မဆုမွန်ချစ်သူများထဲက ဖျက်ပစ်ချင်တဲ့ ရက်စွဲများ

နောက်ဆုံး တစ်ယောက်ကို ပတ်သတ်ခဲ့မိတာကတော့ ကျွန်မဘ၀အတွက် ပြင်မရဆုံး အမှားကြီးတစ်ခုကို မှားခဲ့မိ တာပါပဲ ဖြစ်ပါတယ်။ သတင်းထောက်လုပ်ငန်းခွင်ထဲကို ၀င်ပြီးကတည်းက စပြီး ကျွန်မရဲ့ သူငယ်ချင်းတွေနဲ့ အရင်လိုမျိုး အတူမနေနိုင်တော့ပဲ တစ်စစဝေးကွာရင်း အရင်လို ကျွန်မယုံကြည်ရာ လမ်းကြောင်းပေါ် အမြဲ မလျောက်နိုင် တော့တဲ့ အနေအထားတစ်ခုဖြစ်လာပါတယ်။ ဒါပေမယ့် ရံဖန်ရံခါဆိုသလို ကျွန်မတို့ တင်ပြခွင့် မရှိနိုင်တဲ့ ဆင်ဆာမိတဲ့ သတင်းပလင်းလေးတွေကို ကျွန်မဘက်က ကျွန်မယုံကြည်တဲ့ နေရာတစ်ခုက လူတွေ လုပ်နိုင်တဲ့ အတိုင်းအတာအထိ ကူညီလုပ်ပေးနိုင်အောင် ဆက်သွယ်ပြီး သတင်းပို့ ပေးခဲ့ပါတယ်။


တစ်ခါတစ်ရံ အခမ်းအနားရက်တွေမှာ ရုံးကိုလာတတ်ပြီး ရုံးပိတ်ခါနီး ချိန်တွေမှာ ဒရောသောပါး ပြေးပြေး လာတတ်တဲ့ ကျွန်မကို သတင်းထောက် ဆိုတဲ့ အမြင်ထက် သူဘာလုပ်သလဲ သူဘာလာယူသလဲ သူဘာလဲ ငါဘာလဲ စသဖြင့် သတင်းပေးလော သူလျှိုလော ဒလန်လော ဒမြလော သူခိုးလော စသဖြင့် စသဖြင့် မျက်လုံးစိမ်း စိမ်းကြီးတွေနဲ့ ကြည့်ပြီး သံသယမီးတွေ မွှေးလာတာကို ၀မ်းနည်းစရာ နာကျင်စွာ အခံရခက်စွာနဲ့ ကြားသိရ လာပါတယ်။

နောက်ပိုင်း မှာ ကျွန်မရဲ့ အလုပ်ကို ထိခိုက်လာနိုင်တဲ့အတွက် အပြင်မှာပဲတွေ့ပြီး သတင်းပိုင်းဆိုင်ရာ ကိစ္စတွေကို ကူညီ ဆောင်ရွက် ပေးရတဲ့အခါ ကျွန်မသူငယ်ချင်းတွေ မပါပဲ ကျွန်မတစ်ယောက်တည်း သွားသွား တွေ့ရလေ့ လုပ်ပေးရလေ့ ရှိလာပါတယ်။ နောက်ပိုင်းမှာ စကားသံတွေ ကြားလာရတာကတော့ ကျွန်မနဲ့ အဲ့အတူတူ အလုပ်တွဲလုပ်နေတဲ့ သူတွေနဲ့ ကျွန်မကို စွတ်စွဲပြောဆိုလာတာပါပဲ။ ကျွန်မဆိုတဲ့ ကျွန်မကလဲ ကိုယ်ကောင်းလျင် ခေါင်းဘယ်မရွေ့ဆိုတဲ့ စကားအတိုင်း ဘယ်သူပြောပြော သိပ်ဂရုစိုက်လေ့မရှိပါဘူး။ ဒါပေမယ့် ကျွန်မက ခေါင်းမာပြီး အရွဲ့တိုက်တဲ့ အကျင့်ရှိပါတယ်။ အဲ့အကျင့်က ကျွန်မကို ဒုက္ခအကြီးအကျယ် ပေးခဲ့တာပဲဖြစ်ပါတယ်။

တစ်နေ့မှာတော့ ကျွန်မကို ကျွန်မနဲ့ အလုပ်တွဲလုပ်နေရတဲ့သူက စကားပြောလာပါတယ်။ သူ ရွာပြန်ပြီး နွားကျောင်း တော့ပါမယ် တဲ့။ အိုးပင်း စီးကရက်တွေ လိုက်လုပ်ပေးရင်း တိကျတဲ့ အကြောင်းပြချက်တွေ မရှိတဲ့အခါ ထင်ကြေးတွေအတွက် ညီမလေးကို မထိခိုက်စေချင်လို့ သူပြန်တော့မယ် ပေါ့လေ။ ကျွန်မနဲ့သူနဲ့ကို စွတ်စွဲ ပြောဆိုလာတယ်လို့ သူ့ဆီက တဆင့်ကြားလာရတဲ့အပေါ် ကျွန်မ တော်တော် စိတ်ဆိုးမိပါတယ်။ လူတွေဟာ ဘာလဲပေါ့ ကိုယ့်ထမင်းကိုယ်စားပြီး အငြိမ် မနေနိုင်ဘူးလားပေါ့ ဒီမှာဖြင့် နေ့မအား ညမအား အလုပ်လုပ်နေတဲ့ကြားက ဒီလိုမျိုး မဖွယ်မရာတွေ လာပြောရသလားပေါ့ ကျွန်မ ပေါက်ကွဲပြီးတော့ သူများတွေများ ဂရုစိုက်နေရသလားပေါ့။

ဟုတ်လား ဟုတ်လား လို့ အတည်ပြု နေတဲ့သူတွေကို မဟုတ်ဘူးပြောရင် အတင်းလည်ပင်းညှစ်ပြီး ၀န်ခံခိုင်းတယ် ဟုတ်လား အဲ့ဒီ့တော့ ဟုတ်တယ်လို့သာပြောလိုက် သူတို့ပါးစပ်တွေပိတ်သွားလိုက်မယ်လို့ ကျွန်မက သူ့ကို ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။ ကျွန်မကတော့ ဘာမှ မဟုတ်လို့အေးဆေးပဲ အစ်ကိုကြီး လည်း ဘာမှ အ၀ှာ ပြုနေစရာ မလိုဘူး ကိုယ့်ဘက်က ရိုးသားရင် ဘာမှ မဖြစ်နေနဲ့ ရွာပြန် နွားကျောင်း တာလည်း မလုပ်နဲ့လို့ ပြောလိုက်ပါတယ်။ အဲ့တော့ သူက ပြုံးပြီး ပြောလာပါတယ်။ သူ့ဘက်က ရိုးသားလား မရိုးသားလား ဆိုတာတော့ သူပြန်ဆန်းစစ်ရပါမယ်တဲ့.......ကျွန်မလဲ ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။

ဒီလိုနဲ့ ဘယ်လိုက ဘယ်လို ဖြစ်တယ်မသိပါဘူး။ အဲ့တုန်းက အသက် ၂၄နှစ်အရွယ်ဆိုတဲ့ မိန်းကလေး တစ်ယောက်ရဲ့ စိတ်ထဲမှာ အရွဲ့တိုက်ချင်စိတ် တွေ မစဉ်းစားမဆင်ခြင်စိတ်တွေ နောက်ပီးတော့ အရင် ရည်းစား တွေတုန်း ကလဲ မကြိုက်ရင် ဖြတ်ခဲ့လို့ရတယ် ကံကောင်းရင် သူငယ်ချင်းတောင် ပြန်ဖြစ်သေးတာပဲလို့ သူ့ကို လွယ်လွယ် တွက်လိုက်မိတာလဲ ပါပါတယ်။

နောက်ပိုင်းမှာ အရမ်းကို သဘောကောင်းချင် ဟန်ဆောင်ပြီး ကျွန်မကို ကလေးတစ်ယောက်လို အလိုလိုက် အကြိုက် ဆောင်ပြီး ယုယခဲ့တဲ့သူဟာ အရာရာတိုင်းကို အစီအစဉ်တကျ စီမံအကွက်ချပြီး လုပ်တတ်တဲ့ သိပ်ကြောက်ဖို့ကောင်းတဲ့ လူတစ်ယောက်ဆိုတာ သိလိုက်ရတာပါပဲ။ သူက ကျွန်မထက် အသက် ၁၆နှစ်တိတိ ကြီးပါတယ်။ သူ့ကိုကြည့်လိုက်ရင် အရမ်းနူးညံ့သလို စကားပြောရင်းလည်း ပြူံးပီး ညင်ညင်သာသာ ပြောလေ့ ရှိပါတယ်။ တစ်ခါဖူးမှ ကျွန်မကို အသံမာမာနဲ့ မပြောတတ်ပေမယ့် လွတ်လပ်မူကို မြတ်နိုးတဲ့ ကျွန်မကို ကြိုး အကြီးကြီးတွေနဲ့ တစ်ရစ်ပြီး တစ်ရစ် ချည်နှောင်ဖို့ လုပ်လာတာကို တွေ့ရပါတယ်။

အထူးသဖြင့် ကျွန်မ ရင်နဲ့ရင်းပြီး သွေးရင်းတွေလို ချစ်ရတဲ့သူငယ်ချင်းတွေနဲ့ဆက်ဆံတဲ့အခါ. ရွယ်တူ အပေါင်းအသင်းတွေနဲ့ ရင်းရင်းနီးနီးနေတဲ့အခါ ယောက်ကျားလေးအပေါင်းအသင်းတွေနဲ့ စကားပြောတဲ့အခါ ကျွန်မ မခံနိုင်တဲ့ စကားလုံးတွေနဲ့ တစ်ချိန်လုံး စကားနာထိုးတတ်သလို ကျွန်မလုပ်ချင်တဲ့ အလုပ်မှန်သမျ ကိုလည်း ဥပမာ ဥပမေယျ တွေနဲ့ ပြောပြီး ကျွန်မရဲ့ ယုံကြည်ချက်တွေကို လမ်းကြောင်းလွဲအောင် လုပ်လာ တာတွေ ရှိလာပါတယ်။

အရမ်း နာကျင် ခံရခက် လာတဲ့အတွက် ရုန်းထွက်ဖို့ ကြိုးစားလာတဲ့ ကျွန်မက သူ့ကို လမ်းခွဲဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် သူပြောလာတဲ့ စကားတစ်ခွန်းက မင်း ငါ့ကို ဒီလို လွယ်လွယ်နဲ့ လုပ်သွားရင် မင်း ဒီပတ်ဝန်းကျင်မှာ မင်းကို လူကြီးတွေက ဘယ်လိုမျိုး သတ်မှတ်မယ် ထင်လဲတဲ့ နောက် မင်းနဲ့ငါနဲ့အကြောင်းကို လူကြီးတွေ အကုန်သိထားတဲ့အတွက် မင်းလုပ်ချင်သလို ငါ့ကိုလုပ်လို့မရဘူးဆိုတာ မင်းမှတ်ထားတဲ့ အဲ့နေ့က ကျွန်မ လက်ကို ကျွန်မကိုယ်တိုင် ဓားနဲ့ မွှမ်းပစ်လိုက်ပါတယ်။ နောက်ဆုံး ကျွန်မ မိဘတွေအထိပါ သူဘက်က သူနဲ့ကျွန်မ ပတ်သတ်မူတွေကို လူကြီးတွေ သိအောင်လုပ်ပြီး လွှမ်းမိုးဖို့ ကြိုးစားလာပါတယ်။

ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ အိမ်ထောင်ရေးဟာ ကံစီမံရာလို့ပဲ ခေါင်းပုံချလိုက်ပြီးတဲ့နောက်မှာ ကျွန်မဘက်က ကျွန်မယုံကြည်တဲ့ ခံယူချက်အတိုင်း သတင်းထောက်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ တက်ရသမျ သင်တန်းတွေတိုင်းမှာ အထူးချွန်ဆုံး သတင်းထောက်တစ်ယောက် ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ ကြိုးစားမူရဲ့ ရလာဒ်အဖြစ် UNICEF က ရွေးချယ်တဲ့ လူငယ်သတင်းထောက်တွေထဲက ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ လူငယ်ညီလာခံကို တက်ခွင့်ရတဲ့ သတင်းထောက်နှစ်ဦးထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။

ကမ္ဘောဒီးယားခရီးစဉ်မှာ ,UNICEF က စေလွှတ်တဲ့ မြန်မာနိုင်ငံကိုယ်စားပြု လူငယ်သတင်းထောက်တွေနဲ့ လူငယ်တွေနဲ့ အစိုးရဘက်က လာတက်တဲ့ လူမူဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး အုပ်စုတွေ အမှတ်တရ ဓာတ်ပုံရိုက်ကြတော့ သတင်းလိုက်ယူတဲ့ မြန်မာတိုင်းမ်သတင်းစာက မျက်နှာဖုံးမှာ အုပ်စုပုံကို ထင်းနေအောင် တင်ပြလိုက်တဲ့အခါမှာတော့ ကျွန်မရဲ့ ဓာတ်ပုံပါ သတင်းစာကို ကော်ပီကူးပြီး ကျွန်မကို ချစ်သောသူများက အကုန်မိတ္တူဖြန့်လိုက်ပါတယ်။ ဒါဟာ အစိုးရက စေလွှတ်တဲ့ သတင်းထောက် ဖြစ်တယ် ကျွန်မဟာ အစိုးရ လူဖြစ်တယ်ဆိုတာ ကျိန်းသေသွားပြီဖြစ်တယ်လို့ အလီဘိုင်ရှာပြဖို့ သူတို့ တော်တော်လေး ပင်ပင်ပမ်းပမ်း ကြိုးစား လိုက်ကြတာကို သိလိုက်ရပါတယ်။

ကျွန်မဘက်က မှန်ကန်တဲ့ ခံယူချက်တစ်ခု ရှိထားတဲ့အတွက် ကိုယ့်လိပ်ပြာကိုယ်လုံလို့ သိပ်တုန်လူပ်စရာမရှိတဲ့ အတွက် ဒီကိစ္စဟာ ကျွန်မအတွက် ထူးခြားပြီး ထိခိုက်စရာတစ်ခု မဖြစ်လာခဲ့ပါဘူး။ ဒါပေမယ့် သူ့ဘက်က အပြောအရ တော့ ဒီကိစ္စဟာ သူ့ကို အများကြီး ထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အချိန်မရွေးလမ်းခွဲဖို့ အဆင်သင့်ပဲလို့ ကျွန်မဘက်က ပြောထားတဲ့အတွက် သူ့ဘက်ကပြင်းပြင်းထန်ထန် မပြောခဲ့ပေမယ.့် လူကြီးတွေ အမြင်ရှင်းအောင် သူ့ဘက်က ဖြေရှင်းပေးခဲ့တယ်လို့ ကျွန်မကို သူက ပဏာလာယူပါသေးတယ်။

လပိုင်းအတွင်းမှာပဲ ကျွန်မကို ထိုင်းနိုင်ငံက ချင်းမိုင်တက္ကသိုလ်မှာ သတင်းစာသင်တန်း တက်ရောက်ဖို့အတွက် ရွေးချယ်တာကို ထပ်ပြီး လက်ခံခဲ့ရပါတယ်။ ဒီမှာတော့ သူ့ဘက်က အပြင်းအထန်ကို ကန့်ကွက်ပါတယ်။ ထိုင်းဘက်ကို ရောက်သွားတဲ့ အခါ ကျောင်းသူတွေ စည်းကမ်းမရှိတာတွေ နောက် လူနေမူစနစ် ပျက်ပြားတာတွေ စည်းကမ်းမဲ့ တာတွေ ရှိတဲ့အတွက် တကယ့်လို့များ ကျွန်မ ရောက်သွားပြီး အဲ့သင်တန်းကို တက်ခဲ့ရင် ကျွန်မ ဟာ ထိုင်းက ပြန်လာတာနဲ့ သိမ်ကြီးဈေး အပေါ်ထပ် တန်းရောက်မယ့် အဖြစ်မျိုး သူမြင်တာ ကြားတာ ကို အခြေအမြစ်မရှိ စည်းကမ်းမရှိ ပြောလာပါတယ်။

နိုင်ငံခြား ဗဟုသုတမရှိတဲ့ ကျွန်မကို လာပြီး ဆရာလုပ်ပြောနေတာပေမယ့် သူ့ရဲ့ အတွင်းစိတ်ကိုလည်း မြင်လိုက်သလို ကျွန်မသွားတက်မယ့်သင်တန်းဟာ သတင်းစာသင်တန်းသာ ဖြစ်တဲ့အတွက် ကျွန်မ သိက္ခာကို ကျွန်မယုံကြည်သလို ကျွန်မရဲ့ လုပ်ငန်းခွင်အတွက် တကယ်လိုအပ်တဲ့ ပညာတစ်ခုကို ငတ်မွတ်စွာနဲ့ သင်ယူဖို့ အဆင်သင့်ဖြစ်လာတဲ့ အနေအထားတစ်ခုမှာ ကျွန်မ ဒီအခွင့်အရေးကို အဓိပ္ပါယ်မဲ့ အကြောင်းပြချက်တွေနဲ့ မဖျက်နိုင်တဲ့အတွက် ကျွန်မ တက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။်

ပိုပြီး ဆိုးရွားလာတဲ့ အချက်ကတော့ ကျွန်မ ထိုင်းကို ရောက်ပြီး စာသင်နေတဲ့အချိန်မှာ ကျွန်မကို အီးမေးလ်တွေနဲ့ ဆက်သွယ် ကျွန်မအိမ်ကို စုံစမ်း နောက် အလုပ်ကို သွားပီး ကျွန်မအခြေအနေကို မေး စတာတွေ လုပ်လာတဲ့အတွက် ကျွန်မပတ်ဝန်းကျင်က လူတွေက ကျွန်မကို သတိပေး လာကြပါတယ်။ အဲ့ဒီ့မှာတင် ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်ပါတယ်။ သူ့ကိုလည်း အပြတ်သားဆုံး ပြောလိုက် တယ်။ အမြဲတမ်း နောက်တွန့်ပြီး တွေးပူနေရဘူးတဲ့ စိုးရိမ်ခဲ့ဖူးတဲ့ ကျွန်မ သိပ်ချစ်တဲ့ လေးစားတဲ့ ခေါင်းဆောင်ပိုင်း ကတောင် တကယ်လို့များ သူနဲ့ ကျွန်မနဲ့ပြတ်ဆဲမူအတွက် ကျွန်မအပေါ် အမြင်စောင်းခဲ့မယ် ဆိုရင် အဲ့အပြစ်ကို ကျွန်မကိုယ်တိုင် ခံယူမယ်လို့ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တာပါပဲ။

ဒီရက်စွဲတွေကတော့ ကျွန်မအတွက် ငရဲခန်းထဲက မျက်နှာစာတွေပါပဲ။ အဲ့ကတည်းကစပြီး လူတစ်ယောက်ကို သိပ်ပြီး လျှော့မတွက်ဖို့ အရာရာ သတိထားဖို့ သင်္ခန်းစာကောင်းကောင်းရလိုက်တဲ့ ကျွန်မ ကောင်းကောင်း နောင်ကျဉ်သွားတော့တာပါပဲ။

(သူနဲ့ ကျွန်မအကြောင်းကို သိချင်သော သူများအတွက် ရည်ရွယ်ပြီး ဒီပို့စ်ကို ရေးပါတယ်...သူလိုသူဟာ အဲ့ဒီ့ဝန်းကျင်မှာ သူပဲရှိမယ်လို့ ယုံကြည်ပါတယ်။)


3 Comments:

ခင်မင်းဇော် said...

ဒီကောင့်လက်က ရုန်းထွက်နိုင်တာ အင်အားပဲ။ ခိုင်မာတဲ့ အင်အားပဲ။ ခုတော့ ဒီကောင်လဲမြောင်းထဲမှာပါဟာ။ ချီးကျူးတယ် ။ ဒီလုပ်ရပ်တွက်။ လူယုတ်မာဆိုတာ အချိန်မီသိလိုက်နိုင်တာလဲ ပညာပဲ။

ATN said...

နောက်ဆို ဆင်ဆင်ခြင်ခြင်လုပ်ဟေ့... တူမကြီးရေ့...

မိုးခါး said...

း(