိတ်ကူးခဲ့သည်. ကျမတို့နှစ်ယောက်ကြားတွင် မယုံနိုင်စရာကောင်းလောက်အောင် ဆက်စပ်ပတ်သတ်မှု လုံးဝမရှိခဲ့ပါ. သူမ စင်ကာပူကို သွားဖို့ အစစအရာရာ စီစဉ်ပြီးချိန်ကျမှ ကျမ သိခဲ့ရသည်. ကျမလဲ ကျမရဲ့ဘဝတိုးတက်ဖို့ ကြံစည်ခဲ့ခြင်းကိုလဲ သူမ မသိခဲ့ပါ.

သူမ သွားခါနီး စကားပြောချင်နေတာကို သတိထားမိသည်. လက်ကျန်သံယောဇဉ်ကို စုစည်းပီး ကျမကပဲ သူမကို စတင်စကားပြောခဲ့သည်. ငါတို့ အပြင်မှာ ဆုံကြရအောင်. ဟိုမှာဆိုတာ ဒီမှာလိုတော့ ဟုတ်မှာ မဟုတ်ဘူး. ဘာအတွက်ပဲဖြစ်ပါစေ ကိုယ်သွားမယ်လို့ ရည်စူးထားပြီးတဲ့ ရည်မှန်းချက်ကို အပျောက်မခံပါနဲ့လို့ သူမကို သတိပေးစကားပြောခဲ့သည်.

ကျမက ကော်ဖီသောက်ပီး သူမကတော့ ရေခဲမုန့်စားခဲ့သည်. သူမအတွက် လက်ဆောင် ပို့စကတ်လေးနှင့် အင်္ကျီတထည် ကျမပေးခဲ့သည်. သူမဆီက ပြန်ရခဲ့သည့် လက်ဆောင်ကတော့ ဘာပဲဖြစ်ဖြစ် တောင်းပန်ပါတယ် ဆိုတဲ့ စကားတစ်ခွန်းပင်. ဒါတွေဟာ မလိုအပ်တော့ပါ. ကျမသည် တည်ငြိမ်နေခဲ့ပီ. သူမအပေါ် ဘာခံစားချက်မှ ရှိမနေအောင် ကြိုးစားရင်း အမှန်တကယ်ကို တည်ငြိမ်နေခဲ့ပီ. ယုံကြည်မှုပျောက်ဆုံးခဲ့ပီဖြစ်တဲ့ ချစ်ကြင်နာမှုအတွက် ဘယ်လို အရာ၊ ဘယ်လို စကားတခွန်းကမှ အရင်အခြေအနေကို ပြန်ရအောင် မစွမ်းဆောင်နိုင်တော့ပါ.

သူမနှင့် စကားတွေ အများကြီးပြောခဲ့သည်. ရင်ထဲမှာ နွေးထွေးမှုတော့ တစ်စက်မှ ရှိမနေခဲ့ပါ. ကော်ဖီကပဲ ခါးသလား ခံစားချက်ကပဲ ခါးနေသလား မသိပါ. အဲ့ဒီအခါးက သူမကို သတိရတိုင်း ပါးစပ်ထဲကပါ အလိုလိုလိုက်ခါးနေမိသည်. ကံကောင်းပါစေလို့ နှုတ်ဆက်စကား ဆိုအပြီးမှာ ကျမတို့နှစ်ယောက် လှည့်မကြည့်ဘဲ လမ်းခွဲခဲ့ကြသည်.

သူမ အဆင်ပြေသလား ဘယ်လိုအခက်အခဲတွေများ ကြုံတွေ့နေသလဲ ဘာမှ မသိ မကြားရအောင် နေခဲ့သည်. တကယ့်ကိုပင် စိတ်ထဲမှာမေ့နေခဲ့ပီ. မှတ်မှတ်ရရ ညက အိပ်မက်မက်သည်.

အိပ်မက်ထဲတွင် သူမသည် လက်ဖက်ရည်ဆိုင်မှာထိုင်နေတုန်းက မျက်နှာသေမျိုးနှင့်ပင် ကျမကိုစိုက်ကြည့်နေခဲ့သည်. ကျမ ပါးစပ်ထဲတွင်လဲ အခါးရည်တွေ ပြည့်နေခဲ့သည် ထင်သည်.

ကျမအတွက်တော့ လူတစ်ယောက်ကို ယုံကြည်မှုနှင့်ပင် ပေါင်းသင်းဆက်ဆံချင်ပါသည်. ယုံကြည်မှု ပျက်ပြားသွားခြင်းသည် လူတစ်ဦးနှင့်တစ်ဦးအကြား ချစ်ခင်မှု ကြင်နာမှု သံယောဇဉ်ဖြစ်မှုတွေကို ရိုက်ချိုးလိုက်ခြင်းပင်ဖြစ်သည်.

ယုံကြည်မှုမရှိတော့သည့်အတွက် ဘယ်အရာမှ အရင်အတိုင်း ပြန်မဖြစ်တော့ပါ.
ကျမသည် ယုံကြည်မှုနှင့်ပင် သူငယ်ချင်းတွေကို ပေါင်းသင်းသည်.
ယုံကြည်မှုနှင့်ပင် ကျမ ချစ်သူကို သိပ်ချစ်ခဲ့သည်.
ယုံကြည်မှုနှင့်ပင် လုပ်ဖော်ကိုင်ဖက်တွေနှင့်အတူ အလုပ်လုပ်ခဲ့သည်.
ယုံကြည်မှုနှင့်ပင် ဘဝကို ရှေ့ဆက်ချင်ပါသည်.
ဘဝအတွက် အရေးအကြီးဆုံးသည် ယုံကြည်မှုဖြစ်သည်လို့ ကျမကတော့ ခံယူထားသည်.
မှတ်မှတ်ရရ ညက အိမ်မက်မက်ခဲ့သည်

(၁၇-၈-၂၀၀၈ တွင် မေ့ပစ်ခဲ့သော ကျမရဲ့ သူငယ်ချင်းမလေးအတွက်)

15 Comments:

မယ့်ကိုး said...

ဒီစာလေးကို တော်တော် သဘောကျမိပါတယ်။ရေးထားတာလေး လှတယ် မ။
တလုံးချင်းစီကို ဖတ်သွားပါတယ်။

Anonymous said...

အိပ်မက်တစ်ခုကနေ အစပြုပြီး အတိတ်နေ့ရက် တစ်ချို့ဆီကို စာရေးသူက ဆွဲခေါ်သွားခဲ့တယ် ... လူနှစ်ယောက်နဲ့ စာဖတ်သူကို မိတ်ဆက်ပေးမယ် ... တစ်ယောက်က စာရေးသူ ..
နောက်တစ်ယောက်က သူသိပ်ချစ်ရတဲ့ သူငယ်ချင်း ..
သူတို့နှစ်ယောက် မခွဲအတူ ဆိုးတူကောင်းဖက် လက်တွဲခဲ့ကြတယ် ... သူတို့ ၂ ယောက် သိပ်သံယောဇဉ်ရှိခဲ့ကြတယ် ..
သူတို့ ၂ ယောက်က ယုံကြည်ချက်တွေ မတူကြဘူး ... သူငယ်ချင်းဆိုပေမယ့် တစ်ယောက်က မာနကိုရှေ့တန်းတင်တတ်တယ် ... ကိုယ်မှားနေမှန်းသိပေမယ့် အမှားကို သိတဲ့ အချိန်မှာ အမှန်ကို ဝန်မခံရဲခဲ့ဘူး ..

နောက်တစ်ယောက်ကတော့ စာရေးသူ .. သူက ယုံကြည်ချက် ပြင်းထန်တယ် .. သူငယ်ချင်း တစ်ယောက်အပေါ်မှာရော .. သူ့ပတ်ဝန်းကျင် အသိုက်အဝိုင်းက သူဆက်ဆံနေတဲ့ သူတွေ အပေါ်မှာရော ယုံကြည်မှု တစ်ခုနဲ့ တန်ဖိုးထားဆက်ဆံခဲ့တယ် .. သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့ ဘဝတန်ဖိုးတွေ ကြားထဲမှာ ပြိုလဲသွားခဲ့တာကတော့ တန်ဖိုးရှိတဲ့ သူငယ်ချင်း သံယောဇဉ်တစ်ခုပေါ့ ... ယုံကြည်ချက် ပြင်းထန်မှုတွေကြောင့် သူတို့နှစ်ယောက်ရဲ့ မေတ္တာတရား ပျက်စီးသွားသယောင် ထင်ရပေမယ့် တကယ်တော့ သူတို့ ၂ ယောက်လုံး တစ်ယောက်ကို တစ်ယောက် သံယောဇဉ် မပြတ်နိုင်ကြသေးဘူးဆိုတာ ပို့စ်အောက်ဆုံးမှာ ဖော်ပြခဲ့တဲ့ " ၁၇-၈-၂၀၀၈ တွင် မေ့ပစ်ခဲ့သော ကျမရဲ့ သူငယ်ချင်းမလေးအတွက် " ဆိုတဲ့ စာကြောင်းက ဖော်ပြနေပါတယ် .. တကယ်တော့ စာရေးသူရော ... သူမရော ဒီ့ထက်ပိုပြီး နူးညံ့ခဲ့သင့်ပါတယ် ... ယုံကြည်မှုတွေ အနဲငယ်စီလောက် လျော့ချနိုင်ခဲ့သင့်ပါတယ် .. ဘာပဲ ဖြစ်ဖြစ်ပါလေ .. တစ်ချိန်ချိန်မှာတော့ အားလုံး အနည်ထိုင်သွားမှာပါပဲ ... အရာအားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းခဲ့ပါတယ်

kiki said...

ဒီလောက်တောင်ချစ်ခင်ခဲ့ ကြတဲ့ သူငယ်ချင်း ၂ ယောက် ဘယ်လို အကြောင်းကြောင့်များ တိကနဲ ပြတ်သွားကြရတာလဲနော် ။အထင်အမြင်လွဲနေကြတာမျိုးဆိုရင် ပွင့်ပွင့်လင်းလင်းပြောဆို ညှိနှိုင်းလို့ ရပါတယ် ။ယုံကြည်မှု ဟာ အရေးကြီးတယ်ဆိုတာမှန်ပါတယ် ။ဒါပေမဲ့  ဒီလောက်ကြီးထိ ဖြစ်သွားရတာကတော့ စိတ်မကောင်းစရာဘဲပေါ့ ။
ခင်မင်လျှက်..
ကိကီ ။

မေငြိမ်း said...

ဟုတ်တယ်. ယုံကြည်မှု ပျက်သွားရင်.. ဘာမှ လုပ်မရတော့ဘူး။ တီချယ်လည်း တူတူပဲ။ :(

မိုးခါး said...

အင်း
အမရယ် .. ဘာပြောရမှန်းတောင်မသိဘူး
ညီမဆိုလည်း ကိုယ်စိတ်နဲ့မတွေ့ဘူးဆိုရင်လှည့်တောင်မကြည့်တတ်ဘူး ..
ဒါပေမယ့် တကယ်တော့ မကောင်းဘူးအမရဲ့ ..
တချိန်ချိန်နောင်တတွေနဲ့ ပြန်ဆုံတွေ့မယ်ဆို စိတ်မကောင်းစရာ
ခွင့်လွှတ်လိုက်ပါ .. တယောက်နဲ့တယောက် အပြုံးတွေနဲ့ပဲ လမ်းခွဲတာကောင်းပါတယ် ..
ခက်ပါတယ် အမရယ် .. သိတော့ပါဘူး .. :D

ပျော်ရွှင်ပါစေး)

ဂျပန်ကောင်လေး said...

ဘာဖြစ်တယ်ရယ်တော့မသိဘူးပေါ့လေ.. ဒါပေမယ့် သူငယ်ချင်းဆိုတာ မမေ့ပါနဲ့ မဆုရေ.. စိတ်တော့မကောင်းဘူး.. အဲလိုဖြစ်သွားတာ..း(

ဂျပန်ကောင်လေး said...

ဟင်း.. ကြားစကားနဲဖြစ်သွားခဲ့တာပေါ့နော်.. စိတ်မကောင်းစရာပဲ...

မိုးမြင့်အောင် said...

ဟုတ်တယ် ယုံကြည်မှုဟာအရေးကြီးဆုံးပဲဆိုတာ ဘာသာတရားများမှာ သင်ကြားထားတာတွေနဲ့ မဆုမွန်က အညီနေတာပဲ

Mogok Thar said...

ယုံကြည်မှုတွေ ပျက်ခဲ့လည်း သံယောဇဉ်နဲ့ ရင်းနှီးမှုကတော့ ကျန်နေတတ်ပါသေးတယ်။ အရင်လို အရာရာတိုင်း တိုင်ပင်ရင်းနှီးအောင် မဖြစ်နိုင်တော့ပေမဲ့ သူငယ်ချင်းတော့ ဖြစ်လို့ ရမယ်ထင်ရဲ့။ ဘာရယ်ဟုတ်ပါဘူး။ ဖတ်ပြီး စိတ်ထဲ ရှိတာလေး ပြောကြည့်တာပါ။ အခါးတွေ ပြေပျောက်ပါစေ။

zue said...

ယုံကြည်မှု့က အရေးကြီးတယ်နော်.ဇူးလည်း အဲလိုမျိုးပဲ ဖြစ်ခဲ့ဖူးတယ်.

ဖြိုးဇာနည် said...

ယုံကြည်မှုဆိုတာအသက်ရှင်နေတဲ့
လူသားတိုင်းမှာအသိစိတ်ကအရှိဘူးထင်
နေရင်တောင်မသိစိတ်ကရှိနေမှာပါပဲ
မမဆုမွန်အတွက်ကတော့ယု့ကြည်မှု
နဲ့အသက်ရှင်နေငေသးသရွှေ့အောင်မြင်
မှုဆိုတာဟာလဲ နောက်ကနေအမှီလိုက်လာ
ပါလိမ့်မယ်။

ခင်တဲ့မောင်လေး

Nge Naing said...

ကြားသိရတာ စိတ်မကောင်းပါဘူး။ ဒီလောက်ခင်တဲ့ သူငယ်ချင်း နှစ်ယောက်ကြားမှာ ဒီလို မြန်မြန်ဆန်ဆန် တစိမ်းတွေလို ဖြစ်သွားတာဟာ ခင်သာခင်ပြီး ရင်းနှီးပွင့်လင်းမှု သိပ်မရှိဘူးလို့ ထင်တယ်။ ပွင့်လင်းမှု ရှိရင် ဒီလို စိတ်ထဲမှာ အစိုင်အခဲ ဖြစ်ကျန်နေလိမ့်မယ် မထင်ဘူး။ မဆုမွန်နေရာမှာ အစ်မသာဆိုရင် နင်ဘာဖြစ်နေတာလဲလို့ ပွင့်ပွင့်လင်းလင်းမေး ဖြစ်လိမ့်မယ်။ အခုက အဲဒီလိုမမေးကြတော့ မာနပြိုင်နေကြသလို ဖြစ်နေတယ်။ ဒီလောက်ခင်တဲ့ သူငယ်ချင်းနှစ်ယောက်ကြားမှာ မာနဆိုတာ လိုအပ်မယ်မထင်ဘူး။

ဗန်ပိုင်းယား said...

အင်း . တစ်ခါက သယ်ချင်းတွေ နားလည်မှုတွေ လွှဲခဲ့ဘူးတယ် ...

စန္ဒီမိုးမြင့် said...

မမ ဆုမွန်ရေ....
ပို့စ်တိုင်းလိုလို ဖတ်ဖြစ်ပေမယ့် ကွန်မန့် မရေးဖြစ်ခဲ့ဖူးပါဘူး
ပထမဦးဆုံးအကြိမ်ကွန်မန့်ရေးတာလို့ ပြောလို့ရပါတယ်
သတင်းတွေရေးတာကောင်းသလို စာရေးလည်းကောင်းတဲ့ မမဆုမွန်ကို အပြင်မှာတွေ့ဖူးချင်ပါတယ်
ညီမ တွေ့ဖူးချင်တဲ့ထဲ မှာလဲ မမဆုမွန်တစ်ယောက်ပါပါတယ်
ခင်မင်လျက်
စန္ဒီမိုးမြင့်

သီဟသစ် said...

မဆုမွန်ရေ..
ဂျူးဝတ္ထူ တစ်ပုဒ်ကို ဖတ်လိုက်ရသလိုမျိုးခံစားရပါတယ်။ မဆုမွန် စာရေးကောင်းလိုက်တာ..

ယုံကြည်မှုလေးတွေ ပြန်လည်တည်ဆောက်နိုင်ပါစေ...

တစ်ခါတစ်ရံတော့လည်း ပြောသလောက်မလွယ်ပါ..