ဒဏ်ရာ မှတ်တမ်းအပိုင်းအစများ

ဘောင်းဘီအိတ်နှစ်ဘက်ထဲ လက်ထည့် မျက်နှာလေးတစ်ခြမ်း ခပ်မော့မော့ထားပြီး ခပ်မတ်မတ်ပုံစံလေးနဲ့ ဈေးဆိုင်တန်းတွေကို ငေးရင်း အေးအေးလူလူ လျှောက်လာတဲ့ အမျိုးသမီးလေး။ သူ့မျက်နှာလေးက တဆိတ်တော့ အရမ်းတည်လွန်းတယ်။ ဘီးကုတ်နဲ့လှန်တင်ထားတဲ့ တော်တော်လေး ကျယ်ပြန့်တဲ့ နဖူးပြင်က ထင်းထင်းလေး။ လည်တိုင်ကျော့ကျော့လေးနဲ့ လိုက်ဖက်လွန်းတဲ့ မျက်နှာခပ်ရှင်းရှင်းလေး။ ရုတ်တရက် မှင်သက် ငေးမောမိချိန်မှာပဲ ဖြတ်ကနဲ ရောက်လာတဲ့ အကြည့်စူးစူးလေးကြောင့် ကိုယ် မျက်နှာလွှဲရင်း ကမန်းကတမ်း ကော်ဖီခွက်ကို သောက်လိုက်တယ်။ မိန်းကလေးတန်မယ့် မျက်မှန်အောက်က ခပ်စိုက်စိုက် ကြည့်လာတဲ့ သူမရဲ့ အကြည့်က စူးရဲလွန်းတာတော့ အမှန်ပင်။

ချက်ခြင်းဆိုသလို သူမ မျက်နှာကို လွှဲပြီး ကိုယ်ရှေ့က ဖြတ်လျောက်သွားချိန်မှာတော့ သာမာန် မိန်းကလေးတွေ ထက် မြင့်မားတဲ့အရပ်ကို သတိထားမိလိုက်ပါတယ်။ ကိုယ်ပိုက်ဆံရှင်းပြီး သူမ နောက် ကနေ မသိမသာ လိုက်လာမိတယ်။ ဘာကြောင့် သူမနောက်ကို လိုက်လာမိသလဲဆိုတာတော့ စဉ်းစားချိန် မရလိုက်ပါဘူး။ ဖိနပ်ဆိုင်ရှေ့မှာ သူမရပ်နေပါတယ်။ ဒီဇိုင်းဆန်းဆန်းနဲ့ လှပသေသပ်လွန်းတဲ့ အားကစား ဖိနပ်ခုံမြင့်မြင့်လေးတွေရဲ့ ဦးထိပ်ကို သူမရဲ့ လက်ညိုးလေးနဲ့ ထိတို့ရင်း သူမရဲ့မျက်နှာမှာ ပြုံးယောင်သန်း လာတာကို တွေ့လိုက်ရချိန် မှာတော့ ကိုယ့်နှလုံးသားတစ်ခုလုံး ရုတ်တရက် အေးစက်သွားပြီး ထူးဆန်းစွာနဲ့ ရင်တွေ တဒိပ်ဒိပ် ခုန်လာတာကို သတိထား မိလိုက်ပါတယ်။

နောက် ဖုန်းခေါ်သံလေးမြည်လာတဲ့အချိန် သူမရဲ့ ဘောင်းဘီအိတ်ထဲက ဖုန်းအဖြူလေးကိုထုတ်ကိုင်ပြီး စကားပြော လိုက်ချိန်မှာတော့ ကိုယ့်ရင်ထဲမှာ အရမ်းပျော်ရွှင်သွားမိပါတယ်။ သူက မြန်မာမလေး တစ်ယောက်ပါပဲ။ ဖုန်းလေးကို နားနားကပ်ပြီး ပြောနေတဲ့အချိန် သူမရဲ့မျက်နှာလေးက ရယ်မောနေတဲ့ အသွင်လေးကို မြင်ရတော့ ကိုယ် စိတ်ထဲ တော်တော်လေး ရင်ခုန်လူပ်ရှားမိနေပါပြီ။ သူမရှေ့ကနေ ဖြတ်ကျော် တက်ရင်း ကိုယ်ခေါင်းကုတ်လိုက်ပါတယ်။ ဘေးဘီဝဲယာကို ကြည့်ရင်း အကူအညီတောင်းချင်သလို ပုံစံနဲ့ သူမရဲ့ ရှေ့တည့်တည့်မှာ ရပ်လိုက်ပါတယ်။

တဆိတ်လောက် ကူညီနိုင်မလားလို့ အင်္ဂလိပ်လိုမေးတော့ သူမရဲ့မျက်နှာလေးက ချက်ချင်းဆိုသလို တည်သွားပြီ ရပါတယ်။ ပြောပါ သူဘာကူညီရမလဲလို့ ပြန်မေးတဲ့ အင်္ဂလိပ်အသံထွက်က တော်တော်လေးကို အဆင့်မြင့်တဲ့ လေယူလေသိမ်းတစ်ခုပါ။ ကိုယ်လဲ မြန်မာလို ဟိုလေ..ဘာပြောရမလဲ မသိဘူး။ sorry .. ကွန်ပျူတာ ပြင်တဲ့ နေရာကို သွားမလို့ ရှာမတွေ့လို့လို့ အင်္ဂလိပ်တစ်ပိုင်း မြန်မာတစ်ပိုင်း ပြောလိုက်တယ်။

သူမရဲ့ မျက်ခုံးထူထူလေး တစ်ချက်ပင့်သွားပြီးမှ ယူက မြန်မာလားလို့ မေးပါတယ်။ ကိုယ်လဲ ရုတ်တရက် ၀မ်းသာသွားတဲ့ပုံစံနဲ့ ဟာ ညီမလေးက မြန်မာလားလို့ ခပ်သွက်သွက် မေးလိုက်တယ်။ သူမရဲ့မျက်နှာလေး ပြုံးသွားပြီး ဟုတ်တယ် ကျွန်မ မြန်မာပဲလို့ ဖြေပါတယ်။ ကိုယ့်လက်ထဲမှာဘာမှ ပါမလာတာကို သတိထားမိပုံနဲ့ ကွန်ပျူတာ ပြင်ချင်တာလားတဲ့။ ပြင်တဲ့ဆိုင် လိုက်ရှာနေတာလို့ပြောလိုက်တော့ သူမက ကိုယ့်ကို မြို့လည်က ကွန်ပျူတာ မောလ်ကို သွားသင့်တယ်လို့ ညွှန်းပါတယ်။ နောက် သူမနဲ့စကားတွေ ပြောဖြစ်ပါတယ်။ ထူးဆန်းတာက ကိုယ်နဲ့စကားပြောရင်း လမ်းလျောက်နေပေမယ့် သူမရဲ့ပုံစံက ဈေးဆိုင်တန်းတွေကို ငေးရင်း သက်တောင့်သက်သာပုံစံနဲ့ပဲ မိတ်ဆွေတစ်ယောက်နဲ့ လမ်းသွားနေသလို အေးအေးလူလူ ရှိလှပါတယ်။

ကျွန်မ ကော်ဖီသောက်မယ်.နည်းနည်းညောင်းပြီ.လို့ ပြောရင်း သူမက ကော်ဖီဆိုင်လေးတစ်ခုထဲကို ၀င်သွားပါတယ်။ ကိုယ်လဲ လိုက်ဝင်ရင်း သူမသောက်တဲ့ ကောပူချီနိုကော်ဖီနဲ့ ကိုယ့်အတွက် အမေရိကာနို ကော်ဖီအတွက် ပိုက်ဆံရှင်းဖို့ လုပ်တော့ သူမက မုန့်လေးတွေ ကို လိုက်ကြည့်နေရင်းက မရှင်းပါနဲ့ ကိုယ့်ဘာသာ ရှင်းမယ်လို့ဆိုတော့ မိတ်ဖြစ်ဆွေဖြစ်ပါခင်ဗျာလို့ပြောတော့ သူမက ကိုယ့်ကို ခပ်တည်တည် ကြည့်ရင်းက ခုနကတင် ကော်ဖီသောက်ထားတာ ဟုတ်လား ဆက်တိုက် ကော်ဖီသောက်ရင် ကြာရင် ကျမ်းမာရေး ထိခိုက်မယ်လို့ ပြောပါတယ်။ ကိုယ် အသံထွက်ပြီး ရယ်လိုက်ရင်းက နည်းနည်း ရှက်သွားမိတယ်။ ကိုယ်ကော်ဖီဆိုင်ထဲမှာ ထိုင်ရင်း သူ့နောက်လိုက်လာတာကို သူသိတယ်လို့ သွယ်ဝိုက်ပြီး ပြောလိုက်တာပါပဲ။ အမြင် စူးရှလွန်းတဲ့ သူမကို နည်းနည်းတော့ လန့်သွားမိတယ်။

အဲ့ဒီ့နေ့က သူမနဲ့ကိုယ်နဲ့ ကော်ဖီဆိုင်လေး တစ်ခုမှာ အတူထိုင်ရင်း စကားတွေ ပြောဖြစ်တယ်။ ကော်ဖီကို တစိမ့်စိမ့် အရသာခံသောက်ရင်းက တီးလုံးသံလေးတွေကို မျက်စိလေးမှိတ်ပြီး နားထောင်နေတဲ့ သူမပုံစံလေးကို ငေးစိုက်ကြည့်ရင်းက သူမကို ကိုယ့်စိတ်ထဲမှာ မြင်မြင်ချင်းမှာပဲ တကယ်ကို ချစ်မြတ်နိုးစိတ် ဖြစ်ပေါ်လာမိတယ် ဆိုတာ သေချာသွားပါတယ်။

အဲ့ဒီ့နေ့က လမ်းခွဲကြတဲ့အချိန် သူမရဲ့ဖုန်းနံပတ်ကို ကိုယ်တောင်းလိုက်တော့ သူမက ကိုယ့်ကို ခပ်စိုက်စိုက်ကြည့်ရင်းက ဖုန်းနံပတ်လေးကို ရွတ်ပြပါတယ်။ ကိုယ်လဲ ဖုန်းနံပတ်လေး မှတ်ရင်း သူမရဲ့မျက်နှာလေးကို ငုံကြည့်ပြီး ဒီနေ့တွေ့ဆုံခွင့် ရတာလေးကို ကိုယ်တကယ်ကျေနပ်ပါတယ်လို့ ပြောတော့ သူမရဲ့မျက်နှာလေးလဲ ပြုံးယောင်သန်း သွားပါတယ်။ လက်ဝါးလေး ကို အသာထောင်ပြရင်းက ချာကနဲ လှည့်ထွက်သွားတဲ့ သူမရဲ့ ကျောပြင်ကို ကိုယ်ရပ်ကြည့် ငေးမောကျန်ရစ်ခဲ့ချိန်မှာတော့ ကျန်ရစ်ခဲ့ရသလို ချန်ထားခံခဲ့ရသလိုမျိုး ဘာရယ်မဟုတ်တဲ့ ၀မ်းနည်းကြေကွဲမူကို ခံစားလိုက်ရသလိုပါပဲ။

အမှတ်တမဲ့ ဆုံခဲ့ကြတဲ့ ကိုယ်တို့နှစ်ယောက် နောက်တစ်ကြိမ် ပြန်ဆုံခွင့်လေး ရမယ်လို့ မျှော်လင့်မိပါတယ် ကောင်မလေးရေ။

နောက်တစ်ကြိမ် ပြန်ဆုံချိန်ကတော့ တကယ့်ကို အထူးအဆန်းပါပဲ။ အလုပ်တွေ ဆက်တိုက်ရူပ်နေတာကြောင့် ကိုယ်အလုပ်နားချိန်ဟာ အမြဲတမ်း ညသန်းခေါင်ချိန်ဖြစ်နေတော့ သူမရဲ့ဖုန်းနံပတ်လေးကို ကြည့်နေရင်းက သူမလေးအတွက် အနှောင့်အယှက်ဖြစ်မှာစိုးလို့ ဖုန်းမဆက်ဖြစ်တော့ပဲ သက်ပြင်းချရင်းက အိပ်ယာဝင်ဖြစ်လိုက်တာ များပါတယ်။

ဒီနေ့တော့ ကမ္ဘာကြီးပူနွေးလာမူနဲ့ဆိုင်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစာတမ်းအတွက် ကိုယ်က ဦးဆောင်ပြီး ဆွေးနွေးရမှာဖြစ်ပါတယ်။ အစည်းအဝေးခန်းထဲကို ၀င်လိုက်ချိန်မှာတော့ သတင်းမီဒီယာတွေကိုပါ တွေ့လိုက်ပါတယ်။ ကိုယ်လဲ တက်ရောက်လာတဲ့ သူတွေကို ပရိဂျက်တာကတဆင့် ကိုယ့်တို့စုစည်းထားတဲ့ စာတမ်းကို စိတ်ပါလက်ပါ ဆွေးနွေးနေတဲ့အချိန်မှာပဲ စိတ်ထဲမှာ တစ်ယောက်ယောက်က စူးစိုက်ကြည့်နေသလို ခံစားရပါတယ်။ ပရိတ်သတ်ဘက်ကို မျက်စိတစ်ချက် ဝေ့ကြည့်လိုက်ချိန်မှာတော့ ဗီဒီယိုကင်မရာအကြီးကြီးကို ကွယ်ပြီး ရိုက်နေတဲ့ နားကျပ်လေး တပ်ထားတဲ မျက်နှာလေး တစ်ခြမ်းကို အမှတ်မထင် သတိထား လိုက်မိ ပါတယ်။

အစည်းအဝေးပြီးသွားချိန်မှာတော့ ကိုယ့်ကို သတင်းမီဒီယာတွေက ၀ိုင်းပြီး အင်တာဗျူးလုပ်နေတဲ့အချိန် ကိုယ်ကလဲ နောက် အစိုးရပိုင်းက လူကြီးတွေနဲ့ ချိန်းထားတာတစ်ခုအတွက် အမြန်ပြေးရမယ့်အချိန်ဖြစ်နေတော့ အားလုံးကို ခပ်တိုတိုဖြတ်ရင်း ထွက်ခွာဖို့ ပြင်လိုက်ပါတယ်။ ကျွန်မတို့အတွက် အချိန်နည်းနည်းလောက် ပေးနိုင်မလားရှင် ခပ်ထောင့်ထောင့် လေသံလေးနဲ့ မေးလာတဲ့ အသံကို ကိုယ်လှည့်မကြည့်မိပဲ ဆောရီးပါခင်ဗျာ ကျွန်တော် အခု သွားရတော့မှာမို့ပါ။ ကျွန်တော်ကို ဆက်သွယ်ရမယ့် နံပတ်လေး တစ်ချက်ယူထားပေးပါ။ ကျွန်တော် နောက်တစ်ကြိမ် အချိန်ပေးနိုင်အောင် ကြိုးစားပါမယ့်လို့ ပြောလိုက်ပါတယ်။ နောက်မှ ရုတ်တရက် လှည့်ကြည့်မိတော့ ဗီဒီယိုကင်မရာကို ကိုင်ထားရင်းက ကိုယ့်ကို ရပ်ကြည့်နေတဲ့ သူမကို တွေ့လိုက်ပါတယ်။ မပြုံးမရယ် သူမမျက်နှာလေးကို တွေ့လိုက်ရချိန်မှာ ကိုယ့်ရင်ထဲမှာ လိုင်းထန်သလို ခံစားလိုက်ရပါတယ်။

ကိုယ်အကြာကြီး သူမမျက်နှာလေးကို ငေးစိုက်ကြည့်ရင်းက ဘာပြောရမှန်းမသိဖြစ်သွားပြီး ကိုယ့်ရဲ့ အတွင်းရေးမူးမလေး ကို ခေါ်လိုက်ပါတယ်။ နောက် အစည်းအဝေးကို ဆယ်မိနစ်လောက်နေမှ ရောက်နိုင်မယ်လို့ အကြောင်းကြားပေးပါလို့ ပြောလိုက်ပြီး သူမကို ကိုယ်မင်းအတွက် အချိန် ပေးပါမယ်လို့ ပြောလိုက်တော့ သူမက မျက်နှာလေးကို မဲ့သလိုလေး ပြုံးရင်းက သူမရဲ့ သတင်းထောက်ကို ကိုယ့်ကို မေးဖို့ ပြောပါတယ်။ ကင်မရာကိုင်ပြီး ကိုယ့်ကိုရိုက်နေတဲ့ သူမရဲ့မျက်နှာတည့်တည့်ကို ကိုယ်ကြည့်ရင်း သူတို့မေးတဲ့မေးခွန်းတွေကို စိတ်ရှည်လက်ရှည် ဖြေလိုက်ပါတယ်။

အင်တာဗျူးပြီးသွားချိန်မှာတော့ ကိုယ့်ကို ဂရုမစိုက်တော့ပဲ ကင်မရာကို ဖြုတ်သိမ်းနေတဲ့ သူမအနားကို ကိုယ် သွားပြီး ကိုယ်မင်းနဲ့ တစ်ခါလောက် ပြန်ဆုံချင်တယ် ဘယ်လိုလုပ်ရမလဲလို့ မေးတော့ အခုတောင် မိနစ်ပိုင်း တောင် အချိန်မပေးနိုင်တာ ပြန်ဆုံမယ့်အချိန်ကို ပြောတော့ ရယ်စရာကြီးလို့ ရယ်ပြီး ပြန်ပြောလိုက်တဲ့ ကောင်မလေးကို ကိုယ်မချင့်မရဲနဲ့ အံကြိတ်ပြီး အိုကေ ဒီည မင်းနဲ့ကိုယ်နဲ့ တစ်နေရာမှာဆုံမယ် မင်းကိုယ့်ကို အချိန်ပြန်ပေးရမယ်လို့ ပြောလိုက်ပါတယ်။ အိုကေလေ ဖုန်းဆက်လိုက်ပါ လို့ပြောပြီး သူမက သူ့အဖွဲ့ဆီကို ထွက်သွားပါတယ်။

ကိုယ်လဲ ကိုယ်ခရီးဆက်ရမယ့်နေရာကို အပြေးအလွှားလှည့်ထွက်လာပြီးတစ်လမ်းလုံး အမှတ်မထင်ပြန်ဆုံဆည်းခွင့် အတွက် တကယ့်ကို ၀မ်းသာနေမိပါတယ်။ ကိုယ့်အတွင်းရေးမူးမလေးက ကိုယ့်မျက်နှာ ပြုံးနေတာ မတွေ့ဖူးတာမို့ ဆရာ ဘာတွေ ဒီလောက်သဘောကျနေတာလဲ ခါတိုင်းဆို အစည်းအဝေးတွေ ဆက်တိုင်း မျက်နှာက မူန်ကုတ်နေတာပဲလို့ ပြောတော့ ခေါင်းအသာယမ်းပြရင်းက အသံထွက်ပြီး ရယ်လိုက်ပါတယ်။

တကယ်တမ်း အဲ့ဒီ့နေ့က ကိုယ်အလုပ်တွေ အကုန်လုံး ပြီးပြတ်ချိန်ဟာ ည ၁၂နာရီကျော်နေပြီဖြစ်ပါတယ်။ လူတစ်ကိုယ်လုံး ပင်ပမ်းနွမ်းလျလွန်းတာကြောင့် အချိုရည်သောက်ရင်းက သူမရဲ့ ဖုန်းနံပတ်လေးကို အသာနှိပ်ရှာ လိုက်ပါတယ်။ ခလုတ်ကို နှိပ်သင့် မနှိပ်သင့် စဉ်းစားနေရင်းက သူမကို အရမ်းပြင်းပြင်းထန်ထန် တွေ့ချင်စိတ် ဖြစ်လာတာနဲ့ ခလုတ်လေးကို အသာနှိပ်လိုက်တော့ တူဆိုပြီး ဖုန်းမြည်သံနဲ့အတူ တီးလုံးသံလေးတွေ မြည်လာပါတယ်။ ရုတ်တရက်တီးလုံးသံလေးတွေ ရပ်သွားပြီ ဟဲလို..ဆိုတဲ့ အသံခပ်ထောင့်ထောင့်လေး ကို ကြားလိုက်ရပါတယ်။ သူမရဲ့အသံကို ကြားလိုက်ရချိန်မှာတော့ အသက်ကို ခပ်ပြင်းပြင်းရူရင်း ဘာပြောရမှန်းမသိ ဖြစ်သွားပါတယ်။ ဟဲလို..ဆိုပြီး သူမ ထပ်ခေါ်တော့ ကိုယ် ပြန်ထူးလိုက်ပါတယ်။

ကိုယ်ပါ...အရမ်းနောက်ကျသွားတာ ခွင့်လွှတ်ပါနော်..အခုမှ အလုပ်ပြီးလို့ပါခင်ဗျာ လို့ပြောတော့ သူမက အသံထွက်ပြီး ရယ်ပါတယ်။ မခွင့်လွှတ်ပါဘူးတဲ့။ အခုထက်ထိ ကျွန်မ ဘာမှ မစားရသေးဘူး စောင့်နေတာလို့ ပြန်ပြောလိုက်တော့ ကိုယ့်စိတ်ထဲ အရမ်းအံ့သြသွားတယ်။ ကိုယ်အခုထွက်လာခဲ့မယ် ဘယ်မှာ ဆုံမလဲလို့မေးတော့ ညလုံးပေါက်ဖွင့်တဲ့ စားသောက်ဆိုင်လေးတစ်ခုကို သူချိန်းပါတယ်။ ကိုယ်လဲ ကမမ်းကတမ်း ကားပြင်ခိုင်းပြီး အမြန်မောင်းခိုင်းလိုက်ပါတယ်။

ကိုယ်ရောက်တဲ့အချိန်မှာ စားသောက်ဆိုင်မှာ လူရှင်းနေပါတယ်။ သူမကို ရှာမတွေ့လို့ ဖုန်းခေါ်မလို့ ပြင်တုန်းမှာပဲ စက်အင်ဂျင်သံ ကျယ်လောင်စွာနဲ့ မော်တော်ဆိုင်ကယ်အကြီးတစ်စီး ခပ်ကြမ်းကြမ်း မောင်းဝင် လာတာကို တွေ့လိုက်ပါတယ်။ ဆိုင်ကယ်ဦးထုပ်ကို ဆွဲချွတ်လိုက်တဲ့အချိန်မှာတော့ ကိုယ်ရဲ့ သူမ ဖြစ်နေတာ တွေ့လိုက်ရပါတယ်။ သူမနားကို ကိုယ် ပြေးသွားလိုက်ပြီး ဟေး မင်းဆိုင်ကယ်မောင်းတာ ကြမ်းလှချည်လား တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ မေးတော့ ဘာမှ မပြောပဲ သူမက မျက်ခုံးပင့်ပြီး ရယ်နေပါတယ်။

ကျွန်မဗိုက်ဆာပြီလေကွယ်လို့ သူမပြောရင်းက ကိုယ်နဲ့သူနဲ့ ညစာကို မှာကြပါတယ်။ အစားအစာတွေ ရောက်လာချိန်မှာတော့ သူရော ကိုယ်ရော ဗိုက်ဆာဆာရှိတာနဲ့ စကားမပြောပဲ အားရပါးရ စားဖြစ်ကြပါတယ်။ ကိုယ့်အတွက် တော့ အလုပ်ပင်ပမ်းလာတဲ့အချိန်ကိုယ့် ချစ်သူနဲ့ အတူစားခွင့်ရတဲ့ တကယ့်ကို အရသာရှိလှတဲ့ ညစာလေးပါ။ စပျစ်ဝိုင်ကို အသာလေး မျက်စိမှိတ်ပြီး အရသာခံ သောက်နေတဲ့ သူမကို ကိုယ်ချစ်ခြင်းများစွာနဲ့ ငေးမောကြည့်နေမိပါတယ်။ နောက်မှ သူမ နဲ့ ကိုယ်နဲ့ ကိုယ်စီရဲ့ အလုပ်ကိစ္စနဲ့ပတ်သတ်တာတွေ မိသားစုနဲ့ ပတ်သတ်တာတွေ စကားလက်ဆုံကျဖြစ် ပါတယ်။ စကားတပြောပြောနဲ့ နေလာလိုက်တာ သတိထားမိတဲ့ အချိန်မှာတော့ မနက်လေးနာရီလောက်ရှိနေပါပြီ။

ပြန်ဖို့ နုတ်ဆက်ချိန်မှာတော့ သူမက ထုံးစံအတိုင်း ကိုယ့်ကို ချာကနဲ ကျောခိုင်းပြီး ဆိုင်ကယ်ဆီကို ခပ်မတ်မတ် လျောက်သွားပြီး ဆိုင်ကယ်ကို မောင်းဖို့ အသင့်ပြင်ချိန်မှာပဲ ကိုယ်သူမအနားကို သွားရပ်မိပါတယ်။
ဆိုင်ကယ် ဦးထုပ်စွပ်ခါနီး ကိုယ်ရောက်လာတော့ သူမက ကိုယ့်ကို ငဲ့ကြည့်ပါတယ်။ ခေါင်းကို ဆတ်ပြီးမေးတော့ ကိုယ် သူမကို အကြာကြီး စိုက်ကြည့်ရင်းက ဆိုင်ကယ်ကို သတိနဲ့မောင်းနော် ဒီနေ့ညလေးအတွက် ကိုယ့်ဘေးမှာ နေပေးတာ တကယ် ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါတယ်။ သူမက မျက်နှာလေးကို မဲ့သလိုလေး ပြုံးရင်းက ဟုတ်ကဲ့ပါလို့ ဖြေပြီး ဟဲလ်မတ်ကို စွပ်ပြီး ဆိုင်ကယ်ကို တရကြမ်း မောင်းထွက်သွားပါတယ်။ သူမရဲ့ ဆိုင်ကယ်နောက်မြီးကို ငေးကြည့်ရင်းက ကိုယ့်ရင်ထဲမှာ ဟာပြီး ကျန်ခဲ့ပါတယ်။ ကားပေါ် ရောက်တဲ့ အချိန်မှာတော့ ကိုယ် မောမောနဲ့ လုံးဝ အိပ်မောကျသွားပြီဖြစ်ပါတယ်။

အခုချက်ခြင်း ခရီးထွက်ရမယ် ဟုတ်လား ကိုယ်လဲ မသိရပါလားလို့ ကိုယ့်အတွင်းရေးမူးမလေးကို မေးတော့ ဟုတ်တယ် ဆရာ နှစ်ပတ်ကြာမယ် အကုန်လုံးစီစဉ်ပြီးပြီ ပြီးတာနဲ့ နောက်တစ်နေရာကို ခရီးဆက်ရမယ်။ အချိန်ဇယားတွေနဲ့ ခရီးစဉ်တွေကို ပြောနေတဲ့အချိန်မှာတော့ ကိုယ်နဖူးကို လက်ထောက်ပြီး စဉ်းစားနေပါတယ်။ သူမကို ဘယ်လို နုတ်ဆက်ရမလဲဆိုတာ တွေးပြီး အခု အပြင်ခဏထွက်မယ်လို့ပြောတော့ လေယာဉ်ချိန်က အရမ်းကပ်နေပြီဆရာတဲ့။ ကိုယ်မျက်နှာ ပျက်သွားတော့ ဒါပေမယ့် တစ်နာရီလောက်တော့ ရမယ်ထင်တယ်လို့ ဖြေလိုက်ချိန်မှာပဲ ကိုယ်ချက်ခြင်း အလုပ်ခန်းကနေ အပြင်ကို ထွက်လိုက်ပါတယ်။ ဖုန်းနံပတ်လေးကို နှိပ်တော့ Busy နေတယ်လို့ ပြောပါတယ်။ ကိုယ်ဆက်ခါ ဆက်ခါ နှိပ်လိုက်ချိန်မှာတော့ ဖုန်းလေးက လုံးဝ ပိတ်သွားပါတယ်။ အခန်းထဲကို ပြန်ဝင်လာပြီး ကိုယ် ထိုင်ခုံနှောက်ကို မှီထိုင်ရင်း သက်ပြင်းချမိပါတယ်။

လေယာဉ်ကွင်းကို ဆင်းလာတဲ့အချိန်မှာတော့ ကိုယ့်ရဲ့ အလုပ်မိတ်ဆွေတွေနဲ့ နုတ်ဆက်စကားဆိုရင်း အထဲကို ၀င်လာတော့ လေယာဉ်ကို တက်ဖို့ စောင့်ဆိုင်းနေတဲ့နေရာမှာရှိတဲ့ မှန်သားပြင်ကြီးတွေ အပြင်ဘက်က အတက်အဆင်း လုပ်နေတဲ့ လေယာဉ်တွေကို ငေးမောနေမိပါတယ်။ ပြေးလမ်းပေါ် ထိုးတက်ပြီး လေယာဉ်ဘီး ခေါက်သိမ်းသံ ဒုတ်ဒုတ်ဆိုတဲ့ အသံကြားလိုက်ရတဲ့အခါမှာတော့ တိမ်လွှာတွေကို ငေးစိုက်ကြည့်ရင်းက သူမရဲ့ ပုံစံလေးကို မျက်စိထဲ မြင်ယောင်လာတော့ စိတ်ထဲ နာကျင်လာတာနဲ့ မျက်စိကို တင်းတင်းမှိတ် ထားလိုက်ပါတော့တယ်။

ခရီးစဉ်တွေ ဆက်တိုက်သွားနေရင်းက လူရော စိတ်ရော ပင်ပမ်းလှတာမို့ အပြင်းဖျားဖျားပါတော့တယ်။ ဆေးရုံမှာ တက်ပြီး အနားယူသင့်တယ်လို့ ပြောလို့ သီးသန့်ခန်းလေးထဲမှာ ဆေးကုသမူခံနေတဲ့အချိန် ၀ရံတာလေးမှာ ရပ်ပြီး ကြည့်နေတုန်း အရေးပေါ်ကားတစ်စီး ဆေးရုံဆင်ဝင်အောက်ကို ဆိုက်လာတာ တွေ့လိုက်ရတယ်။ မနက်ခင်း နေရောင်ခြည်နွေးနွေးအောက်မှာ ဆေးရုံ အရှေ့မြက်ခင်းပြင်ကို ဆင်းပြီး နေရောင်ခြည်ခံဖို့ ဆင်းလာတဲ့အချိန် မဆုံဖြစ်တာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက် ကို ရေးကြီးသုတ်ပြာပုံစံနဲ့ ကောင်တာမှာ ရုတ်တရက်တွေ့လိုက်ရတယ်။ ကိုယ့်ကိုမြင်တော့ သူပြေးလာတယ် မင်းဆေးရုံတက်နေတာလားတဲ့ အေး ငါ နှလုံးက သိပ်အလုပ်မလုပ်လို့ ခဏ အလုပ်နားပြီး ဆေးရုံမှာ အနားယူနေတာလို့ဖြေလိုက်တယ်။

မင်းကရောဆိုတော့ သက်ပြင်းချပြီး ငါ့ညီမလေးတစ်ယောက်ပါကွာ ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်လို့ အဲ့တာ ဆေးရုံကို ပြေးလာကြည့်တာ အခု ခွဲခန်းထဲမှာတဲ့။ အခြေအနေတော့ သိပ်မကောင်းဘူးထင်တယ်။ ဟုတ်လား မျက်စိထဲမှာ ဆိုင်ကယ်ကို ခပ်ကြမ်းကြမ်းမောင်းတတ်တဲ့ သူမပုံစံကို မြင်ယောင်မိပြီး ရင်ထဲမှာ စိုးရိမ်စိတ်တွေနဲ့ စူးအောင့်လာပါတယ်။ ဟုတ်လား ခဏလေး ဟိုမှာ ဆရာဝန်ထွက်လာပြီ ပြောပြောဆိုဆို ပြေးထွက်သွားတဲ့ သူငယ်ချင်း နောက်ကျောကို ငေးကြည့်မိပါတယ်။ နောက် အသာလေး လှည့်ထွက်လာရင်း မြက်ခင်းပြင်စပ်က ခုံတန်းလေးမှာ ထိုင်ရင်း ဖုန်းနံပတ်လေးတစ်ခုကို နှိပ်လိုက်ပါတယ်။ ကြားနေကျအတိုင်း ဖုန်းပိတ်ထားတယ် လို့ စက်က ပြန်ဖြေသံကြားလိုက်ပါတယ်။ ခပ်လှမ်းလှမ်းက သစ်ပင်အုပ်အုပ်ကိုငေးမောကြည့်ရင်းက သက်ပြင်းမော ချမိပါတယ်။

ဘေးမှာ ၀င်ထိုင်တဲ့အရိပ်ကြောင့် လှည့်ကြည့်တော့ သူငယ်ချင်း။ တော်သေးတယ် ကွာ ဘာမှ မဖြစ်တာ ခြေထောက်နဲ့လက်တော့ အရိုးထိသွားတယ်ပြောတယ် လနဲ့ချီပြီး အနားယူရမယ်တဲ့ အဲ့တာမှ လည်း ကောင်မလေး အနားယူဖြစ်မယ် နို့မို့ရင် တစ်နေကုန် တစ်နေခမ်း အလုပ်လုပ်တာကွ။ လုံးဝ မနားဘူး။ သူ့စိတ်ကို သူ ပြန်ပြီး ညှင်းဆဲနေသလိုပဲ။ ဟုတ်လား သူက ဘာအလုပ်လုပ်လဲ။ သူက ရုပ်မြင်သံကြား သတင်းထောက်လေ။ မင်း သူ့နံမည် သိလား။ သူလေ..အံသြစိတ်နဲ့စိုးရိမ်စိတ်တွေနဲ့အတူ ကိုယ်လူပ်လူပ်ရှားရှားဖြစ်သွားတယ်။

နောက်မှ စိတ်ကို ထိန်းပြီး သူမအကြောင်း သိလိုစိတ်နဲ့ မင်းနဲ့သူနဲ့က သိတာကြာပြီလား။ သိတာကြာပြီလား ဆိုတော့ သူငယ်ငယ်လေးကတည်းက ဆိုပါတော့ကွာ။ သူက အရမ်းစိတ်ကြီးတယ် ထက်လဲ ထက်တယ်။ မဟုတ်မခံစိတ် ပြင်းတယ်ကွ။ သူ့မိဘတွေက တော်တော်ချမ်းသာကြတယ်။ အခု သူက မိဘတွေနဲ့လည်း အဆက်အသွယ်ဖြတ်ထားတယ်။ အမွေဖြတ်ခံရပြီးကတည်းကပဲ။ ဟုတ်လား ဘာဖြစ်လို့လဲ။ သူတို့ သဘောမတူတဲ့ ကောင်လေးနဲ့ယူလို့လေ။

မျက်စိထဲ ပြာကနဲဖြစ်သွားပါတယ်။ ရုတ်တရက်ထိုးအောင့်လာပြီး အသက်ရူရပ်မတတ်ဖြစ်သွားလို့ ရင်ဝကို လက်ဖနောင့်နဲ့ ဖိလိုက်တော့ သူငယ်ချင်းက ရုတ်တရက်စကားကို ရပ်ပစ်လိုက်ပါတယ်။ ဘာဖြစ်လဲ သူငယ်ချင်း ဆောရီးဆောရီး ငါဘာတွေ ပြောမိမှန်းမသိဘူး စိတ်မချမ်းမသာစရာတွေ။ ရပါတယ်ကွ ပြောပါ ငါစိတ်ဝင်စားတယ်။ အခုသူက အိမ်ထောင်နဲ့လား။ မဟုတ်ဘူး သူ့ကောင်လေးက ဆုံးသွားပြီ။ ဟင် ဘာဖြစ်လို့လဲ ထောင်ထဲမှာ ဆုံးတာလေ။ ထောင်ထဲမှာ နှစ်ကြီးကျတာ နှိပ်စက်ခံရတဲ့ ဒဏ်နဲ့ပဲ ဆုံးသွားတာ ။ အဲ့ကတည်းက သူ အပြင်ကို ထွက်လာတာ အခုထက်ထိ မြန်မာပြည်ကိုလည်း မပြန်ဘူး သူ့မိဘတွေနဲ့လည်း မဆက်သွယ်ဘူး။ ငါတို့ပဲရှိတာဆိုတော့ တစ်ခုခုဆို ငါတို့လိုက်စောင့်ရှောက်ပေးနေတာပေါ့ကွာ။

သူ့ကောင်လေးက ဘာဖြစ်လို့ ထောင်ကျတာလဲ။ အင်း တကယ်တော့ သူနဲ့ကောင်လေးနဲ့က သူငယ်ချင်းအရင်းချာတွေကွ တစ်ယောက်နဲ့တစ်ယောက်လည်း သိပ်ချစ်ကြတယ်။ သူတို့တက္ကသိုလ် တက်နေတဲ့အချိန်မှာ ကောင်လေးက ကျောင်းသားအရေးအခင်းမှာ ခေါင်းဆောင်လုပ်တယ်။ ကောင်မလေးက အဲ့အရေးအခင်းမှာ ဗီဒီယိုနဲ့မှတ်တမ်းတင်ပြီး အပြင်ကို ဖြန့်ပေးတယ်။ အဲ့မှာ ကောင်လေး အဖမ်းခံရတော့ သတင်းတွေ အပြင်ရောက်တဲ့ကိစ္စတွေပါစွဲချက်တင်ပြီး ထောင် နှစ်၂၀ကျော်လောက် ချခံလိုက်ရတယ်။ အဲ့မှာ ကောင်မလေးက ထောင်ထဲရောက်သွားတဲ့ ကောင်လေးကို ထောင်ဝင်စာတွေ့နိုင်အောင် လက်ထပ်မယ်လို့ သက်ဆိုင်ရာကို တောင်းဆိုတယ်။ အဲ့တာ ကောင်မလေး မိဘတွေက ဘယ်လက်ခံမလဲ နောက် တော်တော်လေး အခြေအနေတင်းမာပြီး ကောင်မလေးက အတင်းလုပ်ဖို့ ကြိုးစားတော့ ကောင်မလေး မိဘတွေက အမွေဖြတ်လိုက်တယ်။ အဲ့မှာ ကောင်မလေးက သက်ဆိုင်ရာက ခွင့်ပြုချက်ရဖို့စောင့်နေတုန်း ကောင်လေးက ဆုံးသွားတာ. အတွင်းကြေဒဏ်ရာတွေလို့ပြောတယ် ကောင်မလေးနဲ့ပတ်သတ်တာကို မေးတော့ မရလို့ ရိုက်စစ်တာကနေ လက်လွန်သွားတာပြောတယ် အဲ့ကတည်းက သူ ထွက်သွားတာ အပြင်ကို။ သူလူတွေနဲ့ လုံးဝ မဆက်သွယ်တော့ဘူး။

ဒါပေမယ့် ကောင်လေးကို ပေးထားတဲ့ ကတိအတိုင်း သူ ဗီဒီယိုသတင်းထောက်တော့ ဆက်လုပ်တယ်။ အလုပ်ကလွဲရင် တစ်ယောက်တည်းပဲ နေလေ့ရှိတယ်ကွ။ အခုလည်း ဆိုင်ကယ်မှောက်တာ ခဏခဏပဲ ။ငါက သူ့နောက်လိုက် ရှာရတာ မောပြီ။ အရေးပေါ်ကွန်တက်နံမည်မှာ ငါ့နံမည်ပေးထားတာပဲ ကံကောင်းလှပြီ သတ်မှတ်ပါတယ်ကွာ။ စကားတွေ ဆက်တိုက်ပြောပြီး အတွေးကိုယ်စီနဲ့ ငြိမ်နေပြီးမှ ငါသူ့ကို လိုက်ကြည့်ချင်တယ်။ မင်းငါ့ကို ခွင့်ပြုပါလို့ပြောတော့ ရတယ် လိုက်ခဲ့လေဆိုတော့ ဆေးရုံအဆောက်အဦးထဲကို ပြန်ဝင်လာခဲ့ကြပါတယ်။

ပတ်တီးတွေ အဖွေးသားနဲ့ နှစ်နှစ်ခြိုက်ခြို့က်အိပ်ပျော်နေတဲ့ အပြစ်ကင်းစင်တဲ့ သူမမျက်နှာလေးကို ငေးစိုက်ကြည့်ရင်း ကိုယ့်ရင်ထဲမှာ သနားစိတ်တွေ ၀င်လာမိပါတယ်။ သူငယ်ချင်းက ဆေးဗူးလေးတွေ သယ်လာရင်း ငါခန ဆရာမကို သွားမေးလိုက်ဦးမယ်နော်။ မင်းခနလေးစောင့်ပေးလို့ ပြောရင်း ထွက်သွားတဲ့အချိန် ဘေးခုံလေးမှာ ထိုင်ရင်း သူမမျက်နှာကို တစိမ့်စိမ့်စိုက်ကြည့်မိပါတယ်။ သူမ ခဏနေတော့ လူးလွန့်လာပါတယ် မျက်လွှာလေးက ဖြေးဖြေးချင်းပွင့်လာတော့ သူ ကိုယ့်ကိုလည်း မြင်ရော မျက်လုံးလေးက ပြူးသွားပါတယ်။ နောက် အကြာကြီး ကိုယ့်ကို စူးစိုက်ကြည့်ပြီးမှာ ရုတ်တရက် မျက်လုံးက အရောင်ပြောင်းသွားပြီး ကိုယ့်ကို မျက်နှာလွှဲလိုက်ပါတယ်။

ဘာဖြစ်မှန်းမသိတော့ ကိုယ်လဲ ဘာပြောရမှန်းမသိ ဖြစ်နေတဲ့အချိန် သူငယ်ချင်းက ပြန်ဝင်လာပြီး. ကျေးဇူးရှင်လေး နိုးပြီလား ညည်းအနားယူရမယ် ဆိုင်ကယ်စီးခွင့်ပါမစ်ပိတ်တယ် ညနေကျရင် ညည်းအစ်မလာလိမ့်မယ် အခု သူက ကလေးတွေ ကျောင်းပို့ဖို့ လုပ်နေလို့ ဟုတ်လား။ ဆေးသောက်ရမယ်အခု အော် ဒါနဲ့မိတ်ဆက်ပေးရမယ် ဒါ အစ်ကိုသူငယ်ချင်း နောင်မင်းမြတ်တဲ့ ဒါ ငါ့ရဲ့ ညီမဆိုးလေးပေါ့ နံမည်က ဆုမေအောင်တဲ့။

မသိချင်ပါဘူး တဲ့ မျက်နှာကို လွှဲထားရင်းက ခပ်ဆောင့်ဆောင့်လေသံနဲ့ပြောတော့ ကိုယ့်စိတ်ထဲမှာ မကောင်းခြင်းကြီးစွာဖြစ်သွားပြီး ဘာဖြစ်လို့လဲလို့မေးလိုက်ပါတယ်။ အေးအေး ဒါဆို ငါတို့သွားမယ် ညနေ မင်းအစ်မ လာမယ်နော် ပြောပြောဆိုဆိုနဲ့ ကိုယ့်လက်ကို ဆွဲခေါ်ပြီး အပြင်ရောက်တော့မှ သူငယ်ချင်း သူက ဒီလိုပဲ သူစိမ်းတွေဆို သိပ်စကားကောင်းကောင်းမပြောဘူးကွ။ ကိုယ်လဲ ရှက်ပြုံးပြုံး မိပါတယ်။

ညနေနေရီရီချိန်လေးမှာ ၀ရံတာလေးမှာ ထွက်ရပ်ရင်း သူမအကြောင်းကို ကိုယ် စဉ်းစားနေမိပါတယ်။ သူမရဲ့ကောင်လေးအပေါ် ခံစားချက်တွေ အခုချိန်လောက်အထိ နာကျင်နေတုန်းပဲရှိမယ်လို့ တွေးမိတော့ ဖေးမကြင်နာချင်စိတ်တွေ ပေါ်လာပါတယ်။ ဒါပေမယ့် သူမ ဘာဖြစ်လို့ သူ့အပေါ်မှာ ပြောင်းလဲသွားသလဲဆိုတော မတွေးမိဘူးဖြစ်နေပါတယ်။

အခန်းတံခါးကို ခပ်ဖွဖွလေး ခေါက်တော့ ဘာတုန့်ပြန်သံမှ မကြားရဘူး။ အဲ့တာ တံခါးကို အသာလေး ဖွင့်လိုက်တော့ ပွင့်သွားပါတယ်။ ကုတင်ပေါ်မှာ ကျောကို ခေါင်းအုံးလေးတွေ ခုထားပြီး ထိုင်ပြီး ပြူတင်းပေါက်ကို ငေးကြည့်နေတဲ့ သူမကို မြင်တော့ ကိုယ် ပြုံးပြလိုက်ပါတယ်။ မရယ်မပြုံးမျက်နှာတည်တည်လေးနဲ့ ကိုယ့်ကို လှမ်းကြည့်ပြီး မျက်နှာကို ချက်ခြင်း လွှဲလိုက်ပါတယ်။ ကိုယ်ကုတင်ဘေးနားမှာ သွားရပ်ပြီး သူမမျက်နှာကို ငုံ့ကြည့်လိုက်ပါတယ်။ လိုတာထက်ပိုပြီး စိမ်းကားသွားတဲ့ သူမရဲ့အမူအယာတွေအောက်မှာ ကိုယ်ရင်ထဲမှာ အရမ်းနာကျင်ရတာအမှန်ပါ။

ဆုမေ.အကြင်နာကြီးစွာနဲ့ ခေါ်လိုက်တဲ့ ကိုယ့်လေသံကို ကိုယ်တောင် အံ့သြမိတယ်။ သူရုတ်တရက် ကိုယ့်ကို မော့ကြည့်လာပါတယ်. ဘာဖြစ်လို့ ကိုယ့်ကို ဒီလိုဆက်ဆံတာလဲ ကိုယ်နဲ့မင်းနဲ့က မိတ်ဆွေတွေ ဖြစ်ခဲ့တယ် မဟုတ်လား...သူမ မျက်နှာလေးကို ပြန်လှည့်ထားပြီး ဘာတစ်ခွန်းမှ ဆက်မပြောပါဘူး။ သူမကို အကြာကြီး ရပ်ကြည့်နေပြီးမှ ကိုယ်တစ်ကယ်စိတ်မကောင်းဘူး..ပြောပြီး သူမရဲ့အမူအယာအတွက် မခံစားနိုင်တော့လို့ ကိုယ်လှည့်ထွက်မိတယ်။

သူမဆီက အသံတိုးတိုးလေး ထွက်လာပါတယ်။ တကယ်ပဲ မိတ်ဆွေတွေလို့ သဘောထားခဲ့တယ်ဆိုရင် ဒီလောက်အချိန်အကြာကြီး ဘာဖြစ်လို့ မဆက်သွယ်သလဲ အောင့်ကို လူတွေက လိုတဲ့အချိန် ဆက်သွယ် မလိုတဲ့အချိန် ပစ်ထား အဲ့လို သဘောထားမယ့် မိတ်ဆွေမျိုးကို မခင်ချင်ဘူး..မာကျောကျောလေး ပြောလာတဲ့ သူမရဲ့စကားလုံးတွေကြောင့် ကိုယ် ပြုံးမိပါတယ်။ သူမနားကို ပြန်သွားရပ်ရင်းက ရင်ထဲမှာ ချစ်မြတ်နိုးစိတ်တွေ ၀င်လာလို့ စိတ်လွတ်သွားပြီး သူမရဲု့ ဆံပင်လေးကို အသာလေး ပွတ်လိုက်ပါတယ်။ ခင်ဗျားလေးကို ကျူပ်ဆက်သွယ်တယ်လေ ဖုန်းက ဘယ်လိုမှ ဆက်လို့မှ မရတာပဲလို့ ပြောတော့ သူမရဲ့ မျက်စောင်းလှလှလေး ကို ကိုယ်ရလိုက်ပါတယ်။ အိုကေလေ ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ပေမယ့် ကျွန်မ ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်တဲ့။ နောက်သူမ ရယ်ပါတယ်။

အခန်းလေးထဲမှာ သူမဘေးနားမှာ ထိုင်ရင်း စကားတွေ အကြာကြီးပြောဖြစ်တယ်။ နောက် သောက်ထားတဲ့ ဆေးအရှိန်နဲ့ အိပ်မောကျသွားတဲ့ သူမ မျက်နှာလေးကို တစိမ့်စိမ့်ငေးမောကြည့်ရင်း ကိုယ်အခန်းကို ပြန်လာခဲ့ပါတယ်။ နောက်တစ်နေ့မနက်မှာတော့ ၀ှီးချဲလေးပေါ်မှာ ထိုင်နေတဲ့ သူမကို ကိုယ်တွန်းရင်း မြက်ခင်းပြင် စိမ်းစိမ်းလေးပေါ်မှာ နေပူဆာလူံရင်း စကားတွေ ပြောကြ နေ့လည်စာ အတူစားရင်း ရယ်စရာတွေပြောကြ ညဘက်မှာ ရောက်တက်ရာရာ စကားတွေပြောရင်း တီဗီအတူကြည့်ရင်းနဲ့ ဆေးရုံပေါ်က အနားယူရမယ့် အချိန်တွေကို နှစ်ယောက်သား ကုန်လွန်ခဲ့ကြပါတယ်။

ဆေးရုံက ဆင်းတဲ့အချိန်မှာတော့ နှစ်ယောက်သား ရဲ့ အပျော်ချိန်တွေ ရပ်တန့်သွားသလို ခံစားလိုက်ရပေမယ့် သူမရဲ့နေရာလေးကိုတော့ သိခွင့်ရလိုက်ပါတယ်။ ကိုယ်လာလည်လို့ရမလားလို့မေးတော့ ခဏတော့ တွေတွေလေး စဉ်းစားဟန်ပြုပြီးမှ ရပါတယ် လာခဲ့ပါတဲ့။

သူမရဲ့အခန်းလေးဟာ တိတ်ဆိတ်လွန်းတဲ့ ရပ်ကွက်ထဲက သုံးထပ်တိုက်လေးရဲ့ အပေါ်ဆုံးလွှာတစ်ခုဖြစ်ပါတယ်။ ဘေးပတ်ပတ်လည် အကုန်လုံးနီးပါးက မှန်သားပြင်ချပ်တွေဖြစ်ပြီး တစ်ခန်းလုံးအပြည့်နံရံတွေမှာ သူမရဲ့သူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေ ချိတ်ဆွဲထားပါတယ်။ နောက် သူမနဲ့ ကောင်လေးတစ်ယောက်ရဲ့ ပြုံးပျော်ရွှင်မြူးနေတဲ့ ရယ်စရာ စတိုင်လ်အမျိုးမျိုးလေးတွေ ထုတ်ပြီး ရိုက်ထားတဲ့ပုံလေးတွေကလဲ ကားချပ်ကြီးတွေနဲ့ ချိတ်ထားပါတယ်။

အခန်းလေးထဲမှာ အသေးစားရုပ်ရှင်ပြစက်လို စက်အကြီးကြီးဆင်ထားပြီး ဆောင်းဘောက်စ်အကြီးတွေလဲ ထားထားပါတယ်။ နောက် ဗီဒီယိုကင်မရာ ဒေါက်တိုင် စက်ကြိုးတွေ စတဲ့ နည်းပညာဆိုင်ရာ ပစ္စည်းတွေကတော့ ခမ်းလုံးပြည့်ပါပဲ။ သိပ်ပြီး မိန်းမဆန်ဆန် အလှဆင်ထားတာ မရှိပေမယ့် ရှင်းရှင်းလေးနဲ့ သပ်သပ်ရပ်ရပ် အနောက်တိုင်းဆန်တဲ့ အပြင်အဆင်မျိုးနဲ့အလှဆင်ထားတဲ့ အခန်းလေးပါ။ သူမရဲ့ ဝေယျာဝစ္စတွေကို ပြုစုပေးမယ့် အသက်ခပ်ကြီးကြီး အမျိုးသမီးတစ်ယောက်ရှိပါတယ်။ နေ့တိုင်းလာပြီး လုပ်ကိုင်ပေးနေတာဖြစ်ပေမယ့် ညဘက်မှာတော့ သူမတစ်ယောက်တည်း နေလေ့ရှိပါတယ်။

သူမရဲ့အခန်းထောင့်မျက်နှာစာ နှစ်ခုမှာ ၀ရံတာလေးနှစ်ခုပါရှိပါတယ်။ လအရမ်းသာတဲ့ညတွေ ကြယ်တွေ အစုံလင်းတဲ့ ညတွေဆိုရင် ဒရင်းမ်ဘတ်လေးပေါ်မှာ လဲလျောင်းရင်း သူမ မိုးကောင်ကင်ကြီးကို မော့ကြည့်လေ့ရှိတယ်လို့ပြောပါတယ်။ ကိုယ်နဲ့သူနဲ့ ၀ရံတာလေးမှာ ထိုင်ရင်း စကားလက်ဆုံ အမြဲကျဖြစ်ပါတယ်။ အများအားဖြင့် ကိုယ်က ပြောတာများပြီး သူမကတော့ မရယ်မပြုံးမျက်နှာလေးနဲ့ နားထောင်လေ့ရှိပ်ါတယ်။ သူမ သဘောကျလို့ ပြုံးလိုက်ရင်တော့ တော်တော်လေးကို ချစ်ဖို့ကောင်းပါတယ်။ ရယ်လိုက်ရင်တော့ သွားဖွေးဖွေးလေးတွေ ပေါ်အောင်ကို အသံထွက်ပြီး ရယ်လေ့ရှိပါတယ်။

ကိုယ့်ရင်ထဲက အကြင်နာတွေနဲ့ချစ်ခြင်းမေတ္တာတွေ အန်ထွက်လာတဲ့နေ့ကတော့ မိုးသည်းသည်းမည်း ရွာသွန်းတဲ့နေ့လေးတစ်နေ့ပါ။ အဲ့နေ့က ကိုယ် အလုပ်ခန်းကို ကားနဲ့ထွက်လာတုန်း မိုးတွေ သည်းသည်းမည်းမည်းရွာတော့ ကားလမ်းတွေ ပိတ်ဆို့ကျပ်နေပါတယ်။

ကားတန်းကြီးကို စိတ်မရှည်သလို ကိုယ်စောင့်ကြည့်နေရင်း ကိုယ့်ကားနံဘေးကနေ ပွတ်ပြီး မောင်းထွက်ဖို့ ဆိုင်ကယ်ဦးကို လှည့်နေတဲ့ ဆိုင်ကယ်သမားကို မြင်တော့ ကိုယ်အသာလေး လှည့်ကြည့်လိုက်တဲ့အခါမှာတော့ သူမဖြစ်နေပါတယ်။ သူမရဲ့ဆိုင်ကယ်နဲ့ ဆိုင်ကယ်ဦးထုပ်ကို ကိုယ်မှတ်မိနေပါတယ်။ ကိုယ့်ကားဘေးကနေ ကျော်ထွက်ပြီး ဘေးလမ်းကို ချိုးလိုက်တဲ့အချိန်မှာ ကားတစ်စီးက အရှိန်ပြင်းပြင်းနဲ့ မောင်းထွက်လာတော့ သူမဆိုင်ကယ်ကို ချိတ်မိသွားပါတယ်။ မိုးတွေ သည်းသည်းမည်းမည်းရွာနေတဲ့အတွက် ဘရိတ်မမိ ပဲ ဆိုင်ကယ်နဲ့လူနဲ့ တရွတ်ဆွဲပြီး တစောင်းလဲသွားပါတယ်။

ကိုယ့်မျက်စိထဲ ပြာကနဲဖြစ်သွားပြီး ကားတံခါးကို ဆွဲဖွင့်ပြီး မိုးရေထဲက ထွက်သွားပြီး လဲကျသွားတဲ့ သူမကို ပွေ့ပြီး အော်လိုက်ပါတယ်။ သူမကလဲ ကိုယ့်ရင်ခွင်ထဲကနေ အတင်းရုန်းထွက်ပြီး ကုန်းရုန်းထပါတယ်။ နောက် ကိုယ်သူမရဲ့ ဆိုင်ကယ်ကို ထူပြီး လမ်းဘေးမှာ သွားရပ်လိုက်ပါတယ်။ ဆိုင်ကယ်သော့ခတ်ပြီး သူမကို အတင်းပွေ့ချီပြီး ကားထဲကို ခေါ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မီးပိုင့်ကလဲ စိမ်းသွားပြီမို့ ကားတန်းကလဲ ရွေ့လျားသွားပါတယ်။ ကားပေါ်ရောက်တော့မှ သူမ ကိုယ့်မျက်နှာကို မြင်ပုံရပါတယ်။ ဘာမှစကားမပြောပဲ အံကို တင်းတင်းကြိတ်ရင်း ကိုယ်ကားကို ဂရုစိုက်မောင်းနေတော့ သူမလဲ ဘာမှ မပြောပဲ ငြိမ်ငြိမ်လေး လိုက်လာပါတယ်။

သူမရဲ့ တိုက်ခန်းကို ဦးတည်မောင်းပြီး ပေါ်တီကိုအောက်ရောက်တော့ သူမ ဆင်းဖို့ကြိုးစားပေမယ့် ခြေထောက်က ထောက်မရပဲဖြစ်နေပုံရပါတယ်။ ကိုယ်လဲ သူမကို ပွေ့ချီပြီး အပေါ်ထပ်ကို တက်လာခဲ့ပါတယ်။ အခန်းရောက်တော့ ကုတင်ပေါ်ကို ပစ်ချပြီး ကိုယ်ခါးထောက်ပြီး သူ့ကို စိတ်ဆိုးမာန်ဆိုးကြည့်ပါတယ်။ သူမ အ၀တ်လဲနေတဲ့အချိန် ကိုယ်ကော်ဖီဖျော်ပြီး ရေနွေးပူပူလေးနဲ့ အတူ သူမကို တိုက်ပါတယ်။ တစ်ကိုယ်လုံးချမ်းလို့ ခိုက်ခိုက်တုန်နေတဲ့ သူမကို ကိုယ်ကြည့်ပြီး စိတ်ထဲ အရမ်းခံစားလာရတာနဲ့ စိတ်လွတ်သွားပြီး သူမတစ်ကိုယ်လုံးကို ကိုယ်တင်းနေအောင် ပွေ့ဖက်ထားလိုက်ပါတယ်။ ငါကြာရင် မင်းဒီလိုတွေ လုပ်တာနဲ့သေမယ် သိလား ဆုမေလို့ပြောပြီး ကိုယ်သူ့ကို အတင်းထွေးပွေ့ထားတော့ သူမက ဘာတစ်ခွန်းမှ မပြောပဲ ငြိမ်သက်နေပါတယ်။

ကိုယ့်ပုခုံးစွန်းမှာ စိုစွတ်လာတော့ သူမမျက်နှာကို အတင်းဆွဲမော့တဲ့အခါမှာတော့ မျက်ရည်စတွေ စွန်းထင်နေတဲ့ သူမကို မြင်လိုက်တဲ့အခါမှာတော့ သူမမျက်နှာတစ်ပြင်လုံးကို နမ်းရိုက်ရင်း ကိုယ်ပါ ရင်ခွင်တစ်ခုလုံး လိုင်းထန်သလို ခံစားလာရပြီး သူမနဲ့အတူ မျက်ရည်ကျမိပါတယ်။ မင်းသိလား ငါမင်းကို ဘယ်လောက် ချစ်တယ်ဆိုတာ မင်းသိလား မင်းကို ငါစိုးရိမ်ရတာတွေ ပူပင်ရတာတွေအတွက် ကြာရင် ငါသေမယ် လို့ တတွတ်တွတ်ပြောမိပါတယ်။ နောက် သူမကလဲ ကိုယ့်ကို တင်းနေအောင် ပြန်ဖက်တွယ်ထားပါတယ်။ နောက်မှ လေသံတိုးတိုးလေးနဲ့ ကျေးဇူးတင်ပါတယ်တဲ့ ကျွန်မကို အခုလို ချစ်တဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်တဲ့။

ကိုယ့်ရင်ခွင်ထဲမှာ သောက်ဆေးအရှိန်နဲ့ ခွေခွေလေး အိပ်ပျော်နေတဲ့ သူမမျက်နှာလေးကို တစ်စိမ့်စိမ့်ကြည့်ရင်း ဆံစလေးကို အသာလေး နမ်းရိုက်မိပါတယ်။ တကယ့်ပီဘိကလေးတစ်ယောက်လို အပြစ်ကင်းလှတဲ့သူမလေး တစ်ယောက်တည်း မိဘရဲ့ရင်ခွင်မဲ့ သူစိမ်းတွေရဲ့အလည်မှာ ရပ်တည်နေရတာ သူမရဲ့အထီးကျန်မူတွေ နာကျင်ခံစားမူတွေအတွက် အတူ မျှဝေခံစားပေးမယ် သူမကို တစ်သက်လုံးအတွက် စောင့်ရှောက်ပေးသွားမယ်လို့ ရင်ထဲမှာ ပိုင်နိုင်စွာ ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမယ့် ကံကြမ္မာက ကိုယ်တို့နှစ်ယောက်ကို မျက်နှာသာမပေးခဲ့ပါဘူး။.......

10 Comments:

မိုးခါး said...

အစ်မ
ဆက်ဦးမှာလားဟင်
ဖတ်လို့ အရမ်းကောင်းတယ် ..း)

ဖြူတုတ်လေး said...

မဆုမွန်ရေ...ဆက်အုံးမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်လို့အရမ်းကောင်းတယ်။

:P said...

မျက်နှာသာပေးလိုက်ပါ ကံကြမ္မာရယ်။ သနားပါတယ်.။

ရွှေရတုမှတ်တမ်း said...

မယ်ဆုရေ..
လူတောာင်သူငယ်ပြန်ချင်သလိုလို..
့ဖြစ်သွားတာပဲ....ကောင်းချက်တော့

ကိုလူထွေး said...

ဒဏ်ရာမှတ်တမ်းအပိုင်းအစများ
(ဝတ္ထုဟု ယူဆပါသည်)
မဆုမွန်
ထွက်ပြီ။ ။

းဝ)

tututha said...

ဟေ ဆက်လာဦးမှာလား .. ဖတ်လို့ကောင်းလိုက်တာ ဆက်ရေးဦး

purplemay said...

ဘယ်လိုများမျက်နှာသာမပေးဦးမှာလဲဟင်...
ဆုမေလေးသနားပါတယ် ။ အစ်မ....ဆက်ရေးဦးနော်...စောင့်ဖတ်နေတယ်..:)

Unknown said...

ဖတ် လို့ ကောင်းပါ တယ်။ ကြိုး စားရေးပါ၊ အားပေးပါ တယ်။ အလုပ် ကပြန် လာတိုင်း နေ့ တိုင်းလာဖတ်ဖြစ် ပါတယ်။

Anonymous said...

နောက်ကျမှ လာဖတ်ရတယ်။ ဆက်ပါဦး မဆုရေ

Unknown said...

ကံကြမ္မာက ဘယ်ရိုမျက်နှာသာမပေးတာတုန်းဆိုတာကို စောင့်မျှော်နေပါသည်။

ရည်မွန်