ထိုင်ထ အကြိမ်တစ်ထောင်နဲ့ ငါးခြောက်တစ်ပြား

အသက်၁၃နှစ်အရွယ် အလယ်တန်း ကျောင်းသူလေးနှစ်ယောက်ကို သင်္ချာမတွက်နိုင်လို့ ဆရာမက ထိုင်ထ အကြိမ် တစ်ထောင် ဒဏ်ပေးလိုက်တယ်တဲ့.. အဲ့ဒီ့သတင်းလေးကို ဖတ်မိတာ နည်းနည်းတော့ ကြာပါပြီ။ ထိုင်ထ အကြိမ် တစ်ထောင် ထိုင်ထ အကြိမ်တစ်ထောင် ဘုရား ဘုရား ဘယ်လိုစိတ်မျိုးနဲ့များ ဒီဒဏ်ကို ဆရာမ ချပါလိမ့်လို့ ဖတ်ပြီးတဲ့အချိန်ကတည်းက ရင်ထဲဝင်လာတဲ့ အတွေးတွေက အခုထက်ထိ ဖျောက်ဖျက်လို့မရသေးတာအမှန်ပါ။


တနင်္သာရီတိုင်း ကော့သောင်းမြို့က အေးရိပ်ငြိမ် အထက်တန်းကျောင်းက အလယ်တန်းပြ သင်္ချာဆရာမက ခုနှစ်တန်း ကျောင်းသူ မဇာလွင်နဲ့ မဇင်နိုင်ကိုတို့နှစ်ယောက်ကို မသင်ရသေးတဲ့ ပုစ္ဆာတွေ တွက်ခိုင်းပြီးတော့ မရတဲ့အခါ ထိုင်ထ အကြိမ်တစ်ထောင်စီ အပြစ်ဒဏ်ပေးခဲ့ပါတယ်တဲ့။

ကလေးမလေးတွေက ထိုင်ထ လုပ်နေရတဲ့အချိန် မဇာလွင်က အကြိမ် ၈၀၀ နဲ့ မဇင်နိုင်က အကြိမ် ၂၀၀ကျော်ပြည့်တဲ့အချိန် ကျောင်းဆင်းခေါင်းလောင်းထိုးတော့ ရပ်နားခဲ့ရတယ် အရမ်းလဲ ရှက်ရတယ် ဆရာမက အဲ့လို လုပ်ခိုင်းလို့ ၀မ်းလဲနည်းတယ် အခု လမ်းတောင် ကောင်းကောင်းမလျောက်နိုင်တော့ဘူး လို့ ကျောင်းသူလေး တွေက ငိုရိုက်ရင်း မိဘတွေကို ပြန်ပြောခဲ့ပါတယ်။

နှစ်တိုင်း ဆုရခဲ့တဲ့ ကျောင်းသူပေမယ့် အဲ့သင်္ချာဆရာမဆီမှာ ကျူရှင်မယူတဲ့အတွက် စာတော်တဲ့ ကျောင်းသူကျောင်းသားတွေကို ရွေးပြီး နှိပ်ကွပ်ခဲ့တာဖြစ်တယ်လို့လဲ သတင်းထဲမှာ ပါရှိပါတယ်။ နောက်ဆုံးမှာတော့ ကျောင်းသားမိဘတွေက တိုင်ကြားတဲ့အတွက် ကျောင်းမှာ အထူးအစည်းအဝေး လုပ်ပြီးကျောင်းအုပ်ဆရာကြီးက အဆိုပါ ဆရာမကို သူငယ်တန်းပြအဖြစ် ပြောင်းရွှေ့ဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်။

အခုလို ဆရာမတစ်ယောက်ရဲ့ ကျောင်းသားတွေအပေါ်မှာ ပြုမူကျင့်ကြံလိုက်တဲ့ လုပ်ရပ်ကို တွေးမိပြီး ရင်ထဲမှာ စဉ်းစားစရာတွေ အများကြီး ၀င်လာပါတယ်။ ကျွန်မတို့အပေါ် အမျိုးမျိုး အနစ်နာခံ အပင်ပမ်းခံ အဆင်းရဲခံပြီး အနန္တောအနနဂိုဏ်းဝင် သင်ဆရာ မြင်ဆရာ ကြားဆရာတွေ အားလုံး ကို ကျွန်မ တကယ်ပဲ ဦးညွတ် ကန်တော့ပါတယ်။ ရိုသေလေးစားပါတယ်။

ဒါပေမယ့် ငါးခြောက်ပြားတစ်ချပ်တောင် လုံခြုံအောင် မသိမ်းနိုင်ရင် မင်းတိုင်း ပြည်ဘယ်လိုအုပ်ချူပ်မလဲလို့ ဆိုပြီး ကြိမ်နဲ့ဆော်တဲ့ ဆရာတော်ရဲ့ စေတနာကိုလည်း အခုချိန်အထိ မှားလား မှန်လားဆိုတာ ကိုယ်ပိုင်အတွေးနဲ့ တွေးမိနေတုန်းပါပဲ။

ဒါပေမယ့် အိမ်မှာ အဆင်မပြေလို့ ကျောင်းရောက်ရင် ကျောင်းသားတွေကို မဲရိုက်တတ်တဲ့ ဆရာ ဆရာမတွေ. သူတို့ဆီမှာ ကျူရှင်မယူလို့ ကျောင်းသားကို အပြစ်ရှာတတ်တဲ့ အထက်ပါ ဆရာမလို ဆရာမျိုးတွေ မိမိကို ကန်တော့လက်ဆောင်များများပေးနိုင်တဲ့ ကျောင်းသားအပေါ် မျက်နှာသာပေး ဆက်ဆံတာမျိုးတွေ. ပြောရရင်တော့ အများကြီးပါပဲ။ ကလေးနဲ့ အပြစ်နဲ့မတန်အောင် ရိုက်နှက်ဆုံးမတတ်တဲ့ ဆရာ ဆရာမတွေလဲ ကြုံခဲ့ဖူးပါတယ်။ မိဘတွေကိုယ်တိုင်ကလဲ အရိုက်ကြမ်းတဲ့ ဆရာ ဆရာမကိုမှ ရွေးအပ်နှံတာမျိုးလဲ ရှိပါတယ်။

လက်ရေးဝိုင်းဝိုင်းကြီးကြီးတွေ ရေးတတ်တဲ့ ကျွန်မကို နင့်လက်ရေးက လှလိုက်တာလို့ ပြောတိုင်း ကျွန်မ ငယ်ငယ်ကဆို လက်ရေးမလှလို့ဝလုံးမ၀ိုင်းလို့ လက်ဆစ်ထိပ်ကို ပေတံစောင်းနဲ့ခေါက်ခဲ့တဲ့ ဆရာမကို အခုထက်ထိ သတိရတုန်းပါပဲ။ ငယ်ငယ်ကတည်းက ဆရာမက စာမသင်ချင်ရင် ခေါင်းချအိပ် ခေါင်းထောင်ရင် စကားပြောရင် နံမည်မှတ်လို့ ပြောလိုက်တာနဲ့ ဆရာမအလိုတော်ရိ မော်နီတာရဲ့ နံမည်စာရင်းရဲ့ နံပတ်တစ်က ဘယ်လိုမှ ဦးခေါင်းကို မအိပ်ချင်ပဲနဲ့ နှိမ်ပြီး ငုံ့ထားရမှာ မကြိုက်တာ စကားမပြောရပဲ ပါးစပ်ပိတ်ထားရတာကို မလွန်ဆန်နိုင်တာ အရိုက်ခံရရင် ကိုယ်ပဲ အမြဲရှေ့ဆုံးက ဖြစ်ခဲ့တာ။

နားထင်စပ်က ဆံစကို ဆွဲနုတ်တာ. ဗိုက်ခေါက်ကို လက်နဲ့ညှပ်ပြီး အသားနီလန်အောင် ဆွဲစိတ်တာ. မျက်နှာကို ဘောဖျက်နဲ့ ကောက်ပေါက်တာ အတန်းရှေ့ထွက်ပြီး ဂါဝန်မခိုင်းပြီး တင်ပါးကို အရိုးရာထင်အောင် ရိုက်တာ..အားလုံးဟာ ကျောင်းသားတွေအပေါ် ဖြစ်ထွန်းစေချင်တဲ့ စေတနာလဲ ပါမယ်ထင်ပါတယ်။

ဒါပေမယ့် တစ်ခါတစ်လေ သိပ်ရက်စက်လွန်းတဲ့ ဒဏ်တွေ ပေးတာမျိုးကျတော့ ရင်ထဲ နာကျင်ရတာအမှန်ပါပဲ။ ကျွန်မဆို သူငယ်တန်းကတည်းက သူများကို ခဲတံနဲ့ ထိုးလို့ ကျောင်းအုပ်ကြီးရုံးခန်းရောက်တာ ၁၀တန်းအထိ ကျောင်းသားလေးကို ဆုံးမစာလိုက်ပေးလို့ ကြိမ်နဲ့ အတွယ်ခံရ အရိုက်ခံရတုန်းပါပဲ။

ကျောင်း စာမရလို့ထက် ပြောစကားနားမထောင်လို့ ဒူးခေါင်းအောက် ဆီးစေ့ထားပြီးးဒူးထောင်ခိုင်းထားရင်းက လက်နှစ်ဘက်ကို ဆန့်ကားပြီး လေယာဉ်ပျံ မောင်းခိုင်းတာမျိုး ကြုံရသလို ကျွန်မကိုယ်တိုင်က လိုလိုချင်ချင်ကို ကျောင်းစာမရတဲ့သူကို နားရွက်ဆွဲပြီး တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ပြရတာ ကျေနပ်ခဲ့တာမျိုးလဲ ရှိပါတယ်။ ပိုဆိုးတာက ကျောင်းအိမ်သာကို သွားရင် လူများလွန်းလို့ဆိုပြီး တစ်လှည့်စီထွက်ရတဲ့အခါ အပြင်ထွက်တဲ့သူပြန်မလာသေးရင် ဘယ်လိုပဲ လက်ညိုးလေးထောင်ပြီး အပြင်ထွက်ချင်တယ်လို့ ပြောပေမယ့် ပေးမထွက်လို့ ဆရာမကို ကြောက်ပြီး ဖင်လိမ်ထားတာကနေ အတန်းထဲမှာ သေးပေါက်ချပစ်လိုက်ရတာ မျိုး တွေ ကြုံဖူးပါတယ်။

နောက်တစ်ခုက ကျွန်မတို့ အလက (၅) မရမ်းကုန်းကျောင်းမှာ မနက်ပိုင်း ကျောင်းတက်တဲ့အချိန် ကျောင်းမှာ အင်္ဂလိပ်ဆရာမက စာသင်နေတုန်း အမြဲတမ်း ကျွန်မတို့ကို စာလုပ်ခိုင်းထားပြီး စားပွဲပေါ်မှာ အကြော်အစုံထည့်ထားတဲ့ မုန့်ဟင်းခါး အမြဲစားပါတယ်။ ဆရာမစားတဲ့ မုန့်ဟင်းခါးနံ့ဟာ မနက်ပိုင်း အစာမစားခဲ့နိုင်တဲ့ ကျောင်းသားတွေရဲ့ နှာခေါင်းကို အမြဲတမ်းနှိပ်စက်ပါတယ်။ တစ်ခါတစ်လေ ဗိုက်တဂွီဂွီဖြစ်နေတဲ့ သူ့ကို မျှော်ကြည့်နေတတ်တဲ့ ကျွန်မတို့အားလုံးရဲ့ ရှေ့မှာ သူအမြဲတမ်း မုန့်ဟင်းခါးစားပါတယ်။ အဲ့တာကိုပြောရင် သိပ်ကလေးဆန်တယ် အဓိပါယ်မရှိဘူးလို့ ဆိုနိုင်ပေမယ့် အဲ့သလို ကလေးတွေရဲ့ရှေ့မှာ ကျောင်းတက်နေတဲ့အချိန် အစားတစ်ခုကို မြိန်ရည်ရှက်ရေ စားတတ်တဲ့ ဆရာမကို ကျွန်မ စိတ်ထဲ ခါးသီးတာ အဲ့တုန်းကတည်းကပါ။

နောက် ကျွန်မကိုယ်တွေ့အရ အရမ်းစိတ်ဆိုးခဲ့ရတာရှိပါတယ်။ ကျွန်မတို့ မောင်အငယ်ဆုံးလေးက ငယ်ငယ်ကတည်းက ကျမ်းမာရေး မကောင်းပဲ အမြဲ ချူချာပါတယ်။ အိမ်မှာ ရာသီပြောင်းတိုင်း သူ့ကို အမြဲတမ်း ဂရုစိုက်ရပါတယ်။ ငယ်ငယ်တုန်းက တစ်ကိုယ်လုံး ရေနွေးပူလောင်လို့ လက်တစ်ခြမ်းက သိပ်မသန်ပါဘူး။ တစ်နေ့ မောင်လေး ကျောင်းကပြန်လာတော့ တစ်ကိုယ်လုံး ညစ်ပတ် ပေတူးပြီး ချွေးတွေနဲ့စိုရွှဲလာပါတယ်။ နောက် သူတစ်ညလုံးဖျားပါတယ်။

ကျွန်မ အလုပ်ကပြန်လာတော့ မောင်လေး နေမကောင်းဘူးဆိုတော့ ဘာဖြစ်လို့လဲမေးတော့ သူတို့ကို အချိန်ပိုကြေး ပိုက်ဆံကောက်တာ ပါမလာလို့ ခုံပေါ်မှာ လက်မြှောက်ခိုင်း ထားတဲ့အပြင်မှာမှ ကျောင်းဝင်း တစ်ခုလုံးက မြက်တွေရှင်းခိုင်းပြီး အမိုက်ကောက်ရပါတယ်တဲ့။ နေပူပြီး ခြေထောက်အေးတော့ သူ အအေးပတ်ပြီး ဖျားတော့တာပါပဲ။ ကလေးက စည်းကမ်းဖောက်တာလဲ မဟုတ် စာမေးပွဲကျတာလည်းမဟုတ် အချိန်ပိုကြေး ပါမလာတာ နောက်နေ့ ယူလို့မရဘူးလား ဘာဖြစ်လို့ ကလေးတွေကို ညှင်းဆဲရသလဲဆိုတာ တွေးပြီး ကျွန်မအရမ်းဒေါသဖြစ်လို့ ကျောင်းကို တိုင်ဖို့စဉ်းစားပါတယ်။ ဒါပေမယ့် အမေက ကိုယ်လုပ်လိုက်ရင် ကိုယ့်ကလေးကို ပိုညိုးမှာပေါ့ သမီးတဲ့ ကျွန်မ ဘာမှ မပြောချင်လောက်အောင် ခြေကုန်လက်ပမ်း ကျသွားမိပါတယ်။

တိုင်းပြည်ရဲ့ အနာဂတ်ဟာ ကျွန်မတို့ရဲ့ရင်သွေးလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မူပေါ်မှာအများကြီး မူတည်ပါတယ်တဲ့။ အဲ့ဒီ့ကလေးတွေ ကို ပုံသွင်းတဲ့ ဆရာ ဆရာမတွေရဲ့ ကိုင်တွယ်ဆုံးမမူမှာလည်း အများကြီး မူတည်တယ်လို့ထင်ပါတယ်။ စေတနာတစ်ခုကြောင့်ဖြစ်စေ စိတ်စေရာတစ်ခုကြောင့်ဖြစ်စေ သိပ် ကြမ်းတမ်းလွန်းတဲ့ ပြစ်ဒဏ်တွေ ပေးလိုက်တဲ့အခါ ငယ်ရွယ်နုနယ်လွန်းတဲ့ ကလေးတွေရဲ့ စိတ်ခံစားချက်မူတွေမှာစိတ်ဒဏ်ရာ အနာတရတွေ မစွန်းထင်မိပါစေနဲ့ လို့ပဲ ဆုတောင်းချင်ပါတယ်။

ထိုင်ထအကြိမ်တစ်ထောင်သတင်းကို ဒီမှာ ဖတ်လို့ရပါတယ်။

18 Comments:

ဒဏ္ဍာရီ said...

ဟုတ်တယ်မမရေ .. ဒီလိုသတင်းတွေ ခဏခဏ ကြားနေရပါတယ်။ အတန်းပိုင်ဆီမှ ကျူရှင်မယူရင် အခန်းထဲမှာ အခုလို တနည်းနည်းနဲ့ ဒဏ်ပေးတာမျိုးတွေ ဖြစ်နေတာပါ။ အခုခေတ်က စားစရာသာ မရှိနေရမယ်။ ကျူရှင်ဖိုးကတော့ ရအောင်ရှာပေးနေရတယ်။
ညီမတို့ ငယ်ငယ်က ဆရာမတွေနဲ့တော့ စေတနာခြင်း မတူတော့တာ အမှန်ပါ။ နာသုံးနာ ဆိုတာ ဟိုး အရင်က ပုံပြင်တွေ အလား ကျန်ခဲ့ပါပြီ။

ခင်မင်လေးစားလျှက်

အိအိချော said...

မဆုမွန်ရေ ဒီသတင်းညီမလည်းဖတ်မိပါတယ်။ တော်တော်ရက်စက်တဲ့ဆရာမပါပဲနော်၊ အတတ်ပညာ၊ အသိပညာတို့နဲ့ပြည့်စုံတဲ့ဆရာ၊ ဆရာမဆိုတာ ဒါမျိုးတွေ လုပ်မှာမဟုတ်ဘူးထင်တယ်။

ဂျပန်ကောင်လေး said...

း)... ပညာပြည့်ဝတဲ့ ဆရာဆရာမဆိုတာ အခုခောတ်မှာ လက်ချိုးရေရလောက်အောင်ုနည်းလာပြီလေ... ဒီလိုပဲပေါ့. ၀မ်းမ၀တော့လည်း မကောင်းတဲ့စိတ်တွေကို မွေးတတ်လာတာ မြန်မာပြည်က လူသန်းပေါင်းများစွာပဲလေ... ငယ်ငယ်က သူ့ကျူရှင်မယူလို့ ပညာသားပါပါ အပြောခံရတာကို ကိုယ်တိုင်ကိုယ်ကျခံစားခဲ့ရလို့ ဒါတွေကို တကယ်ပဲ ကိုယ်ချင်းစာမိပါတယ်...

သိင်္ဂါကျော် said...

ဟုတ်ပါတယ် အစ်မရေ..
ဒီလို ဆရာမျိုးတွေကြောင့် ကလေးတွေရဲ့ မသိစိတ်ထဲအထိကို ဒုက္ခရောက်သွားနိုင်တယ်၊ နုနယ်တဲ့ ဘဝလေးတွေ ပျက်တဲ့အထိ ဖြစ်သွားနိုင်တာပေါ့။

ကိုအောင်(ပျူနိုင်ငံ) said...

တော်တော်ရက်စက်တဲ့ ပြစ်ဒဏ်ပဲ၊ ဘယ်လို အယူအဆ
တွေက တဆင့် လက်ဆင့်ကမ်းခဲ့သလဲဆိုတာ စဉ်းစား
မိတိုင်း စိတ်မကောင်းစရာပဲ၊ ကျနော်တို့ငယ်ငယ်တုန်း
ကလည်း အဲလို အဖြစ်အပျက်တွေက လက်တကမ်းမှာ
ခဏခဏ ဖြစ်လေ့ရှိတယ်၊ ဘယ်သူမှ မကန့်ကွက်တော့
မှန်တယ်ထင်ပြီး ဆက်လုပ်နေကြတာဗျာ၊ စိတ်ပျက်စရာ
တွေပေါ့။

ဂျစ်တူး ( မုံရွာ ) said...

အဲဒီလိုဆရာ/ဆရာမတွေဂျစ်တူးသူငယ်ချင်းတွေ
တောင်ရှိပါတယ်။ကျောင်းဆရာ/ဆရာမတွေ
တအားလိုနေချိန်မှာအလုပ်ရနည်းလားဆိုပြီး
လျှောက်လိုက်ကြတာ-လျှောက်ထားသူအကုန်လုံးလိုလိုရတယ်။
ပိုက်ဆံတတ်နိုင်တဲ့သူကတော့မြို့ပေါ်ပေါ့ဗျာ-ပိုက်ဆံလည်းမတတ်နိုင်ဘူးရာထူးရာခံလည်းအရှိဘူး
ဆိုလို့ကတော့နယ်စွန်နယ်ဖျားမှာပေါ့-
အရေးအခင်းရှစ်လေးလုံးကာလကြီးပြီးသွားတော့
တကယ့်ဆရာဆရာမတွေ
အလုပ်တွေပြုတ်ချခံရတာတွေလေ-နည်းလား
ဗျာ-တချို့ကလည်းထောင်ထဲရောက်-တချိုကလည်းပြည်ပရာက်နဲ့ပေါ့ဗျာ--
စေတနာဆရာ/ဆရာမတွေနည်းသွားလို့
( ပီတိကိုစားအားရှိပါ၏ )
လို့တောင်ဝါဒဖြန့်ယူရပါတယ်။မှတ်မိကြမယ်ထင်ပါတယ်

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

မျိုးဆက်တဆက်စာလောက်ခြား..သွားတာနဲ့...ကြားရတာ..အံ့မခန်း..လောက်ပါလား..မယ်ဆုရေ...

pandora said...

"အထူးအစည်းအဝေး လုပ်ပြီးကျောင်းအုပ်ဆရာကြီးက အဆိုပါ ဆရာမကို သူငယ်တန်းပြအဖြစ် ပြောင်းရွှေ့ဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်။"

မြန်မာပြည်မှာက သူငယ်တန်းကို သင်ရတဲ့ဆရာမက ပိုအဆင့်နိမ့်သလိုလို သဘောထားရှိတာကိုး။
အဲဒါဟာ ဆရာမကို တကယ်အပြစ်ဒဏ်ပေးရာ ရောက်ရဲ့လား။ ဆရာမက ပြုပြင်သွားပါ့မလား။ဒီလိုဆရာမမျိုးနဲ့ သူငယ်တန်းက နုနယ်တဲ့ကလေးတွေအတွက် ရင်လေးစရာ။

တကယ်ကတော့ ဒီဆရာမကို ကလေးတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတဲ့ သင်တန်းတခုခု တက်ခိုင်းပြီး စာမေးပွဲလိုမျိုး အောင်အောင်ဖြေခိုင်းသင့်တယ် ထင်တာပဲ။ ဒါမှမဟုတ်လည်း serious warning ပေါ့။ နောက်တခါထပ်ဖြစ်ရင် အလုပ်ထိခိုက်မယ် ဆိုတာမျိုး လုပ်နိုင်မလားမသိဘူး။

ဖြိုးဝေ-mmp said...

ထိုင်ထ အကြိမ်၁၀၀၀စီ အပြစ်ဒဏ်ပေးတဲ့ ဆရာမအကြောင်း လာဖတ်သွားတယ် အမရေ... အဲ့ဆရာမ ဒဏ်ပေးကြမ်းလွန်းတယ်ဗျာ

tg.nwai said...

ဟုတ်တယ် ညီမလေးရေ..ဆရာ ဆရာမ ဆိုတာ မပြစ်မှားကောင်းဘူးဆိုတာ စိတ်ထဲ စွဲနေလို့ မကောင်းမပြောချင်ခဲ့ပါဘူး..ကိုယ့်စာသင်တဲ့ ဆရာမမှမဟုတ်ဘူး..ဆရာမယူနီဖောင်းနဲ့တွေ့ရင်ကို တလေးတစား ဆက်ဆံဖြစ်တာပါ။ တို့တွေတုန်းကတော့ အဲဒီလို မကြုံဖူးသလောက်ပဲ.. ဆူလို့ စာသင်ချိန်မှာ စကားများလို့ အတန်းရှေ့ထွက်ထိုင်ရတာတို့..အရိုက်ခံထိတာတို့တော့ရှိပေမယ့် ကိုယ့်အပြစ်နဲ့ကိုယ်လေ..ထိုက်တန်တဲ့ အပြစ်ဒဏ်ပါပဲ။ အခုဆို ကျောင်းဖွင့်ကတည်းက ဆရာမက ဖုန်းနံပါတ်နဲ့ လိပ်စာ ပေးပြီးသား..ကျူရှင်ပေးတယ်ဆိုပါ တခါတည်း ပြောလိုက်တယ်။ ကလေးတွေကလည်း ကျူရှင်တက်ပြီး ဆရာမဆီက မျက်နှာလိုချင်ကြတာကိုး။ ပိုဆိုးတာက ဆရာမက မေးခွန်းတွေ ပေးတာပဲ။ ကျူရှင်တက်တဲ့ သူငယ်ချင်းတွေဆီက မေးခွန်းတွေ ရတာကို သိတော့ သူတို့ အမှတ်မကောင်းရင် ဆရာမ ဆီမှာ ကျူရှင်မယူရလို့လို့ ထင်လာကြတယ်။ ဆရာမကို သီတင်းကျွတ်သွားကန်တော့တာကို (မျက်နှာရအောင်) လာဘ်ထိုးတယ်လို့ သူတို့လေးတွေ စိတ်ထဲ ၀င်နေကြတယ်။ တခါတလေ ကြားရတာ စိတ်မကောင်းဘူး.. အတန်းပိုင်ဖြစ်တာတောင် ဆင်းရဲတဲ့ကလေးတွေများတဲ့ အတန်းဆို မကိုင်ချင်ဘူးတဲ့...ကန်တော့ခံပစ္စည်းက မကောင်းနိုင်တဲ့အပြင် အတန်းပိုင်အချင်းချင်း အလှူငွေပြိုင်ကြသေးတာကိုး.. ဘယ်လိုလုပ်ကြပါ့..စံပြဆရာ ဆရာမတွေ ဖြစ်သင့်တာကို...။ :((

Nge Naing said...

အစ်မ ငယ်ငယ်ကတော့ ဒီလိုဆရာဆရာမတွေ မကြုံခဲ့ရဖူးဘူး။ မြန်မာပြည်က ဆရာဆရာမတွေဟာ Bacelor of teching (or) Bachelor of Education တို့လို တက်စရာမလိုပဲ ၀ဇ္ဖာ၊ သိပ္ပံ ဘွဲ့တခုခု ဘွဲ့နဲ့ ကျောင်းဆရာ လျှောက်ကြတာ များတော့ Child development တို့ Child psychology တို့ ဆိုတာ သင်ရပုံမရဘူး။ အရည်အချင်းမပြည့်မီတဲ့အပြင် စေတနာကလည်း မရှိတော့ ပိုဆိုးသွားတာပေါ့။ အစ်မတို့ ငယ်ငယ်က ဆရာဆရာမတွေက အချိန်ပိုကို ပိုက်ဆံငါးပြားမှ မယူပဲ အိမ်အထိ ခေါ်သင်ပေးတယ်။ အဲဒီဆရာမတွေ အခုတော့ အချိန်ပိုကို ပိုက်ဆံနဲ့ သင်နေရတယ်လို့ ကြားတယ်။ ခေတ်စနစ်ကြောင့် ဖြစ်လာရတဲ့ သားကောင်တွေပါပဲ။ မဆုမွန်ရေ ဖတ်ပြီး တော်တော် စိတ်မကောင်းဖြစ်မိတယ်။

ဖြူတုတ်လေး said...

ဖြူတုတ် ငါးတန်းတက်တုန်းက အဲဒီလိုဆရာမ တစ်ယောက်နဲ့ ကြုံခဲ့ရတယ်။ သူ့ကျူရှင်မတက်လို့ဆိုပြီး သူ့ဘာသာမှာ အကြောင်းရှာပြီး အမှတ်လျှော့ခံရတယ်။ ဖြူတုတ်ကတော့ ကိုယ့်ကိုယ်ကို အဖြစ်ဆိုးလှပြီ အောက်မေ့နေတာ။ ဒီကလေးနဲ့ စာလိုက်ရင် ဘာမှတောင်မဟုတ်ဘူး။ ရင်လေးစရာဘဲ။ ဒါနဲ့ ဖြူတုတ်သာဆို အဲဒီဆရာမကို အလုပ်ထုတ်ပစ်လိုက်မယ်။

မဆုမွန် said...

စိတ်မကောင်းခြင်းများနဲ့ ဒီပို့စ်လေးကို ရေးလိုက်တာပါ တကယ်တော့ ဆရာတွေထဲမှာလည်း တကယ့်ကို စေတနာ ဂရုဏာ အနစ်နာခံပြီး ဆုံးမသွန်သင်ပြသတဲ့ ဆရာတွေ အများကြီးရှိပါတယ်..

မပန်ဒိုရာပြောသွားမှပဲ အဲ့ဆရာမကို သူငယ်တန်းပို့လိုက်တော့ အင်မတန်နုနယ်တဲ့ကလေးတွေနဲ့သူနဲ့ ဘယ်လိုများ စခန်းသွားမလဲဆိုတာ ပြန်တွေးမိတယ်..

ပို့စ်လေးမှာ ကော်မန့်ပေးသွားတဲ့ ဘလော့ခ်မိတ်ဆွေတွေ အားလုံးကို ကျေးဇူးပါ

JulyDream said...

UNICEF မှာ Workshop လုပ်တုန်းက ဖြစ်ရပ်မှန်တစ်ခုက ဆရာက ပြောပြတယ်....

အပျိုဝင်ကာစ ကလေးမလေးက ဓါတ်သဘာဝ အပြောင်းအလဲကြောင့် စာမှ စိတ်မ၀င်စားဘူး။ အဲဒါကို စိတ်မ၀င်စားရ ကောင်းမလား ဆိုပြီး ဆရာမက ထိုင်ထ လုပ်ခိုင်းတယ်။ အကြိမ်တော့ အတော်များတယ်။ ဘယ်လောက်လဲတော့ မသိဘူးပေါ့။ အဲဒီကလေးမလေး ထိုင်ထလုပ်နေရင်း သွေးအိုင်လေးထဲမှာ မေ့သွားရှာတယ်။

အဲဒီကနေ ဖြစ်လိုက်တဲ့ အကျိုးဆက်က အရွယ်ရောက်တဲ့အထိ မီးယပ်ပိန်ခြောက်လိုမျိုး ဖြစ်သွားတယ်တဲ့။ ဓမ္မတာ ကာလဆို အရူးမီးဝိုင်းသလို ကြောက်နေရှာတယ်။

ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ထိခိုက်သွားရတဲ့ ဖြစ်ရပ်လေး တစ်ခုပါ...

ဖြစ်ရပ်ရဲ့ နောက်ကွယ်က မမြင်သေး မသိသေးတဲ့ အချက်တွေကို ရှာဖွေ ဖော်ထုတ်ပြီးမှ မှန်ကန်တဲ့ အပြစ်ပေးမှုမျိုး ဖြစ်စေချင်ပါတယ်။

ဆရာ ဆရာမတွေ နားလည်သိရှိနိုင်ပါစေ...

Angel Shaper said...

ဒီလိုမျိုးတွေ ခဏခဏ ကြားနေရတယ်။
အမ ပြောသလိုပဲ၊ ဆရာ၊ဆရာမတွေက စေတနာတော့ရှိကြပါရဲ့ တစ်ခါတလေ အဲလိုကြားရတာ ဘာလို့မှန်းမသိဘူးနော်။

ခြေလှမ်းသစ် said...

အမရေ ... ဒါမျိုးတွေ ဖတ်ရတာ နည်းပါးလွန်းပါတယ် ဘာဖြစ်လို့လည်းဆိုတော့ မြန်မာလူမျိုးတွေကို ရှေးယဉ်ကျေးမှုတွေက တုတ်နှောင်ထားလို့ပါ .. ဒါမျိုးတွေကို လက်တွေ့တွေ အများကြီး တွေ့ဖူးပါတယ်.. ဒီလိုမျိုးတွေ ဖြစ်အောင် တဖက်က လုပ်တာက အုပ်ချုပ်ရေး စနစ်ပါ .. နောက်တခု ဆင်းရဲမှု .. နောက်တခုက စနစ်ကျတဲ့ ပညာတွေကို ဆရာမတွေ ကိုယ်တိုင် မသင်ကြားလာရဘူး.. ဥပမာ အမငယ်နိုင်ပြောသလိုမျိုး .. ဒီလိုလူတွေက လာပြီး စာသင်နေတော့ ဒီလိုမျိုး Abuse တွေ ဖြစ်လာတာပေါ့ .. ဒီဘက်နိုင်ငံမှာဆို ထောင်ထဲကနေ တသက်ပြန်ထွက်လာနိုင်မှာ မဟုတ်တော့ဘူး ...

purplemay said...

ခရမ်း(၆)တန်းတုန်းက english ဆရာမ ခရမ်းကိုမဲပြီး ခရမ်းနဲ့ ကွိုင်တက်ကြတာကို သွားပြီး သတိရမိတယ်...။
သူနဲ့အဲ့လိုဖြစ်ပြီးတည်းက အတန်းထဲမှာ ခက်ပေ့ဆိုတဲ့ စာတွေကို ခရမ်းကိုပဲ မဲပြီးမေးတော့တယ် ။ အဲ့တော့ ခရမ်းကစာတွေပိုလုပ်ဖြစ်လာတယ် ...။ သူ့အကြောင်းပြောရင် တကယ်ရင်နာစရာ ။ ဒါပေမယ့် ဆရာဆိုတော့လည်း မပြစ်မှားပါဘူး ။ စိတ်တော့မကောင်းဘူးပေါ့...။

မြစ်ကျိုးအင်း said...

ခေတ်က တော်တော်များများကို ပြောင်းလဲ ပေးလိုက်ပါပြီလေ....။

အဓိကက ဆင်းရဲ မွဲတေမှုပါပဲ....။

အရင်တုန်းက အလုပ်နေရာတွေ များစွာ ရှိခဲ့တယ်ဆို
ကိုယ်ဝါသနာ ပါရာ ကိုယ် လုပ်နိင်ခဲ့ကြတယ်။

အခုဆရာလုပ်နေတဲ့သူတွေရော တကယ် ၀ါသနာ ပါလို့ လုပ်တာ ဟုတ်ရဲ့လား...။မသေချာတော့ဘူး

မလောက်မင လစာအတွက် အနီးဆုံး ကလေးတွေက ထွက်ပေါက်တွေ ဖြစ်သွားကြတယ်။

နိင်ငံကို ပြုပြင်ချင်တယ် အကျင့်ပျက်တွေအတွက် စစ်မှန်တဲ့ ထွက်ပေါက် ရှိစေချင်တယ်။