ကျွန်မတို့မောင်လေးနံမည်က မောင်ချစ်ရအောင်ပါတဲ့။ မောင်နှစ်မခြောက်ယောက်တည်းမှာ အငယ်ဆုံး မောင်ထွေးလေးမို့ မိသားစုအားလုံးက မောင်လေးကို မောင်ချစ်ကလေးလို့လဲ ချစ်စနိုးခေါ်ကြပါတယ်။ ဒီနေ့ဆိုရင် မောင်လေးရဲ့မွေးနေ့ ဒီဇင်ဘာလ နှစ်ဆယ့်ကိုးရက်ပါ။ အခုဆို ကျွန်မ မျက်စိအောက်မှာတင် မောင်ချစ်ကလေးဟာ အသက် ၂၃နှစ်ပြည့်ပါပြီ။ ပြီးခဲ့တဲ့လကပဲ GTC တက်ပြီး AGTI ဆိုတဲ့ လက်မှတ်တစ်ခု ရင်မှာပိုက်ပြီး သားဘာလုပ်ရင်ကောင်းမလဲ မမကြီးလို့ အားကိုးတကြီးမေးလာတဲ့ မောင်လေးအတွက် အခုထက်ထိ ကျွန်မမှာ အဖြေအတိအကျ မရှိသေးပါဘူး၊၊
ကျွန်မနဲ့ မောင်လေးဟာ အင်္ဂါနေ့မွေးတာချင်းတူသလို မွေးရက် နှစ်ဆယ့်ကိုးရက်ချင်းလည်း တူပါတယ်။ ဒီနေ့ဟာ အင်္ဂါနေ့လည်းဖြစ်တာမို့ မွေးနေ့ထပ်ပါတယ်။ မောင်လေးက ကျွန်မထက် ကိုးနှစ်တိတိငယ်ပါတယ်။ အမေ အသက်လေးဆယ်ဝန်းကျင်ရောက်တော့ အရှေ့မှာ သားသုံးယောက် သမီးနှစ်ယောက် မွေးပြီးတဲ့ အမေ့ကို သူ့ရဲ့ လက်စွဲ သားဖွားမီးယက် ဆရာဝန်မကြီးက ကလေးမယူတော့ဖို့ တိုက်တွန်းပေမယ့် သားသမီးတွေကို ရတနာလို့ တန်ဖိုးထားတဲ့ အဖေနဲ့ အမေက လက်မခံခဲ့ပါဘူး။ ညီမလေးမွေးပြီး နှစ်နှစ်အကြာမှာပဲ မောင်လေးကို ရင်ဝယ်ပိုက်မိပါတယ်။
ကျွန်မတို့ မောင်နှစ်မတွေအားလုံးကို ကြည့်မြင်တိုင်က ဂျာမခါနာကလေးဆေးရုံကြီးမှာပဲ မွေးခဲ့ပေမယ့် မောင်လေး အလှည့်မှာတော့ မထင်မှတ်ပဲ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ မွေးရပါတယ်။ အသက်ကြီးလာတဲ့ အမေ့အတွက် မောင်လေးကို အသက်လုပီး တော်တော်ပဲ ခက်ခက်ခဲခဲမွေးခဲ့ရပါတယ်။ မောင်လေးက အရမ်းထွားတဲ့အတွက် ညှပ်နဲ့ဆွဲပြီး မွေးခဲ့ရလို့ မွေးပြီးပြီးချင်းမှာ မောင်လေးမျက်နှာမှာ ညှပ်ရာအကြီးကြီး ထင်းနေအောင် ပါလာလို့ အမာရွတ်များထင်ကျန်ခဲ့မလားလို့ စိုးရိမ်ကြီးခဲ့ရပါတယ်။
မောင်လေးကိုမွေးတော့ မောင်လေးတစ်ကိုယ်လုံးမှာ အမှတ်တွေက စိမ်းနေပါတယ်။ အထင်ရှားဆုံး အမှတ်ကတော့ လက်ကောက်ဝတ်မှာ နာရီပုံစံ အမှတ်စိမ်းစိမ်းလေးက အ၀ိုင်းလိုက်လေးပါ။ ကျွန်မတို့ မောင်လေးက မွေးကတည်းက အငိုနည်းပြီး မျက်နှာအရမ်းချိုပါတယ်။ လူတွေကို အမြဲပြုံးပြ လေ့ရှိပါတယ်။ သူ့ရဲ့ချစ်စရာအကောင်းဆုံး အမှတ်အသားလေးကတော့ မေးစေ့က ထင်ထင်ရှားရှားကို နှစ်ခွဖြစ်နေပါတယ်။ အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်း မျက်လုံးဝိုင်းဝိုင်းလေးနဲ့ မောင်လေးဟာ အခုဆိုရင်တော့ အစ်မကြီးခြေရာ တစ်ထပ်တည်း နင်းပြီး ဆော်ကြည်ဘဲ ဖြစ်နေတယ်လို့ သတင်းကြားပါတယ်။
ဒါပေမယ့် ကျွန်မတို့မောင်လေးက ငယ်ငယ်ကတည်းက အပူနဲ့ပတ်သတ်ရင် သိပ်ကံမကောင်းရှာပါဘူး။ မောင်လေး လသားအရွယ်ထင်ပါတယ်။ ကျွန်မတို့ မရမ်းကုန်းအိမ်လေးမှာ အိမ်ဆိုင်လေးဖွင့်ပြီး ၀င်ငွေရှာကြတော့ မနက်စောစော အိမ်ရှိလူကုန်ထပြီး ဆိုင်ခင်းအဖေ့အတွက် ထမင်းချက်နေကြတဲ့ အချိန် အစ်ကိုအကြီးဆုံးက ရေနွေးတည်ပြီး ကျက်တော့ ရေနွေးအိုးကို ထမင်းစားပွဲဝိုင်းလေးပေါ်တင်ခဲ့ပါတယ်။ အမေက မောင်လေးကို တင်ပလ္လင်ခွေထိုင်ပြီး ရွှေဖရုံသီးခွာနေတဲ့အချိန် မောင်လေးက ရုတ်တရက် ရေနွေးအိုးနုတ်သီးကို လက်နဲ့ဖမ်းဆွဲလိုက်တဲ့အခါ မောင်လေးတစ်ကိုယ်လုံးပေါ် ရေနွေးအိုးတွေ လောင်းချလိုက်သလိုဖြစ်သွားပါတယ်။ အမေ့အောက်ပိုင်းတစ်ခုလုံးပါ အပူလောင်သွားပေမယ့် မောင်လေးကို ပိုက်ပြီး အမေ့တို့တွေ ဝေလီဝေလင်းကြီး ဆေးရုံကို ပြေးကြရပါတယ်။ အဖေက မပြေးသွားခင် အစ်ကိုကြီးကို လက်သီးစာကျွေးခဲ့ပါသေးတယ်။ ကျွန်မတို့မောင်နှစ်မတွေ အကုန်လုံး မောင်ငယ်လေးအပေါ်စိုးရိမ်စိတ်တွေအပြည့်နဲ့ မျက်နှာငယ်လေးနဲ့ မိဘတွေပြန်အလာကို စောင့်နေကြရပါတယ်။ မောင်လေး ဆေးရုံမှာ တော်တော်ကြာပါတယ်။ မောင်လေး ဆေးရုံတက်နေတုန်း အနာတွေကျက်လောက်စပြုမှ အမေက သူ့မီးလောင်နာကို သတိပြုမိပါတယ်တဲ့။
မောင်လေးဆေးရုံက ဆင်းလာတော့ ကိုယ်တစ်ခြမ်းလုံးမှာ အပူလောင်ထားတဲ့ ဒဏ်ရာတွေက အပြည့်ပါပဲ။ အမေက မောင်လေးဝတ်ထားတဲ့နိုင်လွန်အကျီလေးကို ဆွဲချွတ်လိုက်တော့ အသားတစ်ချို့ပါသွားတယ်လို့လဲ သိရပါတယ်။ မောင်လေးကိုယ်က အနာတွေ အကုန်ကျက်စပြုတဲ့အခါမှာတော့ ကိုယ်လေးတစ်ခြမ်းက သိပ်မသန်သလိုဖြစ်နေပါတယ်။ မောင်လေးက သူ့လက်လေးကိုလဲ အမြဲခါခါပြီးနေတတ်ပါတယ်။ မောင်လေးရဲ့ အမှတ်စိမ်းလေးပျောက်သွားလိမ့်မယ်ထင်ပေမယ့် အနာတွေကျက်သွားတော့ အမှတ်လေးက အ၀ိုင်းလိုက်လေး ပြန်ပေါ်လာပါတယ်။
ဒါတင်မကသေးပါဘူး။ ကျွန်မတို့အိမ်လေးမှာ ရေနံဆီမီးအိမ်ထွန်းပြီး နေကြရပါတယ်။ ရေနံဆီ မီးစာသီးလို့ မှန်ပြောင်းကို ချွတ်ပြီး မီးသီးကို ညှပ်နေတဲ့အချိန် မှန်ပြောင်းလေးက လိမ့်ကာ လိမ့်ကာနဲ့ ငုတ်တုတ်လေးထိုင်နေတဲ့ မောင်လေး ပေါင်ကြားထဲကို ရောက်သွားပါတယ်။ မောင်လေးကို ကျွန်မတို့ ဂရုစိုက်နေတဲ့ကြားထဲက မောင်လေး ကို အပူထပ်လောင်ပါတယ်။ ကံကောင်းလို့ ဂျိုးလေးကို မီးပူကပ်ပြီး ယောက်ကျားဘ၀မဆုံးတာပါ။
နောက်ပြီး ငယ်ငယ်ကတည်းက မောင်လေးမှာ အတက်ရောဂါတစ်ခုဖြစ်ပါတယ်။ အဲ့တာကတော့ ငိုတာပဲ ဖြစ်စေ ရယ်တာပဲဖြစ်စေ အရမ်းများသွားရင် မောင်လေးက မျက်စိလေးလည်ပြီး ပျော့ခွေသွားတတ်ပါတယ်။ အဲ့ဒီ့အချိန်ဆို မောင်လေးကို ပိုက်ပြီး အမေက မြန်မာဆရာဆီ အမြဲပြေးရပါတယ်။ ငယ်ထိပ်ကိုမူတ်ပြီး အမြဲ အတက်ချရပါတယ်။ ကျွန်မတို့မောင်လေးကို ပိုးမွေးသလို မွေးခဲ့ရပါတယ်။
ကျွန်မက အစ်မကြီးဖြစ်သွားတော့ မောင်လေးနဲ့ ညီမလေးကို အမြဲထိန်းရပါတယ်။ သူတို့ကို ရေမိုးချိုး သနပ်ခါးလူးပေး အကျီဝတ်ပေးလုပ်ရပါတယ်။ မောင်လေးက ငယ်ငယ်က ကျွန်မတို့ညီအစ်မ ဂါဝန်လေးတွေ ပေးဝတ်တဲ့အခါ တကယ့်မိန်းမလေးလို အင်မတန်ချစ်ဖို့ကောင်းပါတယ်။ အစ်ကို မောင်လေးကို ဆံပင်အရှည်ကြီး ထားထားပေးပါတယ်။ မောင်လေးဆံပင်က ပျော့အိပြီး ဂုတ်ကျော်လောက်အထိ ကို ဆံပင်ရှည် ထားပေးထားကြပါတယ်။ သားသားကလေ သားသားကလေ လို့ပြောပြီး ဂျစ်တစ်တစ် ပေကန်ကန်နဲ့ ခေါင်းမာပြီး ပေကတ်ကတ် နိုင်လှတဲ့ မျက်နှာလေးကို အမြဲ မူန်ကုတ်ကုတ်လုပ်ထားတဲ့ အင်မတန် မျက်နှာပုတ်လှတဲ့ ညီမလေး ကို ရံဖန်ရံခါ ရိုက်ပြီး ဆုံးမတတ်ပေမယ့် အမြဲမျက်နှာချိုတဲ့ မောင်လေးကိုတော့ ကျွန်မက အရမ်းချစ်လို့ သူ့ကို လက်နဲ့ သိပ်မဆုံးမတတ်ပါဘူး။ အခုချိန်အထိလည်း မမကြီး သားကလေ..လို့ တစ်ခွန်းတည်းပြောတာနဲ့ သူ့လိုချင်တာကို အတတ်နိုင်ဆုံး ဖြည့်ပေးပါတယ်။ ညီမလေးကိုတော့ မမကြီး ငါ ဒါလိုချင်တယ်ဆိုရင် ကိုယ်က အရင်ဦးအောင်ဝယ်ပါတယ် ပြီးမှ သူ့ကို ၀ယ်ပေးပါတယ် :P။
မောင်လေး ၈လသားမှာပဲ ရှစ်လေးလုံးအရေးအခင်းဖြစ်ပါတယ်။ မောင်လေး အသက်နှစ်နှစ်သားမှာ အင်မတန်ငြိမ်းချမ်းသာယာပြီးနေချင်စရာကောင်းတဲ့ မရမ်းကုန်းမြို့နယ်လေးကနေ ကျွန်မတို့တွေ လွင်တီးခေါင်ပြင်ဖြစ်တဲ့ မြို့သစ်ကိုပြောင်းရပါတယ်။ အဲ့ဒီ့အကြောင်းကို ကျွန်မ ၈၈နောက်ပိုင်း ဘုံပျောက်ခဲ့ရတဲ့ဘ၀တွေ ဆိုတဲ့ပို့စ်လေးရေးခဲ့ဖူးပါတယ်၊ မောင်လေး သူငယ်တန်းတက်တော့ အမိုးမပြည့်သေးတဲ့ မြို့သစ်ရဲ့ မူလတန်းကျောင်းလေးမှာ တက်ရပါတယ်။ မိုးတွေလေတွေထန်လာရင် မောင်လေးတို့တွေ အခန်းထောင့်လေးမှာ ၀ပ်နေရပါတယ်။ မိုးကြီုးတွေ ပစ် မိုးတွေခြိမ်းရင် မှန်အပြည့်မတပ်နိုင်သေးတဲ့ မြို့သစ်က ကျောင်းလေးထဲမှာ မောင်လေးတို့ ကလေးပေါက်စလေးတွေ တဆတ်ဆတ်တုန်အောင် ကြောက်နေကြပါတယ်။
ဒါပေမယ့် ကျွန်မမောင်လေးက စာအင်မတန်တော်ပါတယ်။ မူလတန်းကျောင်းသားဘ၀ကတည်းက သူ အတန်းတိုင်း ထူးချွန်ဆုရပါတယ်။ မောင်လေး ကျောင်းတက်တော့ သူ့အတွက် အဓိက ပြသနာက ဘောင်းဘီဇစ်ပါ။ သူ့ကို အိမ်မှာ ဂါဝန်လေးတွေပဲ ၀တ်ပေးထားတော့ ကျောင်းဘောင်းဘီဝတ်တဲ့အခါ ဇစ်ဆွဲတင်တိုင်း သူရဲ့ ဂျိုးလေးနဲ့ ဇစ်နဲ့ ငြိပါတယ်။ မျက်ရည်လည်ရွဲနဲ့ အမြဲတမ်းအိမ်ကို ဘောင်းဘီလေးကိုင်ပြီး ပြန်ပြေးလာတဲ့အခါ သူ့အစ်ကိုကြီးသုံးယောက်က အမြဲ ဖြုတ်ပေးရပါတယ်။
ညီမလေးနဲ့ကျွန်မက ခြောက်နှစ်ကွာပေမယ့် ၈၈မှာ ကျောင်းတစ်တန်းအောက်တော့ ညီမလေးနဲ့ ငါးနှစ်ကျောင်းပညာသင်နှစ်ကွာပါတယ်။ ညီမလေး ငါးတန်းမှာ ကျွန်မဆယ်တန်းဖြစ်တော့ ကျောင်းခန်းထဲမှာ အမြဲ ငြိမ်ငြိမ်သက်သက်နေပြီး သူများနဲ့သိပ်မပေါင်းတတ်တဲ့ ညီမလေးကို သူများတွေက အနိုင်ကျင့်တဲ့အခါ ကျွန်မက အမြဲ သူတို့ကို အင်အားသုံးပြီး ဆုံးမရလေ့ရှိပါတယ်။ ညီမလေးသူငယ်ချင်းတွေက ကျွန်မရဲ့ .ဘော်ဒီဂတ်တွေပါ။ သူတို့ကိုလည်း ညီမလေးကို စောင့်ရှောက်ပေးဖို့ လိုအပ်ရင် ကျွန်မဆယ်တန်းခန်းကို သတင်းလာပို့ဖို့ ပြောထားရပါတယ်။
ကျွန်မကိုယ်တိုင် မစောင့်ရှာက်နိုင်တာတော့ မောင်လေးပါ။ မောင်လေး အလယ်တန်းရောက်တော့ ကျွန်မတို့ အင်မတန် စိတ်ထိခိုက်ရတဲ့ အဖြစ်တစ်ခုနဲ့ကြုံပါတယ်။ မောင်လေးက ကျောင်းမှာ သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင် နေတတ်ပါတယ်။ သူ့ကို လိုက်ရှင်းပေးရတာ သိပ်မရှိသလောက်ပါပဲ။ ဒါပေမယ့် ကျောင်းမှာ အချိန်ပိုတွေ သင်ပေးပြီး ငွေပေးရတဲ့အခါ မောင်လေးက အဲ့ဒီ့ငွေက မပါသွားတာလား အိမ်မှာ အဆင်မပြေ သေးတာလား မေ့ကျန်ခဲ့တာလား တစ်ခုခုဖြစ်ပါလိမ့်မယ် အချိန်မှီ ကျောင်းအချိန်ပိုကြေးမပေးနိုင်တဲ့အတွက် မောင်လေးတို့ကို ကျောင်းစာသင်ခန်းထဲမှာ အချိန်အကြာကြီး ဒူးထောက်လက်မြှောက်ခိုင်းတဲ့အပြင် မိုးရေစပ်စပ်မှာ တစ်ကျောင်းလုံးက အမိုက်တွေ ကောက်ခိုင်းခဲ့ပါတယ်တဲ့။ အိမ်ပြန်လာတော့ တစ်ကိုယ်လုံး ညစ်ပတ်ပေတူးပြီး ရွှံအလိမ်းလိမ်းဖြစ်နေပါတယ်။ ကိုယ်ခံအားနည်းလှတဲ့ ကျွန်မတို့မောင်လေး နောက်နေ့မှာတော့ အကြီးအကျယ်ဖျားပါတော့တယ်။ အဲ့အချိန်က ကျွန်မက သတင်းထောက် စလုပ်ကာစ ဖြစ်ပါလိမ့်မယ်။ အဲ့သတင်းကိုသိသိချင်း ကျွန်မ အသားတွေ တဆတ်ဆတ်တုန်အောင်ကို ဒေါသလဲဖြစ် စိတ်လည်း တော်တော် ထိခိုက်မိပါတယ်။ ကျွန်မ ကျောင်းကို သွားပြောဖို့ လုပ်တဲ့အခါ အမေက တားပါတယ်။ မောင်လေးကို ငြိုးပြီး ထပ်ပြီး တစ်ခုခု လုပ်မှာစိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။
ဒီလိုနဲ့ ကျွန်မတို့မောင်ချစ်လေး ဆယ်တန်းကို နှစ်ချင်းပေါက်အောင်ပြီးတဲ့နောက်မှာတော့ မောင်လေး စက်မူကျောင်းတက်ဖို့ အမှတ်မှီပါတယ်။ ညီမလေးတုန်းက ဆယ်တန်းမှာဂုဏ်ထူးပါပြီး စက်မူကျောင်းတက်ဖို့ အမှတ်မှီပေမယ့် ငွေမတတ်နိုင်တဲ့အတွက် တက်ခွင့်မကြုံလိုက်ရရှာပါဘူး။ သူ့ပို့စ်လေးမှာ တစ်ခါတုန်းက တက္ကသိုလ်ဆီ ဆိုတာလေး ရေးထားတာ ဖတ်ရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ အဲ့တော့ ကျွန်မကလည်း လုပ်ငန်းခွင်ထဲရောက်နေပြီဆိုတော့ မောင်လေးကို စက်မူကောလိပ်ရအောင်ထားမယ်လို့ ချီတုံချတုံဖြစ်နေတဲ့ ပင်စင်စားဖြစ်နေပြီဖြစ်တဲ့ အဖေ့ကို တိုက်တွန်းအားပေးပါတယ်။
တကယ်လည်း မောင်လေးကို ကျောင်းပြီးတဲ့အထိ ကျွန်မ ခွန်အားစိုက်ထုတ်ပြီး ထားပေးနိုင်ခဲ့ပါတယ်။ ကျွန်မ ကလေးနှစ်ယောက်ကို ကျောင်းထားပေးတဲ့အခါ စားစရာဆို အမြဲ ခြိုးခြံပါတယ်။ ကျွန်မရဲ့နေ့လည်စာဟာ ဆားနံ့သင်းတဲ့ ရခိုင်မုန့်တီဖြစ်ပြီး လိမ္မော်ရောင်ရင့်ရင့် ဆေးဆိုးထားတဲ့ လက်ဖက်ရည် ခပ်ဖန်ဖန်တစ်ခွက် တည်းလည်း ဖြစ်လေ့ရှိပါတယ်။ ၀တ်စရာဆို ကျွန်မမှာ ရှပ်အကျီနဲ့ ရေခဲသားဗြောင်လုံခြည်ကို အမြဲ ထပ်ထပ် ၀တ်ပြီး သူတို့အတွက် ပံ့ပိုးပေးနိုင်အောင် စိတ်ရောကိုယ်ရော ကြိုးစားပေးခဲ့ပါတယ်။ ညီမလေးတို့ အဝေးသင်တက်တဲ့အချိန် ကျွန်မကလည်း အလုပ်တစ်ဘက်နဲ့ ဒေးမပြီးသေးတဲ့အချိန် ကင်တင်းမှာဆုံတော့ ကျွန်မအရှေ့က ကော်ဖီမစ်ပလိမ်းခွက်ကိုမြင်ပြီး သူစိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ ပြောတော့ ကျွန်မက ငါကြိုက်လို့ကွလို့ ပြုံးပြီး ပြောဖြစ်ခဲ့ပါသေးတယ်။
မောင်လေးတို့ ကလေးတွေ ကံဆိုးရှာပြန်ပါတယ်။ စက်မူကောလိပ်ဆိုတာ တက်ခွင့်ကြုံပါရဲ့ တောကြီးမျက်မည်းထဲက မအူပင်ဆိုတဲ့ GTC ကျောင်းလေးမှာ ကျောင်းဆောင်တွေနဲ့သွားထားရပါမယ်တဲ့။ ကျောင်းဝင်းထဲမှာ အဆောင်မရှိတော့ ရွာထဲက သူဌေးကုန်းတို့ စာရေးကုန်းတို့မှာ အဆောင်တွေ တန်းစီပြီး မိုလိုပေါက်လာတော့ မောင်လေးကို သွားထားရပါတယ်။ ဆယ်ကျော်သက်မျိုးဆက်သစ် ကျောင်းသားလေးတွေရဲ့ပတ်ဝန်းကျင် ဟာ လယ်ကွင်းတွေရယ် ကျေးရွာတွေရယ်ပဲဖြစ်နေခဲ့တယ်။ ကျောင်းသားတွေ စုနေတဲ့အဆောင်ကို ကျွန်မပတ်ကြည့်ပြီး ရင်မောစွာနဲ့ မောင်လေးကို တစ်ခွန်းပဲဆုံးမဖြစ်ခဲ့တယ်။ လူငယ်သဘာဝ ဖြစ်လာနိုင်တာတွေကို တွေးမိတဲ့အခါ "ကလေးရေ မင်း ဘာပဲလက်တည့်စမ်းစမ်း အကာအကွယ်တော့သုံး" လို့ ပြောခဲ့တယ်။
အဲ့အချိန်နောက်ပိုင်း မောင်လေး မအူပင်စက်မူကောလိပ် တက်တဲ့အချိန်ကစပြီး ကျွန်မလဲ တစ်ဘက်နိုင်ငံ (နအဖအခေါ်) ကို ရောက်သွားပြီး လေလိုင်းပေါ်ကနေ ရန်တိုက်ပေးနေတဲ့အချိန်ကစလို့ မောင်ငယ်လေးကို အနီးကပ်မစောင့်ရှောက်နိုင်တော့ပေမယ့် အခုချိန်မှာတော့ စက်မူကျောင်းပြီးပေမယ့် သင်္ဘောလိုက်ရမလို ရေခဲသေတ္တာပြင်ရမလို ဘာလိုလိုတွေနဲ့ လိပ်ကို ပက်လက်လန်ထားသလို ယက်ကန် ယက်ကန်ဖြစ်နေသေးတဲ့ မောင်လေးရဲ့ အနာဂတ်က ကျွန်မလက်ထဲမှာ ဖြစ်နေပြန်ပါပြီ။ ကျွန်မ ဒီတစ်ခါ မောင်လေးကို အမြဲ အကြံပေးနေကြအတိုင်း "ကလေးရေ..ဖြစ်တဲ့သမျ အကြောင်း အကောင်းကြီး သာမှတ်" လို့ ပြုံးပြီး ပြောမိဦးမှာ သေချာပါတယ်။ အခုဆိုရင် ကျွန်မတို့မောင်လေးမှာ ချစ်သူရနေပြီတဲ့။ ရည်းစားရနေပြီလို့ သတင်းကြားတိုင်း ငါတို့မောင်လေးကို ချစ်မယ့်သူပေါ်လာပြီလို့ ကျွန်မက အမြဲပြုံးပြီး ပြောပေမယ့် ညီမလေးကတော့ မျက်နှာစူပုတ်ပုတ်နဲ့ ဟင်း လူဖြစ်မယ် မကြံသေးဘူး အရှေ့က အစ်မတွေမှ အားမနာ သူက ဟင်း စသဖြင့် ဆူပူကြိမ်းမောင်းလေ့ရှိပါတယ်။ :P
ဘာပဲဖြစ်ဖြစ် ကျွန်မတို့မိသားစုရဲ့ထုံးစံအတိုင်း အိမ်ရှိလူကုန်ရဲ့ မွေးနေ့တိုင်းမှာ အမေက မရှိရှိတာလေးတွေနဲ့ အလှူလုပ်ပေးလေ့ရှိတာမို့ ဒီကနေ့မှာတော့ ဖြင့် အိမ်မှာ မောင်အငယ်ဆုံးလေးရဲ့မွေးနေ့အတွက် အလှူတစ်ခုခု လုပ်နေကြပြီး အဝေးရောက်နေတဲ့ သမီးနှစ်ယောက်ကို တစ်အိမ်လုံး သတိရနေလိမ့်မယ်လို့ ထင်ပါတယ်။
ဒီနေ့မှာ ကျရောက်တဲ့ ကျွန်မချစ်တဲ့ မောင်ချစ်လေးရဲ့ အသက်နှစ်ဆယ့်သုံးနှစ် မွေးနေ့မှာ စိတ်ချမ်းသာခြင်း ကိုယ်ကျမ်းမာခြင်းများစွာနဲ့ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ကာကွယ်နိုင်မယ့် အမျိုးကောင်းသားရတနာဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

10 Comments:
မမမောင်လေးအကြောင်းဖတ်ရတာကြည်နူးစရာကောင်းလိုက်တာမမရေ
မေလေးကလဲအိမ်မှာအကြီးဆုံးမို့ အငယ်တွေတာဝန်ကိုယ်တာဝန်ပါဘဲ
မမရဲ့ ခံစားချက်ကိုလည်းကိုယ်ချင်းစာလို့ရပါတယ်။
ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ မောင်ငယ်လေးရေ။
ဆုမွန်လေးရဲ့ မိသားစု ပို့စ်လေးတွေကိုဖတ်လိုက်တိုင်း ရင်ထဲမှာ ဘာဖြစ်သွားတာလဲမသိဘူး.။စိတ်မကောင်းသလိုမျိုးနောက်ပျော်သလိုခံစားမိတယ်.။ စိတ်မကောင်ဘူးဆိုတာကကိုယ်လည်း ကိုယ်မိသားစုကိုသတိရလို့လေ. ပျော်တာကတော့သိပ်ချစ်တဲ့မောင်နှမတွေ သိပ်ချစ်တဲ့မိသားစုလေးတွေလို့ တွေးမိလို့ပါ.။ ၂၀၁၀နှစ်သစ်မှာညီမလေးဆုမွန်လေးပျော်ရွှင် ချမ်းမြေ့ပါ စေရှင်.။
မဆုမွန်ရေ မဆုမွန်မောင်လေးရဲ့ မွေးနေ့မှာ ပျော်ရွင်ပါစေလို့ ဆုတောင်းပါတယ်။ မဆုမွန်ရဲ့ မောင်လေးအကြောင်းကို ဖတ်ရတော့ အစ်မမှာလည်း အစ်မထက် ၉ နှစ်ငယ်တဲ့ မောင်လေးတယောက်ရှိပြီး သူငယ်ငယ်က ဒီလိုပဲချီပိုး ထိန်းကျောင်းလာခဲ့ရတာကို သတိရသွားတယ်။ မဆုမွန်မောင်လေးကတော့ ပညာတတ်တယောက် ဖြစ်နေပြီဆိုတော့ သူ့ဘ၀အတွက် ရွေးချယ်စရာ မရှားပါဘူး။ နှစ်သစ်နဲ့အတူ သူ့ဘ၀အတွက် တိုးတက်ရာ လမ်းကြောင်းတခုကို ရွေးချယ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဖတ်ရတာကြည်နူးမိတယ်။ ကျွန်တော့်အစ်မကိုလည်း သတိရမိတယ်..
မဆုမွန်ရယ်.. အစ်မရဲ့ မောင်လေးအကြောင်းဖတ်ရတာ စိတ်မကောင်းပါဘူး.. ကျွန်တော့်ထက် ၄ လလောက်ပဲ ငယ်မှာပါ... ကျွန်တော်တို့ ဘ၀တွေ ကံမကောင်းပါဘူးဗျာ.. ကိုယ်တက်ချင်တဲ့ ကျောင်းမတက်ရ.. တက်စရာလည်းမရှိပါဘူး.. မျက်စိလည်လည်နဲ့ လမ်းပျောက်ခဲ့ရတာတွေ ဒုနဲ့ဒေးပါပဲ... အမမောင်လေးမှာ အမလို အမတစ်ယောက်ရှိနေတာ သူ့အတွက် လမ်းပြကောင်းတစ်ယောက်ရှိနေသလိုပါပဲ... အားလုံးအဆင်ပြေပါစေ.. လို့ ဒီမွေးနေ့လေးကနေပဲ ဆုတောင်းပေးလိုက်ပါတယ်...
သိပ်အရေးကောင်းတဲ့ ဖတ်ချင်စရာ ရသမြောက်တဲ့ ပို့စ်တပုဒ်ပါ အားပေးလျှက်ပါ ၂၀၁၀မှာ အသစ်တွေ စောင့်မျှော်မယ်
အမရေ မောင်လေးအကြောင်းဖတ်ရတာ အရမ်းကို အရသာ ရှိလှပါတယ်ဗျာ.. မောင်လေးရဲ့ မင်္ဂလာမွေးနေ့အတွက်လည်း ဆုတောင်းပေးလိုက်ပါတယ်ဗျာ
ဝိုင်းဝန်း ဆုတောင်းပေးလိုက်ပါတယ်နော်
သိပ်ကောင်းတာပဲ။ အမကြီးပီသတဲ့ညီမကြီးအဖြစ်နဲ့ ပိုချစ်မိတာပေါ့။ အမကြီးလိုပဲ မှုန်ရွှေရည်မင်းသားလေးဖြစ်နေတယ်ဆိုတာကိုတော့ ယုံယုံကြည်ကြည်နဲ့လည်း ရယ်မောခဲ့ပါတယ် မွန်ဟန်နီကိုကိုရေ.....
မယ်ဆုရေ...ဖတ်လို့ကောင်းဗျား..
ရွှင်လန်းချမ်းမြေ့ပါစေဗျာ
Post a Comment