နေ့စွဲများ

ပဲ !!!!!!!!!!! ပြို ဟိုဟို.. ပဲပြုတ်ကို ကိုယ်ပိုင် သံစဉ် တစ်မျိုးနဲ့လမ်းထိပ်က ဟစ်လိုက်တဲ့ ပဲပြုတ်သည် ဦးလေးကြီး ရဲ့ အသံကို အိပ်ယာပေါ်က အတိုင်းသား ကြားလိုက်ရပါတယ်။ မနက်ခြောက်နာရီ ပုံမှန်ပါပဲ။ တကယ့်ကို အချိန် မှန် တဲ့ တိုက်စရာ မလိုတဲ့ မြို့သစ်လေးရဲ့ နိုးစက် တစ်ခုပါ။ အမေ့ ဘုရားရှိခိုးသံ ရပ်သွားပြီး အိုးသံ ခွက်သံ သဲ့သဲ့နဲ့ မီးဖိုချောင်မှာ ကြားလိုက် ရပြီးတဲ့ နောက်မှာတော့ ဈေးသည်ကို အော်ခေါ်တဲ့ အမေ့ ခေါ်သံ ကြား လိုက်ရ ပါတယ်။ ပဲပြုတ်လာပါဦး။ လာပြီ လာပြီ အဒေါ်ရေ ဆိုတဲ့ ဦးလေးကြီးရဲ့ အသံနဲ့အတူ အိမ်ရှေ့က တံခါးကို ဆွဲဖွင့်လိုက် တဲ့အခါ အိမ်ရှေ့သစ်သားတံခါးက တစ်ခြမ်းပြုတ်ကျနေလို့ ပတ္တာကျနေတဲ့ ကျွီဆိုတဲ့ အသံ ကြားရပါတယ်။ အဖေ ပြင်မယ် ပြင်မယ် နဲ့ ပြောနေပေမယ့် သစ်သားက အတိုအထွာ အပိုင်းအစ တောင် ပေနဲ့ တွက်ရောင်းတာ ဈေးမသေးလို့ မပြင်ရသေးတဲ့ တံခါးချပ်လေးပါ။

မင်း အလေးကလည်း တစ်နေ့တစ်ခြား ပါးသွားလိုက်တာ ပဲပြုတ် နည်းနည်း ပို ထည့်ပေးဦး ဆိုတဲ့ အမေ့ အသံနဲ့အတူ အဒေါ်ရေ ပဲဈေးတွေကလည်း တက် မီးသွေးဈေးလဲ တက် ထင်းဖိုးကလည်း မသက်သာ အရင်း ရအောင် တောင် မနည်း ရောင်းနေရတယ် အရင်ကဆို ဒီလမ်းရောက်ရင် နည်းနည်းပဲကျန်တော့တာ အခုဆို တောင်းက တစ်ဝက်တောင် မကျိုးသေးဘူးဆိုတဲ့ ညည်းသံသဲ့သဲ့ကို ကြားလိုက်ရပါတယ်။ အိပ်ယာထဲမှာ မှေးနေရင်းက ရပ်ကွက်ထဲက ပျံကျဈေးလေးထဲမှာ ဈေးဝယ်သူက ငါးရောင်းတဲ့သူကို ချိန်ခွင် လျှာနည်းနည်း ထွက်ပါဦးလို့ အဆစ်တောင်းတော့ လျှာထုတ်ပြပြီး လျှာထွက်နေပြီ အစ်မကြီးရေလို့ ဟာသဖောက်တာကို သွားသတိရမိပြီး ပြုံးမိပါတယ်။

ဆုမွန် သမီး ထတော့ တော်ကြာ ကားနောက်ကျနေမယ် အမေ ထမင်းချိုင့် ပြင်ပြီးပြီ ယူသွားမယ်မဟုတ်လားလို့ အိပ်ယာခေါင်းရင်းက တံခါးဘောင်လေးကို ကိုင်ပြီး ခပ်တိုးတိုး အမေမေးတော့ အင်းအဲ နဲ့ လူးလိမ့်ပြီးမှ ကျိမ်းစပ်နေတဲ့ မျက်လုံးကို အတင်းဖွင့်ပြီး ဒယီးဒယိုင်နဲ့ ထလိုက်ပါတယ်။ နှစ်နှစ်သမီးလေးကတည်းက အတူအိပ်တဲ့ တစ်ဦးတည်းသော ညီမငယ်ပြည့်စုံ ကတော့ သိုးနေတုန်းရှိပါတယ်။ သူအိပ်နေတုန်း အနှောင့်အယှက် ပေးတဲ့သူ ကတော့ သူ့မျက်နှာ ပုတ်ပုတ်လေးနဲ့ မျက်စောင်းတထိုးထိုး လုပ်လို့ မသက်သာလှပါဘူး။

ကျွန်မ အိပ်မူန်စုံဝါးနဲ့ အိမ်ရှေ့ အုတ်လှေကားမှာ ငူငူကြီးထိုင်နေတုန်း အဖေက နောက်ကနေ ဆုမွန် သမီး ရေချိုး တော့လေ အလုပ်နောက်ကျမယ်လို့ အော်လိုက်တော့မှ လှေကားကို တစ်ထစ်ချင်း ဆင်းပြီး အုန်းပင်မှာ ချိတ် ထားတဲ့ စင်လေးထဲက တရုတ် ပက်ဆိုးဒင့်သွားတိုက်ဆေးနဲ့ သွားပွတ်တံကို ယူပြီး ခပ်မြန်မြန် တိုက် လိုက်ပါတယ်။အိမ်ရှေ့က အုတ်စည်ပိုင်းအ၀ိုင်းလေးထဲက ရေအေးအေးလေးနဲ့ ကာဘော်လစ် ဆပ်ပြာ အနီတောင့်လေးနဲ့ တိုက်ပြီး မြန်မြန် ချိုးလိုက်ပါတယ်။ ဒန်ဖလားလေးနဲ့ ရေကို တဗွမ်းဗွမ်း ခပ်ချိုးရတဲ့ အရသာလောက် အေးမြတာ ရှိမယ်မထင်။ အအေးကြိုက်တဲ့ကျွန်မကို တော်တော်နဲ့ ရေချိုးတာ မတက်လို့ အဖေနဲ့အမေက တစ်လှည့်စီ အော်ပြီး ခေါ်ရပါတယ်။

အမြဲတမ်း ရေလဲလုံချည် မေ့တတ်ြ့ပီး အိမ်ပေါ်ကို ရေစက်လက်နဲ့ တက်တတ်တဲ့ ကျွန်မကို အဖေက အမြဲဆူလေ့ ရှိပါတယ်။ ကျွန်မတို့အဖေက အိပ်ယာကနိုးတာနဲ့ တစ်အိမ်လုံး ကို သန့်ရှင်းရေးလုပ် ဘုရားပန်းလဲ ဘုရား သောက်တော်ရေလဲ သောက်ရေအိုး ရေဖြည့် တံမြတ်စည်းလဲ စသဖြင့် ဆေးကြောရေးကို တစ်တောက် တောက်နဲ့ အလုပ်ကို ဆက်တိုက်လုပ်သလို ပါးစပ်ကလဲ တောက်လျောက် ပြောပါတယ်။ အမေကြီးက မိုးလင်းကတည်းက မီးဖိုချောင်ထဲမှာ မီးခိုး တလူလူနဲ့ ချက်ပြုတ်ရေးတာဝန်ခံပါ။

ကျွန်မ အလုပ်စသွားတဲ့ အချိန်ကစပြီး အိမ်ရှိ လူကုန် နိုးရပါတယ်။ မနိုးရင် အဲ့မနိုးတဲ့သူက အပြစ်ကြီးပါတယ်။ ဆိုတော့ အစ်ကိုသုံးယောက်ကတော့ အဲ့အချိန် နားပိတ်ပြီး အိပ်နေလေ့ရှိပါတယ်။ မောင်လေးက ခြေမြန်တော် အ၀ယ်တော်ပါ တစ်ခါတစ်လေ ကျွန်မ အလုပ်မသွားခင် မုန့်ဟင်းခါးလေး စားသွားနိုင်အောင် အမေကြီးက ပြေးဝယ် ပေးတတ်သလို မောင်လေးနဲ့တူမလေးကလည်း အလှည့်ကျဖြစ်စေ အတူသွားပီးဖြစ်စေ ၀ယ်တတ်ကြပါတယ်။ သူတို့ကိုတော့ ၀ယ်ပေးရခ ပိုငွေကို အခွန်အကောက်ပေးရတာပေါ့လေ။

ကျွန်မတို့ အိမ်က မနက်စာကို နေ့လည်စာ နီးနီး အားရပါးရ စားလေ့ရှိပါတယ် မုန့်ဟင်းခါးဆို အနည်းဆုံး ငါးထုတ် ကနေ ဆယ်ထုတ် အထိ ၀ယ်လေ့ ရှိပြီး အုန်းနို့ခေါက်ဆွဲ လက်သုတ်စုံ စသဖြင့် အမျိုးအမည်ကလဲ ကွဲပါသေးတယ်။ အမေ့အကြိုက် ချိုဆိမ့် လက်ဘက်ရည် ပါဆယ်ထုတ် အကြီး အီကြာကွေးနဲ့ နံပြားကို အတွဲလိုက် အချပ်လိုက် စားပါတယ်။ ကျွန်မတို့မိသားစုက တခြားဟာတွေသာ စုဆောင်းဖို့ ၀ါသနာမပါပေမယ့် အစားအသောက်ကိုတော့ တစ်ညီတစ်ညွတ်တည်း အုံလိုက်ကျင်းလိုက် အားပေးလေ့ရှိပါတယ်။

ကျွန်မ ရေချိုးပြီး ခပ်မြန်မြန် တက်လာပြီးတော့ တစ်ဘက်ကြမ်းနဲ့မျက်နှာကိုရော ကိုယ်လုံးကိုပါ တဆက်တည်း သုတ်ပြီး မျက်နှာကို တောင်ကြီး မောက်မယ် သနပ်ခါး ပြီးစလွယ် ပွတ်လိုက်ပါတယ်။ မျက်ခုံးပေါ်က သနပ်ခါးကို သစ်သားသွားပွတ်တံနဲ့ ခြစ်ပြီးတော့ ခါးလယ်ကျော်ပြီး တင်ပါးဖုံးလောက်နီးနီး ရှည်တဲ့ ဆံပင်အရှည်ကြီးကို အုန်းဆီ လောင်းပြီး ခပ်မြန်မြန် ကျစ်စာမြီးကျစ်ပါတယ်။ သနပ်ခါးစက်တွေ စွန်းထင်နေတဲ့ မှန်ခပ်မူန်မူန်ကို ကြည့်လိုက်ပြီး ကျွန်မ ကိုယ်လုံးထက် နှစ်ဆကြီးတဲ့ အစ်ကိုတွေ အကျ ရှပ်အကျီကို ကောက်စွပ်လိုက်ပြီး အောက်က ရေခဲသား ဗြောင်လုံခြည်ကို ခပ်တင်းတင်း ဆွဲဝတ်လိုက်ပါတယ်။ ကားတိုးစီးရင် ချော်ချော်ချွတ်ချွတ် အသားမို့ ကျွတ်မကျအောင်ပါ။ (အရင်တုန်းက မဆုမွန်ပါ)

ကချင်လွယ်အိတ်အနီလေးထဲက စာအုပ်ရယ် ပိုက်ဆံအိတ်သေးသေးလေးထဲက ခပ်နွမ်းနွမ်း ငွေအကြွေရွက် တွေကို စစ် ကြည့်လိုက်ပြီးတော့ စလွယ်သိုင်း လွယ်လိုက်ပါတယ်။ အမေပေးတဲ့ ထမင်းချိုင့်ကို လှမ်းယူလိုက်ပြီး အမေကြီး စတီးချိုင့်ကို လက်သုတ်ပ၀ါလေး ထုတ်ပေးနော် ကားပေါ်မှာ အော်ကြတယ် ပူလို့ ဟိဟိ ဆိုပြီး စကားကို တတွတ်တွတ်အော်ရင်း အခန်းဝက ထွက်တော့ အဖေကြီးက တပတ်နွမ်း ဆက်တီခုံပေါ်မှာ အမောပြေ ရေနွေးကြမ်း သောက်နေပါပြီ။

သမီးကြီး ဘုရားရှိခိုး ဘုရားရှိခိုး သွားတာလာတာ သတိထား ကားတက်ကားဆင်း သတိထား မှာတမ်းချွေနေကြ အဖေ့အသံကို ကြားသလိုလို လုပ်ပြီး ဖိနပ်ချွတ်ကို မြန်မြန်ပြေးတော့ ဘုရားရှိခိုးဆိုတာ မရှိခိုးသွားဘူးလို့ ထပ်အော်တော့ လက်အုပ်ကမမ်း ကတမ်းချီပြီး အဖေကြီးကလည်း ကားနောက်ကျနေပြီကို ဘုရားက ခွင့်လွှတ်တယ်လို့ ပြောပြီး ဖင်ပါးစပြုနေတဲ့ ယောက်ျားစီးကြိုးပြား ကတ္တီပါဖိနပ်ရှားရောင် (အကြိုက်ဆုံးအရောင်ပါ) ကို အမြန်ကောက်စွပ်ပြီး သိုင်းကွက်နင်းပြီး ပြေးရပါတော့တယ်။ လမ်းရောက်မှ ဖုန်တက်နေတဲ့ မျက်မှန်ကို လက်ကိုင်ပ၀ါနဲ့ မြန်မြန်ပွတ်ပြီး ကောက်တပ်လိုက်မှ အမြင်က ကြည်လင်ပါတယ်။ အမြင်မကြည်ရင် ချော်လဲပြီး ခေါင်းကွဲ ထိပ်ပေါက်နိုင်လို့ပါ။

ကျွန်မတို့ မြို့သစ်က ရပ်ကွက်တွေထဲမှာ ကိုယ်ထူကိုယ်ထစနစ်နဲ့ အများကောင်းမူ စည်ပင် ဆိုင်းဘုတ်တပ် လုပ်လိုက်တဲ့ ရပ်ကွက်လုံးကျွတ် စီမံချက်မှာ ကျွန်မတို့ လမ်းတိုလေးတစ်ခုပဲ ကိုယ့်ပိုက်ဆံကိုယ်စိုက်ပြီး ကတ္တရာခင်းထားလိုက်နိုင်ပါတယ်။ တစ်ချို့လမ်းတွေက အကြမ်းထည်ခင်းပြီး အချောမခင်းနိုင်တော့ ကျွဲဂျိုလောက်ရှိတဲ့ ဂမူအချွန်အတက်တွေက လမ်းလုံးပြည့်ဖြစ်နေပါတယ်။

နေ့ခင်းဘက်ကတည်း က လမ်းအနေအထားကို အမှတ်သတိရှိရှိ မှတ်သားထားရလေတော့ ညည မီးပျက်တဲ့ ညမှောင်မှောင်တွေမှာ ဆိုရင်တော့ ဘယ်နေရာမှာ ဂမူ ဘယ်နေရာမှ ဂျောက်ဆိုတာ သိနေတော့ ရှောင်လင်သိုင်းကွက်နင်းပြီး ပြန်လာရလေ့ရှိပါတယ်။ ခေါင်ခါး အာမ မခံတော့တဲ့ ပြည်တွင်းဖြစ် ဖိနပ်တွေကတော့ မြန်မြန် အပြတ်မြန် တာပေါ့ရှင်။ ရပ်ကွက်ထဲက အချစ်တော် ကိုကြီးကျော် ပုလင်းစိန် တွေကတော့ မကြာခဏ ကျောက်အကြမ်းခင်း လမ်းမကို မျက်နှာအပ်ပြီး နှစ်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးလေ့ရှိကြပါတယ်။

လမ်းထိပ်ကို မျှော်ကြည့်လိုက်ရင်ဖြင့် ကားမှတ်တိုင်မှာ လူတွေက လည်ပင်းလေးတွေ လိမ်စောင်းလို့ စောင်းငမ်း စောင်းငမ်းလေးတွေ တန်းစီပြီး ရပ်နေကြပါတယ်။ ၄၉ ဒိုင်နာက သိန္ဓောမြင်းကဆုန်စိုင်းလာသလို ခုန်ပေါက်ပြီး ဒုန်းစိုင်း ရောက်လာတယ်ဆိုရင်ပဲ ထန်းလျက်ခဲရွေ့လိုက်လို့ တသီကြီး အတွဲလိုက်ပါသွားတဲ့ ပုရွတ်ဆိတ်တွေလို တို့လို့တန်းလန်း တို့လို့ တွဲလောင်းနဲ့ ၀ိဓူရ အမတ် မြင်းမြီးဆွဲ လိုက်ရသလို ကသောကမျော ပါသွားကြ လေရဲ့ ပေါ့ရှင်။ မတက်လိုက်ရတဲ့သူတွေကတော့ ထွက်သွားလေတဲ့ ကားလား လူ့ပဒေသာပင်ကြီးလား မသေချာတဲ့ လူအလုံးအထွေးလိုက် ကြီးကို လိုက်မျှော်ကြည့်ရင်း တက်တခေါက်ခေါက် ကျန်ခဲ့ကြလေရဲ့။

နောက်တစ်စီးလာရင်လည်း အဲ့ပုံစံအတိုင်း တွန်းကြ တိုက်ကြ ထိုးကြ ဆွဲကြနဲ့ ကားဘေးဘောင်မှာ ကားယား တန်းလန်းကြီး တွေ တွဲလွဲ ခိုနေကြသလို ဒိုင်နာကားရဲ့ အလည်အူကြောင်းလေးအတိုင်း စီတန်း ကျပ်ညှပ် ပိတ်သိတ်ပြီး ငါးပိသိပ် ငါးချဉ်သိပ် ပါသွားကြလေရဲ့။ နေ့လည်စာ သို့မဟုတ် မနက်စာ အဆာပြေ ထမင်းချိုင့်လေးတွေ ကိုယ်စီ ကိုယ်စီပါကြတဲ့အတွက် စတီးချိုင့်နဲ့ တင် ရင် ကျော ပုခုံး နဖူး တံတောင်တွေကို အပူငွေ့တွေနဲ့ တံဆိပ်ကပ်တာ ရုန်းမရတဲ့အခြေအနေမှာ ဘယ်လိုမှ မရှောင်သာ မကွင်းသာ အနီအကွက်လိုက် တံဆိပ်ကပ်ခံရပြန်ပါသေးတယ်။ ထိုင်နေရာလေးတစ်ခုရရင်လည်း ဘ၀တူတွေရဲ့ အထုတ်အပိုး တွေ ထမင်းချိုင့်တွေ ကို ပေါင်ပေါ်ကနေ မျက်နှာ အထက်နားအထိ စီတန်းတပြုံကြီး ကိုင်ပေးထားရပါသေးတယ်။

မြောက်ဥက္ကလာပ အ၀ိုင်းအရောက် ကားအောက်ကို ဆင်းတော့လည်း ဟော တစ်ယောက် ဟောတစ်ယောက် နဲ့ နင်ဆင်း နင်ဆင်း အမြန်ဆင်း ဆိုပြီး ပုတီးလုံးလေးတွေ ကို ဖိုးသူတော်က လက်မကြီးနဲ့ မြန်မြန် ဖိတွန်းချသလိုမျိုး အစီအရီ ဖြုတ်ဖြုတ်ဆို ကစဥ့်ကလျား ကို့ယိုးကားယား ပုဆိုးစွန်တောင်ဆွဲ ထမီမနိုင် ပ၀ါမနိုင်တွေပါ ဖြစ်ကြရတဲ့အထိ ဆိုးဝါးတာ ကြုံဖူးပါတယ်။ ကားအောက်ရောက်မှာ တီကောင် ဆားတွန့်သလို လူးလူးလွန့်လွန့်လုပ်လိုက်မှာ နဂို ခန္ဓာကိုယ်အနေအထားအတိုင်း အဆန့်လိုက် ပြန်ဖြစ်ပါတယ်။ အောက်ရောက်ရင် တော်တော် ကို့ယိုးကားယားဖြစ်ပါတယ်။ ဆံပင်တွေလည်း မကျစ်ထားရင် မပဌာ မြေလူးသလို ဆံပင်စုတ်ဖွား နဲ့ ဖြစ်နေမှာ သေချာပါတယ်။

ကားအောက်ရောက်ပြီဆိုတာနဲ့ မြောက်ဥက္ကလာပ ဆူးလေ အဲကွန်းဘစ်သေးသေးလေးတွေကို အလုအယက် တက်ရပြန်ပါတယ်။ ဒီတစ်ခါတော့ ခရီးရှည် ဖြစ်ပါတယ် အားလုံးရဲ့ ဂိတ်ဆုံးဟာ ဆူးလေ ဖြစ်တာ ကြောင့် နေရာရဖို့ဆိုတာ စိတ်ကူးတောင် မယဉ်သင့်တာ အမှန်ပါ။ ခြေထောက်တစ်ဘက်ကိုများ ညောင်းလို့ ယောင်လို့ ကြွဖို့ မစဉ်းစားပါနဲ့ တစ်လမ်းလုံး ဆူးလေအရောက် လယ်ထဲက ဗျိုင်းလို ခြေတပေါင်ကျိုးနဲ့ မတ်တပ်ရသွားမယ် မှတ်ပါ။ ကားပြိုင်ပွဲဝင်ရင် ချန်ပီယံဖြစ်နိုင်မယ့် ကားဒရိုင်ဘာရဲ့ မောင်းချက်ကြောင့် ကားစပယ်ယာရဲ့ ဆူသံ ကြိမ်းသံ မောင်းသံတွေကို အာရုံမထားပဲ အားလုံးလိုလို အထူးသဖြင့် အမျိုးသမီးလေးတွေရဲ့ ပါးစပ်လေးတွေ တလူပ်လူပ်နဲ့ ဘုရားစာရွတ်နေသလို ထိုင်နေရာရတဲ့ ခပ်တည်တည် လူကြီးတွေကလဲ စတီးပုတီးစက်လေးတွေ တချောက်ချောက်နဲ့ပါ။ အဆူအပူအကြိမ်းအမောင်းက ကားစီးတာတောင် မလွတ်တဲ့အတွက် အားလုံးရဲ့ ထုံပေပေ မျက်နှာတွေဟာ ဗလာဟင်းလင်းပြင် ဖြစ်နေပြီး တစ်ပုံစံတည်းဖြစ်နေတာ သတိထားမိမယ် ထင်ပါတယ်။

ဆူးလေကို ရောက်ပါပြီ အဲကွန်းဘစ်ကားသေးသေးလေးကနေ လူတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာတာ မဆုံးနိုင်တာကို ဂုန်းကျော်တံတားပေါ်ကနေကြည့်ပြီး နိုင်ငံခြားသား အိုးမိုင်ဂေါ့ဖ်လို့ သူတို့ဘုရားကို တပြီး အံအားအသင့်ကြီးသင့်ခဲ့ဖူးတယ်လို့ တိုးရစ်ဂိုဒ်သူငယ်ချင်းတစ်ယောက် ဟာသပြောဖူးပါတယ်။ အဲ့ကနေမှတဆင့် ရုံးကို အမှီရောက်ဖို့ ပန်းဆိုးတန်းကို အမြန်ပြေးရပြန်ပါတယ်။ ဆူးလေရုပ်ရှင်ရုံမှတ်တိုင်ကနေ ဆူးလေလမ်းမကြီးကို ဖြတ် အဲ့ကနေမှတဆင့် မြို့တော်ခမ်းမဘက် ခြေကုန်သုတ်ပြေးရပါတယ်။ အဲ့ကနေမှတဆင့် ပန်းဆိုးတန်းမှတ်တိုင်ကနေ တဆင့် ပုဇွန်တောင် ၅၂လမ်းကို ၃၅ ဒိုင်နာ သို့မဟုတ် သာကေတသွား အဲကွန်းဘစ်သေးသေးလေးကို စီးရပြန်ပါသေးတယ်။

ကြေးမုံတိုက်ရှိတဲ့ လမ်းဖြစ်တဲ့ ကျွန်မတို့ ဂျာနယ်တိုက်ရှိရာ ပုဇွန်တောင် ၅၂လမ်းကို ရောက်ရင်ဖြင့် လူတစ်ကိုယ်လုံး မနက်ကိုးနာရီလောက်မှာပဲ ဖွတ်ဖွတ်ညက်ညက်ကြေနေပါပြီ ဗိုက်ထဲမှာ ဘာအစာဆို ဘာအစာမှ မရှိတော့တာ အမှန်ပါ။ ပါးပေါ်က သနပ်ခါးလည်း ကားပေါ်မှာတင် ဘယ်ဂျောင်ဂျားကပ်ကျန်ခဲ့မယ် မသိပါ။ နောက်ဆုံးကျန်ခဲ့တာကတော့ တွန့်ကြေနေတဲ့ ရှပ်အကျီရယ် ဆံပင်တွေ အမွှားလိုက်ဖွာနေတဲ့ ကျစ်စာမြီးရယ် လွယ်အိတ်တရွတ်ဆွဲရယ် ပါပဲ။

လမ်းထိပ်က လက်ဘက်ရည်ဆိုင်ကို ၀င်ထိုင်လိုက်ရချိန်မှာတော့ မြူးမြူးကြွကြွ ဂီတသံနဲ့ အတူ စိတ်ထဲ ကြည်နူးသွားပြီး သစ်သားခုံပုပုလေးကို ဆွဲထိုင်လိုက်ပြီး လက်ဘက်ရည် ပေါ့ကျဆိုပြီး စားပွဲထိုးကိုမှာဖို့အပြင် ကိုယ့်ကို မှတ်မိနေတဲ့ အသက် ၁၀နှစ်အရွယ် ကလေးအလုပ်သမားလေးက "ပေါ့ကျ ထောနံ တိုင်ကီတစ်လုံး" လို့ အော်လိုက်ချိန်မှာတော့ ဟက်ဟက်ပက်ပက် ရယ်မိပါတော့တယ်။

တစ်နိုင်ငံငံကို ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့လို့ အစချီပြီး ခေါင်းစီးမှာ ပါမှာကျိန်းသေတဲ့ နေ့စဉ်သတင်းစာကို ကောက်ကိုင်လိုက်ပြီး နောက်ဆုံးစာမျက်နှာကို လှန်ဖတ်နေရင်းက ဘေးဘီ နဘေးဝဲယာကို မျက်စိ ဝေ့ကြည့်ပြီး ဒီမနက် ဘာထူးလဲလို့ လက်ဘက်ရည်ဆိုင်ထိုင်ဘက် အသိတွေကို လှမ်း မေးလိုက်ချိန် မှာတော့ သတင်းထောက်ကြီးရဲ့ တစ်နေ့တာ လုပ်ငန်းစဖို့ အချိန် ကျရောက်ပြီဖြစ်ပါတယ်ရှင့်။။။။။

အရင်တုန်းက ပြည်တွင်းသတင်းထောက်လုပ်ခဲ့ဖူးတဲ့ တစ်နေ့တာ လူပ်ရှားမူတွေကိုတော့ ဆက်ပြီး ရေးပြသွားချင်ပါသေးတယ် မိတ်ဆွေတို့ဖတ်ရမှာ ပျင်းနေမှာလည်း စိုးပါတယ်။ ကျွန်မ ညီမငယ်ကတော့ မယ်ခွေ ဆိုတဲ့ ကျွန်မအကြောင်း တစ်စေ့တစ်စောင်းရေးပြခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုရက်ပိုင်း အရင်တစ်ခါ နေလာခဲ့တဲ့ ဘ၀ကို ပြန်နေချင်သေးတယ်လို့ သီချင်းကို အမြဲညည်းဖြစ်နေလို့ပါပဲ။။

9 Comments:

ခြေလှမ်းသစ် said...

မစုမွန်ရေ ရန်ကုန်သူ/သားတွေရဲ့ ဘ၀ ဟာ အင်မတန်မှာ မလွယ်လှပါဘူးနော် ... မနက်အစောနဲ့ ညမိုးချုပ်ဆို ကြားကား/အောက်ဆိုဒ်ကားတွေထိတော့ ကျနော်တို့အမေတွေ အဒေါ် ဦးလေးတွေ အရမ်း ညီးတယ်ဗျ ... ရလာတဲ့ လုပ်အားခနဲ့ လမ်းစာရိတ် ကို ပိုလို့ မနည်းချွေတာရတာတွေလည်း တမေပဲဗျို့  .... ဖတ်လို့ အရမ်းကောင်းပါ့ဗျ ...ဟိုးအရင် ရန်ကုန်က ၀န် ထမ်း တယောက်ရဲ့  ဘ၀ ကိုထင်ဟပ်စေတာပေါ့ ....

မြတ်လေးငုံ said...

ဆုမွန် နေ့စွဲများ ကိုဖတ်ပြီး အမတို့အိမ် ကျောင်းမြောင်းကို လာတုံးက ဆုမွန်ပုံလေးနဲ့ခုတင်ထားဓာတ်ပုံလေးကပုံလေးကိုကြည့်ရင်း.....
ငါညီမလေးရေးအတိတ်ကိုသတိရပါတယ်၊
စိတ်ထားလေးသိပ်ဖြူစင်တဲ့ညီမလေးအဆင်ပြေပါစေအရာရာပါနော်။

ရွှေရတုမှတ်တမ်း said...

ကျွန်တော်တို့  က တောသားဆိုတော့ ...
ရန်ကုန် ရောက်စက ဘတ်(စ)ကားတွေ...
တဖက်စောင်း ကြီးမောင်းတာမြင်တော့ ..
တအံ့တသြောကိုဖြစ်လို့  ....

ငွေဇင်ယော် said...

မဆုမွန်ရဲ့ ပိုစ့်ကို ဖတ်ပြီး ကျွန်မလဲ ရန်ကုန်မှာ အလုပ်စလုပ်ခဲ့တဲ့ အချိန်လေးကို လွမ်းသွားတယ်။ အခုဆိုကိုယ်အော်ခိုင်းထားလို့ မနက်တိုင်း ထထအော်တဲ့ နိုးစက်ကို ပိတ်ရတိုင်း သတိရမိတာက မေမေ့ရဲ့ သမီးရေ ထတော့လေ။ ရုံးနောက်ကျနေအုံးမယ်ဆိုတဲ့ အသံနဲ့အတူ မနက်တိုင်းမေမေဖျော်ထားတဲ့ လတ်ဆတ်တဲ့ ကော်ဖီနံ့လေးပဲ။ ပူလောင်၊ ကြပ်တောက်၊ ဂလုံးဂလွန်းတွေနဲ့ နေ့တိုင်းကျော်ဖြတ်ရပေမယ့် ကိုယ့်ရဲ့ရန်ကုန်ကိုတော့ အတွယ်တာဆုံးပါပဲ။ မဆုမွန်ရေ ..... ဆက်ရေးပါနော်။

ကိုလူထွေး said...

တွေ့ကြကြုံကြပုံတွေသာ မတူတယ်...လွမ်းပုံလွမ်းနည်းတွေကတော့ အတူတူပါပဲလားနော်...

လိုင်းကားတွေကတော့ အခုဆို ပိုဆိုးမယ်နဲ့တူတယ်...
ဓာတ်ပုံတွေမှာမြင်နေရတာကိုက သည်းထိတ်ရင်ဖိုစရာ...

အချိန်ရရင် ကြုံကြိုက်ရင် စာပေစိစစ်ရေးအကြောင်းလေး ဘာလေး ရေးပါဦး...

ခင်တဲ့
းဝ)

ရွှေပြည်သူ (ShwePyiThu) said...

အစ်မရဲ့ ဓာတ်ပုံလေးနဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို တွဲပြီးမြင်ယောင် ကြည့်နေမိပါတယ်။ အစ်မက ချစ်စရာကောင်းလိုက်တာ...

Anonymous said...

နေ့စွဲများကို ဖတ်ရင်း အတိတ်ကိုလွမ်းသလို အိမ်ကိုလည်း လွမ်းမိပြန်တယ်။ အခုတလော အိမ်ပြန်ချင်တယ်ပဲ ရွတ်နေမိတယ်..

မေလေး said...

တိုက်ဆိုင်လိုက်တာ မမဆုမွန်ရယ်။
အိမ်ကိုလွမ်းနေတဲ့အချိန်လာဖတ်မိတယ်။
မမရေးထားတာ ကောင်းလိုက်တာ
မျက်လုံးထဲ ကွင်းကွင်းကွက်ကွက် မြင်လာတယ်။

ဖြူတုတ်လေး said...

Su Mon yay... you look very cute. What about current Su Mon? :)