ကျွန်မနဲ့ဘ၀လက်တွဲဖော်

စိတ်ထဲ မွန်းကျပ်ပိတ်လှောင်လာမိတာနဲ့ တစ်ယောက်တည်း ၀ရံတာရှေ့ထွက်ပြီး သံဇကာရှေ့ ရပ်နေရင်းက ဟိုးအဝေးက နှင်းမူန်တွေကြားက လမင်းကြီးကို ငေးကြည့်နေမိတယ်။ ခပ်ကြမ်းကြမ်း မောင်းထွက်သွားတဲ့ ကားသံအချို့က လွဲရင် ပိုးကောင်လေးတွေရဲ့ အသံစူးစူးလေးတွေကိုပဲ တစ်ချက် တစ်ချက် ကြားနေရတာ ကလွဲရင် ညက သိပ်တိတ်ဆိတ်လွန်းတယ် မဝေးတော့တဲ့ ရက်စွဲတစ်ခုကို ပြန်သတိရမိတယ် လေသံတစ်ခုက နားဝကို အသာပျံလွင့်လာတယ် ဟိုးမိုးပေါ်က လမင်းကြီးကို မြင်ရင် ယူကို သတိရတယ် သိလား ယူကလေ ရယ်ရင် အရမ်းချစ်ဖို့ကောင်းတယ် တဲ့ ခပ်သော့သော့ ရေးခြစ်ထားတဲ့ စာရွက်လေးတစ်ခု ပြန်ဖတ်ပြတိုင်း နီစွေးစွေး မျက်နှာနဲ့ ရှက်ရယ်ရယ်နေတဲ့သူ ကို မြင်ယောင်မိလိုက်တဲ့ ခနချင်းမှာပဲ စိတ်ထဲ ကြည်နူးလာသလို ခံစားလိုက်ရတယ် မသိမသာ ရှက်ပြုံးပြုံးမိတော့ လမင်းကလဲအုန်းပင်ရိပ်ကနေ ထိုးထွက်လာပြီး ခပ်ပြုံးပြုံးကြီး ငုံ့ကြည့်နေသလိုပဲ။


အခုဆို ဘာလိုလိုနဲ့ လေးနှစ်နဲ့လေးလတောင်ကျော်သွားပြီပဲ လေးနှစ်ဆိုတဲ့ သက်တမ်း တစ်ခုဟာ သိပ်များလွန်းတာ မဟုတ်ပေမယ့် သိပ်နည်းလွန်းတဲ့ အချိန် အတိုင်းအတာ တစ်ခုလည်း မဟုတ်ပြန်ဘူး အရင်ကဆို ချစ်သူတွေဟာ သုံးနှစ်သုံးမိုး ချစ်ကြိုက်ပြီး တစ်ယောက် အကြောင်း တစ်ယောက် သိအောင်လုပ်သတဲ့ ။ဒါဆို တို့နှစ်ယောက် ကရော ဘာလဲ ဘယ်လဲ လို့ ပြောင်ချော်ချော် မျက်နှာနဲ့ ကျွန်မ ခပ်ဟဟရယ်ရင်း အမြဲမေးတတ်တဲ့အခါ သူလုပ်နေကျ ထုံးစံအတိုင်း ထင်းနေတဲ့ မျက်မှောင်ကို ခပ်တင်းတင်း ကုတ်ရင်း နုတ်ခမ်းကို ခပ်စေ့စေ့ ထားပြီး မပြုံးမရယ်မျက်နှာနဲ့ ကျွန်မကို အမြဲ ရူတည်တည်ကြည့်ပြီး ဘာဆိုဘာမှ စကားဆက်မပြောပဲ ထထွက်သွားတတ် တာမျိုး ဒါမှမဟုတ် ကျွန်မရင်ခွင်ထဲ ခေါင်းအပ်ပြီး ကျွန်မကို ခပ်တင်းတင်း ဖက် ထားတတ်ပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်ကပေါ့ မှတ်မှတ်ရရ ၂၀၀၅ခုနှစ် မေလထဲမှာ ချင်းမိုင်တက္ကသိုလ်မှာ စတွေ့ခဲ့တဲ့ အချိန်တုန်းကဆို သူက ကျွန်မကို နည်းနည်းမှ ကြည့်မရပါတဲ့။ ဆံပင်ထူထူမဲမဲကြီးကို ကျစ်ဆံမြီး ကျစ် အနောက်တိုင်းဝတ်စုံ နက်ပြာရောင်လေးကို စမတ်မကျတကျ ၀တ်ဆင်ရင်းက My name is su mon, I'm single လို့ ခပ်စူးစူးအော်ရင်း ခပ်သွက်သွက် ပြုံးဖြဲဖြဲ ပြောင်ချော်ချော် မျက်နှာထားနဲ့ ကျွန်မ ကို သူတော်တော် မျက်စိစပါးမွှေး စူးခဲ့တယ်ဆိုပဲ။ ကျွန်မကို သူကြည့်မရ ဖြစ်နေတယ် ဆိုတာကို ကျွန်မ လုံးဝ မရိပ်မိခဲ့ပါဘူး။

ကျွန်မကတော့ ထုံးစံအတိုင်း ရောက်လေရာအရပ် လက်ပံပင် ဆက်ရက် ကျသလို စကားကို မနားတမ်းပြော ပြောရင်းနဲ့ရယ် ရယ်ရင်းပြော အဲ့လိုမျိုး။ တွေ့ရာလူနဲ့ တည့်အောင်ပေါင်း ကျွေးသမျ အစား အကုန်စား ရယ်စရာရှိရင် အားရပါးရ ပြောစရာရှိရင် တည့်တည့်ပြော ခနလေးအတွင်းမှာပဲ လူတွေနဲ့ ပေါင်းသင်း ဆက်ဆံရလွယ်တဲ့ ကျွန်မ စရိုက်အတိုင်း သူငယ်ချင်းတွေကြားမှာ ပျော်ဝင်စီးဆင်းခဲ့ပါတယ်။ ကွန်ပျူတာရှေ့မှာ ကျောက်ချထိုင်နေပြီး အပြုံးအရယ်နည်းတဲ့ ခပ်တည်တည်နဲ့သူ့ကို လဲ ကျွန်မ အာရုံထဲမှာ စိတ်မထားမိတာ အမှန်ပါပဲ။

အဲ့လိုနဲ့ တစ်နေ့ ကျွန်မတို့တွေကို ရေကန်ကြီးထဲမှာ ပျော်ပွဲစားခရီးထွက်ကြတုန်း ရေအရမ်းကြိုက်တဲ့ ကျွန်မ ရေအစိမ်လွန်သွားပြီး နှာအရမ်းချေ နေမကောင်းဖြစ်လာတဲ့အခါ သူက သူ့မျက်နှာသုတ်ပ၀ါလေးကို ကျွန်မကိုယ်ပေါ် လာလွှမ်းခြုံပေးတာက စတာပါပဲ။ ဘာရယ် မဟုတ် ရင်ထဲ တစ်မျိုး ခံစားလိုက်ရပေမယ့် ခံစားချက်ကို ဘယ်တော့မှ ကြာကြာမထားတတ်တဲ့ ကျွန်မ ထုံးစံအတိုင်း သူ့ပ၀ါ ပြန်ပေးလိုက် တာနဲ့အတူတူ မေ့ပျောက်သွားခဲ့ပါတယ်။ ပြီးတော့ ကျွန်မ စိတ်ထဲမှာလည်း ကြိုသိနေခဲ့ပြီးသား အခြေအနေ တစ်ခုရှိတယ် နောက် ပြန်ရမယ်ဆိုတဲ့ အချိန် သတ်မှတ်ချက်တစ်ခုလည်းရှိတယ်။

ဒါပေမယ့် ကံကြမ္မာကပဲ ဖန်တီးပေးလိုက်တာလား ကိုယ်ကိုယ်တိုင်ကပဲ ဖန်တီးယူခဲ့တာလား မသိပါ..ကျွန်မတို့ရဲ့ အနာဂတ်တွေ အားလုံးဟာ ကြိုတင်ကြံစည်မူ တစ်စုံတစ်ရာမရှိပဲ အပြောင်းလဲကြီး ပြောင်းလဲသွားပါတယ်။

အင်မတန် လမ်းထွက်လိုတဲ့ ကျွန်မအတွက် အဖော်တစ်ယောက်အဖြစ် အမြဲ သူက လိုက်ပါပေးတတ်ပါတယ်။ စက်ဘီးကိုယ်စီစီးပြီး ကားတွေ တရပ်ကြမ်းမောင်းနေတဲ့ အဝေးပြေးလမ်းမကြီးထက်မှာ အော်ဟစ်ကြရင်း မြေပုံတစ်ခုကိုင်ပြီး လျောက်သွား နေကြဖြစ် ပါတယ်။ အရမ်းမောလာပြီဆိုရင် မြက်ခင်းပေါ်မှာ ပက်လက်လှန် မိုးကောင်းကင်ကြီးကို မော်ကြည့်ပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ရယ်မောမိကြတယ် သိပ်ကို ဖြူစင်ခဲ့ကြတဲ့ အချိန်တွေပေါ့။

အဲ့ဒီ့နေ့ က အလွန်အမင်း ဆတ်ဆော့တဲ့ စူးစမ်းချင်စိတ် ပြင်းပြလွန်းတဲ့ နည်းနည်း အတိအကျပြောရရင် လမ်းအရမ်း ထွက်ချင်တဲ့ ပိတ်လှောင်မူတွေကို လုံးဝမကြိုက်တဲ့ ကျွန်မ လမ်းထွက်ဖို့ အဖော်ရှာ တာက စတယ် ပြောရမှာပဲ။ မိုးမှောင်ကျနေတဲ့ လူသူ တိတ်ဆိတ် နေတဲ့ ညဘက်ကြိးမှာ မြေပုံမပါပဲ လျောက်သွားမိတဲ့ ကျွန်မတို့နှစ်ယောက် ဦးတည်ရာ မြန်မာဆိုင်လေးကို မရောက်ရောက်အောင် သွားခဲ့ကြပြီး အပြန်လမ်းမှာ လူလျောက် လေ့မရှိတဲ့ လမ်းမထက်က ကျွန်မတို့နှစ်ယာက်ကို မဲဟောင်နေတဲ့ ခွေးအကောင်ကြီးကြီး အုပ်လိုက်ကြီးတွေကြား မရဲတရဲဖြတ်ကျော်ရင်း ချွေးစေးတွေပြန်နေတဲ့ လက်ဖ၀ါးနှစ်ဘက်ကို တင်းတင်းဆုတ်ကြရင်း အပြန်အလှန် အားကိုးစိတ်တွေနဲ့ အပြေးအလွှားပြန်လာကြရင်း နေရာကိုပြန်ရောက်မှ တစ်ယောက်မျက်နှာ တစ်ယောက်စေ့စေ့ကြည့်ရင်း အသက် ၀၀ရူရင်း အားရပါးရရယ်မိကြတယ် ။

နောက်သွားဦးမလားလို့ မေးတော့ သွားမှာပေါ့ လို့ ခပ်မြန်မြန်ဖြေလိုက်တဲ့ ကြည်ကြည်စင်စင် သူ့မျက်နှာကို ကြည့်ပြီး ကျွန်မရင်ထဲမှာ မှတ်မှတ်ထင်ထင် ဖြစ်သွားခဲ့မိပါတယ်။ သူ့မှာ သိပ်ချစ်ဖို့ ကောင်းတဲ့ အမူအကျင့် တစ်ခုရှိပါတယ် အဲ့တာကတော့ သိပ်ရိုးသားတဲ့ ဖြူစင်တဲ့ သူ့စိတ်ကို အတိုင်းသားမြင်နိုင်တဲ့ ဟန်ဆောင်မူ ကင်းတဲ့ အမူအရာပါပဲ ယူ့ကို ငါချစ်တာ အဲ့ရိုးသားမူ တစ်ခုကြောင့်ပဲလို့ ပြောတိုင်း အမြဲတမ်း နူတ်ခမ်းစူပြီး မျက်နှာပုတ်လိုက်တဲ့ ကလေးဆန်တဲ့ အကျင့်တစ်ခု သူ့မှာ ရှိတယ်။ သူက ကျွန်မထက် အသက်လေးနှစ် ငယ်ပေမယ့် အမြဲတမ်းလူကြီးဆန်ဆန်ပဲ နေလေ့ရှိပါတယ်။

ကြက်တောင်ရိုက်ရင်း ကျွန်မ ခြေသပွတ်တိုင်လည်ပြီး ပြုတ်ကျသွားတဲ့အချိန် ကျွန်မခြေဖ၀ါးကို ဆုတ် ကိုင် ပြီး နှိပ်နယ် ပေးနေတဲ့ သူ့ကို အဖော်တွေ အားလုံးက ရယ်ချင်တဲ့ စိတ်တွေနဲ့ အုံကြည့်နေတာကို လုံးဝ ဂရုမစိုက်ပဲ သူလုပ်ချင်တာကိုပဲ ပြီးအောင် လုပ်ခဲ့တာ သက်သာလား လို့ စိတ်ပူပြီး အရင်နှိပ်ပြီး မေးတဲ့ သူငယ်ချင်းကို အခု သူနှိပ်ပေးလို့သက်သာသွားပြိလို့ ဖြေမိလို့သူငယ်ချင်းကတောင် စိတ်ဆိုးသွားတာ စသဖြင့် မှတ်မှတ်ထင်ထင်လို့ပြောရမယ့် ကိစ္စတွေ တော်တော်များများ ဖြစ်ပျက်ပြီး နောက်ပိုင်းမှာ ကျွန်မ စိတ်ထဲ သိချင်တဲ့ အကြောင်းအရာတစ်ခုကို ကျိန်းသေချင်လာမိတယ်။


ဒါဟာ မိုက်ရူးရဲခြင်းလား မိုက်မဲခြင်းလား စိန်ခေါ်မူလားဆိုတာ အခုချိန်အထိ အဖြေရှာမရခဲ့ပါ ညဘက် စာသင်ခန်း ထဲမှာ မျက်နှာခြင်းဆိုင် ထိုင်ပြီး စာကျက်နေကြရင်းကနေ ကျွန်မ ခပ်ငုံ့ငုံ့လုပ်ထားတဲ့ သူ့မျက်နှာကို ကြည့်မိတယ်။ နောက် မထင်မှတ်ပဲ မင်းငါ့ကို အခု ခင်သလို သံယောဇဉ်ရှိသလို မင်း ခံစားနေရသလိုမျိုး မင်း အရင်ရည်းစားမှာ ခံစားရဖူးလားဆိုတဲ့ မေးခွန်းတစ်ခုကို မေးလာတယ်။ ခပ်ပြင်းပြင်းရူရိုက်နေတဲ့ အသက်ရူသံတွေကြားမှာ ကျွန်မ ရင်ထဲ ဆို့နစ်လာမိတယ်။ တဆတ်ဆတ် တုန်နေတဲ့ သူ့လက်ဖ၀ါးနှစ်ခုကို အသာအုပ်ကိုင်လိုက်တော့ အရမ်းကိုအေးစက်နေတာ ခံစားလိုက်ရတယ် နောက်သူက ကျွန်မကိုစေ့စေ့ကြည့်ပြီး မေးခွန်းတစ်ခုပြန်မေးတယ် ယူရော ငါ့ကို ချစ်တယ်မဟုတ်လားတဲ ကျွန်မဘာမှမဖြေပဲ သူ့ကိုပဲ ငေးစိုက်ကြည့်နေမိတယ်။

အဲ့ဒီ့နေ့ညမှာ ကျွန်မတို့ ချစ်သူတွေ စဖြစ်ခဲ့ကြသလား ဆိုတာ သိပ်မသေချာပေမယ့် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အမြဲတမ်း နောက်မတွန့်တတ်တဲ့ ကျွန်မ အသေချာဆုံး အလုပ်တစ်ခုကို အဲ့နေ့ညမှာ လုပ်ခဲ့ပါတယ်။ ဘယ်သူမှ မရှိတော့တဲ့ ကွန်ပျူတာအခန်းထဲကို တစ်ယောက်တည်း ၀င်လာပြီး အီးမေးလ်ကို ဖွင့်ပြီး အမြဲပို့နေကျ လိပ်စာတစ်ခုကို ဖွင့် နောက်နောင် ဘယ်တော့မှ ဆက်သွယ်စရာလဲ မလိုတော့ဘူး ဘယ်တော့မှ ပတ်သတ်စရာမလိုတော့သလို ဘာကြောင်းနဲ့မှလဲ တွေ့စရာအကြောင်းမရှိတော့ဘူးလို ရေးပြီး Send လိုက်တယ် နောက် Email လိပ်စာကို တစ်ခါတည်း blockလုပ်ပါတော့တယ်။

ဒါဟာ ကျွန်မတို့နှစ်ယောက် အစ လက်တွဲရုန်းကန်ဖို့ စိန်ခေါ်မူတွေကို ဖြေရှင်းကြဖို့ လက်တွဲမူရဲ့ အစဖြစ်ပါတယ် ။အရာရာကို အမြဲတမ်း နောက်မတွန့်တမ်း ဆုံးဖြတ်ချက်ချလေ့ရှိတဲ့ ကျွန်မနဲ့ အမြဲတမ်း အနာဂတ်ဆိုတာကို ကြိုတွေးပြီးမှ ဆုံးဖြတ်လေ့ရှိတဲ့ သူ ဒီတစ်ကြိမ်ကတော့ ခံစားချက်အလိုအတိုင်း စီးမျောလိုက်ကြတာပါပဲ ။ အချိန်တိုတိုလေးအတွင်းမှာ အရမ်းကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်းတွေနဲ့အတူ တင်းတင်းရစ်ပတ်ထားတဲ သံယောဇဉ်ကြိုးတွေနဲ့ အထပ်ထပ် တုတ်နှောင်ကြရင်း ဝေးရမယ့် အချိန်တွေကို မတွေးဝံအောင် ဖြစ်လာပါတယ်။

ပြန်ကြဖို့ ရက်နီးကပ်လာတာနဲ့အမျ မခွဲနိင်အောင်ကို ဖြစ်လာတဲ့ ခံစားချက်တွေအတွက် ရင်တွေလဲ ကွဲကြေလုမတတ် ခံစားခဲ့ရပါတယ်။ တကယ်ပြန်ရပြီဆိုတဲ့နေ့မှာတော့ ကျွန်မ ပုခုံးကို ခပ်တင်းတင်း ဆုတ်ကိုင်ပြီး မကြာခင်ပြန်တွေ့မယ်နော်လို့ ခပ်ပြတ်ပြတ်ပြောပြီး ကားဆီကို လှည့်ထွက်သွားတဲ့ သူကျောပြင်ကို ငေးကြည့်ရင်း တစ်ခွန်းမှ ပြန်မပြောပဲ အံကိုပဲ တင်းတင်း ကြိတ်မိတယ်။ ကမမ်းကတမ်း ထားသွားတဲ့ ဖွင့်လက်စ သူ့ ကွန်ပျူတာခုံရှေ့က စီဒီခွေချပ်တွေကြားထဲမှာ ငုတ်တုတ်လေးထိုင်ရင်း နာကျင်ဆို့နစ်လာတဲ့ ဒဏ်ကို မခံနိုင်တော့တဲ့အဆုံး ကွန်ပျူတာခုံပေါ် မျက်နာမှောက်ပြီး ရင်ပွင့်မတတ် အသံထွက်ငိုကြွေးလိုက်မိပါတယ်.

လေယာဉ်ပေါ်ကို လေးကန်တဲ့ ခြေလှမ်းတွေနဲ့ တက်လိုက်လာရင်း မိုးတိမ်ထုတွေကိုငေးမောရင်း ဘယ်လိုမှ ဆက်စပ်လို့မရမယ့် ဘ၀တွေ ဖြစ်တဲ့အတွက် နောင် ဘယ်တော့မှ ပြန်မဆုံနိုင်တော့ပါဘူးလို့ပဲ တစ်ထစ်ချ ခံယူထားလိုက်ပါတယ်..မျက်စိကို တင်းတင်းစေ့ပိတ်ပြီး မျက်ရည်စတွေ ပါးပြင်ပေါ် စီးကျနေပေမယ့် လုံးဝမသုတ်ပဲ အံကိုပဲ တင်းတင်းကြိတ်ထားလိုက်မိပါတယ်။ အဲ့တုန်းကတော့ တကယ်ပဲ တွေးခဲ့မိပါတယ်။

ဘယ်တော့မှ ပြန်မဆုံနိုင်တော့ဘူးလို့ ဒါပေမယ့် ပြန်ရောက်ပြီး တစ်ပတ်အကြာ ဖုန်းမြည်သံတစ်ခု ၀င်လာတော့မှ..ဖြစ်ပျက်ခဲ့တာတွေဟာ အိမ်မက်တွေ မဟုတ်ခဲ့ဘူးဆိုတာ ကျိန်းသေသွားပါတော့တယ်။ ဘယ်တော့မှ ပြန်မဆုံနိုင်တော့ဘူးလို့ ထင်ထားခဲ့ရာကနေ .ဖြစ်ပျက်ခဲ့တာတွေဟာ အိမ်မက်တွေ မဟုတ်ခဲ့ဘူးဆိုတာ သိလိုက်ရချိန်မှာတော့...

တစ်နစ်ကျော်ကြာ ဝေးကွာခဲ့ရတဲ့ နေရာဟောင်း လူဟောင်း အလုပ်ဟောင်းမှာ ပြန်လည်ပျော်ဝင် လုပ်ကိုင် လည်ပတ်နေရင်းက ချစ်သူနဲ့ ခွဲခွာရခြင်း လောလောလတ်လတ် အတိတ်နေ့ရက်များကို ပြင်းပြင်းထန်ထန် လွမ်းဆွတ်ခြင်း ဝေဒနာကို ခါးခါးသီးသီး ခံစားရတဲ့အတွက် နားချိန်မပေးပဲ အလုပ်ကိုပဲ အာရုံစိုက်ပြီး လွမ်းစိတ်ကို ကြိုးစားဖြေဖျောက်လိုက်တယ်။ အင်တာဗျူးတွေ တစ်ခုပြီး တစ်ခု သတင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ်ကို အာရုံစိုက် ရေးနေတုန်း အစ်မရေ ဖုန်းလာတယ်တဲ့ အလုပ်လုပ် ကောင်းနေတုန်း ဖုန်းလာတဲ့အတွက် စိတ်မသက်မသာနဲ့ ထပြီး ဖုန်းခွက်ကို ကိုင်လိုက်ပါတယ်။ ဟဲလို ပြောပါ ဆိုတော့ ဘာသံမှ မကြားရပဲ အသက်ရူသံပြင်းပြင်းကို ကြားလိုက်ရတယ်။ ဘယ်သူဆိုတာ သိလိုက်ချိန်မှာပဲ အံသြစိတ်နဲ့ ရုတ်တရက် တကယ့်ကို ဆွံ့အသွားမိတယ်။ ဖုန်းခွက်ကို တင်းနေအောင် ဆုပ်ကိုင်ပြီး ဘာဆက်ပြောရမှန်း မသိဖြစ်သွားမိတယ်..

ဟဲလို အစ်မ ..ဘာတွေ လုပ်နေလဲတဲ့ ရင်းနှီးနေတဲ့ အသံကို ကြားလိုက်ပေမယ့် မယုံနိုင်တဲ့ စိတ်တွေကြောင့် ဘာကိုမှ ဆက်မပြောနိုင်သေးပဲ ဖြစ်နေပါတယ်။ နူတ်ကနေ တစ်ခွန်းမှာ မထွက်နိုင်သေးပေမယ့် ရင်ခွင်ထဲမှာတော့ နှလုံးခုန်သံတွေဟာ ၀ုန်းဒိုင်းကျဲ လူပ်ခတ်နေပါတယ်။ ချွေးစေးတွေနဲ့ စေးကပ်နေတဲ့ နူတ်ခမ်းက ဘာပြောရမှန်း ရုတ်တရတ် စဉ်းစားမရ အသံကြားကာမှ ငိုချင်စိတ်က ပိုပျင်းပြလာသလို အစ်မ ခပ်ဆောင့်ဆောင့် ခေါ်သံနဲ့အတူ ဘာလုပ်နေလဲ စကားမပြောချင်ဘူးလားတဲ့ အင်း ပြောပါတယ် နေကောင်းလား ငိုချင်နေတဲ့ နုတ်ခမ်းကိုကိုက်ထားပြီး ခပ်တောင့်တောင့် ထွက်သွားတဲ့ အသံအောက်မှာ သူ ရုတ်တရက် နူတ်ဆိတ်သွားတယ် ကျွန်မ သိလိုက်တယ် သူကျွန်မကို အထင်လွဲဖို့ အစပျိုးနေပြီလို့ ကျွန်မ ကမမ်းကတမ်း မေးခွန်းထုတ်လိုက်တယ် အခု မင်းဘယ်မှာ ရောက်နေလဲ ဆိုတော့ သူပြောတယ် အစ်မဆီကို နောက်ရက်ပိုင်းအတွင်းမှာ ရောက်အောင် လာခဲ့မယ်တဲ့ ပြောနေရင်း လိုင်းက ပြတ်တောင်း ပြတ်တောင်း ဖြစ်သွားတယ် သူ အမြန် အမြန် ပြောပြန်တယ်။

သူဖုန်းနံပတ်တစ်ခုကို အမြန်ရွတ်ပြပြီး အဲ့ဖုန်းကနေ ပြန်ပြောမယ်နော် အခု စက်ဘီးနဲ့ အဲ့ဒီ့နေရာကို အရောက် သွားမယ် နောက် ဆယ့်ငါးမိနစ်ဆို ပြန်ခေါ်ပါဆိုပြီး လိုင်းပြတ်ကျသွားတယ် ကျွန်မ ငိုင်ပြီး ကျန်ခဲ့တယ်.. တကယ်လား အိမ်မက်လား လို့ ထင်မှတ်မှားနေတုန်းပါပဲ နောက်ထပ် ဆယ့်ငါးမိနစ်မှာ သူပေးခဲ့တဲ့ နံပတ်ကို ပြန်ခေါ်တော့ သူလာကိုင်တယ် အရမ်းကို မောနေတဲ့ အသံနဲ့ အဲ့နံပတ်ကို အရောက် စက်ဘီးနဲ့ ပြေးလာရတာ သိလားတဲ့ ကျွန်မစိတ်ထဲ တော်တော် ၀မ်းနည်းသွားမိတယ် အရမ်းကို ငိုချင်စိတ်တွေ ပျင်းပြလာမိတယ်

အဲ့ဒီ့ချိန်တွေတုန်းက သူပြောနေတာကိုပဲ နားထောင်ပြီး ဘာတစ်ခုမှ ပြန်မပြောနိုင်ခဲ့တာကို အခုချိန် အဲ့ဒီ့အဖြစ်အပျက်ကို ပြန်ပြောင်းပြောမိတိုင်း သူအမြဲ စကားနာထိုး တတ်ပါတယ် ဖုန်းဆက်တောင် စကားတောင် ကောင်းကောင်း မပြောဘူး မင်းအသံက အဲ့တုန်းက မပြောချင်သလို ဘာလိုလိုနဲ့ တစ်မျိုးကြီး တဲ့ တကယ်တော့ အရမ်းသတိရချိန် သူ့အသံကြားလိုက်ရချိန်မှာ ပြောဖို့တောင် ခွန်အားမရှိအောင် ဆွံအသွားမိတာဟာ သူ့အပေါ်ထားတဲ့ ချစ်ခြင်း လွမ်းခြင်းတွေ ကြောင့် ဆိုတာလဲ မပြောချင်တော့ပါဘူး

ဒါပေမယ့် သူ တကယ်ပဲပေးထားတဲ့ ကတိအတိုင်း ကျွန်မဆီကို မိုင်ပေါင်းထောင်နဲ့ချီဝေးကွာနေတဲ့ နိုင်ငံခြားနေတဲ့ နေရာကနေ ရက်ပိုင်းအတွင်းမှာပဲ အရောက်လာခဲ့ပါတယ် အဲ့ဒီလို ကျွန်မအပေါ် ထားတဲ့ သစ္စာတရားနဲ့ လေးလေးနက်နက် ထားခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေ အတွက်တော့ ကျွန်မ သူ့ကို အခုချိန်အထိ ကျေးဇူးတင်နေတုန်းပါပဲ

မနက်ပိုင်းရောက်မယ် သိလား ရွှေတိဂုံဘုရား အင်္ဂါထောင့်မှာ စောင့်နေနော်တဲ့..ကျွန်မ မနက်အစောကြိး ဘုရားမှာ ရောက်နေပြီး ဘုရားစောင်းတန်းလေးမှာ ထိုင်စောင့်နေခဲ့ပါတယ် မြန်မာဝတ်စုံ ကြည်ပြာရောင်လေးနဲ့ ကြည်ပြာရောင် ချိတ်လုံခြည်လေးကို ၀တ်ထားတဲ့ မြန်မာဆန်ဆန် ကျွန်မကို မြင်ရင် သူပြုံးမှာ သေချာတယ်ဆိုတာကို တွေးနေမိတယ် နာရီအနည်းငယ်နောက်ကျပြီးမှ ကမမ်းကတမ်း ပြေးလာတဲ့ သူ့ကိုလည်း မြင်ရော ကျွန်မ အားရပါးရပြူံးပြမိပါတယ်။

သူလဲ အပြေးတစ်ပိုင်း ရောက်လာပြီး ကျွန်မလက်အစုံကို တင်းနေအောင်ဆုပ်ပြီး ဘာတစ်ခွန်းမှ မပြောနိုင်ပဲ တစ်ယောက်ကို တစ်ယောက် မျက်ရည် စိုစွတ်နေတဲ့ မျက်ဝန်းတွေနဲ့ပဲ ကြည့်နေမိပါတယ်။ ပြန်ဆုံတဲ့အချိန်မှာ..မဆီမဆိုင် တစ်ညလေး ချောင်းခြားတာ ရက်ပေါင်းခုနှစ်ရာ ငိုကြတယ်ဆိုတာ ဖြစ်နိုင်လို့ တွေးမိတယ် ကျွန်မ တကယ်ပဲ သူ့ကို ချစ်မိသွားပြီထင်ပါရဲ့ နောက်မှာ ကျွန်မ မြန်မာဝတ်စုံကို သူ သေချာကြည့်ပြီး ရယ်ပါတော့တယ် ဘာပုံကြိးလဲ မသိဘူးတဲ့..အဖွားကြီးလေး ကျနေတာပဲတဲ့ ကျွန်မလဲ သူ့ကို ညစ်ကျယ်ကျယ် ပြုံးပြရင်း ယူ ငါ့လှတာ မနာလိုဘူး မဟုတ်လားလို့ ပြောလိုက်တယ် နောက် အောင်မြေမှာ ဘုရားကန်တော့ပြီး သူနဲ့ကျွန်မ တစ်နေကုန် အလွမ်းသယ်မဆုံး ဖြစ်ခဲ့ရပါတယ်

အစ်မ ဘယ်လိုဆုံးဖြတ်မလဲတဲ့.. ငါကတော့ ယူ့ကို မခွဲနိုင်ဘူးတဲ့.ဒါပေမယ့် ငါတို့ပန်းတိုင်ကိုလဲ မရောက်သေးဘူးတဲ့ သူပြန်ခါနီး ကားဂိတ်မှာ လိုက်ပို့ရင်း သူကျွန်မကို အသေအချာမေးတော့ ကျွန်မရင်ထဲမှာ နာကျင် ခံခက်တဲ့ ဝေဒနာကို ခံစားလိုက်ရတယ် အဖြေမရှိတဲ့ မေးခွန်းကို အတင်းအကျပ်ရှာနေရသလိုပါပဲ ကျွန်မဖြေလိုက်တယ် ငါ့မိသားစု ငါ့ယုံကြည်မူ ငါချစ်တဲ့အန်တီ ငါ့သူငယ်ချင်းတွေ ရှိနေတဲ့ ဒီမြေကို ငါမခွဲနိုင်ဘူး နောက်ငါခွဲထွက်သွားရင် ငါ တာဝန်မဲ့တဲ့သူတစ်ယောက်ဖြစ်မှာ ငါ့ကို ထွက်ပြေးသူလို့ စွတ်စွဲမှာ ငါ ကြောက်တယ်လို့ ဖြေလိုက်တယ် အဲ့ဒီ့နေ့က သူထွက်သွားတဲ့ ကားကို စောင့်ကြည့်နေရင်း အဝေးပြေးဂိတ်ကအပြန် တစ်လမ်းလုံး မျက်ရည်ကျခဲ့တယ်။ အမှန်ပြောရရင် ချစ်ခြင်းအတွက် မျက်ရည်ကျဖူးတာ ဒါပထမဆုံးပါပဲ။

မဖြစ်ဖြစ်အောင် မရောက်ရောက်အောင် လာခဲ့တဲ့ သူ့အတွက် ကျွန်မဘက်က အတတ်နိုင်ဆုံးသူ့ဘေးနားမှာ နေပေးခဲ့ပြီး ကျွန်မကို သူပြောခဲ့တဲ့ ယူ့ရပ်တည်ချက် ယုံကြည်ချက်ကို ငါ့ကြောင့် အပြောင်းအလဲ မဖြစ်စေရပါဘူး ငါလဲ ယူ့အပေါ် စောင့်နေမယ် ယူလဲ ငါ့ကိုသစ္စာရှိပါဆိုတဲ့ သူ့စကားကိုပဲ နားဝမှာ ကြားနေခဲ့တယ်။ ဒီလိုနဲ့ သူနဲ့ ကျွန်မ အပြန်အလှန် စာတွေ ပို့ကြရင်း အင်တာနက်ပေါ်မှာ စကားဆိုကြရင်း တမ်းတလွမ်းဆွတ်တဲ့ အလွမ်းဝေဒနာကို ဖြေဖျောက်ခဲ့တယ်။

မိုင်ပေါင်းထောင်ချီ ဝေးကွာနေကြပေမယ့် သူနဲ့ကျွန်မကြားမှာ မဝေးဘူးလို့ ခံစားရတယ် နောက်ပြီး သူ့အပေါ်မှာလဲ ကျွန်မ တကယ့်ကို ယုံကြည်မူထားတဲ့အတွက် ကျွန်မရဲ့လွမ်းဆွတ်မူတွေမှာ ဝေးကွာသူတို့ရဲ့ ထုံးစံအတိုင်း စိုးရိမ်ပူလောင်ခြင်း အရှင်းမရှိပဲ ဖြူစင်တဲ့ တမ်းတ သတိရမူတွေသာ ဖြစ်တည်ခဲ့ပါတယ် ချစ်သူရေ အခုငါတို့ဝေးနေရတာဟာ တစ်ချိန်မှာ တို့ဘ၀တွေ နီးဖို့ဆိုတာ ယုံကြည်လိုက်စမ်းပါကွယ်လို့ ကျွန်မပြောခဲ့တဲ့ စကားကို သူအမြဲတမ်း ကြားယောင်နေတယ်လို့ သူပြောပါတယ်။

အစ်မ တို့ နစ်ယောက် ဘယ်တော့မှ နီးစပ်နိုင်မလဲလို့ မေးတိုင်း နာနာကျင်ကျင်ခံစားချက်ကို ဖုံးဖိကွယ်ထားရင်းက တစ်ချိန်ပေါ့ မနက်ဖြန်တောင် ဖြစ်နိုင်သေးတယ် ဘယ်သူသိနိုင်မလဲ လို့ ရယ်ပြီး အမြဲဖြေခဲ့ပါတယ် ဒါပေမယ့် တကယ်တမ်း ကျတော့..တစ်ယောက်တစ်နေရာစီမှာ တစ်ဘ၀စီဖြစ်နေတဲ့ ချစ်သူနှစ်ဦးအတွက် တစ်ယောက်က တစ်ယောက်ရှိနေတဲ့စီကို ရောက်လာမှ ဒီရင်ခွင်တစ်ခြမ်းစီဟာ နှလုံးသားတစ်စုံပြည့်မယ်ဆိုတာ နှစ်ယောက်စလုံး သိနေတာပဲ။

ဒါပေမယ့် ဘယ်တော့မှ မမေးမိတောင် ဘယ်တော့မှ မဖြေမိအောင် နုတ်ဆိတ်ထားမိကြတာ တူညီတဲ့ စိတ်တွေပါပဲ ဘယ်တော့မှ အရင်လို ဘ၀ကို မရနိုင်တော့ဘူးလို့ ယုံကြည်ရင်းနဲ့ကို ကံကြမ္မာဟာ သိပ်ဆန်းကြယ်လွန်းပါတယ် သူနဲ့ကျွန်မကြားမှာ အမြဲတမ်း မမျော်လင့်တာတွေ အမြန်အဆန် ဖြစ်ပျက် ပြောင်းလဲတတ်ပါတယ် မမျော်လင့်ပဲ သူရှိနေတဲ့ နေရာ သူရှိနေတဲ့ အရပ်ကို အပြီးအပိုင် ရောက်ရှိသွားအောင် အခြေအနေတစ်ခုက တွန်းပို့လိုက်ပါတော့တယ်။.....

အခုဆိုရင် ကျွန်မချစ်သူလေးနဲ့ ကျွန်မနဲ့ ချစ်သူသက်တမ်းက လေးနှစ်နဲ့ လေးလ တင်းတင်းပြည့် ခဲ့ပါပြီ သူရော ကျွန်မပါ သတင်းထောက်အလုပ်ကို ဂုဏ်ယူစွာ လုပ်နေကြပြီး မပြီးဆုံးသေးတဲ့ တက္ကသိုလ် ပညာရပ်တွေကို ဆက်ပြီး သင်ယူဖို့ စိတ်ရောကိုယ်ရော နှစ်ပြီး ကြိုးစားနေကြတုန်းပါပဲ.အရင်ပို့စ်တွေမှာ ကံမကောင်းခဲ့လို့ အချစ်စစ်နဲ့တွေ့ပါစေလို့ ဆုတောင်းပေးသွားတဲ့ သူငယ်ချင်းတွေ ကျေနပ်မယ်လို့ထင်ပါတယ်ရှင်။

19 Comments:

Anonymous said...

ဟူးခနဲ ခုမှ သက်ပြင်းချနိုင်တယ်။ အရင်တုန်းကလိုဆို ရွှေဘလာပြီဟေ့ ဆိုပြီး လက်ခေါက်မှုတ်ပစ်မိမလားပဲ..

ပျော်ရွှင်ပါစေ မဆုမွန်ခင်ဗျား...

မြတ်လေးငုံ said...

ခုတော့ပျော်နေပြီးပေါ့လေဟုတ်လား။
ဝမ်းသားပါတယ်ညီမလေး နောက်ဆုံးအချစ်လေးနဲ့လက်တွဲရတော့
ပျော်ရွှင်နေပြီးပေါ့ ငါ့ညီမလေးအမြဲ
အဆင်ပြေမှာပါ။မိဘကိုသိတတ်မှု၊
ညီအကိုမောင်နှမကိုသိတတ်မှု၊
တွေကကိုယ့်စိတ်ချမ်းသာမှုကိုရစေပါတယ်
ချစ်ညီမလေး။

tg.nwai said...

ဒီဇာတ်လမ်းလေး အရင်က ဖတ်ဖူးပြီးသားလေ..ဘယ်မေ့ပါ့မလဲ..ကြည်နူးစရာ အချစ်ဇာတ်လမ်းလေးကို....

အချစ်စစ်နဲ့ ဆုံဆည်းရတဲ့ ညီမလေးမဆုမွန် နဲ့ ဘ၀လက်တွဲဖော်ချစ်သူတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

ရွှေရတုမှတ်တမ်း said...

သြော်...သိပြီ..
အချစ်ဆိုတာ....မျက်နှာသုတ်ပ၀ါ ကစတာကိုး..း))))

Nge Naing said...

မဆုမွန်ရေ မပြီးခင်တော့ ဘာတွေ ဖြစ်ဦးမလဲမသိဘူးဆိုပြီး စိတ်တတနဲ့ ဖတ်ခဲ့ရပေမယ့် ဖတ်ပြီးတဲ့အချိန်မှာ အားပြည့်သွားတာပဲ။ မအားတဲ့ကြားက လာဖတ်ရတာ ဖတ်ရကျိုးနပ်သွားတယ်။ စိတ်တူ သဘောတူ၊ ၀ါသနာတူ၊ ခံယူချက်တူ ချစ်သူနှစ်ဦး အမြန်ဆုံး ရာသက်ပန် အတူတကွ ပေါင်းဖက်နိုင်ပါစေ။

မေငြိမ်း said...

သိနေတယ်လေ.. ငါ့သမီးတော့ လွမ်းနေပြီဆိုတာ...:(

ဇေဇော် said...

မဆုမွန်ပို့စ်တွေက ရွာသားလေး ၀ိုင်တီယူရဲ့ ကွန့်မန့်တွေ ကြိုက်တယ်...။ ဘာပဲဖြစ်ဖြစ် ဘ၀ဆိုတဲ့ အစိတ်အပိုင်းတစ်ခုထဲက အချစ်ဆိုတာကို အလင်း၊အမှောင် မထိမ်ချန်ပဲ ရိုးဂုဏ်လေးနဲ့ ရေးသွားတာ အခန်းဆက်ဝတ္ထုရှည်တစ်ပုဒ်ကို စောင့်ဖတ်နေရသလိုပါပဲ...။ ယဉ်ကျေးမှု ရှေးရိုးစွဲသမားတွေကတော့ အယူအဆ တစ်မျိုးဖြစ်နိုင်ပါတယ်...။ ကျနော်ကတော့ မဆုမွန်ရဲ့ ကိုယ့်အချစ်သမိုင်းကိုယ် ရိုးရိုးသားသား ချပြခဲ့တဲ့ ပို့စ်တွေကို အမှတ်ရနေမှာပါ...။ ရွာသားလေးပြောတဲ့ ကိုရွှေဘကြီးကိုလည်း ပရိတ်သတ်များက လက်ခုပ်လက်ဝါးတီးအားပေးနေပါတယ်လို့...။ အဲ.. နောက်ဂျွမ်းလေးတော့ ထိုးပြသင့်တယ်နော်...။ ပရိတ်သတ်ကို ချစ်ရင်...။ ဟား...ဟား....။

မယ့်ကိုး said...

မရေ... အချစ်မှာ ရဲရင့်ပြတ်သားတဲ့ မကို သိပ်သဘောကျတာပဲ။ချစ်သောသူနဲ့ ရာသက်ပန် မ အမြဲပျော်ရွှင်ပါစေ။

Ree Noe Mann said...

ခိုင်မာလိုက်တဲ့ ကျောက်တိုင်လေးပဲ
အားကျမိတယ် အမရေ။

ခင်တဲ့ရီနို

ကိုလူထွေး said...

မဆုမွန်က တာဝန်ကျေပြီးသားပါ... ကိုယ့်ကိုကိုယ် သတိပေးနေရတယ် ပြောတာပါ...
တခါတလေတော့လည်း ဆုမွန်ရေးတဲ့ အခုလိုစာတွေ ဖတ်ချင်ပါတယ်...
အမြဲတမ်းတော့ သတင်းကြီးပဲ မလုပ်နဲ့လေ...း)

ဆုမွန်တို့ စုံတွဲ အမြန်ဆုံးနီးစပ်ပြီး အမြဲထာဝရ ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ပါစေ...

မင်္ဂလာဆောင်ရင် ဖိတ်စာပို့ပါဦး...း)

Chitpalonelay said...

အောင်မလေး ဝမ်းသာပါတယ် လေးလည်းလေးစားတယ်။ ဂုဏ်လည်းယူတယ်။ မဆုမွန်ဘလော့ကို မြင်ဖူးနေတာကြာပေမယ့် အခုမှရောက်ဖူးတော့တယ်။ စာဖတ်ရင်းနဲ့ ဆို့ဆို့နစ်နစ်တောင်ဖြစ်သွားတယ်။ ကိုလူထွေးဆီကနေလာတာပါ။ သြော် တကယ်ပဲ သတင်းတွေပဲ ရေးတော့မလို့လား။အဟိ နောက်တာ
လင့်ချိတ်ခွင့်ပြုနော်
ခင်မင်လျှက်
ညီမလေး ပါးလုံး
(ရာသက်ပန် ရိုးမြေကျ ချစ်နိုင် ပေါင်းနိုင်ပါစေလို့ ဘုရားသခင်ဆီမှာ ဆုတောင်းပေးပါတယ်)

Anonymous said...

မရေ......
ချစ်သူနဲ့ အမြန်ဆုံးပေါင်းဖက်နိုင်ပါစေနော်
မမရဲ့ တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့စိတ်လေးသိရတော့
ကိုယ့်ကိုယ်ရှက်မိတယ်

Moe Cho Thinn said...

ယုံကြည်ရာကို အတူ လက်တွဲ လုပ်ကိုင်ရင်း အချစ်နဲ့ ထုံမွှန်းတဲ့ဘ၀မှာ ပျော်ရွှင်ပါစေ ညီမတို့ရေ..

မင်းအိမ်ဖြူ Minn Eain Phyu said...

ပျော်ရွှင်စရာဘ၀လေးကို ချစ်သောသူနဲ့ အတူ ပျော်ပျော် ကြိး ဖြတ်သန်းနိုင်ပါစေ အစ်မရေ

အစ်မဒီပို့စ်လေးထဲက စားလေးတစ်ပိုဒ်ကို သိပ်ကြိုက်လို့ ( တိုက်ဆိုင်လို့ ) ကူးပြီး သူငယ်ချင်းအရင်းတွေကို ဝေမျှ ဖြစ်လိုက်တယ် ၊ ဘယ်အပိုဒ်လေးများဖြစ်မလဲနော် ဟာဟ

ပျော်ရွှင်ပါစေ

မင်းအိမ်ဖြူ

kiki said...

စိတ်တူ ကိုယ်တူ ချစ်တဲ့သူနဲ့
ဘဝလမ်းကို ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေ ဆုမွန်ရေ .....

အဲဒီ မျက်နှာသုတ်ပုဝါ လေး ရော .. ရှိသေးလား ။
နောင် ... ရလာမဲ့  ကလေးတွေကို ပြဖို့ လေ ..း)
ချစ်ခြင်းအစ မျက်နှာသုတ်ပုဝါ က ...ပေါ့

chocothazin said...

မမဆုမွန် မင်္ဂလာဆောင်ရင်ဖိတ်နော်။
ဒါနဲ့ အချစ်ဆိုတာ နှာချေတာက စတာများလားမသိဘူးနော်။
ဟဲဟဲ ခင်လို့ စတာ။
ခင်မင်စွာဖြင့်

ညီမလေး
သဇင်

မဆုမွန် said...

ကော်မန့်ပေးသွားတဲ့ အစ်ကိုတွေ မောင်တွေ အစ်မတွေ ညီမလေးတွေ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်

တီချယ်ရေ ဖုန်းကိုမြင်တိုင်း သတိရတယ်...ဖုန်းကို တစ်ချိန်လုံးဖွင့်ခိုင်းထားပြီး ဟဲလိုလြို့ ခေါ်တာနဲ့ တန်းထူးရတာမျိုး အဖြစ်သည်းတာ သတိရမိတယ်

မိုးခါး said...

ထာဝရ ပျော်ရွှင်ပါစေး)))
ဖတ်ပြီး ကြည်နူးမိတယ် ..း))

တီချမ်း said...

၁) ဦးမွန်သိပ်ပိုတာပဲ
၂) ခေါ်တာကလဲ ယူတဲ့ ရိုမန်မတစ်လိုက်လေ တီ့ လိုမောင်တွေဘာတွေ လုပ်လေ
၃) ဒါက ကျော်ဇော်ဟိန်းနဲ့မခိုင်ပြောခိုင်းတာ လိမ္မော်သီး စားကောင်းလားတဲ့ လူဇိုးမကြီးတဲ့