ငါးည ခြောက်အိမ်မက်

ဒီိရက်ပိုင်း ခရီးတွေ ဆက်တိုက်ထွက်ဖြစ်လို့ ခရီးပမ်းပြီး ဖျားသွားတာကနေ အရင်က မက်ခဲ့ဖူးတဲ့ ခြောက်အိမ်မက်ပြန်မက်တယ် အိပ်ယာက လန့်နိုးတော့ တစ်ကိုယ်လုံး ဇောချွေးတွေပြန်လို့...

ရင်ခေါင်းကနေ ရုတ်တရက် စူးစူးဝါးဝါး ထိုးအောင့်လာလို့ ထမင်းစားတာကို ခဏရပ်လိုက်တယ်။ ရင်ဝကို လက်ဖနောင့်လေးနဲ့ ထောက်ပြီး ငြိမ်ငြိမ်လေး နေလိုက်တယ်။ တင်ပလ္လင်ခွေထိုင်ပြီး ခေါင်းကို အမြဲငုံ့စားနေတော့ ဗိုက်ခေါက်ပြီး လေခံတာလားလို့ ထင်မိတယ်။ နောက် မှ တဖြည်းဖြည်းနဲ့ ရင်ဝကနေ ၀မ်းဗိုက်အောက် ဘယ်ဘက်ခြမ်းက စူးပြီး အရမ်းထိုးအောင့်လာတော့ စားလက်စ သံပန်းကုန်ပြားလေးကို အခန်းထောင့်ကို တွန်းရွှေ့လိုက်ပြီး ပလက်စတစ်ရေပုလင်းနဲ့ လက်ကို ဆေးလိုက်တယ်။

ခါးကို ကိုင်းကိုင်းလေးလုပ်ပြီး ခပ်ကုန်းကုန်းလျောက်လာတော့ ထမင်းစားလက်စ ဖြစ်နေတဲ့ အတူနေတဲ့ အန်တီက သမီးဆုမွန် ဘာဖြစ်လဲတဲ့..ဗိုက်အောင့်တယ်လို့ လေသံပျော့လေးနဲ့ပြောတော့ သူ မျက်လုံးပြူး သွားတယ်။ သမီး နံရံကို မှီပြီး ခဏလေး မှီနေလိုက်တဲ့။ သူ့သစ်သားပြားခေါင်းရင်းဘက်ခြမ်းက အုတ်နီခဲတုံးလေး ပေါ်တင်ထားတဲ့ ပရုတ်ဆီပုလင်းလေးထဲက အကတ်အသတ် ပရုတ်ဆီလေးတွေကို ကျွန်မ ၀မ်းဗိုက်ပိန်ပိန် လေးကို လှန်ပြီး ချက်ထဲကို ထည့်ပေးတယ်။

ဗိုက်ကို လက်တင်လိုက်တော့မှ အထိမခံနိုင်အောင် နာမှန်း ပိုသိသာလာတယ်။ သူ့လက်ကို တွန်းဖယ် လိုက်ပြီး နာနာကျင်ကျင်နဲ့ သမီး ဗိုက်ကို ထိရင် အရမ်းနာတယ် အန်တီ..လို့ ငိုမဲ့မဲ့ပြောတော့ သူပိုလန့်သွားပုံရတယ်။ ဒါကြောင့် သမီးကိုပြောတာ အစားကို ပုံမှန်စားပါလို့ ညည်းက မစားရင် ထိုင် နေတာကိုးလို့ တဗျစ်ဗျစ် တောက်တောက် ပြောရင်း သူ သံတိုင်တွေကို အားယူကိုင် ထပြီး အပြင်ကို မျော်ကြည့်တယ်။

ဆရာမ ဆရာမ..ခပ်အုပ်အုပ်ခေါ်လိုက်တဲ့ အန်တီ့အသံကြောင့် အကျဉ်းခန်းတွဲတွေရဲ့ အလယ်တည့်တည့်က သစ်သားကုတင်ပေါ်မှာ စုဝေးပြီး စကား တင်းဆိုနေတဲ့ ထောင်ဝါဒါမတွေထဲက တစ်ယောက်က စိတ်မရှည်တဲ့ လေသံနဲ့ ဘာလဲ ဘာလဲ တဲ့။ ဒီမှာ ဆုမွန် ဗိုက်အောင့်လို့တဲ့။ သူတော်တော် အောင့်နေတယ်။ ဟင် ညနေပိုင်းကြီး ဗိုက်လာ အောင့်ရသလား ပါဆယ်တွေ စွတ်စားပြီး ဖြစ်ပြီ နင်တို့ကတော့ တဲ့. ဆောင့်ဆောင့် အောင့်အောင့်နဲ့အော်ပြီးမှ ငြိမ်ငြိမ်နေလိုက် မနက်ဖန် မနက် ဆေးမူးလာရင်ထွက် ပြလိုက်တဲ့။

စူးရှကျယ်လောင်လွန်းတဲ့ အသံက သံရည်ပူနဲ့ နားဝကို လောင်းချလိုက်သလို ဒေါသက တဖျင်းဖျင်း ထွက်လာတယ် ၀မ်းဗိုက်က နာကျင်မူနဲ့အတူ နာကျည်းမူက ပိုလာမယ်ထင်တယ်။ ဒေါသနဲ့အတူ နာကျင်မူတွေနဲ့ အသက်ရူကျပ်အောင်ကို ရင်ခွင်တစ်ခုလုံး တင်းတင်းကျပ်ကျပ်ကြီး ဖြစ်သွားတယ်။ မျက်စိကို အသာ မှေးမှိတ် လိုက်တော့မှ မျက်ရည်ပူတွေက နားထင်တလျောက် လျောကျဆင်းသွားတာ သိလိုက်တယ်။ မငိုပါနဲ့ဆုမွန်ရယ်တဲ့ လျက်ဆားလေး စားလိုက် လေခံတာဖြစ်မယ် သမီး လမ်းလေး လျောက်ကြည့်ပါလားဆိုလို့ နံရံကို အားယူကိုင်ပြီး ထလိုက်တော့မှ ဗိုက်တပြင်လုံး အရမ်းထိုးအောင့်လာလို့ အသက်ရူကျပ်လွန်းလို့ အံကြိတ်ရင်းက မချိမဆန့်ငြီးမိတယ်။

ဆရာမ ဆရာမ သူတော်တော်ဖြစ်နေတာ တစ်ခုခုဖြစ်မှာစိုးတယ် လုပ်ပါဦးလို့ အန်တီက အော်တော့မှ သော့ခလောက်သံ တချွင်ချွင်နဲ့ ထောင်ဝါဒါမ ၀၀တုတ်တုတ်ကြီး ရောက်လာတယ် မခံမရပ်နိုင်အောင် ဗိုက်အောင့်နေမှန်း သိသာတဲ့ ကျွန်မပုံစံကို မြင်တော့မှ ဆေးမူးခေါ်ပေးမယ် ခဏစောင့်တဲ့ ညနေပိုင်း ထောင်ပိတ်ချိန် ရောက်နေပြီ နင်တို့ကလဲ နည်းနည်းပါးပါး အစားဆင်ခြင်မှပေါ့တဲ့။

အစား ဆင်ခြင်မှာပေါ့ ဆိုတဲ့ စကားကြောင့် ခပ်မဲ့မဲ့ပြုံးမိတယ်။ ဖုန်မူန့်တွေ ပိုးမူန့်တွေ ဂုန်နီကြိုးတွေ ရောထွေး ပါလာတဲ့ ပဲဟင်းဆိုရုံ အရည်ကျဲကျဲ ဖြူဖျော့ဖျော့အရည်တစ်ခွက် ငါးပိတစ်တုံး ဆားတစ်ပုံနဲ့ မနက်စာ အရိုးအရင်း အရွက် အတုံးလိုက် အတစ်လိုက် ခုတ်ထစ်ချက်ထားတဲ့ အရွက်စုံဟင်းချိုတစ်ခွက်နဲ့ ငါးပိတစ်တုံး ဆားတစ်ပုံ ထမင်းကလဲဆိုတာ ရောင်စုံထမင်း အေးသွားရင် ထိုးမရ ဖဲ့မရ အညိုညစ်ညစ် ထမင်းတုံးတစ်တုံး။
လမ်းလျောက်ဖို့တောင် မေ့နေလောက်အောင် မိလ္လာသွန်ချိန်နဲ့ ရေချိုးချချိန် တစ်ခုပဲ အပြင်ထွက်ရတဲ့ ဘ၀မှ အခန်းကျဉ်းလေးထဲ ပတ်ပတ်လည် မူးနောက်နေအောင် လျောက်မှ အစာကြေရုံရှိတဲ့ နေရာတစ်ခုက လူတွေရဲ့ အစာအိမ်ခြေဖျက်မူဟာ ပုံမှန်ဖြစ်ပါ့မလားဆိုတာ သူတို့ လည်းသိရက်နဲ့ အံကို တင်းတင်းကြိတ်ရင်း မျက်စိကိုသာ စုံမှိတ်ထားလိုက်ပါတယ်။

ခပ်ဆောင်ဆောင့်ဆွဲဖွင့်လိုက်တဲ့ သံချေးတက်နေတဲ့ သံတံခါးချက်ဖွင့်သံ ဂျောင်းခနဲ ဂျူန်းခနဲ အသံကြားမှ အပြင်မှ ဗထလလို့ခေါ်တဲ့ ဗဟိုထောက်လှမ်းရေးက လူတွေနဲ့ ထောင်ဝါဒါမတွေ နောက် ၀တ်စုံအဖြူဝတ် ထောင်အကျဉ်းသား ဆရာဝန်နဲ့ ဆေးမူးကို မြင်ရတယ်။ အပြင်ကို တွဲထွက်ဖို့ အခန်းထဲက အတူနေ အန်တီက ချိုင်းကနေ မပြီး တွဲထွက်တော့ ရှင်က ဘာထွက်လုပ်မှာလဲ အထဲပြန်ဝင်နေ သူ့ဘာသာ ထွက်လာလိုက်မယ်လို့ ဟောက်လိုက်တော့ မျက်နှာပျက်သွားတဲ့ အန်တီကို ကြည့်ပြီး နေ နေ ရတယ် အန်တီ သမီး ဘာသာ ထွက်မယ် စိတ်မပူနဲ့နော်လို့ ပြောရင်း ဗိုက်အောင့်လွန်းလို့ ခပ်ကုန်းကုန်းဖြစ်နေတဲ့ ဗိုက်ကို လက်တစ်ဘက်က အသာ ထောက်ပြီး သံတံခါးကို လက်တစ်ဘက်နဲ့ဆုပ်ကိုင်ရင်းက အုတ်လှေကားအထစ်ကို မနည်း တွယ် ဆင်းရပါတယ်။

ကျွန်မ ၀မ်းဗိုက်ပြင်ကို လက်ချောင်းတွေနဲ့ ခပ်ဖိဖိ နှိပ်ရင်း ဒီနားလား ဟိုနားလား လို့ ထိုးပြီး မေးနေတဲ့ ထောင်ဆေးမူးကို ကျွန်မ ပြန်တောင် မပြောနိုင်လောက်အောင် နာတယ်လို့ပဲ တတွင်တွင်အော်နေမိတယ်။ ကျွန်မရဲ့ တင်းမာ ပြောင်တင်းနေတဲ့ နံရိုးအပြိုင်းပြိုင်းနဲ့ ၀မ်းဗိုက်ပူပူလေးကို ကြည့်ပြီး သူမျက်နှာ နည်းနည်းပျက် သွားတယ်။ နောက် သူ ဗထလက ထောက်လှမ်းရေးတွေနားကို သွားပြီး တစ်စုံတစ်ရာ ခပ်တိုးတိုးပြောနေတာ တွေ့တယ်။ နောက် ထောင်ဝါဒါမတွေကို ခေါ်ပြီး သူတို့ ဆွေးနွေးနေကြတယ်။

သူ ထောင်မကြီး ဆေးရုံသွားရမယ်တဲ့ နောက် ကျွန်မ အခန်းဘက်ကို ထောင်ဝါဒါမတစ်ယောက်က ခပ်သွက်သွက် လျောက်သွားပြီး ဆုမွန် အ၀တ်တွေ နည်းနည်း ထုတ်ပေးလိုက်တဲ့။ အန်တီကြီးက ထောင်ဝတ်စုံ အဖြူလေး တွေနဲ့ ဖလံထည် အနွေးထည်လေးတစ်ထည် အောက်ခံအကျီလေးတွေကို အဖြူရောင် ပုံစံ လုံခြည်လေးနဲ့ ထုတ်ပေးလိုက်တယ်။ နောက်သူတို့တွေ အကုန် အပြင်ထွက်သွားကြတယ်။ အထုတ် အဖြူလေးကို ပိုက်ပြီး ထိုင်နေတဲ့ ကျွန်မ အပြင်ရောက်တော့ ဗိုက်က ပိုပိုပြီး ထိုးအောင့်လာသလိုပဲ။

ကျွန်မကို ဘာဆေးမှလည်း မပေးသေးဘူး လက်နဲ့ ဖိသွားတာတစ်ခုပဲ ရှိတယ်။ ကျွန်မ မသိမသာ ကုန်းကုန်းလေး လုပ်နေပြီး ညည်းတော့ အကျဉ်း အခန်းတွေက ခေါင်းလေး ပြူတစ် ပြုတစ်နဲ့ ရပ်ကြည့်နေကြတဲ့ ကျွန်မ ရဲဘော်တွေ ဆုမွန်သက်သာလား ဘယ်လိုနေလည်း ဆေးရုံရောက်ရင်တော့ သက်သာမှာပါ အားမငယ်နဲ့နော် စသဖြင့် တီးတိုးတီးတိုး အားပေးစကား လှမ်းပြောနေကြတာကို ဟဲ့ ဘာဖြစ်နေကြလဲ နင်တို့ကို ဘယ်သူ က စကားပြောခိုင်းလို့လဲ ငြိမ်ငြိမ်နေကြစမ်း ဟဲ့ ကောင်မလေး နင့်ကို ဆေးရုံကား လာခေါ်လိုက်မယ် ခဏစောင့်ရမယ် သောက်စကားမများနဲ့ နင့်အပြင်ထုတ်တာ နေမကောင်းလို့ စကားပြောဖို့မဟုတ်ဘူး ဆိုတဲ့ ဌက်ဆိုးထိုးသံကြီးက အောက်ကလိ အောက်ကလာ ထွက်လာတယ်။

အပြင်မှာ နာရီဝက် တစ်နာရီလောက် ကုတင်ပေါ်မှာ ငုတ်တုတ်လေးထိုင်နေရတယ်။ သူတို့လည်း သူတို့ခေါင်းစဉ်တွေနဲ့ သူတို့ စကားပြောမပျက်ကြဘူး။ ကိုယ့်ရောဂါတောင် ကိုယ်မေ့သလိုဖြစ်လာတယ်။ ငါအပြင်ကို ဘာထွက်လုပ်နေပါလိမ့်လို့တောင် ထင်လာမိတယ်။ ခနနေတော့ တံခါးပွင့်သံ ဂျူန်း ဂျူန်း ဂျိမ်းဂျိမ်း ကြားရတယ်။ ဂူးဂူးဂဲဂဲ အသံကြီး ကြားတော့မှ ကြောက်စိတ်တွေဝင်လာတယ် သစ်သားတံခါးလေး ပွင့်သွားပြီး ထောင်ဝန်ထမ်းတွေ ၀င်လာတယ် ဆေးရုံသွားရမယ်တဲ့။

ထမ်းစင်တွေများ ပါလာမလားလို့ အသာကြည့် လိုက်သေးတယ်။ နောက်မှ လိုက်ခဲ့တဲ့ ဆိုပြီး ခြေလှမ်းကျဲကျဲနဲ့ ထွက်သွားတဲ့နောက်ကို အထုတ်လေးပိုက်ပြီး ခပ်ကုန်းကုန်းလေး လိုက်သွားတော့ အန်တီက သံတိုင်လေးကို ဆုပ်ကိုင်ပြီး စိုးရိမ်တကြီး မျက်နှာနဲ့ ကြည့်နေတယ် မျက်ရည်အ၀ိုင်းသားနဲ့ ကျွန်မ လှည့်ကြည့်တော့ သူ က မျက်နှာငယ်လေးနဲ့ပေမယ့် အားမငယ်နဲ့ဆိုတဲ့ သဘောနဲ့ သူ့လက်မလေး ထောင်ပြတယ်။ ကျွန်မကို လက်မောင်းရင်းက ကိုင်ပြီး ခြေလှမ်းကျဲကျဲ လှမ်းတဲ့ ထောင်ဝါဒါမတစ်ယောက်က ဘေးက ပါလာတယ်။ အပြင်ကိုရောက်လို့ ထောင်ဗူးဝနားမှာ စစ်ကားရိန်းဂျားကားကြီးတစ်စီး ရပ်ထားတာ တွေ့ရတယ်။ ကားခေါင်းခန်းကို လျောက်သွားတော့ ဟဲ့ နောက်က တက်တဲ့။

ကျွန်မ ကားကြီးရဲ့ နောက်မှီးကို ကြည့်တော့ အားနဲ့ ဆွဲတက်ရတဲ့ သံလက်ကိုင်တန်းတွေနဲ့ သံလှေကားထစ် တွေကို မြင်ရတယ်။ နောက်ဘက်မှာ ဆောက်လုပ်ရေးပစ္စည်းတွေလို ပစ္စည်းအတိုအစတွေ စက္ကူဗုံးတွေ နောက် ပုလင်းတွေ ကျွန်မ အထုတ်လေးကို ပစ်တင်လိုက်ပြီးမှ ဗိုက်အောင့်နေတာတောင် မေ့သွားပြီး သံလှေကားကို အားနဲ့ တွယ်တက်ရတယ်။ ထောင်ဝါဒါမကတော့ ကားခေါင်းခန်းပေါ်ကို စတိုင်လ်အပြည့်နဲ့ ထိုင်လိုက်ပါတယ်။ နောက်မှ စက်ကို ဆောင့်နိုးတော့ ချက်ခြင်းကားက စက်မနိုးလို့ ဂူးဂဲလ် ၀ူးဝဲလ်နဲ့ ရှေ့တိုးနောက်ဆုတ် သုံးလေးကြိမ်ဖြစ်ပြီးမှ အရှိန်နဲ့ ဆောင့်ထွက်သွားတော့ ပြုတ်မကျအောင် ဆွဲမိဆွဲရာ ဆွဲကိုင်လိုက်ရပါတယ်။ ဗိုက်အောင့်နေတဲ့ လူနာကို လာခေါ်တဲ့ ရိန်းဂျားကားကြီးရဲ့ ဘေးနံရံကို တင်းနေအောင် ဆုပ်ကိုင်ရင်း မျက်စိကိုသာ စုံမှိတ်ပြီး ဆောင့်ဆောင့်လေး ထိုင်ပြီး လိုက်သွားပါတော့တယ်။

စကာထဲ ဆီးဖြူသီး ထည့်လိမ့်သလို အလူးအလူးအလိမ့်လိမ့် ပါလာပြီးမှာ သံတံခါးမကြီးတွေ အထပ်ထပ် ဖြတ်ကျော်ပြီးမှာ တစ်နေရာမှ ကားကို ဆောင့်ရပ်လိုက်ပါတယ်။ ထောင်ဝါဒါမက ဒီတစ်ခါတော့ ကျွန်မ ကားပေါ်က အဆင်းကို ပျာပျာသလဲနဲ့ ကြိုစောင့်နေပါတယ်။ အော် ငါ့ကို ဆေးရုံနားရောက်လို့ ဂရုစိုက်တယ် မှတ်တယ်လို့ ထင်ပြီး သံလှေကားထစ်ပေါ်က အဆင်းလဲကျရော ခေါင်းစွပ်အပြာကြီးကို ခေါင်းက စွပ်ချလိုက်ပါတယ်။ စစ်ကြောရေးဝင်နေကြလိုပါပဲ ခေါင်းကနေ စွပ်ချထားတဲ့ အတွက် အရှေ့ကို မြင်အောင် လက်မထိပ်လေးနဲ့ အစွပ်ကို ကိုင်ပြီး ရှေ့တစ်လှမ်းစာကို ကြည့် လက်တစ်ဘက်က အထုတ်လေးကို ကိုင်ပြီး တရွတ်စွဲ လျောက်နေတဲ့ ကျွန်မကို လက်မောင်းရင်းကနေ ထောင်ဝါဒါမက ခပ်တွန်းတွန်း ဆွဲခေါ်လာပါတယ်။

ထောင်ဗူးဝကြီးတစ်ခုကို ခေါင်းငုံ့ပြီး အဖြတ်မှာတော့ မီးတွေ လင်းထိန်နေတဲ့ တိုက်တန်းလျားတစ်ခုရှေ့ကို ရောက်လာတယ်။ အဲ့ဒီ့မှာ တာဝန်ကျနေတဲ့ ထောင်ဝါဒါမကတော့ ကျွန်မတို့နဲ့ ရင်းရင်းနီးနှီးနေလေ့ရှိတဲ့ မထွေးထွေး ဖြစ်ပါတယ်။ သူက ရယ်ကာ မောကာနဲ့ ဟော သာလိကာ ဘာဖြစ်လာတာတုန်းတဲ့။ အရေးတယူမေးတဲ့သူရှေ့ ရောက်ကာမှ ငိုချင်စိတ် နည်းနည်း ပေါက်သွားတယ် ကျွန်တော် ဗိုက်အောင့်လို့ အစ်မ လို့ဆိုတော့ အေးအေး သက်သာသွားမယ်တဲ့ ထောင်ဆေးရုံကတော့ တက်ချင်တဲ့သူတွေ တန်းစီနေတာ ပိုက်ဆံပေးပြီးတောင် တက်ရတာ ဆိုပဲ။ ပြောပြောဆိုဆိုနဲ့ ကျွန်မကို လက်မောင်းကို သွေးပေါင်ချိန် ကိုယ်အလေးချိန် ပေါင်ချိန် စာရင်းတွေ မှတ် အသက်မေးတော့ ၁၉နှစ်လို့ ဖြေလိုက်တယ်။ စာရင်းမှတ်နေတဲ့ နှစ်ရစ်နဲ့ အဘွားကြီးက မျက်လုံး ပင့်ကြည့်တယ်။ ဟဲ့ ကောင်မလေး နင်ကလဲ လူကဖြင့် နှပ်ချေးတောင် မစင်သေးဘူး သေးသေးလေးနဲ့ ငါးည ဖြစ်ရသလားတဲ့။ နောက် ခေါင်းက ခါပြီးတော့ စာရင်းတွေ ဆက်မှတ် တယ်။

နောက် ပြီးပြီ လာ လိုက်ခဲ့ဆိုပြီး ခပ်ကိုင်းကိုင်းဖြစ်နေတဲ့ ကျွန်မကို ကန့်လန့်ကာကာထားတဲ့ အခန်းထဲကို ထည့်လိုက်ပါတယ်။ သံတံခါးနှစ်ဆင့် ခတ်ထားတဲ့အပြင် ကန့်လန့်ကာ အမည်းကြီးပါ ထပ်ကာထားတဲ့ အခန်းကျယ်ကြီးပါ။ ကုတင်လေးတစ်လုံးပဲ ရှိပါတယ်။ နောက် မိလ္လာကုလားထိုင်လို့ယူဆရတဲ့ ခုံတစ်လုံးရယ် ဒါပဲရှိပါတယ်။ ညီစို့စို့အနံ့ကြီးရယ် ပိုးသတ်ဆေးအနံ့ကြီးရယ် ရူရိုက်မိပြီး ဆိတ်ငြိမ်နေတဲ့ အခန်းကျယ်ကြီးကို ပတ်ချာလည် ကြည့်ပြီး ဘာရယ်မှန်းမသိ ကြက်သီးဖြန်းဖြန်းထသွားတယ်။

ဆေးဗန်းသေးသေးလေးထဲက ဆေးသေးသေးလေး နှစ်လုံးကို တိုက်ပြီး ကဲ အိပ်တော့ မနက် ဆရာဝန်လာရင် သေချာ ကြည့်ပေးလိုက်မယ်တဲ့။ အခန်းကျယ်ကြီးအလည်က ကုတင် သေးသေးလေးမှာ ကျွန်မ တစ်ယောက်တည်း ကျန်ရစ်ခဲ့ပါတယ်။ သံတံခါးနှစ်ထပ်ကို အဆင့်ဆင့် ဆွဲပိတ်ပြီး သော့ခတ်လိုက်တဲ့အပြင် ကန့်လန့်ကာကြီးကိုလဲ ဆွဲပိတ်လိုက်တဲ့ အသံ နောက် အားလုံး ငြိမ်သက် တိတ်ဆိတ် သွားပါတော့တယ်။ မီးလုံး နီကျင်ကျင်လေးအောက်မှာ ကုတင်ပေါ် ပက်လက်ကလေး အိပ်နေရင်း နောင်တ အကြီမ်ကြိမ်ရမိပါတယ်။ ကြောက်စိတ်က တဖြေးဖြေး လွှမ်းမိုးလာပါတယ်။ သေပါပြီ ဒုက္ခပါပဲ ငါတော့ အခုနေ သေသွားရင်တောင် လူသိမယ် မထင်ဘူး ငါ့ဘာသာ ငါ့အကျဉ်းခန်းထဲ ငါ့အခန်းဖော်နဲ့နေရင်တောင် အသေဖြောင့်ဦးမယ်လို့ တောင်စဉ်ရေမရတွေ တွေးမိပါတယ်။

နောက်မှ ဘုရားတရားကို အာရုံပြု ဘုရားဂုဏ်တော်တွေ ရွတ်ရင်းက ခေါင်းတစ်ခုလုံး လေးလေးကြီး ဖြစ်လာပြီး တဖြေးဖြေး မျက်တောင်က စင်းလာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတော့တယ်။

အိပ်နေရာကနေ ဆတ်ကနဲ ရုတ်တရက် ကုတင်ကို နောက်ကနေ ဆွဲဆောင့်လိုက်သလို ကုတင်ပေါ်က ပြုတ်ကျသလို အေးကနဲ ဖြစ်သွားပါတယ်။ မျက်စိနှစ်လုံးကို ဖြတ်ကနဲပွင့်တော့ ဘာဆို ဘာမှ မမြင်ရပဲ ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မည်းနေပါတယ်။ ခြေထောက်ကို စုံညှစ်ကိုင်ပြီး ဆွဲချနေသလို ခံစားရလို့ ခြေထောက်ကို ဆောင့်ကန်ပြီး ရုန်းထွက်တော့ တင်းတင်းညှစ်ထားတဲ့ လက်အစုံကို သတိထားမိသလို ဖြစ်ပြီး ကုတင်ခြေရင်းကို ခေါင်းမတ်ပြီး ကြည့်လိုက်တဲ့ အခါမှာတော့...

ကုတင်ခြေရင်းမှာ ဆံပင်စုတ်ဖွားနဲ့ ပုပုကွကွ ပုံစံ လူလိုလို မျောက်လိုလို မည်းမည်း တစ်ကောင် ပါးစပ်ကလည်း ၀ူးဝူးဝါးဝါး အော်နေတာ တွေ့လိုက်ရပါတယ်။ ကျွန်မ ခြေထောက်ကို စုံကိုင်ပြီး တစ်ခုခုပြောနေသလိုလို ဒါမှမဟုတ် ကျွန်မခြေအစုံကို ကုတင်ပေါ်ကနေ ဆွဲချဖို့လုပ်နေသလိုလိုပါပဲ။ ကြောက်စိတ်ထက် ဒါ့ ဘာ အကောင်ပါလိမ့် ဆိုတဲ့ စိတ်ကို ပိုပါတယ်။ ငါ အိမ်မက်မက် နေတာလား တကယ်လားလို့ အကြိမ်ကြိမ် ပြန်တွေး နေပါသေးတယ်။ တိတ်ဆိတ် မှောင်မည်းနေတဲ့ အခန်းကျဉ်း လေးကို ပြန်ကြည့်ပြီး ဘယ်နေရာ ရောက်နေ ပါလိမ့်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစား နေတုန်း အကျဉ်းအခန်းရဲ့ တစ်ဘက်ခြမ်းက အစောင့်ကျ ထောင်ဝါဒါ မတွေရဲ့ တီးတီုး စကားပြောသံ ကြားတော့မှ လက်ရှိအခြေအနေကို ပြန်ကျက်မိတော့တယ်။

အလို ငါ ဗိုက်အောင့်လို့ ထောင်မကြီးဆေးရုံရောက်နေတာပဲလို့ တွေးမိပြီး မအိပ်ခင် သူတို့ တွေ ကျွန်မကို တံခါးနှစ်ထပ်ခတ်ပြီး ကန့်လန့်ကာ ဆွဲချသွားတာကို ပြန်မြင်ယောင်လာတော့မှ ကုတင်ခြေရင်းက ပုဂ္ဂိုလ်ဟာ သူ့အလိုလို ရောက်နေတဲ့ သာမာန်လူမဟုတ်တဲ့ နာနာဘာဝလို အကောင် ပလောင် တစ်ကောင်ကောင် ဖြစ်မယ်ဆိုတာ တွေးမိပါတော့တယ်။ အဲ့ဒီ့တုန်းက ဖြစ်တဲ့ ကြောက်စိတ်ကိုတော့ ပြန်ပြောရမှာတောင် ကြက်သီးထမိပါရဲ့။

အဲ့တော့မှ ကြောက်စိတ်က ငယ်ထိပ်ရောက်သွားပြီး သူ ဆုပ်ကိုင်ထားတဲ့ ကျွန်မ ခြေထောက်ကို ဆောင့်ရုန်း လိုက်ပြီးမှ ငယ်သံပါအောင် အော်ပါတယ်။ အံ့သြဖို့ကောင်းလောက်အောင် ကျွန်မ အသံက လုံးဝကို ထွက်မလာပါဘူး။ ဘယ်ညာလူးလွန့်ဖို့ ကြိုးစားပေမယ့်လည်း လုံးဝကို လူပ်လို့မရပါဘူး။ ငါတော့ သေပြီ ဒီတစ်ခါတော့ ထောက်လှမ်းရေးရိုက်သတ်လို့ မသေပဲ ဗိုက်အောင့်လို့မသေပဲ သရဲခြောက်လို့ သေတော့မယ် ဆိုတဲ့ အတွေးက ပိုပြီး ကြောက်အားလန့်အားဖြစ်ပါတယ်။

ပိုပိုပြီး ကြောက်စိတ်က အရမ်းကြီးလာပြီး သူ့လက်က လွတ်အောင် ခြေထောက်ကို ဆောင့်ရုန်းလေ သူက ပိုပြီး တင်းကျပ် နေအောင် ဆုပ်ညှစ်လေ လုပ်နေရင်းကနေ ကုတင်ခြေရင်းကနေ အပေါ်ကို ၀မ်းလျားထိုး တက် လာပါတယ်။ ဆံပင်စုတ်ဖွား ဖားလျားကြီးနဲ့ မျက်စိက အ၀ိုင်းလိုက်ကြီး ပြူးနေတဲ့ သူ့ပုံစံကို အရမ်းလန့်သွားပြီး ထပ်ကာ ထပ်ကာ ငယ်သံပါအောင်ေ အာ် အားနဲ့ ဆောင့်ကန်လိုက်ပေမယ့် သူကတော့ နည်းနည်းမှ နောက်ဆုတ်မယ့်ပုံစံမရှိပါဘူး။

ပက်လက်ဖြစ်နေတဲ့ ကျွန်မတစ်ကိုယ်လုံးက အကြောသေ သလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်း အကုန်လုံး သေနေသလိုဖြစ်ပြီး အသက်လဲ လုံးဝ ရူမရတော့ပါဘူး။ အရမ်းမွန်းကျပ်လာပြီး ကူရာ ကယ်ရာမဲ့လာတဲ့အချိန် အသက်ပျောက်ပြီလို့ တွေးမိတော့မှ ဘုရား ဘုရားလို့ နုတ်က တမိမှ ဘုရားကို သွားသတိရပါတယ်။ ဘုရားဂုဏ်တော်တွေနဲ့ ပဌာန်း၂၄ပစ္စည်းကို တရစပ်ရွတ်လိုက်တော့ သူ ၀ူးဝူးဝါးဝါး အော်လိုက်ပြီး နောက်ကို ပက်လက်လှန် ပြုတ်ကျသွားပါတော့တယ်။

သူ့လက်ကလဲ လွတ်ရော ကျွန်မလဲ ကြုံးအော်လိုက်တာမှာ အသံထွက်လာပြီး လူလည်း လူပ်လို့ရပါပြီ။ ကျွန်မရဲ့ ငယ်သံပါအောင် အော်တဲ့ အသံကြားတော့မှ အပြင်ကလူတွေ လူပ်လူပ်ရှားရှားဖြစ်ပြီး အစောင့်ကျနေတဲ့ မထွေးထွေးမော်က အပြေးအလွှား တံခါးသော့တွေကို ဖွင့်ပြီး ၀င်လာပါတယ်။ ဘာဖြစ်လဲ ဘာဖြစ်လဲလို့မေးတော့ ဘာမှ မဖြေနိုင်ပဲ အသက်ရူသံပြင်းပြင်း ချွေးသံရဲရဲ ဆံပင်ဖားလျားနဲ့ ဖုတ်လိုက် ဖုတ်လိုက်ဖြစ်နေတဲ့ ကျွန်မကို ကြည့်ပြီး သူ တော်တော် လန့်သွားပါတယ် ဟဲ့ ဘာဖြစ်လဲ ဘာဖြစ်လဲလို့ ပုခုံးကို ဆောင့်မေးတော့မှ ကုတင်ခြေရင်းကို လက်ညိုးထိုးပြ လိုက်တယ်။ သရဲ ထင်တယ် အစ်မ သရဲလား မသိဘူး ကျွန်မခြေထောက်ကို လာဆွဲတယ်လို့ ပြောတော့ သူ မျက်နှာ သွေးမရှိတော့ပဲ ပါးစပ်အဟောင်းသားနဲ့ ကျွန်မကို ကြည့်ပြီး ချက်ခြင်း အပြင်ကို ပြန်ပြေးထွက် သွားပါတယ်။ အကျဉ်းတံခါးတောင် ပြန်ခတ်ဖို့ မေ့သွားပုံရပါတယ်။

နောက် သူနဲ့ တခြားဝန်ထမ်းတစ်ယောက် ချက်ခြင်း ပြန်ဝင်လာပြီး ရေတစ်ပုလင်း နဲ့ ဆေးသေးသေးလေးတွေ လာတိုက်ပါတယ်။ နောက် ပုတီးလေးတစ်ကုံး လာပေးပါတယ်။ ဘာမှမဟုတ်ဘူး ညီမက ပက်လက်လှန် အိပ်တော့ ဘီလူးစီးတာနေမယ်တဲ့ နောက်ပြီး နေမကောင်းလည်း ဖြစ်နေတာ့ အိမ်မက်ဆိုးတွေ မက်တာနေမယ် ဘုရားစာဆိုပြီး အိပ် အိပ်ယာ ပြောင်းရင်လည်း ဖြစ်တတ်တယ်ဆိုပြီး အဲ့အစ်မ မထွေးထွေးမော်က ကျွန်မ ဆံပင်ကို သပ်ပြီး ပြောပါတယ်။ ထောင်ဝန်ထမ်းတွေမှာတော့ သူမဟာ တော်တော်လေး ကြင်နာစိတ်ရှိသူ တစ်ဦးဖြစ်ပါတယ်။ နောက် မီးလုံး ဖွင့်ပေးထားပြီး သံတံခါးကို ပြန်ခတ်ပေမယ့် ကန့်လန့်ကာကိုတော့ ဆွဲမစေ့ပဲ သူတို့ကိုမြင်အောင် ထားထားပေးပါတယ်။

ကုတင်ပေါ်မှာ တစ်စောင်းခွေခွေလေး လှဲနေရင်းက ကျွန်မလည်း အဖြစ်အပျက်ကို ပြန်စဉ်းစားနေပါတယ်။ တကယ်ပဲလား စိတ်ထင်တာလားဆိုတာ သိပ်မသေချာပေမယ့် သေချာတာတော့ တစ်ယောက်တည်း သော့အထပ်ထပ် ခတ် ထားတဲ့ အပြင် ကန့်လန့်ကာ အထူကြီးပါ ပိတ်ကာထားတဲ့ ထောင်မကြီးဆေးရုံ တိုက်အကျဉ်းခန်းလေးထဲမှာ တစ်ယောက်တည်း နေရတဲ့ နေမကောင်းလွန်းလို့ ကိုယ့်ကိုယ်တောင် အနိုင်နိုင်သယ်နေရတဲ့ ဖြူဖျော့တော့ပြီးအသက်၂၀တောင် မပြည့်သေးတဲ့ မိန်းကလေးသေးသေးလေး အတွက်ကတော့ ဘယ်လိုမှ စိတ်ခွန်အားတင်းလို့မရအောင် သွေးပျက်ဖို့ ကောင်းလောက်အောင် ကြောက်စရာကောင်းတဲ့ အိမ်မက်ဆိုးတစ်ခု မက်ခဲ့တာပါပဲ။

ခုနက သရဲနဲ့ကိုယ်နဲ့ နပမ်းလုံးသလိုဖြစ်တာကို ပြန်တွေးပြီး ရင်တွေ တဒိန်းဒိန်းခုန်ပြီး မောပမ်းနွမ်းနွယ် လွန်းတာရယ် ဗိုက်အောင့်ထားတဲ့အရှိန်ရဲ့ နာကျင်မူရယ် နဲ့ အိပ်ဆေးလို့ယူဆရတဲ့ ဆေးသေးသေးလေးတွေ နောက်ထပ် လာတိုက်တာရယ်နဲ့ မျက်စိလေးပြီး ပုတီးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ခွေခွေလေး အိပ်မောကျသွားပြန်ပါတယ်။

ရုတ်တရက် လသားအရွယ်ကလေး ငိုသံစူးစူးဝါးဝါးကို ကြားလိုက်တော့မှ ခေါင်းက ဆတ်ကနဲ ထောင် ထလာပါတယ်။ ကြက်သီးတွေလည်း တဖြန်းဖြန်းထပြီး သရဲထပ်လာပြန်ပြီ ငါတော့ သေပြီ သေပြီ လို့ ထပ်တွေးမိပါတယ်။ နောက်ထပ် ကလေးသေးသေးလေးတွေ ငိုသံက အနားနားတင် ကပ်ငိုနေကြသလို ကြားနေရပါတယ်။ အဲ့အချိန်မှာတော့ လူက လူပ်လို့ရနေပါတယ်။ အသာလေး ခွေခွေလေး အိပ်နေရင်းက လုံးဝ မထပဲ ခေါင်းအုံးနဲ့ မျက်နှာအပ်ပြီး ဘုရားစာကို တတွတ်တွတ်ရွတ်နေမိပါတယ်။ နောက်မှ ကျွန်မ ဘေးကပ်ရက်က အခန်းက တဖြန်းဖြန်း ရိုက်သံတွေနဲ့အတူ အော်သံဟစ်သံတွေ ဆက်တိုက် ကြားရပါတယ်။

မနက်အိပ်ယာထပြီး မှောင်မည်းနေတဲ့ ကန့်လန့်ကာ ကာထားတဲ့ အခန်းကို ပတ်ချာလည် လှည့်လျောက် ကြည့်နေမိတဲ့အချိန်ကျမှ သံတံခါးဖွင့်သံ ကြားရပြီး အလင်းသဲ့သဲ့ဝင်လာပါတယ်။ ကျွန်မအတွက် ဆေးလေးတွေနဲ့ နို့တစ်ခွက် လာပေးပါတယ်။ တစ်ညလုံး ဗိုက်အောင့်နေပေမယ့် ဗိုက်ဆာလွန်းတာကြောင့် နို့ကို အငမ်းမရသောက်လိုက်တော့မှ အဖြူရောင် ပဲနို့အနံ့ရှိပေမယ့် ဘာအရသာမှ မရှိတဲ့ အရည်ကျဲကျဲ တစ်ခွက်ဖြစ်ပါတယ်။

ကျွန်မ နို့ကို ငုံ့သောက်နေတုန်း ထောင်ဝတ်စုံအဖြူဝတ်ထားတဲ့ ဆေးမူးတွေနဲ့ စစ်ဝတ်စုံပြည့် ၀တ်ထားတဲ့ ထောင်ဆရာဝန်တွေ ၀င်လာပါတယ်။ အော် နို့တွေ ဘာတွေ သောက်လို့ပါလားတဲ့ ကျွန်မကို ဗိုက်အောင့်တုန်း ပဲလားဆိုတော့ ခပ်သွက်သွက်ပဲ ခေါင်းရမ်းပြလိုက်ပါတယ်။ ကျွန်မနေကောင်းသွားပြီ ကျွန်မ ပြန်ပါရစေလို့ ပြောတော့။ သူတို့က ဟောကနဲ ထရယ်ကြပါတယ်။ ညည်းက အိမ်ပြန်ချင်တာလားတဲ့။ လောင်ရယ်သံဆိုတာ သိပေမယ့် အံကို တင်းတင်းကြိတ်ပြီး အိမ်ကို မပြန်ချင်တဲ့သူ ဘယ်သူရှိမလဲလို့ မေးလိုက်ပါတယ်။ အိမ်ပြန်လို့ရရင် အိမ်ပြန်ချင်ပါတယ် မရရင်တော့ ကျွန်မအရင်နေတဲ့ သီးသန့်ခန်းကိုပဲ ပြန်ပို့ပေးပါလို့ ပြောလိုက်ပါတယ်။ ထောင်မကြီးနဲ့ သီးသန့်ထောင်က သွားချင်တိုင်း သွား ပြန်ချင်တိုင်း ပြန်လို့ရတဲ့ နေရာမဟုတ်ဘူးကွ တဲ့ ဒီမှာ ထောင်ဆေးရုံတက်ချင်လို့ တန်းစီနေကြတာ ဟုတ်တယ်မဟုတ်လား ဆရာမ အနားယူစရာရှိတာ ယူတာမဟုတ်ဘူး ညည်းကလဲ ဒီမှာဆို ဆေးရုံစာ ထမင်းဟင်းရမယ် ရေနွေးရမယ် နို့သောက်ရမယ် ဆိုပြီး တဟားဟားရယ်နေကြပါတယ်။

ကျွန်မကို အသင့်ဆေးရည်ဖြည့်လာတဲ့ ဆေးတစ်လုံးထိုးပေးပါတယ် နောက် ဖြူဖြူဝါ၀ါ ဆေးလုံးတွေ ပေးခဲ့ပါတယ်။ ကျွန်မကိုတော့ မဟုတ်ပါဘူး အစောင့်ဝန်ထမ်းလက်ထဲကိုပါ။ သူတို့အားလုံး ပြန်ထွက်သွားတဲ့ အချိန်ကျတော့ ညိုညစ်ညစ်ထောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးလေးတစ်ယောက် မိလ္လာ လာချပါတယ်။ မတ်တပ်လေး လက်ပိုက်ရပ်နေတဲ့ ကျွန်မကို မသိမသာလေး စွေစောင်းကြည့်တော့ အဲ့လာသယ်တဲ့ အမျိုးသမီးလေးကို ထောင်အစောင့်က ခေါင်းကို ပိတ်ရိုက်လိုက်ပါတယ်။ ဟဲ့ နင်ကို မိလ္လာချခိုင်းတာ နင့်ကို လူကြည့်ခိုင်းတာမဟုတ်ဘူး ကိုယ့်ကိစ္စမဟုတ်တာ တော်တော်စပ်စုတယ် ဟုတ်လား နင့်ကို ပုံစံပေးရမယ်ဆိုပြီး ထွက်သွားကြပါတယ်။

ကျွန်မစိတ်ထဲ တော်တော်မကောင်းသလိုဖြစ်သွားတဲ့အပြင် သိလိုက်တာတစ်ခုကတော့ ကျွန်မ ဒီမှာ ရောက်နေတယ် ဆိုတာ ဘယ်သူ့ကိုမှ ပေးမသိစေချင်တဲ့ သဘောမှာ ရှိပါတယ်။ နောက် အစောင့်ကျ ၀န်ထမ်းမတစ်ယောက် ရောက်လာပြီး သော့ကို ပြန်ခတ်ပါတယ် ကန့်လန့်ကာကိုပါ ဆွဲချတော့ ကျွန်မက သူ့ကို ပြောပါတယ် မီးသီးအရောင်ပဲရှိတယ် နေ့ခင်းဘက်ကြီး ကျွန်မကို ပိတ်လှောင်မထားပါနဲ့ အပြင်ကို မကြည့်နဲ့ဆို မကြည့်ပါဘူးလို့ ပြောတော့ သူက ကျွန်မ ပြောတာကို ဘာမှ မပြောပဲ တံခါးကိုပဲ ဆောင့်ပိတ်သွားပါတယ်။

နောက် လူပ်လူပ်ရွရွ လူအသံတွေ ကြားလို့ ကျွန်မ အခန်းဘေးဘက်က ကန့်လန့်ကာလေးကို ဆွဲဖယ်ပြီး ကြည့်တော့ ဘာမှ မမြင်ရပါဘူး။ အဲ့တာနဲ့ ကုတင်ဘေးက မိလလ္လာချတဲ့သစ်သားခုံလေးကို ဆွဲပြီး အပေါ်ပြူတင်းပေါက်လို အပေါက်တစ်ပေါက်ကနေ ချောင်းကြည့်တော့မှ အုတ်ကန်ဘောင်ပေါ်မှာ ခပ်ချိုး ခပ်ချိုး ခပ်ချိုးလို့ အော်နေတဲ့ မိန်း မကြီးတစ်ယောက်နဲ့ အုတ်ရေကန်ကြီးဘေးမှာ လားလား ကိုယ်လုံးတီးပုံစံ ပုံစံလုံခြည် တိမ်လွှာပုဆိုးလေးတွေ ပတ်ပြီး တန်းစီ ရေချိုးချနေတဲ့ လူတန်းကြီးကို တွေ့ရပါတယ်။ သူတို့ဘေးမှာ တုတ်တိုလေးတွေကိုင်ထားတဲ့ ပုံစံအကျီဝတ်ထားတဲ့ ခပ်ကြမ်းကြမ်း မိန်းမကြီးတွေလည်း တွေ့ရတယ်။ အများစုက ပုံစံက ယောက်ကျားလျာလိုပုံစံတွေပါပဲ။ သူတို့ ဟိုလူ့ တုတ်နဲ့လိုက်ထိုးလိုက် ဒီလူ့ကျောကုန်း လိုက်ရိုက်လိုက် ခေါင်းကို ထုလိုက် လုပ်နေပါတယ်။ သူတို့ကို ဘယ်လိုပဲ လုပ်နေနေ အကျီတွေကို ခါးမှာ ပတ်ထားတဲ့ ထုံပေပေ ကြောင်စီစီပုံစံနဲ့ လူတွေကတော့ တရွေ့ရွေ့ ပါပဲ။

ကျွန်မ ဒီလိုမြင်ကွင်းမျိုး မြင်ဖူးလိုက်တာ မျက်စိကို မှိတ်ပြီး စဉ်းစားတော့မှ...ဂျူးလူမျိုးတွေ ရေနွေးငွေ့ ရေချိုးခန်းထဲဝင်ခါနီး ကိုယ်လုံးတီးတွေနဲ့ တန်းစီဝင်နေတဲ့ပုံစံနဲ့ တစ်ပုံစံတည်းပါပဲ။ အသက်ရူကျပ်လာပြီး နှလုံးခုန်သံ တဒိန်းဒိန်းကို ပြန်ကြားနေရပါတယ်။ချွေးစေးတွေ ပြန်လာပြီး ခေါင်းနပမ်းတွေ ကြီးလာပြီး ကျွန်မ လက်ဖျား ခြေဖျားတွေ အေးစက်လာပါတယ်။ အာခေါင်တွေပါ ခြောက်လာပါတယ်။ ကြက်သီးတွေလဲ တဖြန်းဖြန်း ထလာပါတယ် ပြန်ဆင်းတော့မယ်ဆိုပြီး အုတ်ဘောင်ကို တွဲဆုပ်ထားတဲ့ လက်ကို ဖြေချလိုက်တော့မလို လုပ်ပြီးကာမှ ကျွန်မ မျက်စိအစုံက ထောင်ဆေးရုံဘေး ကွင်းပြင်ပေါ်မှာ ကလေးသေးသေးလေးတွေကို ရုတ်တရက် လှမ်းမြင်လိုက်ရပါတော့တယ်။ ဒါဆို မနက်က ကြားရတဲ့ ကလေးငိုသံက ထောင်ထဲက အကျဉ်းသူတွေနဲ့အတူရှိနေတဲ့ သူတို့ရင်သွေးလေးတွေ ငိုသံပေါ့...ကျွန်မ မျက်စိအစုံကိုသာ ဖိမှိတ်လိုက်ပြီး လက်ကို လွှတ်ချလိုက်တဲ့ အချိန်မှာတော့ အောက်ကို တရွတ်ဆွဲပြုတ်ကျသွားပါတော့တယ်။

(မက်ခဲ့ဖူးတဲ့ အိမ်မက်ပို့စ်လေးကို ခြောက်ခြောက်ခြားခြားပြန်တင်ဖြစ်တယ်)

15 Comments:

Nge Naing said...

မဆုမွန်ရေ ဖတ်ရတော မောတောင်မောသွားတယ်။ ထောင်ဝန်ထမ်းတွေက ဘာဖြစ်လို့ ဒီလောက်တောင် စိတ်ကြမ်းပြီး အကြင်နာတရား နည်းရတာလဲ မသိဘူးနော့်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေမှ ဟုတ်ရဲ့လားမသိပါဘူး။

kiki said...

ဆုမွန် ထောင်ကျတဲ့ အရွယ်က တကဲ့ ကလေး လေး အရွယ်ပဲ ရှိသေးတာ ။။
ဒီလို အရွယ်လေးတွေလဲ ထောင်ချလို့ ရတယ် လား ။ အတော် လူမဆန် သူတွေပဲနော် ။
စိတ်မကောင်းစရာ ဒီလို အဖြစ်မျိုးတွေ ဘယ်လောက်တောင်များ ရှိနေကြအုံးမှာလည်း ။

မြန်မာပြည်သားများ အားလုံး ကျန်းမာချမ်းသာ ပျော်ရွှင် လွတ်လပ်ခြင်းများ အမြန်ဆုံး ရနိုင်ကြပါစေ ။

မြတ်လေးငုံ said...

ညီမလေး
ခုပို့စ်လေးကိုဖတ်ပြီးအမတော့လေ
မစမ်းမော်သူခလေးတွေကိုပြောတာ
သတိရလိုက်တယ်.။ခုသူတို့အောရီဂွန်
မှာသူ့ခလေးတွေကိုသူဆုံးမတိုင်း
ပြောလေ့ရှိတဲ့စကားလေးကတော့
ငါကမြန်မာနိုင်ငံရဲ့အဆိုးဆုံးထောင်
အင်းစိန်ထောင်ကထွက်လာတာနော်
ဘယ်သူမှမကြောက်ဘူး၊ဆိုပြီးအမြဲ
ပြောတယ်ဆိုပြီးအမကိုထက်ရာဇာက
ပြောပြလို့သဘောကျလိုက်ရတာလေ.။
ခုငါညီမလေးရေးထားတာကိုပြန်ဖတ်လိုက်
ရတော့ ညီမလေး အကြောင်းကိုရေးထားပေ
မယ့် ထောင်ဝါဒါမ တွေရဲ့ဆက်ဆံမှုတွေ
ကိုတော့လိုက်မမှီနိုင်ပါဘူးနော်.။စိတ်ကြမ်း
ကိုယ်ကြမ်း၊စိတ်ရိုင်း၊ကိုယ်ရိုင်းတွေပါ.။

Craton said...

မမချုရယ်.. တားငယ် စိတ်မကောင်းလိုက်တာ
း(
ဖတ်ပြီးတော့ ကြောက်လည်းကြောက် သနားလည်းသနား သူတို့တွေကိုလည်း သိပ်ရွံတာပဲ

မြစ်ကျိုးအင်း said...

ဒီပို့စ်လေးကိုဖတ်ဖူးသလိုပါပဲ
ထပ်ဖတ်တော့အရင်လိုပဲ နာကျင်ဝမ်းနည်းစရာ တွေ ဖြစ်ပေါ်လာမိတယ်ဗျာ ။
ဒီလိုအိမ်မက်ဆိုးကလူတိုင်း အမြန်ဆုံး နှိုးထနိင်ကြပါစေ။ လူမသိသူမသိနဲ့ ပျောက်ဆုံး သွားတဲ့ ဘဝတွေမရှိစေချင်တော့ပါဘူး

မဆုမွန် said...
This comment has been removed by the author.
မဆုမွန် said...

အစ်မတို့ရေ ဟုတ်တယ် ပြန်တွေးမိတိုင်းံခံစားချက်က အမြဲအသစ်ပြန်ဖြစ်တဲ့အကြောင်းတွေလေ.. တွန်လေး စိတ်ညစ်သွားလား မောင်လေး :( ဟုတ်တယ် ကိုမြစ်ကျိုးအင်းရေ ကျွန်မပို့စ်နှစ်ခုကို ပေါင်းတင်လိုက်တာလေ..

s0wha1 said...

အမ... အဲဒါ တကယ်သရဲလား။ အကောင်လား...

Thu said...

မဆုမွန်၊ ကျွန်တော် လည်း ဖတ်ပြီး စိတ်မကောင်းပါဘူး။
ဝတ်ကြွေး ရှိ လို့ ခံ ခဲ့ရ တယ်လို့ပဲ အောင်းမေ့ရမှာပေါ့ နော်။
မြန်မာ ပြည်မှာ က တရားစီရင်ရေး ယန္ဒယားကြီးတခု လုံးပါ အကျဉ်းကျနေတာလေ။

MieMie said...

ညှင်းပန်းနှိပ်စက် နေတဲ့ ထောင် ၀ါ ဒါ တွေ ကိုတော့
ဘယ် လို အ သည်း နှ လုံး နဲ့ များ လူ တွေ ကို
နှိပ် စက် ပါ လိမ့် လို့ ... ရင် ထဲ နာ ကျင် မိတယ် ........

mie nge

seesein said...

ရိုးရိုးလေး စဉ်းစားကြည့်ပါ
လူမဟုတ်တာ သေချာတယ်
ဘာနဲ့တူသလဲဆိုတော့ စိတ်ကြမ်း
ကိုယ်ကြမ်း၊စိတ်ရိုင်း၊ကိုယ်ရိုင်းတွေဆိုတော့ သိပ်ကိုသေချာလွန်းတယ်
ကျန်းမာပါစေ

ဝေလင်း said...

အရေးအသားကောင်းလွန်းလို့ ချီးကျူးချင်ပေမယ့် စိတ်မကောင်းဖြစ်တဲ့စိတ်က ပိုသွားတယ်။ ၁၉ နှစ်ဆိုတာ ကျွန်တော့် အခုအသက်နဲ့အတူတူပဲရှိသေးတာ။ ကိုယ့်ကိုယ်ကိုယ်တောင်ရှက်မိတယ်။ တကယ်လည်း စိတ်မကောင်းဘူး...

ခြေလှမ်းသစ် said...

အမရေ ဒါမျိုးတွေ များများရေးပါဗျာ ... ဒီကောင်တွေ ဘယ်လောက် ရက်စက်လဲဆိုတာကို နောက်မျိုးဆက် တွေ သိဖို့ လိုတယ်ဗျ ... အမလဲ ငယ်ငယ်ရွယ်ရွယ်နဲ့ တိုင်းပြည်အတွက် ပေးဆပ်လာခဲ့တာ စိတ်မကောင်းမိ သလို ဂုဏ်လဲ ယူပါတယ်ဗျာ

ရွှေရတုမှတ်တမ်း said...

အင်း....ထောင်တွေတဲမှာ သရဲရှိတာတော့အမှန်..
ထောင်ဝါဒါမတွေကို အပြင်မှာဆက်ဆံရတော့ပုံမှန်ပဲ..ထောင်ထဲရောက်သွားရင် ဘယ်လိုစိတ်ပြောင်းသွားကြသလဲတော့မသိဘူး

Naing said...

It is very good writing. It is sad story but I see the resilient and resistance.

There is a saying that "defiance action against strong brutality cannot give full assurance of victroy all the time, but the inner strength built within that person provides moral authority and promotes status with dignity. Every beating they make, you are winning morally."