ဒီသတင်းလေးကို ဖတ်ပြီးလိုက်တဲ့အချိန်မှာ ရင်ထဲမှာ တော်တော်လေးကို ထိခိုက်နာကျင်ခံစားလိုက်ရပါတယ်။ အဲ့သတင်းလေးကို ပထမဆုံး ၀ပ်ဆိုဒ်တစ်ခုမှာ ဖတ်မိချိန်တုန်းက လမ်းလျောက်နေတဲ့ အသက်ငါးဆယ်အရွယ် လူကြီးတစ်ယောက်ကို ရဲက လက်ထိပ်ခတ်ဖို့ကြိုးစားပြီး ရုန်းကန်လို့ ရိုက်လိုက်တာမှာ မျက်နှာနဲ့ ကတ္တရာရိုက်မိပြီး သေဆုံးတယ်လို့ သိလိုက်တယ်။ စိတ်ထဲမှာတော့ ဒီရဲတွေကတော့ အာဏာအားကိုးနဲ့ အပြစ်မဲ့ပြည်သူတွေကို လူလည်ခေါင်တောင်မှ မြင်မြင်ရာ ရိုက်ချင်နှက်ချင်စိတ်ဖြစ်နေတာပဲလို့ တွေးပြီး စိတ်မကောင်းဖြစ်မိတယ်။
နောက်သတင်းတစ်ခု ပြည့်ပြည့်စုံစုံတက်လာတဲ့အခါမှ တစ်ဦးတည်းသောသားဖြစ်သူက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လက်မှတ်ထိုး ကန်ပိန်းလှုပ်ရှားမိလို့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းတွင် ဖမ်းခံထားရတဲ့ သားလေး အတွက် သတင်းသွားမေးတဲ့အဖေဦးကျော့မောင် (အသက် ၅၆ နှစ်)..........
သားအတွက် အပူသောကဝေနေတဲ့ အဲ့ဒီ့ ဖခင်ကို မှ ရဲတပ်သား ပန်းသီးဆိုတဲ့ မျိုးမစစ် အယုတ်တမာရဲနဲ့ လက်ကိုင်တုတ် ရယက ရာအိမ်မှူးဟောင်း ကိုဝင်းချိုဆိုသူတွေက နေ့ခင်းကြောင်တောင် မြောက်ဥက္ကလာပလို လူစည်ကားတဲ့ မြို့နယ်ရဲ့ သုမာလာ လမ်းဆုံလမ်းခွမှာ အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲက ရိုက်သတ်လိုက်တာဖြစ်ပါတယ်။
သားဖြစ်သူ မောင်သက်ဦးမောင်က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အင်္ဂါနေ့ ဆုတောင်းပွဲမှာ ပါဝင်တဲ့သူတစ်ဦးဖြစ်ပါတယ်။
“အဖေက ခေါင်းထဲ သွေးခဲပြီး ဆုံးသွားတယ်လို့ ဆရာဝန်က ပြောပါတယ်။ မြောက်ဥက္ကလာ ဆေးရုံ တင်လိုက်ရတာက ၈ ရက်နေ့ ည ၁၀ နာရီလောက်က တင်လိုက်တာ။ ဆရာဝန်က ဦးနှောက်နဲ့ အာရုံကြော ရန်ကုန် ဆေးရုံကို ပို့ရမယ် ပြောတယ်။ မပို့ခင် ၉ ရက်နေ့ မနက် ၆ နာရီ ၄၅ မိနစ်မှာ ဆုံးသွားတာပါ”တဲ့...အာဏာပိုင်တွေရန်မူမှာစိုးလို့ အမည်မသုံးပါရစေနဲ့လို့ သတင်းဌာနတွေကို ပြောပါတယ်။ ဆိုတော့ ကိုယ့်အတွက်နဲ့ ကိုယ့်ဖခင်တစ်ယောက်လုံး အသက်ဆုံး ကိုယ်တိုင်လည်းအဖမ်းချူပ်ခံနေရတဲ့ မောင်သက်ဦးမောင်ရဲ့ရင်ထဲမှာ အခုချိန်လောက်ဆိုရင် ဘယ်လောက်များနာကျင်ခံစားနေရမလဲဆိုတာ ထပ်တူခံစားဝမ်းနည်းမိပါတယ်။
ဖြစ်ပျက်ခဲ့တာတွေကို မျက်မြင်ဖြစ်ခဲ့သူတစ်ယောက်က “သုမာလာ လမ်းဆုံနား ရောက်တော့ ကိုဝင်းချိုနဲ့ ရဲက လက်ထိပ်ခတ်လိုက်တယ်။သူက (ဦးကျော့မောင်က) ဘာလို့ လက်ထိပ်ခတ်တာလဲလို့ ပြောတော့။ ရဲက အမှတ်တမဲ့ ပါးစပ်ကို ထိုးချလိုက်တော့ ပစ်လဲသွားတယ်။ နောက် လည်ပင်းကို တက်နင်း တယ်။ ဗိုက်ကိုကန်လိုက်တော့ သတိလစ်သွားတယ်။ ဆံပင်ကို ကောက်ဆွဲပြီးတော့ လွှဲချလိုက် တယ်။ ခေါင်း ကို ကတ္တရာလမ်းနဲ့ စောင့်ရိုက်သလို ဖြစ်သွားတယ်” တဲ့လို့  ပြောခဲ့တယ်။
ကျွန်မရင်ထဲမှာ အဲ့တာကို နားထောင်လိုက်ရတဲ့အခါ သတင်းတွေကို ဖတ်လိုက်ရတဲ့အခါ စိတ်ထဲ တော်တော်လေးကိုမှ ဖခင်ချင်းကိုယ်ချင်းစာနာစိတ် ၀မ်းနည်းစိတ်တွေနဲ့ နာကျင်ခံစားမိပါတယ်. စဉ်းစားကြည့်ကြပါဦးရှင် အသက်ငါးဆယ်ခြောက်နှစ်အရွယ် လူကြီးတစ်ယောက်ကို လူမဆန်တဲ့ ရိုက်နှက်ချက်တွေနဲ့ မတရားနှိပ်စက်ညှင်းပမ်းတာကို လူတွေက ရပ်ကြည့်နေခဲ့ကြသလား ၀င်မပါရဲလို့ ရပ်ကြည့်တယ် ဆိုရင်လည်း ဒါဟာ မင်းမဲ့ဆန်လွန်းတဲ့ ဥပဒေမဲ့လွန်းတဲ့ မိုက်ရိုင်း ရက်စက်ယုတ်မာ လွန်းတဲ့ ပြရုပ်တစ်ခုဖြစ်ပါတယ်။
ဦးကျော့မောင်ဟာ ကိုယ်ပိုင်ကားဖြင့် ကျောင်းကားပြေးဆွဲနေသူဖြစ်ပြီး ကိုယ်ထူကိုယ်ထ လမ်းပြုပြင်ရေး ကော်မတီ ဥက္ကဌဖြစ်သော ဦးကျော့မောင်ရဲ့ ကျန်ရစ်တဲ့ မိသားစုဝင်တွေကတော့ မြောက်ဥက္ကလာ ရဲစခန်းမှာ လူသတ်မှုဖြင့် ရဲတပ်သားနှင့် ရယကဟောင်းကို အမှုဖွင့်ထားပါတယ်ဆိုပေမယ့် ...တရားမဲ့ နေတဲ့ မင်းမဲ့စရိုက်တွေ လွှမ်းမိုးနေတဲ့ တိုင်းပြည်မှာ တရားစောင့်နတ် လောကပါလစောင့်နတ်တွေက မျက်ကွယ်ပြုထားတာတွေ သိပ်များလွန်းနေပြီလို့ထင်ပါတယ်။ ၀ိုင်းရိုက်တဲ့ ကိုဝင်းချိုကို မြောက်ဥက္ကလာရဲစခန်းက ဖမ်းဆီးထားသော်လည်း ရဲတပ်သား ပန်းသီး ဆိုတဲ့ လူမဆန်တဲ့ ရဲကတော့ လွတ်မြောက်နေဆဲ ပဲလို့သိရတယ်။
ဆေးရုံရှိ ဦးကျော့မောင်၏ ရုပ်အလောင်းကို သေမှုသေခင်း စစ်ဆေးခဲ့ကြပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့က ရေဝေးသုသာန်သို့ ပို့ဆောင် သဂြိုလ်ခဲ့ပါတယ်။ သားဖြစ်တဲ့သူ အသုဘပို့ဆောင်ခွင့်ရှိမရှိကိုတော့ မသိခဲ့ရပါဘူး။
ပြီးခဲ့တဲ့၇ ရက်နေ့က မြောက်ဥက္ကလာမှ မြင့်မြတ်လက်ဖက်ရည်ဆိုင်ရှေ့မှာ မြောက်ဥက္ကလာ အထက်တန်းကျောင်းက ၉ တန်း ကျောင်းသားတွေ ရန်ဖြစ်တဲ့အထဲ ပါတယ်ဆိုပြီး မောင်သက်ဦးမောင်ကို ရဲစခန်းက ဖမ်းဆီးထားခဲ့တာ့ဖြစ်ပါတယ်။
ကွယ်လွန်သူ ဦးကျော့မောင်မှာ ဇနီးသည်၊ သားဖြစ်သူ ကိုသက်ဦးမောင်နှင့် သမီး ၂ ဦး ကျန်ရစ်ခဲ့ ပါတယ်။ သားဖြစ်သူက အချူပ်မှာ ခင်ပွန်းဖြစ်သူက အသက်ဆုံး ကျန်ရစ်တဲ့ သမီးလေးနှစ်ယောက်ရဲ့ ဗျာပါဒတွေနဲ့အတူ သက်ဦးမောင်ရဲ့ မိခင်ဖြစ်သူရဲ့ ပူပင်သောကတွေ သမီးဖြစ်သူတွေရဲ့ ၀မ်းနည်းကြေကွဲမူတွေ သားဖြစ်သူရဲ့ နာကျင်မူတွေအတွက် ကျွန်မ စိတ်ထဲမှာ တော်တော်လေး မကောင်းဖြစ်မိပါတယ်။ လုပ်ခဲ့တဲ့သူတွေမှာလည်း လူဖြစ်နေမှာတော့ ဖခင်ရှိမှာအမှန်ပါပဲ။ ကိုယ့်ဖခင်ကိုသာ သူများက ဒီလို လုပ်သွားခဲ့တယ်ဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာတရားလေးသာ ရှိခဲ့ရင် ဒီလို ယုတ်မာရက်မလားလို့ တွေးမိပါတယ်။
ဒီလိုမျိုး တတိုင်းပြည်လုံးက ပြည်သူပြည်သားတွေရဲ့ မိသားစုတွေရဲ့ သောကအပူလိုင်းတွေအောက်မှာ အပြုံးမပျက်နေရဲတဲ့ အာဏာကိုင်တွေရဲ့ မိသားစုတွေအခုလိုမျိုး အပူမီးတွေ တစ်ချိန်မှာ အတုန့်အလှည့်ဆိုတာ ရှိလာတဲ့အခါ အခုချိန်လိုပဲ အပြုံးမပျက်နေနိုင်ပါစေ လို့ ဆုတောင်းပါရဲ့။

9 Comments:

လိုချင်တာ ဒါပဲဗျ .... စစ်အစိုးရ အာဏာမြဲတာ မပြောနဲ့ စစ်အစိုးရ အာဏာမြဲအောင် စစ်တပ်တ တပ်လုံးနဲ့ တတိုင်းပြည်လုံးနီးပါးက ထောက်ခံပေးထားတာ .. ဒီလူတွေအားလုံးဟာ သူတို့ရဲ့  အသက်ရှင် ရပ်တည်ရေး တခုတည်းကို ကြည့်ပြီး ရက်စက်လိုက်ကြတာ .. မြန်မာပြည်သူတွေ မျိုးချစ်စိတ်တွေ ခေါင်းပါးနေကြပြီ ရှိနေတဲ့ စိတ်ဓါတ်တွေကတော့ ကိုယ့်အမျိုး ကိုယ်သတ်ချင်တဲ့ စိတ်ဓါတ်တွေပဲ ရှိတော့တယ် ...
ဒီသတင်းက ဟိုတနေ့ကဖတ်ရတယ်အစ်မ။ ဟုတ်တယ် ကျမတို့တိုင်းပြည်ကို အုပ်ချုပ်နေတာ လူတွေမဟုတ်တာ သေချာနေတယ်။ ဒီလောက်ရက်စက်ကြတာ ကိုယ်ချင်းစာ တရားလည်းသိပ်ခေါင်းပါးကြတာပဲ။
ဟုတ်တယ် အမဆုမွန်ရေ....
ကျနော် ဖတ်မိပြီ စိတ်မကောင်းဖြစ်မိပါတယ်....
သန်း(၅၀)ကျော်အတွက်ဆိုပြီး
အနာဂါတ်ဆိုတာ မရှိ
ရည်မှန်းချက်ဆိုတာ ရေမျောကမ်းတင်
တုံးအောက်က ဖားချင်းအတူတူ
သူ့ကြတော့ ဖောင်း
ကိုယ့်ကြတော့ ပြား
ပြားတဲ့သူပေါ် အနိုင်ယူချင်သူတွေ...
ပေဖြစ်တုန်းတော့ခံရအုံးမှာပေါ့....
တူဖြစ်တဲ့အခါကြ တွေ့ကြသေးတာပေါ့...
ချစ်ခင်စွာဖြင့်
မောင်ငယ်ပြည့်စုံ
အစ်မရေ...အတုန့်အလှည့်ဆိုတာလာမှာပါ..။
ဆရာတော်တစ်ပါးဟောတာကြားဖူးတယ်..။
အရင်က လုပ်ခဲ့တဲ့ကုသိုလ်အရှိန်ကျန်နေတုန်းပေါ့...တဲ့...။
အဲ့..ကုသိုလ်တွေကုန်ပြီဆိုတာနဲ့ လုပ်ခဲ့တဲ့အကုသိုလ်တွေက ချက်ချင်းအကျိုးပေးပါလိမ့်မယ်တဲ့....။ နောက်ပြီး...ဒေ၀ဒတ်ဟာ မြေမမြိုခင် အတော်လေးတန်ခိုးထွားခဲ့တယ်လေ..။ အဲ့လိုပဲတဲ့ မကောင်းတာလုပ်တဲ့သူတွေဟာ ငရဲမကျခင်ဘ၀(လူ့ဘ၀နောက်ဆုံးဘ၀) မှာ အတော်ကောင်းစားတတ်ကြတယ်ဆိုပဲ...။
ဪ ... ပြည်သူ့ ရဲ တွေရဲ့  ကူညီပါရစေ ဆိုတာက ဒီလိုမျိုး ကူညီ ပြီး ရိုက်သတ်ပေးနေတာ ပါလား ...... ။ ဒီလိုလူမဆန်တဲ့ သူတွေ မကြာမီ တနေ့ နေ့ မှာ ဝဋ်လည်ကြမှာပါ ...
ဖြူတုတ်ဖြင့်စိတ်မကောင်းလွန်းလို့ ဘာရေးရမှန်းတောင်မသိပါဘူး။
မမရေ ပြည်သူတို့ရဲ့  အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ပေးနေသော တပ်မတော်ဆို
အဲဒါဘာအတွက် သူတို့ရေရွတ်နေတာလဲ
မတရားမှုတွေ လူသားချင်းစာနာစိတ်ကင်းမဲ့နေတဲ့
မင်းမဲ့တိုင်းပြည်(ရှိတဲ့မင်းက အသုံးမကျလို့)မှာ
လူသွားဖြစ်မိတဲ့ မြန်မာပြည်သူပြည်သားတွေကို
တကယ်သနားနေမိတယ်.
မရေ....
သတင်းဖတ် ကတည်းစိတ်မကောင်းဖူး
အတုန့် အလှည့်တော့ ရှိလာမှာပေါ့
တတ်နိုင်ရင်လေ ခုချက်ချင်းထသွားပြီ
ပုရွက်ဆိတ် အကောင်ခြေ သလိုပဲ
ဗမာပြည်က အာဏာရူး အုပ်စုကို
တကောင်ချင်းခြေ ပြစ်ချင်တယ်
စိတ်ညစ်စရာပါလားဦးမွန်ရေ
တီတို့တိုင်းပြည်လဲ ဘာတွေဖြစ်?
ဟူး.................................................
Post a Comment