တံလျှပ်ရွှေပြည် အပိုင်း (၅)

ငှက်ပေါင်းများစွာရဲ့ ကျီကျီကျာကျာအော်သံတွေကြောင့် မိုးမလင်းခင်ကတည်းက ကိုဝေငြိမ်းနိုးလာခဲ့သည်။ ငှက်ကလေး တွေ တေးသီတယ်ပဲပြောမလား။ စက်တင်ဘာလဆန်းစလောက်ကတည်းက တချို့သစ်ပင်တွေက အစိမ်းရောင်ကနေ ၀ါ ခြောက်ခြောက်ဖြစ်တာဖြစ်..နီကျင့်ကျင့်ပြောင်းတာပြောင်းဖြစ်စပြုနေပြီ။ ဆောင်းဦးဝင်လာသည့် နမိတ်ပုံ...လနှောင်းပိုင်းရောက်တော့ ထုံးစံအတိုင်း ငှက်ကလေးတွေ အသိုက်ရွှေ့လာကြတော့သည်။ အဲဒါကတော့ အမေရိကား ရဲ့ မြောက်ပိုင်း ကနေဒါလိုနေရာမျိုးမှာ စအေးနေပြီဆိုသည့် သာဓက။

ခိုင်ထူးရဲ့ မိုးရဲရင် ဆောင်းရဲရမယ်ဆိုသည့်သီချင်းလို ပါပဲ…ဥရောပနှင့် အမေရိကားမှာက ဆောင်းတွင်းဆို ဆောင်းနှင့်တူအောင် အေးသည်။ ရေခဲမှတ် အောက်ရောက်လိုက်။ ရေခဲမုန်တိုင်းကျလိုက်..နှင်းမုန်တိုင်းကတမျိုး…။ လူသားတွေက အဲသည်ဆောင်းကို ဟိတာ heater တွေ… မီးလင်းဖိုတွေ…အိပ်ယာထဲထည့်အိပ်လို့ရတဲ့ heat bag တွေ (ဗမာပြည်မှာသုံးသည့် ရေနွေးအိပ်မျိုးဆန်ဆန်အိပ်ကလေး)… ခြေစွပ်…ခေါင်းစွပ်..လက်အိပ်… လည်ပတ်တွေ အစုံအလင် နဲ့ ခုခံကာကွယ်ကြသည်။

ငှက်ကလေးတွေကတော့ အအေးကဲတော့ မယ်ဆိုတာကို သူတို့ဘာသာ ဘာဝ အသက်ရှင်နိုင် လောက်အောင် အအေးပေါ့တဲ့နေရာတွေဆီကို အုပ် လိုက်ပြောင်းရွှေ့ကြရသည်။ တခါတရံ ထောင်ပေါင်းများစွာသောငှက် အုပ်ကြီးကို မြင်ရသည်။ တခါတရံ သောင်းနှင့်ချီသော ရွှေ့ပြောင်းငှက်များကို သူမြင်ရတတ်ခဲ့သည်။ အထူးသဖြင့် တောရိပ် တောင်ရိပ်များပြီး အအေးပေါ့သည့် အာကင်ဆောလို၊ ကင်ဆတ်စ်လို ပြည်နယ်မျိုးတွေမှာ ပိုပြီး ငှက်အုပ်အကျများတတ် သည်ဟု ဆိုကြသည်။ အဲသည်လို မိုးလုံးပြည့်မတတ် ပျံသန်းနေသည့် ငှက်အုပ်ကြီးကို မြင်မှဖြင့် သူ့ရင်ထဲမှာ အမည်ဖော် လို့မတတ်စွမ်းသည့် ပြည်တော်ပြန်ချင်သည့်အလွမ်းနာက ဖိစီးလာတော့သည်။

သည်ငှက်တွေကို သည်ရောက်ခါစမှာ သိပ်သတိထားမိခဲ့တာတော့မဟုတ်။ အလုပ်ထဲမှာ၊ အရက်ဝိုင်းမှာရောက်ပြီး ငှက် တွေအုပ်လိုက်ပျံတာကို နှစ်တော်တော်ကြာပင် သတိထားခဲ့မိတာတောင်မဟုတ်။ အမေရိကားမှာ အနေကြာ အခြေတကျ ဖြစ်တော့မှ ကိုယ့်ကိုယ်ကို သင်းကွဲငှက်တကောင်လို…အသိုက်ပျက်ငှက်တကောင်လို အထီးကျန်ခံစားလာရသောအခါမှ အဲသည်ငှက်တွေကို စပြီး သတိထားမိတာဖြစ်သည်။ အဲသည်အခါ ငှက်တွေကိုမော့ ငေးကြည့်ပြီး ခင်မောင်တိုးရဲ့ ကြိုးကြာငှက်တို့ အိမ်ပြန်ချိန်ကို ဆိုညည်းမိရင်း အလွမ်းကိုနှိုက် ကိုက ၀ါသနာလို ဖြစ်နေပြန်တော့သည်။

သည်နှစ်ကျတော့ အသက်ကလေးက ရလာ၍ပဲလားမသိ။ စောစောနိုးနေရင်း ခါတိုင်းထက်ပိုဆူညံနေသည့် ငှက်အုပ်ကျ သံကို နားထောင်ရင်း အော်…သူတို့လည်း..ငါတို့လိုပါပဲလား…ဟု ကိုယ်နှင့်စာနာဖြစ်လိုက်သည်။ သူတို့အတွက် အစာရေ စာမှ လောက်ပါ့မလား…တို့ကတော့ IRC (International Refugee Center) မှာ food stamp card သွားတောင်းပြီး စား လို့ရသေးသည်ဟု နာကျင်မှုရောပြွန်းသောအတွေးကို သောတောတော ရွဲ့တဲ့တဲ့တွေးဖြစ်သည်။ သူတို့က အအေးလျော့သွားရင် သူတို့နေရပ်ကို ပြန်သွားလို့ရတယ်…ဟု အိမ်ပြန်ခွင့်သာသော ငှက်တွေကို မနာ လိုစိတ်ဖြစ်မိသည်။

ငါသာ ငှက်တကောင်ဆိုရင် စစ်အုပ်စုကလည်း ငါ့ခြေရာကိုရှာလို့ရမှာမဟုတ်လို့ ငါအိမ်ပြန်လို့ရမှာပဲ လို့ ကိုယ့်ကိုကိုယ် အဟိတိရစ္ဆာန်မဖြစ်ရလေခြင်းရယ်လို့လည်း အားမလိုအားမရစိတ်ဖြစ်လာမိသည်။ အခု ဆိုကြည့်ပါအုံး။ ကိုညီညီအောင် အိမ်ပြန်ဖို့ ကြိုးစားလိုက်တာ၊ အခုတော့ ထောင်ထဲမှာ အနှိပ်စက်ခံနေရသတဲ့။ ဘယ်လို စီရင်ချက်မျိုးနဲ့ ရင်ဆိုင်ရမလဲ ဘယ်သူမှ မသိနိုင်။ ဘယ်လိုပဲဖြစ်ဖြစ် သူကကိုယ့်မွေးရပ်မြေကို ထိတွေ့ခွင့်တော့ ရသွားတာပါပဲ။ အခုတော့ နတ်သျှင်နောင်လိုပဲ..ငှက်သွင်ပျံကြွမတတ်သော်ဝ်…လို့ ညည်းဆိုယုံကလွဲလို့ ဘာမှ မတတ်နိုင်….

စိတ်လှုပ်ရှားမှုဖြင့် တညလုံး အိပ်မပျော်ကြသော ရာနှင့်ချီသည့် မြန်မာလူမျိုးများ အခုတော့ မနက်လေးနာရီလောက်က တည်းက မြို့ပိုင်ရုံးဝန်းအတွင်းက မြေကွက်လပ်ပေါ်မှာ တန်းစီကာ ငုပ်တုပ်လေးတွေ ထိုင်နေကြရပြီဖြစ်သည်။ ခပ်လှမ်း လှမ်းမှာ ကားတွေတန်းစီပြီး ရပ်ထားသည်။ ကားတွေနဘေးမှာ သယ်သွားမည့်အထုတ်တွေက တောင်လိုရာလိုပုံနေသည်။ ဟိုဟာမယူရဘူးတဲ့။ ဒီဟာလေးတော့ ပါမှဖြစ်မယ်…စသည့်ထင်ကြေးအမျိုးမျိုးပေးသံတွေက ကွင်းထဲမှာ မှောင်ထဲမှာ ဟိုက ဒီက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေသည်။ ပစ္စည်းတွေနဲ့ ကားနဲ့မဆန့်လို့ ထားခဲ့ရမည့်ပစ္စည်းတွေကို ကျန်ရစ်ခဲ့ မည့်သူများကိုအပ်နှံနေသံ…ပစ္စည်းရွေးချယ်နေသံတွေကလည်း သောသောညံနေသည်။ အားလုံးက ကိုယ့်စိတ်ကူးနှင့် ကိုယ် အားလုံးတက်တက်ကြွကြွ။

ဆယ်နှစ်ကျော်..တော်လှန်ရေးကို သစ္စာမဖောက်ဘူး…ဆိုကာ တင်းခံနေခဲ့သူအနည်းအကျဉ်းကလွဲလျှင် အတော်များများ ကတော့ ကမ့် (ဒုက္ခသည်စခန်း) ထဲဝင်ဖို့ရည်ရွယ်ချက်နှင့် မဲဆောက်မြို့မှာ နှစ်နှင့်ချီပြီး သောင်တင်နေကြသူတွေ။ နိုင်ငံရေးကို တကယ်လုပ်သူတွေလည်းပါ..လုပ်ချင်ယောင်ဆောင်သူတွေလည်းပါ..သည်လိုစကားမျိုး လူရှေ့ရောက်တိုင်း လှိုင်လှိုင်ပြောမှ သည်လမ်းကို ရောက်မယ်ဆိုသည့် ဖော်မြူလာသမားတွေလည်းပါ။ သည်လိုလူတွေနဲ့တွဲမှ နိုင်ငံခြားကို ရောက်မှာဆိုပြီး အရက်ပဲ စွဲစွဲ…သွားပဲကျိုးကျိုး… ဦးနှောက်ပဲပျက်နေနေ… လက်ထပ်ပြီး တွဲထားသည့်အတွဲတွေလည်းပါ…

မဲဆောက်မှာ တသက်လုံးက မမြင်ဘူးခဲ့သည့် မျက်နှာစိမ်းတွေလည်း အများကြီးပါသည်။ တချို့က ဘန်ကောက်က… တချို့က ချင်းမိုင်က စသည်ဖြင့် ရေကြည်ရာ မြက်နုရာမှာ အလုပ်လုပ်ကြရင်း မဲဆောက်က ယူအဲန်ရုံးမှာ (အများစုက ယူအဲန်အိပ်ခ်ျစီအာရ် ကို ယူအဲန် ဟုသာ အလွယ်ခေါ်ကြသည်) ဒုက္ခသည်စာရင်းလာသွင်းထားသည်။ အင်တာဗျူးရှိလျှင် ဖြစ်သည့်နည်းနှင့်ရောက်အောင်လာပြီး အဗျူးခံသည်။ ပြီးတော့ ပြန်သွားကာ လုပ်ကိုင်စားသောက်နေကြသည်။ တကယ် ကမ့်ထဲသွင်းတော့မယ်..ဆိုတော့မှ အလုပ်ကထွက်… စုဆောင်းထားသည့်ပစ္စည်းတွေ ရောင်းသင့်တာရောင်းပြီး မဲဆောက် မှာလာစုကြသည်။ ယူအဲန်ရုံးမှာ ဓာတ်ပုံရိုက်ပြီး ယာယီအသိအမှတ်ပြုကဒ်နှင့် နှစ်ပေါင်း လေးငါးနှစ်နေခဲ့ပြီးသည့် နောက်မှာ တော့ သူတို့ဦးတည်ရာ ခရီးလမ်းဆုံးနီးပါးသို့ ရောက်မည်ဖြစ်သည့် ဒုက္ခသည်စခန်းတွင်းဝင်ရောက်ရေးအစီအစဉ်ကြီးက အကောင်အထည်ပေါ်ကာ ပျော်ရွှင်တက်ကြွနေကြသည်။

လူတွေက ဟိုစုစု သည်စုစုဖြစ်နေရာကနေ ထိုင်းရဲတွေက နှာသံပါပါ..ညောင်နာနာအသံနှင့် လူစုထိပ်ကနေ တုတ်တယမ်း ယမ်းနှင့် အော်လိုက်သောအခါ ထိုင်းစကားနားလည်သော ကုလားတွေက ကပျာကယာ ဘော်လန်ဒီယာ ဘာသာပြန် တာဝန်ကို ယူလိုက်ကြသည်။ တန်းစီ…တန်းစီကြလို့ပြောနေတယ်။ တန်းစီကြပါ” ခနလေးနှင့် လူတွေ တန်းစီပြီးသားဖြစ်သွားသည်။ ခနနေတော့ တခါ ရုံးစုရုံးစုလူတွေကို ဒေါသသံ..စိတ်မရှည်သံနှင့် အော်တာခံလိုက်ကြရပြန်သည်။

“ငြိမ်ငြိမ်နေကြတဲ့။ စကားမများနဲ့…မဆူနဲ့လို့ပြောနေတယ်ဗျာ။ နည်းနည်း စကားမပြောဘဲ နေကြပါ။
လူကြီးတွေက မခံချိမခံသာ ညည်းသံတချို့ထွက်လာသည်။ တကယ်တော့ ထိုင်းရဲ…ဆိုတာက ပညာလည်း မတောက် တခေါက်..ဘာဗဟုသုတရယ်လို့မှလည်းမရှိ။ သည်လိုလူမျိုးတွေက ငါတို့လိုလူတွေကို အော်လား…ငေါက်လား..နဲ့ ဆိုသည့် ပညာမာန်လေးတွေကြောင့် မကျေမနပ်မော့ကြည့်ရင်းက မဆူနဲ့ဆိုသည့်အတိုင်း ကိုယ့်နှုတ်ခမ်းကိုယ် နာနာပိတ်ကာနေ လိုက်ကြရပြန်သည်။ ထိုင်ခိုင်းနေတယ်။ အားလုံးထိုင်ကြပါ။ နံမည်ခေါ်တဲ့သူ မတ်တပ်ရပ်ပါ” …စသည်ဖြင့် ဘာသာပြန်တွေကလည်း ကိုယ့်တန်းမှာကိုယ် ဘာသာပြန်ပေးနေကြသည်။ လူကြီးတွေက မကျေနပ်သော်လည်း တိတ်သွားသည့်တိုင် အိပ်ရေးမ၀သော ကလေးတွေက အာဖြဲပြီး အော်ငိုနေကြ သောကြောင့် ဟိုတကွက် သည်တကွက်နှင့် ဆူမြဲဆူနေသည်။

နံမည်ဆင်တူခေါ်၍ မှားရပ်မိသော လူရွယ်တယောက်ကို ထိုင်းရဲတယောက်က နင်ပဲငဆ အော်ဟစ်ငေါက်ငန်းသံကို ကြားလိုက်ကြရသည်။ ထိုင်းလို နားမလည်သည့်တိုင် နိုင့်ထက် စီးနင်းအအော်ခံရခြင်းအပေါ် ထိုလူရွယ်လေးက ရှက်သွားသည်။ ငါးဆယ်ဝန်းကျင်လူတယောက်က ခပ်ပျော့ပျော့လေသံ နှင့် ငေါ့တီးငေါ့တော့ အားပေးစကားပြောသံ ထွက်လာသည်။“အားလည်းမငယ်နဲ့။ စိတ်လည်းမပျက်ပါနဲ့ဗျာ။ ကိုယ့်ရှေ့က အမတ်မင်းတွေလည်း ဒီလိုအခြေအနေမျိုး…ဒီလို အော်ငေါက် မှုမျိုးကို ဖြတ်သန်းပြီးမှ နိုင်ငံခြားကိုရောက် ကြရတာပါပဲ။ ဒီလို ထိုင်းရဲတွေအအော်မခံရဘဲ..ထိုင်းရဲတွေရှေ့မှာ ပုံစံထိုင်သ လို မထိုင်ရဘဲနဲ့ ဘယ်သူမှ နိုင်ငံခြားမရောက် နိုင်ဘူးမဟုတ်လား။ ဒုက္ခသည်တွေအားလုံး အဆင့်တူ အတန်းတူ ပါပဲ။ ဟဲ ဟဲ ဟဲ…”

ပစ္စည်းတွေကားနှင့်မဆန့်သောကြောင့် ကျန်ရစ်ခဲ့သည်က တပုံတပင်။ စာရင်းနှင့်တိုက်ကာ လူတွေအကုန်လုံးကို ကားပေါ် တင်ပြီးချိန်မှာ မနက် (၇) နာရီခန့်ရှိပေပြီ။ှ လက်ပြကြ..နှုတ်ဆက်ကြနှင့် ကားတန်းကြီး စထွက်တော့သည်။ မနက်ခင်း နေ ရောင်ခြည်အောက်မှာ မီးစုံဖွင့်မောင်းနေသည့် ကားတန်းကြီးကို နောက်ပြန်လှည့်ကြည့်ရသည်မှာ ဘာကိုအမည်သေချာ မတပ်နိုင်သည့် ဝေဒနာတမျိုးကို ၀င်းဝင်းမာ စတင်ခံစားလိုက်ရသည်။ မဲဆောက်က စထွက်ချိန်မှာ သိပ်မသိသာလှသေး။ အာရုံကလည်း ကားဂိတ်မှာကျန်ရစ်သူတွေနှင့် အပြန်အလှန် ပြောဆို ကြတာတွေကို စားမြုံ့ပြန်နေကြသေးသည်။ လမ်းကလည်း ကောင်းနေတုံး။ နောက် မြို့ထဲက စထွက်ပြီဆိုသည်နှင့် လမ်း က တဖြေးဖြေး ခပ်ပြေပြေပေမယ့် အပေါ်မော့တက်နေတာ သိသာလာသည်။ အကွေ့အကောက်လေးတွေက ခပ်ပြေပြေ ကနေ ပိုပိုပြီးကွေ့လာ…အကွေ့တွေကလည်း များလာသည်။

အဲသည်အချိန်မှာ မီးစုံဖွင့်မောင်းနေသည့် ကားတန်းကြီးက တောင်ကွေ့တွေမှာ မြွေတကောင်လို တရွေ့ရွေ့…. ကားမူးတတ်သည့်သူတွေကပဲ များသလား…လမ်းခရီးကိုက ကြမ်းလို့လားမသိ။ ဆန်ပြုတ်ရောင်းသူတွေက ပေါမှပေါ။ ကိုယ်က ကားကောက်တတ်သူမဟုတ်သည့်တိုင် တချို့ဆို ကြွပ်ကြွပ်အိပ်မဆောင် ဘာမဆောင် ကားဝမ်းထဲ ဝေါ့ကနဲ ထိုးအန်ချသူကချသည်။ သည်အနံ့တွေကြောင့် ကိုယ်ပါရောပြီး ဆန်ပြုတ်သည်ဖြစ်ရသူတွေလည်းရှိလာသည်။

အုံးပျံ့စခန်းကိုရောက်တော့ ခနကားရပ်ပြီး ထမင်းထုတ်တွေဝေသည်။ ထိုင်း ထမင်း၊ ထိုင်းဟင်း။ ကြက်သားဖာကပေါင်၊ ၀က်သား ဖာကပေါင်နှင့်။ ဖာကပေါင်ဆိုသည်က ကြက်သား ၀က်သားကို နုပ်နုပ်စင်းကာ ပင်စိမ်းနံ့ပြင်းပြင်း၊ ငရုပ်သီးစပ်စပ်နှင့် ချက်ထားသည့်ဟင်း။ တပွဲမှ ထိုင်းငွေ (၁၅) ဘတ်ပဲ ပေးရသည်။ သို့သော် ဒုက္ခသည်များကိုဝေသည့် ထမင်းဘူးတွေမှာတော့ အသားထက် ပဲသီးနှင့် ငရုပ်သီးက ပိုများနေသည်ပြောရမည်။ ဘယ်လိုပဲပြောပြော ကားမတောက် သူတွေကတော့ ကားဆောင့်သည့်ဒဏ်ကြောင့် အဆာကြေကာ စားနိုင်ကြပါသည်။ ကားတောက်သူတွေကတော့ အခုချိန် မှာ နတ်သုဓ္ဒါကျွေးလည်း ဟင့်အင်း..ဆိုမှာသာ။

တကယ်က အဲသည် ကြားစခန်းမှာ ခဏရပ်နားပြီး အုန်းဖျံဒုက္ခသည် စခန်း ကို ကျော်ပြီးမှ လမ်းက တကယ်ဆိုးတာ ဖြစ် သည်။ ဆိုးသည်ဆိုတာက အကွေ့အကောက်များသောကြောင့် စကောထဲ ထည့်လှိမ့်ခံရသည့် ဇီးဖြူသီးများလို ဖြစ်နေရ တာကိုသာ ဆိုလိုတာပါ။ လမ်းကတော့ အတော်လေးကောင်းပါသည်။ တချို့ မိုးဒဏ်ကြောင့် တောင်ပြိုနေသည့် နေရာတွေ မှာတော့ ဗွက်ထနေတာရှိသည်။ ကြည့်စမ်းပါအုံး။ တောင်ကျရေက လမ်းတွေကို တိုက်စားမသွားအောင် စီစဉ်ထားလိုက်ကြတာ။ ဒါမျိုးတွေမြင်ရတိုင်း တို့တိုင်းပြည်က အစိုးရကို အော်အော်ပီးသာ ဆဲနေချင်တော့တာပဲ” ဟု အဖိုးကြီးတယောက်က မချိတင်ကဲသံ ထွက်လာ သည်။ ၀င်းဝင်းမာ ထမင်းဆိပ်တက်ကာ အိပ်ငိုက်သလို ဖြစ်နေရာက အဖိုးကြီးအသံကြောင့် ပတ်ဝန်းကျင်ကို လေ့လာဖို့ မျက်လုံးဖွင့်ဖြစ်သည်။

တောင်ကမ်းပါးယံမှာ လှေကားထစ်လိုမြောင်းဖောက်ပြီး အဲဒီမြောင်းလေးတွေကို ကွန်ကရစ်လောင်းပေးထားသည်။ အဲ သည်ရေစီးမြောင်းလေးကိုလည်း တဖြေးဖြေး နိမ့်လျှောကျလာစေပြီး လမ်းကို တိုက်စားမသွားအောင် ရေထုတ်မြောင်း သပ်သပ်ဖြင့် ရေကိုလမ်းလွှဲပေးထားသည်။ တောင်သွယ်တန်းတွေမှာ သစ်ပင်တွေက အုံ့ဆိုင်း ညို့မှိုင်းလို့နေသည်။ တချို့တောင်တွေမှာတော့ သစ်မရှိဘဲ ၀ါးတောသက်သက်တွေလည်းတွေ့ရသည်။ သည်ဒေသမှာ သစ်ထက် ၀ါးကပိုများ သည်ဟု ဆိုနိုင်သည်။

“ဂြိုဟ်တုကနေ ရိုက်တဲ့ပုံတွေကိုကြည့်ရင် ဗမာပြည်ဘက်က တောင်တွေက တောင်ကတုံးတွေဖြစ်နေပြီး အိမ်နီးချင်း ထိုင်း နိုင်ငံမှာက တောကြီးပိုထူလာတာကို သိသိသာသာတွေ့ရတယ်။ ဗမာပြည်မှာတော့ အစိုးရက ကံထရိုက် စာချုပ်နဲ့ ရောင်း စားလိုက်…တိုင်းရင်းသားလက်နက်ကိုင်တွေက တော်လှန်ရေးအတွက် ရောင်းစားလိုက်နဲ့ ဘာမှမကျန်တော့ဘူး” ဟု ကို ၀င်းလှိုင်က ၀င်ပြောသည်။ သူက အရင်က ကျောင်းသားတပ်မတော်က တပ်ရင်းမှူးဟုပြောသည်။ လူက လူဗလံလေး… ငါးပေကျော်ရုံလောက်သာရှိမည့်အရပ်အမောင်းနှင့် သေနတ်ကိုဘယ်လိုကိုင်ပြီးစစ်တိုက်ခဲ့ပါလိမ့် အတွေးဖြင့် ၀င်းဝင်းမာ ရယ်ချင်လာကြောင့် ကိုယ်ကိုစောင်းလိမ်ကာ တောင်တန်းတွေဆီ ငေးချင်ယောင်ဆောင်နေလိုက်ရသည်။

ဘယ်လိုပဲဖြစ်ဖြစ်..သူပြောသည့်စကားက တခါမှ မကြားဘူးသော ကိုယ့်တိုင်းပြည်ရဲ့ အကြောင်းကို ၀င်းဝင်းမာ စိတ်ဝင်စားပါသည်။ အဲလိုမျိုး ကိုယ့်နိုင်ငံနှင့် သူများနိုင်ငံကို နှိုင်းယှဉ်တွေးပြီး နာကျည်းနေခဲ့ရလောက်အောင် ၀င်းဝင်းမာမအားခဲ့ဘူးဟု ထင်မိ သည်။ သို့မဟုတ် သည်လို နှိုင်းယှဉ်တွေးတောတတ်သည့် ပတ်ဝန်းကျင်နှင့် အလှမ်းဝေးခဲ့တာမျိုးလည်း ဖြစ်နိုင်ပါသည်။

လမ်းတလျှောက်လုံး ထိုအဖိုးကြီးနှင့် ကိုဝင်းလှိုင်တို့ပြောစကားများက ၀င်းဝင်းမာ မသိသောအကြောင်းအရာများစွာပါတာမို့ သည်ခရီးအတွက် မနက်စောစော စိတ်သိမ်ငယ်ခဲ့ရတာတွေပင် ပျောက်သလောက်ဖြစ်သွားရသည်။ အခုမှ ဒုက္ခသည် အခွင့်အရေးအပြည့်အ၀ယူပြီး ကိုယ့်တိုင်းပြည်အကြောင်း လေ့လာရပေတော့မည်။ သူတို့ပြောသည့်စကားတွေကလည်း ဟိုရောက်သည်ရောက်နိုင်သော်လည်း နောက်ဆုံးတော့ နိုင်ငံရေးမှာပဲ ပြန်ပြန်အဆုံးသတ်နေတာကို ၀င်းဝင်းမာ သတိထားမိသည်။

“ကျနော့်မိန်းမက ကရင်မ၊ တခါမှ ကားကို ကြာကြာမစီးဘူးတော့ အခု တွေ့တယ်မို့လား။ ခေါင်းကိုမထောင်နိုင်တော့ဘူး” ဟု လသားကလေးငယ်လေးကို ပွေ့လျှက် ကားနောက်တန်းနှင့် တဒိုင်းဒိုင်းဆောင့်နေသည့်ကြားက အတင်းမှီကာ ခွေခေါက်နေသည့် သူ့မိန်းမကို ကြည့်ပြီးတော့ ပြောသည်။

“သူက ကျနော်နဲ့ရတဲ့အထိ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူလဲဆိုတာ မသိဘူး။ ဒေါ်စုဆိုရင် ဝေးရော။ ဒါနဲ့ ကျနော်က ပြောပြရတယ်။ ကျောင်းသားတပ်မတော်က တပ်ရင်းမှူး မိန်းမဖြစ်နေပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်မှ မသိရင် မဖြစ်ဘူးဆိုပြီး ဗိုလ်ချုပ်က အင်္ဂလိပ်ကို တော်လှန်ခဲ့တာတွေ….ဂျပန်ကို တိုက်ထုတ်ခဲ့တာတွေ..ဒေါ်စုက အခု စစ်တပ်ကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်တော်လှန်နေတာတွေ…ပြောရင်း သူက သူ့မိန်းမကိုကြည့်ကာ အကြာကြီးပြုံးနေသည်။ သို့သော် သူ့အပြုံးက ၀င်းဝင်းမာ အဓိပ္ပာယ်မကောက်တတ်သော အပြုံးမျိုးဖြစ်နေသည်။

ဘယ်လောက်များ မသိသားဆိုးဝါးတဲ့မိန်းမလဲဆိုတော့ဗျာ။ ကျနော်ပြောတာတွေ အကုန်လုံးနားထောင်ပြီးတော့မှ ဒီလောက်တော်တဲ့ ယောက်ကျားနဲ့ ဒီလောက်တော်တဲ့ မိန်းမ ဘာဖြစ်လို့ မရကြတာလဲ တဲ့“ဟေ…” ဟု အဖိုးကြီးထံမှ အသံထွက်လာသည်။“အင်း..သူတို့ခမျာလည်း ဒီလောက်တောင် မသိရကောင်းလားလို့ ဘယ်လို သွားအပြစ်ပြောရမလဲ။ မွေးကာစ လမ်းမ လျှောက်တတ်ခငကတည်းက မိဘတွေ လွယ်ထမ်းပြီး ပြေးသရွေ့လမ်းမှာ ပလိုင်းကိုအိမ်လုပ်ပြီး ရွာပုန်းရွာရှောင်ဘ၀နဲ့ လူဖြစ်လာခဲ့ရတာကိုး။ ကျောင်းဆိုတာ ဘာမှန်းမှမသိခဲ့တာမှ မဟုတ်ဘဲ။ ကျနော်နဲ့ရတော့ ဗမာစကားတောင် ကောင်း ကောင်မလေးကတော့ ကားမူးနေတာကလွဲရင် သူ့အကြောင်း သူ့ယောက်ကျားပြောနေတာကို နည်းနည်းမှ စိတ်ဝင်စား ပုံမပြ။ မျက်မှောင်တွန့်ကုတ်လျှက် မအန်မိအောင် သာ ကြိုးစားနေရသည့်အသွင်နှင့်။

ဝင်းဝင်းမာတို့နေရမည့် နို့ဖိုး ဒုက္ခသည်စခန်းသို့ နေ့ခင်း သုံးနာရီလောက်မှာရောက်ကြသည်။ ကားပေါ်ကဆင်းသည်နှင့် ကားလမ်းနဘေးက ယာယီတဲကြီးထဲ အကုန်ဝင်ကြရသည်။ အဲသည်မှာ ထိုင်းရဲဝတ်စုံနှင့်တယောက်က စကားပြောသည်။ တယောက်က ဘာသာပြန်ပေးသည်။ အဲဒီထိုင်းကို “ပလာ” ဟုခေါ်ရသတဲ့။ ကမ့်ကို အုပ်ချုပ်သည့်သူဟု ပြောသည်။ သူက နည်းနည်း ဟိတ်ဟန်များသော်လည်း သဘောကောင်းသည့်ပုံတော့ ပေါက်သည်။ သူ အားလုံးအဆင်ပြေအောင် ကူညီမည့် အကြောင်း၊ နိုင်ငံရေးဒုက္ခသည်များလည်းပါသည့်အတွက် ကမ့်ထဲမှာရှိသည့် သတင်းများကိုတော့ မီဒီယာကို ပို့လို့မဖြစ် ကြောင်း၊ သူပြောနေတာကို ပင်ပင်ပန်းပန်းနှင့် နာရီဝက်မက နားထောင်ပြီးသည့်နောက် အိမ်နံပါတ်တွေ ပေးသည်။ အိမ်တ အိမ်မှာ လူလေးယောက်နေရမည်ဟုဆိုသည်။ ၀င်းဝင်းမာက တယောက်တည်းသမားဖြစ်သောကြောင့် အတူနေရမည့် သူ ကို လိုက်ရှာရသည်။ အိမ်နံပါတ်ရသည်နှင့် ထိုအိမ်တွင်နေမည့်သူများကို လူအရေအတွက်အတိုင်း ညစာထမင်းပေးသည်။ ထုံးစံအတိုင်း ဖော့ဘူးပိတ်ဖြင့် ဖာကပေါင်။

ကိုယ့်အိမ်ကိုယ်သွားလို့ရပြီ..ဆိုသည့်အသိက တနေကုန် စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံတွေ့ရသည့် ဒုက္ခသည် ခရီးစဉ်အား စိတ်ရွှင်လန်းမှုဖြင့် အဆုံးသတ်စေခဲ့ပြီဟု ၀င်းဝင်းမာထင်သည်။ ထမင်းအဆင်သင့်။ အိမ်အဆင်သင့်။ တသက် လုံး တခါမှ အိမ်ပိုင်…ဆိုသည့်စကားမျိုး မသုံးနှုံးခဲ့ဘူးသဖြင့် ငါ့အိမ်နဲ့ငါ နေရတော့မယ် ဆိုသောအသိက ခြေလှမ်းတို့ကို ပေါ့ ပါးဖျတ်လတ်လာစေသည်။ စက်တင်ဘာမိုးဖွဲတို့ကြောင့် ဗွက်ထနေသော ကမူလေးများပေါ်ကို သွက်သွက်ဖြတ်နင်းရင်း ချော်လဲမလို ခနခနဖြစ်ရတာကိုက ပျော်စရာတခုလို ဖြစ်နေပြန်သည်။

ကုလားလေးတွေ ကုလားမလေးတွေက မတ်တပ် အုန်းတံမျက်စည်းအကြမ်းတွေနှင့် မျက်တံမျက်စည်းအချောတွေကို နောက်က တကောက်ကောက်လိုက်ရောင်းနေသည်။ တချို့က ရေပိုက်ယူမလားမေးသည်။ ဒုက္ခသည်စခန်းက ၀န်ထမ်းတွေက ရေပုံးတွေ ရေဇလုံတွေ လာယူဖို့ပြောနေသည်။ အသံတွေ…..ထိုင်းနိုင်ငံနယ်စပ်က တောရိပ်တောင်ရိပ်များအုပ်ဆိုင်းနေသောကြောင့် မဲဆောက်မှာထက် အချမ်းပိုသည်။ စက်တင်ဘာလမှာ မိုးကလည်း တစိမ့်စိမ့်နှင့် ရုတ်တရက်ဝင်လာသော ထောင်နှင့်ချီသည့်လူအုပ်ကြောင့် မြေနီလမ်းကလေးတွေ ဗွက်ပေါက်ကုန်တော့သည်။

ချော်မလဲအောင် ဗွက်ပြင်ကို ခေါင်းတငုံ့ငုံ့နှင့်လာရာက အိမ်တွေကြားထဲ ရောက်ပြီဖြစ်သောကြောင့် အိမ်နံပါတ်ရှာရန် ခေါင်းကို မော့လိုက်သောအခါ အိမ်…ဆိုသော အရာတွေက ၀င်းဝင်းမာအမြင်အာရုံထဲမှာ စီစီရီရီနှင့် မြင်ကွင်းမဆုံး ပေါ်လာသည်။ သစ်သားဆို၍ တိုင်တချို့သာပါသည့် ၀ါးတဲကလေးတွေ …. တချို့က လှေကား သုံးထစ်။ တချို့က နှစ်ထစ်…။ အိမ်ဆို သည့်ကြမ်းခင်းသည်လည်း ၀ါးပိုးဝါးကြီးတွေကို ခွဲပြီး ခင်းထားသည့်အခင်း။ အကာအရံက ရင်ဆို့ကိုပင်မရောက်။ အိမ် အပေါ်တက်လိုက်တော့မှ တကယ်ရွှေရင်ဆို့တော့သည်။ အိမ်အလယ်ခေါင်တည့်တည့်မှာ အခန်းလေးတခန်းကို မြင့်ပြီး ဖွဲ့စည်းထားသည်။ ရှေ့မှာနှင့်ဘေးက အနိမ့်။ နောက်ဘက်မှာကျတော့လည်း တဆင့်ထပ်နှိမ့်ထားသည့် မီဖိုခန်းနှင့် မြေစိုက် အိမ်သာက တခါးမပါ။ ရေချိုးရန်နေရာက တခါ မီးဖိုထက်တဆင့်နှိမ့်ထားပြန်သည်။ တနေကုန်ကားပေါ်မှာ ဆီးချုပ် ၀မ်းချုပ် နှင့် အိမ်ရောက်ရင်တော့ အိမ်သာတက်လိုက်မယ် အားခဲလာခဲ့တာ ဘယ်လိုလုပ်ရမယ်မှန်းမသိတော့။

“မှားတယ်။ ငါတော့ ဒီယောက်ကျားကို ယူမိတာ အကြီးအကျယ်မှားတယ်။ ငါ့ဖာသာငါ ပြည်တွင်းမှာလုပ်စားနေတာ အဆင် ပြေနေရဲ့သားနဲ့ ဒီယောက်ကျားကို ယူမိတာ မှားတယ်” ဟု အတူနေရန် သဘောတူထားသည့် တင်တင်မူက ငိုသံပါကြီးနှင့် ထအော်သည်။ ၀ါးနုများဖြင့် ဆောက်ထားသည့်တဲကလေးမှာ ၀ါးပိုးအမှုန့်တွေနှင့် အမောပြေထိုင်ချစရာ တနေရာပင် မလပ်။ ဖက်မိုးသက်ကယ်ကလည်း ပိုးပေါက်ကလေးတွေနှင့် မိုးကစိမ့်ပြီး ကြမ်းခင်းတွေစိုနေသည်။ ၀ါးကိုပဲ အကြမ်းခွဲကာ ကာရံထားသည့် တဲနံရံတို့မှာတော့ စိမ်းဝါရောင်မှိုတွေနှင့်…အောင့်သိုးသိုးအနံ့ထွက်နေသည်။ လူလေး ယောက် သည်တဲမှာ ဘယ်လိုအိပ်မလဲ။ အတွင်းခန်းလေးမှာ မလှုပ်သာ မလူးသာ ခေါင်းတလားထဲဝင်နေရသလို အတောင့်လိုက်အိပ်မှ လူနှစ် ယောက်ပဲဆန့်နိုင်သည်။ အပြင်ဘက်မှာကျ တဲနံရံသုံးဘက်မှာ ခါးလောက်ရှိသောအကာနှင့် တခါးမရှိ။ လူမကြောက်ရဘူး ဘဲထား။ လေတိုက်သည့်ဒဏ်နှင့် အေးခဲသွားမလားမသိ။

ဒါကြောင့် စခန်းထဲမှာ လူခံဖြစ်နေသူတွေက တံမျက်စည်းတွေ..ရေပိုက်တွေရောင်းကြတာကိုး…ဟု သဘောပေါက်ကာ ဈေးရောင်းချင်၍ ရစ်သီရစ်သီလုပ်နေသော ကုလားမလေးတယောက်ကို ခေါ်ပြီး တံမျက်စည်းနှစ်ချောင်းနှင့် ရေပိုက်ကို ၀ယ်လိုက်ရသည်။ မြန်မြန်မ၀ယ်ရင် ရေပိုက်ခေါင်းတခုကို အိမ်နှစ်ဆယ် ၀ိုင်းသုံးရမှာဖြစ်သောကြောင့် ကိုယ်နောက်ကျရင် ကိုယ် သန့်ရှင်းရေးမလုပ်လိုက်ရဘဲ ၀ါးပိုးမှုန့်တွေပေါ်အိပ်နေရမည်။ အိပ်စရာနေရာလောက်ကို အရင်လုပ်ရမလား အိမ်သာကိစ္စအရင်လုပ်ရမလား…နံရံတွေက မှိုတွေလည်း ဆေးမချလို့ကမရ။ သည်အနံ့တွေနှင့် ဘယ်လိုမှ မအိပ်နိုင်။ အိမ်မှာနေတုံးက နွေရာသီမှာ ပူလွန်းအားကြီးသောကြောင့် ကုတင်ကို ရေဆွတ်အိပ်ရန် ၀င်းဝင်းမာ တခါကြိုးစားတော့ အမေက ဆူလိုက်တာ မပြောပါနှင့်တော့။ လေဖြတ်သွားမယ်။ ဘာမှတ်လို့လဲတဲ့။ အခုတော့ ညနေ လေးနာရီခွဲကျမှ တဲတခုလုံးကို နံရံမကျန် ရေဆေးနေရပြီ။ ရေဆေးပြီးသည်နှင့် အဲသည်အစိုပေါ်မှာ အိပ်ရမည်။ ကမ့်ထဲမှာ အကုန်ပေးတယ်။ ဘာမှ မလိုဘူးဆိုသောကြောင့် အ၀တ်အစားတချို့နှင့် အသုံးအဆောင် အချို့ သာပါသော ၀င်းဝင်းမာမှာ ဘာကို ဘယ်လို ခင်းအိပ်ရမလဲပင် စဉ်းစားမရ။ ဖျာတချပ်၊ စောင်တထည်နှင့် ခြင်ထောင်တလုံး က မနက်ဖြန်မှရမှာ။

ခြေထောက်ကိုရေစိုတာနှင့် မိုးအေးတာကြောင့် အပေါ့အပါးသွားချင်စိတ်က ပိုဆိုးလာသည်။ တင်တင်မူကတော့ မျက်ရည် ပေါက်ပေါက်ကျရင်း ပွစိပွစိမကျေမနပ်တွေပြောရင်း အိမ်နံရံက မှိုတွေကို ဒေါသနှင့် ဖိတိုက်နေသည်။ အိပ်မည့်နေရာတင် ကွက်ပြီး ဆေးလို့မရ။ နောက်တနေ့ကျ ပစ္စည်းတွေ နေရာချပြီးလျှင် ဒါတွေက ပြန်လုပ်လို့မရတော့မှာမို့ တခါတည်းပဲ တအိမ်လုံးကို အပြတ်ဆေးရန်ဆုံးဖြတ်ချက်ဖြင့် ညနေ ခြောက်နာရီမထိုးခင် အပြီးဆေးနိုင်ရန် မနားတမ်း လုပ်နေကြရသည်။ နောက်တော့ တင်တင်မူ၏ စောင်တွေထည့်လာသည့် ပီနန်အိပ်ကြီးကို ဖျက်ချလိုက်ပြီး ကြွပ်ကြွပ်ကြိုး တခွေဝယ်လိုက်ကာ အိမ်သာတခါးဖြစ်အောင်လုပ်လိုက်ရသည်။

သည်ကြားထဲ ရေပုံးလာယူ..ဇလုံလာယူ ဆိုတိုင်း ယာယီတဲကြီးဆီကို ပြေးရ တာကလည်း နှစ်ခါ သုံးခါ။ တချို့အိမ်တွေက အိမ်သာတွေဆို တယောက်ယောက်လာသုံးပြီး တုတ်တွေပစ်ချခဲ့သည်ကို ဆယ်ရ ဆေးရသည့်အတွက် အော်ဟစ်နေကြတာကိုလည်း ကြားနေရသည်။ တအိမ်လုံးရေဆေးပြီးချိန်..အိမ်သာသုံးလို့ရချိန်မှာ အမှောင်ထုက ကြီးစိုးလာပြန်သည်။ တံမျက်စည်းရောင်းသည့် ဈေးသည်တွေက ဖုရောင်းတိုင်နှင့် မီးခြစ်လာရောင်းကြပြန်သည်။ လာရောင်းသူများကိုပင် ကိုယ်က ပြန်ပြီးကျေးဇူး တင်ရမလိုပါပဲ။ မောမောပန်းပန်းနှင့် စားပြီး သောက်စရာရေမရှိ။ ကားပေါ်မှာ ဝေသည့်ရေသန့်ဗူးလေးထဲမှာ ကျန်သည့် ရေတ၀က်ကို နှစ်ယောက်မျှသောက်ပြီး တင်းတိမ်လိုက်ကြရသည်။ နှစ်ယောက်အိပ်မည့်နေရာကို နှစ်ယောက်လုံးမှာပါသမျှ လုံခြည်တွေ ဖြန့်ခင်းကြရသည်။ ပြီးမှ တင်တင်မူပါလာသည့် စောင်တထည်ကို အပေါ်က ဖြန့်ခင်းရသည်။ ဒါတောင် ရေမ ခြောက်တာရော ၀ါးရဲ့ သဘာဝကိုက အအေးဓာတ်ပိုတာရောကြောင့် လှဲလိုက်သည်နှင့် ကျောထဲလာစိမ့်ပြီးအေးနေသည်။ မတတ်နိုင်။ ခြေအိပ်စွပ်။ အနွေးထည် သုံးထပ်လောက်ဝတ်။ တင်တင်မူ့စောင်ကို ကပ်ခြုံ။

တင်တင်မူကတော့ တော်လှန်ရေးနယ်ထဲကအဆက်အသွယ်ဖြင့် အမေရိကားကိုရောက်နေသူတယောက်နှင့် တနည်းနည်းနှင့် ဆက်စပ်မိပြီး နိုင်ငံခြားကိုရောက်အောင်ဆိုကာ လက်ခံလိုက်ခဲ့တာ၊ သူထင်သလို သူ့ကို အပေါ်လမ်းက မခေါ်ဘဲ ဒုက္ခသည်စခန်းကနေ ဖြတ်သန်းဖို့ခေါ်ခဲ့တာတွေကို တတွတ်တွတ်ပြောကာငိုလေသည်။ သူ ငိုလို့အားရပြီး နည်းနည်းငြိမ်သွားချိန်တွင် ၀င်းဝင်းမာ မှေးကနဲ အိပ်ပျော်မလိုဖြစ်သွားသည်။ “ဘယ်သူလဲ။ အိမ်ပေါ်ကို ဘယ်သူတက်လာတာလဲ”တင်တင်မူက စောင်ကို ဆွဲခွာကာ ငေါက်ကနဲထထိုင်ရင်း တုန်တုန်လှုပ်လှုပ်အသံဖြင့် လှမ်းမေးသောကြောင့် ၀င်းဝင်းမာ ပြန်လန့်နိုးသွားရသည်။ ဘာသံမှ မကြားရပါ။

သူ့ကို သနားလည်းသနား။ စိတ်လည်းရှုပ်။ဘာသံမှ မကြားပါဘူးတင်တင်ရဲ့” “မဟုတ်ဘူး အမ၊ လူတက်လာတယ်” နားစွင့်ကြည့်သည်။ ဘာမှ မထူးခြား။“လူရှိနေရင် ဒီလောက် တကျွပ်ကျွပ်မြည်နေတဲ့ ၀ါးခင်းတွေနဲ့ သိသာပါတယ်။ ဘေးအိမ်တွေနဲ့ အရမ်းကပ်နေတာမဟုတ်လား။ အိပ်ပျော်မလို့ဖြစ်တုံး ဘေးအိမ်က လမ်းလျှောက်တဲ့အသံကို ကိုယ့်အိမ်ပေါ်ကလို့ ထင်မိတာပါ။ အိပ် အိပ်။ ဘာမှ မဖြစ်ပါဘူး။ နောက်နေ့ကျတော့ လက်သမားရှာပြီး အိမ်တခါးလုပ်ကြတာပေါ့”တင်တင်မူ အိပ်ယာပေါ်ပြန်လှဲလိုက်ပြီး ၀င်းဝင်းမာကို ကျောပေးကာ တဖက်လှည့်လိုက်သည်။ သူ့ကျောပြင်နဲ့ထိတွေ့မှုကြောင့် နည်းနည်း နွေးလာသော်လည်း တသိမ့်သိမ့်လှုပ်နေအောင် ကြိတ်ငိုနေသောကြောင့် အိပ်ရန်ကြိုးစားထားမှုက အသုံးမ၀င်တော့ဘဲ ကြောင်တောင်မျက်လုံးနှင့် အေးစိမ့်သောညကို ဖြတ်သန်းရမည့်ပုံ။

မခွာညို
အောက်တိုဘာလ ၅ရက်
ဂျပန်နိုင်ငံအခြေစိုက် အလင်းအိမ်မဂဇင်းတွင် ဖော်ပြပြီး

5 Comments:

မိုးခါး said...

မလွယ်ပါလားနော် ...................

Nge Naing said...

အစ်မတို့ နိုင်ငံခြားမထွက်ခင် ၀င်နေရတဲ့ မနီလွိုင် စခန်းကတော့ ဒီလောက် အခြေအနေမဆိုးဘူး။ မနီလွိုင်က ရွှေ့ပြီးနောက်ပိုင်း တော်တော် အခြေအနေ ဆိုးလာပုံရတယ်။

ရွှေရတုမှတ်တမ်း said...

မလေး၊ထိုင်း၊ စခန်းတွေက..ရောက်လာတဲ့တချို့လူတွေကိုယ်တွေ့..ဆိုရင်...
ကြားရတာ...
သြော်....ကိုယ့် တိုင်းပြည်ကမှ..က်ုယ့်ဘဝကို..လုံခြုံမှု
မှမပေးနိုင်တာလေ....

မြစ်ကျိုးအင်း said...

နောက်အပိုင်းတွေ မြန်မြန်တင်ပေးပါအုံး...။

ဖတ်ရတာ စိတ်မကောင်းသလို မသိတာတွေလည်း
သိရတယ် ရသတခုလည်း ပေးပါတယ်။

မေလေး said...

ဟူးးးးးးးး
သက်ပြင်းဘဲ ချမိတော့တယ် မမရေ