အခုနေ မဆုမွန် ဘာလုပ်ချင်နေလဲ မေးလာရင် လူသတ်တမ်း ကစားချင်တယ်လို့ ဖြေမိမှာ သေချာတယ်။ ကျွန်မ ထိုင်းမှာ အကြိုက်ဆုံးကစားနည်းကို ပြောပါဆိုရင် အုပ်စုလိုက် တကယ့်သေနတ်တွေကို တကယ့် ဗလာ ကျည် တွေနဲ့ အသေ ပစ်ရတဲ့ စစ်တိုက်တဲ့ ကစားနည်းပါ။(ဘန်ကောက်က စစ်ပွဲမှာ တိုက်ပွဲဝင်ခါနီး ကျွန်မ peace လုပ်ပြခဲ့ပြီး အဲ့ဒီ့နေ့က ကျွန်မ ပစ်မှတ် တော်တော်များများ မှန်အောင်ပစ်နိုင်ခဲ့ပါတယ် )
စစ်တိုက်တမ်းကစားတဲ့ တိုက်ပွဲမှာ သုံးတဲ့ ကျည် ဗလာတွေက မှန်ရင် တကယ် အသည်းခိုက်အောင်နာပါတယ်။ ဒါကြောင့် တိုက်တဲ့သူ အချင်းချင်း မျက်နှာချင်းဆိုင် ရုတ်တရက် တွေ့ရင် တေ့ မပစ်ဖို့ အထပ်ထပ် တင်းတင်း ကျပ်ကျပ် သတိ ပေးထားပါတယ်။ ကျွန်မကတော့ အဲ့လို တကယ် ပစ်ရတာကို ကြိုက်လွန်းလို့ ချင်းမိုင်မှာရော ဘန်ကောက်မှာပါ ကျွန်မ အခြေအနေပေးတာနဲ့ မက်မက်မောမော သေနတ်ပစ်တမ်း ကစားဖြစ်ပါတယ်။
တိုက်ပွဲဝင်ရတဲ့ သတ်ကွင်း ပစ်ကွင်းက တကယ့်ကို ကျယ်ဝင်းပါတယ်။ ဘေးပတ်ပတ်လည်မှာ ကျည်ဆံတွေ အပြင်ကို မှန်မှာစိုးလို့ ကျည်ကာ ဇကာတွေ ကာရံထားပါတယ်။ ပစ်ကွင်းထဲမှာတော့ ကတုတ်ကျင်းတွေ နံရံတွေ ကင်းပုန်း ၀ပ်စရာတွေ အပြည့်ထားပေးထားပါတယ်။ ချင်းမိုင်က ပစ်ကွင်းကတော့ တောအုပ်ထဲမှာပါ ကျူရိုးထရံကာ ကတုတ်ကျင်း ရာဘာဘီးအစွပ်ကာဗာတွေ နောက် မြေကတုတ်ကျင်းတွေထဲမှာ ပစ်ရပါတယ်။ နောက် တောအုပ်ထဲက လျိုမြောင်တွေထဲကို တောအုပ်ထဲ သစ်ပင်တွေ ခြုံဘုတ်တွေကြားထဲ ပုန်းခို ၀ပ် ၀မ်းလျား ထိုး တက်ပြီး ပစ်ရတာပါ။ ဘန်ကောက်က ထိုင်းစစ်တပ်ဝင်းထဲက ပစ်ကွင်းကတော့ ဂိုဒေါင်လိုမျိုး တိုက်တန်းလျား လိုမျိုး တိုင်ကီပုံးပြတ်တွေ ထောင်ထားရတယ် လှေကားတွေ ပြူတင်းပေါက်တွေ တံခါးပေါက်တွေကနေ တရကြမ်း ၀င် တရကြမ်း ပစ်ခတ်ကြတာပါ။ အပေါ်ထပ်ကလဲ လက်ဖြောင့်တပ်သားတွေရှိသလို အောက်ကလဲ လက်နတ်ကြီးတွေ လက်နတ်လေးတွေနဲ့ စက်တပ်သေနတ်တွေနဲ့ ပစ်ကြပါတယ်။
စစ်တိုက်မယ့် အုပ်စုတွေကို တစ်ဘက်နဲ့ တစ်ဘက် အကျီ အနီရောင် နဲ့ အပြာရောင် လက်ပတ်စည်းတွေနဲ့ ခွဲပါတယ်။ အထက် အောက် တစ်ဆက်တည်း ကိုယ်အပြည့်ဝတ်ရတဲ့ စစ်အကျီရှည်တွေနဲ့ ပြောက်ကျား အကျီတွေ ပေးပါတယ်။ အရပ်ရှည်တဲ့သူတွေအတွက် စစ်အကျီတွေက ၀တ်ရတာ တော်တော်လေး စမတ်ကျ ပါတယ် ကျွန်မ အရပ်က ငါးပေခြောက်ရှိတော့ အနေတော်ပါ အရပ်ပုတဲ့သူ ပိန်တဲ့သူတွေအတွက်တော့ စစ်အကျီက ကို့ယိုးကားယားနဲ့ ဗိုသီဗတ်သီဖြစ်ပြီး ရယ်စရာဖြစ်နေပါတယ်။
နောက် မျက်နှာ ကို အပြည့်ကာတဲ့ ကျည်ဆံကာ မျက်နှာဖုံးစွပ် ပေးပါတယ်။ (ကျွန်မက ပါဝါက ၃၀၀ကျော် နေတော့ မျက်မှန်မပါရင် ဘာမှမမြင် ရတော့ မျက်မှန်ပါ မျက်နှာဖုံးထဲထည့်ရပါတယ်) ခေါင်းကိုလဲ ကျည်ကာ ဦးထုပ်စွပ်ရပါတယ်။ နောက်ပြီး ကျည်မှန်ရင် မနာရအောင် လက်စွပ်တွေကိုလဲ အပြည့်စွပ်ရပါတယ်။ ကျည်ကာ အကျီတွေ တစ်ထပ် ထပ်စွပ်ပြီး ခါးပတ်နဲ့တင်းတင်းစီးထားတဲ့ အကျီကို စမတ် ကျကျဝတ်ပြီးရင်တော့ ကိုယ် ကိုင်မယ့် သေနတ်နဲ့ ကျည်ဆံ သွားထုတ်ရပါတယ်။
ကျွန်မကတော့ ခလုတ်မောင်းဆွဲရတာ ကောင်းပြီး ပြင်းအားမြင့်ပြီး ကျည်ဆံတရစပ်ထွက်တဲ့ အော်တိုမောင်းပြန် အတိုသေနတ်ကို အမြဲရွေးပါတယ်။ ချင်းမိုင်က ကျည်ဆံတွေကတော့ မင်ကျည်ဆံတွေပါ။ ဘန်ကောက်က စစ်တပ် ပစ်ကွင်းမှာတော့ ဗလာကျည်စေ့ အမဲလုံးလေးတွေ ပေးပါတယ်။နောက် အားလုံး စစ်ဆေးပြီးပြီဆိုရင် လက်နတ် ကိရိယာ စစ်ဝတ်စုံပြည့် အသင့် ရှိနေပြီဖြစ်တဲ့ တိုက်ပွဲဝင် သူရဲကောင်းကြီး တွေကို ဒိုင်လူကြီးတွေက စည်းကမ်းတွေ ပြောပါတယ်။
တစ်ဘက်နဲ့တစ်ဘက် တစ်ခြမ်းဆီမှာ လျို့ဝှက်ထားတဲ့ အလံကို လုပြီး အနိုင်အရူံးဆုံးဖြတ်ရမှာဖြစ်ပါတယ်။ တိုက်ပွဲစတဲ့ အချိန်မှာကစပြီး မျက်နှာဖုံးကာတွေကို စွပ်ထားရပြီး သေသွားပြီး ပွဲက ထွက်ရင်တောင် မျက်နှာဖုံးကို (လုံးဝ) ချွတ်ခွင့်မရှိပါဘူး ကိုယ်က သေလို့ထွက်ရပေမယ့် ကျည်ဆံတွေက အရပ်လေးမျက်နှာက လာနေတဲ့ အတွက် အန္တရယ်သိပ်ကြီးလို့ပါ။ ဘန်ကောက်မှာ တစ်ယောက် မျက်နှာဖုံးကာကို ချွတ်မိရင် အကုန် ထွက် ရပါတယ် အဲ့သလောက်အထိ တင်းကျပ်ထားပါတယ်။ မျက်နှာဖုံးကလဲ မေးအောက်နေ ခေါင်းအထက်အထိ ကာထားတော့ တော်တော်လေးပူပါတယ်။ သေသွားတဲ့သူတွေက ငါသေပြီ အေးပြီဆိုပြီး မေ့ပြီး ရုတ်တရက် ချွတ်မိ တတ်ပါတယ်။ချင်းမိုင်တိုက်ပွဲတုန်းက အဲ့ဒီ့ ဘန်ကာဘေးက ချောင်းကြည့်နေတာ ကျွန်မပါ ကျည်ဆံမှန်တာ မျက်နှာတောင် နောက်လန် ထွက်သွားပါတယ်။ စစချင်းပွဲမှာတော့ ကျွန်မ သေပါတယ်။ နောက်တစ်ခုကတော့ ကျည်ဆံမှန်ရင် ဘယ်သူကပဲပစ်ပစ် ဘယ်ကိုပဲ မှန်မှန် သေပါတယ်။ ချင်းမိုင်မှာတော့ ရှင်းပါတယ်။ ကျည်ဆံက မှင်ကျည်ဆံ ဆိုတော့ ထိတာနဲ့ ထိတဲ့နေရာမှာ ဖောင်ကနဲ ထိတာနဲ့ ပေါက်ကွဲသွားတဲ့ မှင်အရောင်က ပြာနှမ်းသွားလို့ပါ။ ဒါကတော့ မျက်နှာကို မှင်ကျည်ဆံမှန်သွားလို့ ကျဆုံးကြောင်း သေနတ် ထောင်ပြပြီး ထွက်သွားတဲ့ တပ်သား တစ်ယောက်ပါ။ ဒိုင်က တန်းမြင်နိုင်တော့ အပြာရောင်မှန်ပြီ ဆိုတာနဲ့ တန်းထွက်ခိုင်းပါတယ်။ ဘန်ကောက်မှာတော့ ကျည်ဆံ ဗလာ အလုံးတွေဆိုတော့ ဟိုကလဲ မမြင်မကမ်း တရစပ် အသေပစ်တော့ မိုးပျံနေတဲ့ကျည်ဆံက ကိုယ့်ကို မှန်ပေမယ့် ဒိုင်မမြင်ရင် ကိုယ်က အသားနာ သွားရင် တောင် ဆက်တိုက်ချင် သေးတာနဲ့ ထိတာနဲ့ ၀ပ်ပြီး မှောက်ချ လိုက်ပါတယ် အသားနာတာ မပြေမချင်း ငြိမ်ငြိမ်လေး နေပါတယ်။
ဒီမှာ ပြောချင်တာတစ်ခုကတော့ တိုက်ပွဲမှာ အဆိုးဆုံးက နောက်ကျောက လာတဲ့ ကျည်ဆံပါပဲ။ များသောအားဖြင့် တိုက်ပွဲစတဲ့ ၀ီစီမူတ်ပြီးဆိုတာနဲ့ သေနတ်သံတွေက တဖြောင်းဖြောင်း တဗုံးဗုံး တရွှီရွှီနဲ့ တစ်ဘက်နဲ့ တစ်ဘက် မဲမဲမြင်တာနဲ့ အသေ ဆော်ကြ တော့တာပါပဲ။ ဆိုတော့ ကစားဖူးတဲ့ တိုက်ပွဲ အတွေ့အကြုံ မရှိတဲ့သူဆို အရမ်းကြောက်လန့်ပြီး မျက်စိစုံမှိတ်ပြီး သေနတ်ကို အသေပစ်ပါတော့တယ်။
နောက်တစ်ခုက ကိုယ်သိပ်ကြည့်မရတဲ့ ကိုယ့်တပ်ထဲက လူ ကပ်တပ်တပ် လုပ်နေပြီဆိုရင် နောက်ကျောကို ချိန်ပြီး ပစ်ခံထိတတ်ပါတယ်။ ဒါကြောင့် တိုက်ဖို့ လူရွေးရင် မုန်းသူဘက်ကို ရန်သူထားပြီး ချစ်သူတွေနားပဲ ပြေးကပ်ပြီး နေရာယူ ရပါတယ်။ ပထမဆုံးတိုက်ကြတဲ့ တိုက်ပွဲမှာတော့ အကျအဆုံး အများဆုံးက နောက်ကျောက ကျည်ဆံတွေကြောင့် ကိုယ့်တပ်ထဲက လူတွေ အကုန်နီးပါး တင်ပါးတွေ ကျောကုံးတွေ နောက်စိတွေ မှန်ပြီး သေကုန်တာပါ။
ပစ်ကွင်းအပြင်ကို ထွက်လာရတဲ့ အစောဆုံးသူတွေကို ကြည့်တာနဲ့ သေခဲ့ရတဲ့ သေနတ်ဒဏ်ရာက နောက်ကျော တွေမှာပဲ အများဆုံးမှန်ပြီး သေလာကြတာပါ။ ဒါကြောင့် ဘယ်တိုက်ပွဲပဲဖြစ်ဖြစ် တိုက်ပွဲတစ်ခုမှာ အရင်သေရင် အရင်ထွက်ရရင် နောက်ကျောက ပစ်တဲ့ ကျည်ကြောင့်ပဲ ဆိုတာ သင်္ခန်းစာရခဲ့ပါတယ်။
နောက်တစ်ခုကတော့ တိုက်ပွဲမှာ မသေပဲထွက်ရတာက ကျည်ဆံကုန်သွားတာပါ။ တကယ်တော့ ကျည်ဆံကို အလုံအလောက် ဖြည့်ပေးထားပါတယ်။ မမြင်မကမ်း သေနတ်ကို မှန်ချင်ရာမှန် ပစ်မှတ်ကို တိတိကျကျ မချိန်ပဲ တရစပ်ပစ်ခတ်တော့ အချိန်ကြာလာတဲ့အခါ ကျည်ဆံက ကုန်သွားတတ်ပါတယ်။ အဲ့ဒီ့အခါ ကျည်ဆံကုန်တဲ့သူ ပစ်ဖို့လက်နတ်ပျက်သွားတဲ့သူကို တိုက်ပွဲက ထုတ်ပစ်ပါတယ်။ မသေပဲ ထွက်ရတာ တော်တော်နာပါတယ်။ ဒါကြောင့် တိုက်ပွဲမပြီးခင် ကျည်မကုန်စေနဲ့လို့ အမြဲ ဟာသလုပ်ဖြစ်ပါတယ်။
ဒါပေမယ့် များသောအားဖြင့် ကျည်ဆံကုန်တဲ့သူတွေက မထွက်ချင်သေးလို့ သေနတ်ကို ကိုင်ပြီး ပစ်ချင် ဟန်ဆောင်တတ်ပါတယ်။ ဒီလိုလူတွေကို ပစ်ရတာ သိပ်အရသာရှိပါတယ်။ ဒိုင်က မသိပေမယ့် အချင်းချင်း ကတော့ ရန်သူတွေထဲက ဘယ်သူ့မှာ ကျည်မရှိတော့ဘူး ဆိုတာ သိပါတယ်။ ကျွန်မဆို အရမ်းပစ်နေပြီးမှ ရုတ်တရက် ငြိမ် ကုတ်သွားတဲ့ အဲ့လူနားကို ကပ်ပြီး ကျည်ဆံ တစ်ချက် နှစ်ချက် သွေးတိုးစမ်း ပစ်ကြည့်ပါတယ် တိုးပြီး ထပ်ပစ် တယ် သူ့ဆီက ပြန်ပစ်တဲ့ ကျည်သံမကြားရတဲ့အခါမှာတော့ တရှိန်ထိုးပြေးတက်ပြီး သူ့ကို ပစ်ချလိုက်တဲ့ အခါမှာတော့ သူ မခံနိုင်တော့ပဲ I dead ဆိုပြီး သေသွားပါတယ်။
တိုက်ပွဲအစပိုင်းမှာ သေနတ်သံတွေ ညံသလောက် တိုက်ပွဲ အလယ်လောက်မှာ ကျည်ဆံသံတွေ ငြိမ်သွားပါတယ် နောက်ဆုံးပိုင်း မှာတော့ ကိုယ့်အလံ သူ့အလံလုကြတဲ့အခါ တစ်ချက်ဆို တစ်ချက်ဆိုသလောက် အရမ်း အရေးကြီး ပါတယ် ကျည်သံတစ်ချက် ကြားရင် တစ်ယောက်သေပြီဆိုတာ ကျိန်းသေပေါက် တွက်လို့ ရပါတယ်။ မျက်စိရော နားပါ ရှင်ရှင်ထားရပါတယ်။ တိုက်ပွဲအစမှာ ကိုယ့်ဘေးက လူက ကိုယ့်လူပေမယ့် တိုက်ပွဲဆုံးခါနီးမှာ ကိုယ့်ဘေးက လူက ကိုယ့်ကို သတ်မယ့်သူဖြစ်နေတတ်တယ်ဆိုတဲ့ သင်္ခန်းစာရပါတယ်။
နောက်တစ်ခုကတော့ တိုက်ပွဲမှာ အရေးကြီးဆုံး စည်းကမ်းပါ။ စည်းကမ်းဖောက်တဲ့လူတွေကြောင့် အမြဲတိုက်ပွဲပျက်ပါတယ်။
တိုက်တဲ့အခါ တစ်ဖက်နဲ့တစ်ဖက်မျက်နှာချင်းဆိုင် လက်တကမ်း တွေ့ကြရင် လုံးဝ မပစ်ရပါဘူး ပြင်းအားမြင့်တဲ့ အတွက် မျက်စိနဲ့ မျက်နှာကို ထိခိုက်မှာစိုးလို့ပါ။ အဲ့ဒီ့အခါ မှာ တည့်တည့်ချိန်ပြီး ဦးတဲ့သူက ဦးအောင် you dead လို့ အော်ရပါတယ် အငိုက်မိတဲ့သူကတော့ သေပါတယ်။ ဒါပေမယ့် များသောအားဖြင့် ရုတ်တရက် ရင်ဆိုင်တွေ့တဲ့အခါ You dead လို့ ငယ်သံပါအောင် အော်ပြီး ဦးအောင်ပြိုင်ပစ်တဲ့ သူတွေချည်းပါပဲ။ လန့်ပြီး မျက်နှာဖုံးတွေ ကျွတ်ထွက်မတတ် ကျည်ကာအကျီတွေ ပေါက်ပြဲမတတ် အသေ ဆော်ကြပါတော့တယ်။ မသေမချင်း ပစ်နေကြတာ ဒိုင်လာမှ ရပ်ပါတယ်။ ဒါကြောင့် ဘန်ကောက်က စစ်တပ်က ဒိုင်တွေကတော့ တော်တော် စမတ်ဖြစ်ပါတယ် သေတာနဲ့ တန်းလာပြီး ထွက်ရပါတယ်။ ကျည်ဆံရပ်တာနဲ့ လာစစ်ပြီး တန်းထွက် ခိုင်းပါတယ်။ ဒါကြောင့် ကျွန်မက ကိုယ့်တပ်သားနား ဒိုင်သွားပြီဆိုတာနဲ့ ဒိုင်ရဲ့ တင်ပါးကို တရစပ် ပစ်ကူ ပေးပါတယ်။ အင်အားမနည်းအောင်ပါ (ဟီး) ဒိုင်လှည့်ကြည့်တာနဲ့ လှိမ့်ပြီး ပြေးရင် ပြေး မပြေးရင် ဒေါင့်မှာ ပုန်းကပ်နေပါတယ်။ တစ်ဘက်နဲ့တစ်ဘက် အရမ်းကပ်နေပြီဆိုရင် ဒိုင်က ဘေးနားမှာ လာကြည့်နေပါတယ်။
နောက်ဆုံး အလံကို ရအောင်ဖြုတ်နိုင်ပြီဆိုရင်တော့ တိုက်ပွဲအောင်နိုင်ပြီဖြစ်ပါတယ်။ များသောအားဖြင့် အလံရအောင် မဖြုတ်နိုင်ပါဘူး နောက်ဆုံးတစ်ယောက်ယောက်က အလံကို အသေအမြဲကာကွယ်တတ်ပါတယ်။ ဘေးနားကို လုံးဝကပ်လို့မရအောင် သူက အသေခံပြီး ကာကွယ်ပေးပါတယ်။
ဒါကြောင့် များသောအားဖြင့် အနိုင်အရူံးတွေကို စည်းကမ်းဖောက်မူတွေနဲ့သတ်မှတ်ပါတယ်။
တိုက်ပွဲမှာ ကျွန်မအမုန်းဆုံးက တိုက်ပွဲမပြီးခင် ပွဲသိမ်းခရာတွက်တာကိုပါပဲ။ အလံတောင် မမြင်ရသေးခင် ကိုယ်တောင် ကျည်မဖောက်ရသေးခင် ကိုယ်တောင် ၀င်မစီးရသေးခင် တစ်ယောက်ယောက် စည်းကမ်း ဖောက်မူ ကြောင့် ပွဲနားလိုက်ရပြီဆိုရင် ကျွန်မ အရမ်းစိတ်ဆိုးပါတယ်။ ပွဲသိမ်းရပြိဆိုတာနဲ့ အဲ့လူ ခြေထောက်ဖြစ်ဖြစ် တင်ပါးကိုဖြစ်ဖြစ် ကျွန်မ အရောက်သွားပြီး နာအောင် ပစ်ထည့်လိုက်ပါတယ်။ ဒါကြောင့် စစ်ဖြစ်ရင် ကျွန်မ နားမှာ ဘယ်သူမှ မနေရဲကြပါဘူး။ (စတာပါ)
ဘာပဲဖြစ်ဖြစ် တိုက်ပွဲတစ်ခု တိုက်ပြီးတိုင်း အသိတရားတစ်ခု အမြဲရလေ့ရှိပါတယ်။ နောက်ပြီး တိုက်ပွဲတစ်ခုပြီးတိုင်း ရူံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ခံစားချက်တစ်ခု အမြဲကျန်ခဲ့ပါတယ်။ ကျွန်မ စစ်တိုက်တမ်း ကစား ရတာကို အရမ်းနှစ်သက်ပါတယ်။
တိုက်ပွဲတစ်ခုမှာ လူနဲ့လူချင်း လက်နတ် နဲ့ လက်နတ်ချင်း ညီတူမျတူ တိုက်ပွဲဝင်ခွင့်ရပါရဲ့ စည်းကမ်း ဖောက်မူတွေ ညစ်ပတ်မူတွေ ဟန်ဆောင်ဖုန်းကွယ်မူ လိမ်ညာမူတွေ ကြောင့် မမျတတဲ့ တိုက်ပွဲရလဒ်တွေ မဖြစ်သင့်တဲ့ တိုက်ပွဲအနေအထားတွေ ပြောင်းကုန်ပါတယ်။ ဒါကြောင့်ညစ်ပတ်မူ မပါတဲ့ တရားသော စစ်ပွဲတွေကို ပိုပြီး ကြိုက်ပါတယ်။ အနိုင်ကျင့်မူတွေအပေါ် မတရားမူတွေအပေါ် တွန်းလှန်တိုက်ခိုက်ရမယ့် ကာကွယ်ရမယ့် အသိတရားနဲ့ တရားတဲ့စစ်ပွဲတွေကို ကျွန်မ ကြိုက်ပါတယ်။
တိုက်ပွဲမှာ ကျွန်မ မသေချင်ဆုံးက နောက်ကျောက ကျည်ဆံကြောင့်ပါ။ နောက် ကျွန်မ တိုက်ပွဲမပြီးခင်လည်း မဲမဲမြင်ရာ လိုက်ပစ်မိလို့လဲ ကျည်မကုန် ချင်ပါဘူး။ နောက် ကျွန်မ တိုက်ပွဲမပြီးခင် သေပြီဆိုတာနဲ့ ကိုယ် တိုက်ပွဲမှာ ၀င်ပါခွင့် မရှိတော့တာနဲ့ မျက်နှာဖုံး ချက်ချင်း ကောက်ချွတ်ပြီး ပွဲပြီးအောင် လုပ်တတ်တဲ့သူ မဖြစ်ချင် ပါဘူး။ ကျွန်မ အဖြစ်ချင်ဆုံးကတော့ အလံကို နောက်ဆုံး အချိန်အထိ ဖက်တွယ်ပြီး အသေခံ ကာကွယ်သွားမယ့် တိုက်ပွဲဝင် တပ်သား တစ်ယောက်ဖြစ်ချင်ပါတယ်။
ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကျွန်မ စိတ်ထဲ ဘယ်ကိစ္စမှာမဆို မတရားသဖြင့် အနိုင်ကျင့်ခံရတယ်လို့ ခံစားလာတိုင်း သေနတ်ပစ်ကွင်းတွေဆီကို ခြေဦးအမြဲလှည့်မိပါတယ်။
8 Comments:
မိုက်တယ်နော် .. ကစားကြည့်ချင်တယ် ..
ပထမဆုံးလာဖတ် မန့်သွားပါတယ်ဗျာ...
ကျတော်လဲသေနတ်ဆို စိတ်ဝင်စားတယ် ဗျ..
ရွာမှာ ဘုရားပွဲ သူများသေနတ်ဖောက်ရင် ကျတော် တောင်းဖောက်လေ့ရှိတယ် သူတို့ကခင်တော့ တချက်လောက်ပေးဖောက်တယ်..။ အစ်မလို့မျိုးသေနတ်ပစ်တိုင်းဆော့ချင်လိုက်တာဗျာ..။
အားကျတယ်..ဗျာ..။
ငါ့တူမကြီးလည်း လက်အနာ ပျောက်သွားလို့ စစ်သွေးကြွနေပြီထင်တယ်...း)
ဒါနဲ့ ကြုံတုန်း ဗဟုသုတ ပြောရဦးမယ်...
အခုကစားနေတဲ့ သေနတ်တွေက pellets ခေါ်တဲ့ Paint Ball တွေသုံးတာပါ...
တူမကြီးပြောနေတဲ့ ဗလာကျည်ဆိုတာ တကယ်တော့ Blank Round (အရပ်ခေါ်တော့ ဘလိုင်းဒေါင့် ပေါ့လေ) ကို ဆိုလိုတာပါ။ ကျည်ဆံ (cartridge) မှာ ကျည်ဖူး (bullet) မပါဘူး။ မီးတော့ ပွင့်တာပေါ့လေ။ ဗလာကျည် (Blank Cartridge) လည်း ခေါ်ပါတယ်။ ရုပ်ရှင်တွေထဲမှာ ပစ်နေကြတဲ့ သေနတ်တွေက အဲသည်ကျည်တွေ သုံးတာပေါ့...
နောက်တမျိုးကတော့ Riot တွေကို နှိမ်နင်းဖို့ သုံးတဲ့ rubber bullet တွေအတွက်လည်း ဗလာကျည်တွေကို သုံးကြပါသေးတယ်...
ကိုရီးယားကားမှာတော့ အဲဒီကစားပုံတွေကို ကြည့်ဖူးတယ်။
သိပ်ပင်ပန်းတာပဲ ဒါပေမယ့် မိုက်တယ်နော်..
အမရေ သေနတ်ပစ်တမ်းဆော့တဲ့ဂိမ်းက ဘန်ကောက်ရဲ့ ဘယ်နားမှာရှိတာလဲ။ နေရာလေ တဆိတ်လောက်ပြောပြပါလား။ ဒီပို့ဖတ်ပြီး ကစားချင်လာလို့။ ဟီး သူငယ်ချင်းတွေစုပြီး သွားပစ်ကြမယ်။ တကယ်လို့ website ရှိရင်လဲ လင့်လေးပေးပါလာ။ ကျေးဇူးပဲနော် မဆုမွန်
ဒီပို့ စ်ဖတ်ပြီး ဒေါ်ဆုမွန်ကို လျှော့တွက်လို့ မရချင်စိတ်ပေါ်လာပြီ။ပြည်တွင်းမှာထဲက လက်နက်ကိုင်အဖွဲ့ တခုခုမှာ တာဝန်ထမ်းခဲ့ဖူးနိုင်တယ်။
မဟုတ်ဘူးဆိုရင် ပြည်ပ နယ်စပ် လက်နက်ကိုင်တော်လှန်ရေးတခုခုမှာ ရဲမေတယောက်အဖြစ် တာဝန်ထမ်းဆောင်ဖူးရလိမ့်မယ်။
ဒီနှစ်ခုထဲကတခုခု ဖြစ်ကိုဖြစ်ရမယ်။
သာမန်ယောက်ျားတယောက်ထက်ပိုမိုစိတ်ဝင်စားနေတဲ့ လက်နက်ကိုင်ခြင်းကိစ္စမှာ ရင်းနှီးကျွမ်းဝင်နေတာ။အဲဒါ ပေါ်လွင်နေတယ်။
ပွဲမဝင်ခင် အပြင်က ကျင်းပ ။ များများသာ လေ့ကျင့်ထားပါ ။ စစ်တပ်ဆိုတာ ဘယ်တော့မှ မိုးပေါ်ထောင် မပြစ်ဘူး တဲ့ နော် ။ ဟို လူကြီးပြောခဲ့တဲ့  သမိုင်းဝင် ခြိမ်းခြောက်မှုကြီး ။ မမေ့သေးဘူး ထင်ပ ။
လက်ဖြောင့်တပ်သား ဖြစ်အောင် ဆက်သာလုပ်..
တနေ့ တော့ အသုံးဝင်လာမှာ ။ မယုံ မရှိနဲ့ နော်။
ခင်မင်လျှက်
ကိကီ..
ဆောင်းပါးတွေကို ရင်ခုန်စွာဖတ်သွားတယ် မဆုရေ
Post a Comment