ကျွန်မရိုက်မိအပြစ်ရှိသည်။။

သူတပါးကိုမတော်တဆပြုမူမိလိုက်ရုံ။ ထိမိလိုက်ရုံလေးနဲ့တောင် ကန်တော့။ကန်တော့။မတော်လို့ပါနော်လို့ တောင်းပန်စကားပြောဖို့ အမြဲ အဆင်သင့်ဖြစ်နေတတ်တာ မြန်မာလူမျိုးတို့ ချစ်စရာဓလေ့ထုံးတမ်းတခုဖြစ်တယ် လို့ မိတ်ဆွေနိင်ငံခြားသားတဦး မှတ်ချက်ချတာ ကြားဖူးပါတယ်။။

တကယ်တော့ တောင်းပန်တယ်ဆိုတဲ့ စကားလုံးဟာ ကိုယ်ရဲ့အပြုအမူ အပြောအဆို လုပ်ရပ်တစ်ခုဟာ သူတပါးအပေါ် ဆိုးကျိုးတစုံတရာ။ ထိခိုက်သက်ရောက်သွားရင် ကိုယ့်လုပ်ရပ်ဟာ အမှားအယွင်းဖြစ်သွားမှသာ သုံးကို သုံးသင့်တဲ့ စကားလုံးပါ။ ဒါပေမဲ့ ကိုယ်ကိုလာထိခိုက်စော်ကားတာကိုပဲ ပြန်တောင်းပန်ခဲ့ရတဲ့ အဖြစ်မျိုးကြုံခဲ့ဖူးပါတယ်။

“သူတို့ကတောင်းပန်မှကျေနပ်မယ်တဲ့ ဂျာနယ်ထဲမှာတောင်းပန်ရင်တောင်းပန်။မတောင်းပန်ချင်ရင် ရေးထားတဲ့အဲဒီ့ သတင်းထောက်ကိုယ်တိုင်လာတောင်းပန်ခိုင်းပါတဲ့။"

ထိုင်ခုံပေါ်မှာ မလူပ်မယှက် ထိုင်နားထောင်နေရင်းက ဆူဝေတက်လာတဲ့ ဒေါသသွေးတွေက မျက်နှာတပြင်လုံးကို ပူရှိန်းတက်လာစေပါတယ်။။ အေးစက်စက်မျက်နှာသေနဲ့ ပြောနေတဲ့ တာဝန်ခံ အယ်ဒီတာကို စူးစိုက်ကြည့်ရင်းက ငါဘာမှားခဲ့မိလို့ လဲ ဆိုတဲ့မေးခွန်းကိုပဲ အကြိမ်အကြိမ် ပြန်တွေးနေရင်းက စေးကပ်နေတဲ့ နုတ်ခမ်းက ရုတ်တရက်ဖွင့်မရ။ အံကိုတင်းတင်းကြိတ်ရင်းက ပြောမဲ့စကား အစရှာမရသေး။

“အေး ငါတော့ ဖုန်းထဲက တောင်းပန်ပြီးပြီ။။သူတို့ကညည်းကိုယ်တိုင် လာတောင်းပန်တာပဲ ကြားချင်တယ်တဲ့”။။
သူ့ရဲ့စကားသံအဆုံးမှာတော့ ဘယ်လိုမှဆက်ပြီး သီးခံလို့မရတော့ပါဘူး။

“နေပါဦး ကျွန်မဘာမှားခဲ့လို့ လဲ။ ကျွန်မရေးတဲ့သတင်းက သူတို့ ကိုတိုက်ရိုက် ဘာထိခိုက်စရာပါလဲ။ ဘာအတွက် တောင်းပန်ရမှာလဲ။”

ကျွန်မရဲ့အသံက ပေါက်ကွဲထွက်သွားတဲ့ဒိုင်းနမိုက်သံလို နည်းနည်းတော့ ရိုင်းကောင်းရိုင်းသွားနိင်ပါတယ်။ ရုတ်တရက်တော့ သူကြောင်သွားတယ်။ အမြဲလို ဆတ်ဆတ်ထိခံလေ့မရှိတဲ့ ကျွန်မကို လန့် သွားပုံလဲ ရတယ်။ ဆက်ပြီး
“ခင်ဗျားကတော့ လွယ်လွယ်နဲ့ တောင်းပန်စကား ပြောထွက်ရဲပေမဲ့ ကျွန်မဖက်ကတော့ ကျွန် မ မမှားတဲ့အတွက် ဘာအတွက်နဲ့ မှတောင်းပန်စရာမလိုဘူး။” ခပ်ပြတ်ပြတ် ပြောပြီးလှည့်အထွက်

“အေး ညည်းသိထားဖို့က အဲ့ဒီဂမ်းနက်ကုမဏီက အဖိုးကြီးမြေး ရှယ်ယာပါထားတာ။။ သူတို့မကျေနပ်ရင် ဂျာနယ် အချိန်မရွေး ပြုတ်သွားနိင်တယ်ဆိုတာ ထည့်စဉ်းစားဦး။"
နောက်ပါးက ကပ်ပါလာတဲ့ စကားသံ အဆုံးမှာတော့ ကျွန်မတကိုယ်လုံး အေးစက် တောင့်တင်း သွားပါတယ်။။

တကယ်တော့ ဒီအဖြစ်အပျက်က ရှင်းရှင်းလေးပါ။ အပွင့်လင်းဆုံးဝန်ခံရရင် စစ်အစိုးရရဲ့ အရာရာ ထိန်းချုပ်မူ အောက်မှာ သတင်းလိုက်ရတဲ့ ကျန်မတို့ သတင်းထောက်တွေအဖို့ မြင်လေရာတွေ့ လေရာ သတင်းဖြစ်ပေမဲ့ ရင်နာနာနဲ့ ကြည့်လိုက်ရတာမျိုးတွေ ရှိခဲ့တယ်။။

ကျွန်မတို့ သွေးအပျက်ဆုံးအချိန်ကတော့ စိစစ်ရေးကမူကြမ်း ပြန်ကျလာချိန်ပေါ့။ တခါတလေများဆို ဂျာနယ်တစ်စောင်လုံးနီးပါး မှင်နီတွေ ကြက်ခြေခတ်တွေ ရဲရဲတောက်ပြန်ပါလာတာမြင်ရင် နောက်ဆက်တွဲပြန် တင်နိင်ဖို့ အပြေးအလွား လူပ်ရှားကြရပြန်ပါတယ်။ တခါ အများပြည်သူတွေနဲ့ ဆိုင်တဲ့ သတင်းကို ပြည်သူ တွေကြားမှာ မေးခွင့်ရပေမဲ့ ရေးခွင့် ဖော်ပြခွင့် မရခဲ့တဲ့အခါ ခံစားရတဲ့ ဝေဒနာ။ နိင်ငံတကာနဲ့ ပြည်တွင်းက အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းတွေရဲ့ လူမူရေး ပညာရေး လူပ်ရှားမူတွေကို ရေးခွင့်မပေးခဲ့တာတွေလဲ တခါတလေမှာ ထူးပြီင်္း မခံစားချင်တော့တာလဲအမှန်ပါ။

အဲ့ဒီ့အထဲမှာမှ ၀င်ရထွက်ရအခက်ခဲဆုံး အမေးမြန်းရအခက်ခဲဆုံးကတော့ အစိုးရရုံးတွေပါပဲ။။
ပေးသတင်း တွေကိုသာ ပေးလေ့ရှိပြီး လိုက်သတင်းတွေကို အတည်မပြုပေးချင်တဲ့ ဌာနဆိုင်ရာရုံးတွေမှာ သွားရတဲ့ အခါ ဘောလီဘောပုတ်သလို တနေရာပြီးတနေရာ မေးမြန်းစုံစမ်းရတာ အသက်ထွက်မတတ်ပါပဲ။ အ၀င်တခါ အထွက်တခါ စစ်ဆေးခံရတာကတမျိုး ၀င်ခွင့်လက်မှတ်ထိုးရတာကတဖုံ ချိန်းပြီးရောက်လာကာမှ အရေးပေါ် အစည်းအဝေးတွေရဲ့ အန္တရာယ်တွေ ကြုံလာရဖန်များလာတော့ လက်ရှောင်မိတာပဲများတယ်။

ကြမ္မာငင်ချင်တော့ ဒီသတင်းကို လွယ်လွယ်ကူကူပဲရခဲ့တယ်။ ဒါကလဲ သူတို့ ရဲ့ ပြရုပ်ဖြစ်စေတဲ့ သတင်း ဖြစ်နေလို့ ပါ။ ရန်ကုန်မြို့လည်ခေါင် လူစည်ကားရာအရပ် ဆေးရုံ ကျောင်း လေဆိပ်သွားရာလမ်း စသဖြင့် လူမြင်ကွင်း နေရာတွေမှာ ဆေးလိပ် အရက်ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေကို လက်ရှိစာချုပ်သက်တမ်းကနေ ထပ်မတိုးပေးတော့ကြောင်းသတင်းပါ။

ကျွန်မသွားမေးခဲ့တာက ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ ကြော်ငြာဌာနစိတ်တာဝန်ခံ ဗိုလ်တဦးနဲ့ပါ။ ဒီသတင်းမှန်သလား။။ ဆိုင်းဘုတ်သက်တမ်း ဘယ်လောက်ထိရှိနေဦးမှာလဲ။။ ချက်ချင်း ဖြုတ်ချခိုင်းမှာလား။ ဘာတွေနဲ့အစားထိုးမှာလဲ။ စသဖြင့်မေးခွန်းတွေကို သူကိုယ်တိုင် အင်တာဗျူးလက်ခံပြီး လိုလိုလားလား ဖြေပေးခဲ့တယ်။ အဲ့အမိန့်ထုတ်တဲ့ ရုံးအမိန့်  ကြော်ငြာစာအမှတ်ကိုပါ မိတ္တူဆွဲ ပေးလိုက်ပါသေးတယ်။ သတင်းဓာတ်ပုံအနေနဲ့  ရိုက်ခွင့်ပြုတဲ့ နုတ်ခွင့်ပါတောင်းခဲ့ပါသေးတယ်။

အပြန်မှာ ဗိုလ်ချုပ်ဈေးနား မီးရထားဟိုတယ်ရှေ့က မြင်းလှည်းလေးနဲ့ စီးကရက်ကြော်ငြာဆိုင်ုးဘုတ်လေးကို မျက်စိကျပြီး ရိုက်ခဲ့မိတယ်။ ဆိုင်းဘုတ်အောက်ခြေနားမှာ ဂမ်းနက်ဆိုတဲ့ ကြော်ငြာကုမ္မဏီ အမည် စာတမ်းလေးကို ဖတ်မိလိုက်သေးတယ်။

ကျွန်မသတင်းဟာ အပတ်စဉ်ထွက်နေကျ စာစောင်ရဲ့ကျောဖက်စာမျက်နှာ၂ မှာပါခဲ့တယ်။။
ခေါင်းစဉ်ကို အစိုးရအမိန့် နဲ့ မကြာမီဖြုတ်သိမ်းခံရတော့မည့် ဆေးလိပ်ကြော်ငြာများ အဲ့ဒိလို ခေါင်းစဉ်ဆန်ဆန်ပေးခဲ့မိပါတယ်။

ဂျာနယ်ထွက်ပြီးနောက်နေ့ မှာပဲ ကျွန်မတို့ ရဲ့ တိုက်ကိုအဲ့ဒီ့ ကြော်ငြာကုမ္မဏီက ဖုန်းဆက်ပြီး ကြိမ်းမောင်း ပြောဆိုတော့တာပါပဲ။။ ကျွန်မရိုက်ခဲ့တဲ့ ဓာတ်ပုံမှာ သူတို့ ကြော်ငြာကုမ္မဏီ တံဆိပ်ပါတဲ့အတွက် မကျေနပ်ကြောင်း အဲ့ဒီ့သတင်းကြောင့် သူတို့ ကြေငြာ စီးပွားရေးထိခိုက်နိင်တယ် သူတို့ ရဲ့ခွင့်ပြုချက်မရပဲ ဆိုင်းဘုတ် ဓာတ်ပုံသုံးတယ်ဆိုပြီး တရားစွဲလို့ ရကြောင်းစသဖြင့် အမျိုး စုံအောင် ခြိမ်းခြောက်ပြောဆိုသွားတာပဲ ဖြစ်ပါတယ်။

တကယ်ဆို ကျွန်မကိုယ်တိုင် အဲ့ဒီဆေးလိပ်ကြော်ငြာတွေကိုကြည့်မရပဲ မျက်စိစပါးမွေးစူးနေတာကြာပါပြီ။
ကော့ကော်ကန်ကား မိန်းမပျိုလေးတွေနဲ့ အရက်ပုလင်းတွေ ဆေးလိပ်ကိုစတိုင် အမျိုးမျိုးထုတ်ပြီးသောက်ပြ ရူပြ လုပ်နေတာတွေကို အရွယ် မရောက်သေးတဲ့ ကလေးတွေ။ ဘုန်းကြီးရဟန်းတွေရှေ့ မှာ အမြင်မကောင်းအောင် လုပ်နေ ကြတာ ကြာပြီပဲ။

သတင်းထောက်ဆိုတာ ဘက်လိုက်မူကင်းရမယ်။။ ခံစားချက်မထည့်ရဘူးဆိုပေမဲ့ မြန်မာနိင်ငံလိုနေရာမှာတော့ ပြည်သူတွေဖက်ကို နည်းနည်းလောက်လေး ကောင်းနိင်မယ်ဆိုရင် စိစစ်ရေးလွတ်နိင်အောင်ရေးပြ ပြောပြပေးကြတယ်။ အဲ့ဒီသတင်းထဲမှာပဲ ထင်မြင်သုံးသပ်ချက်ပေးဖို့ ဆရာဝန်တယောက်ကိုမေးခဲ့တာ မင်နီမိပြီး ပြုတ်တယ်။ သူပြောခဲ့တာက ဒါမျိုးလုပ်သင့်တာကြာပြီ။ ဒီလိုကြော်ငြာဆိုင်းဘုတ်တွေဖြုတ်ရုံတင်မကပဲ လူထူထပ်ရာ နေရာတွေမှာ ဆေးလိပ်ကင်းမဲ့ဇုန်လုပ်သင့်တယ် စသဖြင့် ဝေဖန်ထောက်ပြခဲ့လို့ပါပဲ။

သတင်းကို အပြန်အလှန်ဖတ်နေတဲ့ အယ်ဒီတာချူပ်ရှေ့မှာ မတ်မတ်ရပ်နေရင်းက
“သမီး ဘယ်လိုသဘောရလဲ ဆရာကတော့ ဂျာနယ်ထဲကမတောင်းပန်နိင်ဘူး။ သတင်းကလဲမမှားဘူး။။ ဓာတ်ပုံထဲက ပုံစာအရဆိုလဲ သူတို့ကိုတစုံတရာဆိုးကျိုးသက်ရောက်မူဖြစ်စရာ စကားလုံးလဲမပါဘူး။။ဒီတော့ .............သမီးအမြင်က”

အယ်ဒီတာချူပ်ကို ခပ်စူးစူးစိုက်ကြည့်ရင်းက ၀မ်းနည်းစိတ်ဝင်လာတယ်။။

“ဆရာ သိလား အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်တွေ ကုမ္မဏီပိုင်ရှင်တွေရဲ့လက်သုံးစကားက ပုဂလိက ဂျာနယ်တွေကို အချိန်မရွေးပြုတ်သွားအောင် လုပ်ပစ်လို့ ရတယ်။ စာပေစိစစ်ရေးသွားတိုင်လိုက်ရုံပဲ။။
အဲ့ဒါ သူတို့ အသေကြောက်တယ် စသဖြင့်မခန့် လေးစား စော်ကားပေါင်းတွေများနေပြီ။ စာနယ်ဇင်းတွေကိုဆိုရင် စီးပွားရေး လုပ်ငန်းမှာ အရောင်းမြှင့်တင်ရေးပွဲမှာ တံစီုးလက်ဆောင်ပေးပြီး ကြော်ငြာရေးခိုင်းတာမျိုး မှာပဲ သုံးမယ်ဆိုပြီး ကျွန်မတို့ကိုတန်ဖိုးထား လေးစားတာမရှိဘူး။ အခုလဲ ကျွန်မအနေနဲ့ တောင်းပန်ရတယ် ဆိုတာ သတင်းသမားတွေအားလုံးရဲ့ သိက္ခာနဲ့ ဆိုင်တယ်။။ သူတို့ စိတ်ထဲမှာ ငါတို့ နည်းနည်း ခြောက်လိုက်တာနဲ့ လာဒူးထောက်တာပဲလို့ မမြင်စေချင်ဘူး ..

ကျမမှားရင်မှားမယ် အဲ့ဒီ့အမှားအတွက် ကျမခံပါ့မယ်ဆရာ ကျမ မတောင်းပန်ပါရစေနဲ့ အဲ့ဒီ့အတွက် ဆရာအလုပ်ကဖြုတ်ရင်ဖြုတ်ပါ။ ကျမတယောက်အတွက် အားလုံး ဒုက္ခမရောက်စေချင်ပါဘူး”။

စကားလုံးမစီပဲ ဆက်တိုက်ပြောချအပြီးမှာ အယ်ဒီတာချုပ်မျက်နှာ နည်းနည်းပျက်သွားပါတယ်။
ကျမသူ့ စိတ်ကိုမြင်လိုက်ရတယ်။ တကယ်တော့ သူ့စိတ်ထဲမှာဂျာနယ်ထဲမှာမတောင်းပန်ချင်ပေမဲ့ ကျမကိုတော့သွားတောင်းပန်စေချင်ပုံရပါတယ်။ သူ့ အလွန်မဟုတ်ပါဘူး။ အဖိုးကြီးမြေးရှယ်ရာဝင်ထားတဲ့ ကုမ္မဏီဆိုတာနဲ့ တင်သေလို့ရပြီလေ။ သူတို့ တွေဘုန်းမီးနေလတောက်ပနေချိန်မှာ လူကို ကားနဲ့ တက်ကြိတ် သတ်တောင် ဖမ်းဝံ့သူမှမရှိတာလေ။။

ကျမအဖြစ်က ခွေးရူးအမြီးသွားဆွဲမိနေပြီပဲ။ နှစ်ယောက်စလုံး အတန်ကြာငြိမ်နေကြရင်း အတွေးကိုယ်စီ ရှိနေခဲ့ကြတယ်။ နောက်မှ သူ သက်ပြင်းရှည်တချက်မူတ်ထုတ်ရင်း

“အေးအေး သမီးလုပ်စရာရှိတာသွားလုပ် ဆရာကြည့်စီစဉ်လိုက်မယ်တဲ့။

အနည်းငယ်အိုစာသွားတဲ့ဆရာမျက်နှာကိုကြည့်ရင်းကျမရင်ထဲမှာလေးလံနေဆဲပါ။
ကျမစိတ်ထဲမှာ မှားနေလားဆိုတဲ့ မတင်မကျ အတွေးက ဖျောက်ဖျက်မရသေး။

ဒါပေမယ့်..တောင်းပန်ခြင်းဆိုတာ ကိုယ်က အမှားပြုလုပ်မိခြင်းကြောင့်ပဲဖြစ်ရမယ်.ဆိုတဲ့ ဆုံးဖြတ်ချက်က ပိုခိုင်မာတယ်။

လအတန်ကြာဘာဆိုဘာမှထပ်မကြားရတော့ပဲ ကိုယ့်အလုပ်ကိုယ်ပဲအာရုံစိုက်လုပ်နေရင်းက လမ်းမှာ ကြော်ငြာလုပ်ငန်းတာဝန်ခံဖြစ်နေတဲ့ ကျောင်းနေဖက်သူငယ်ချင်းတယောက်နဲ့ မထင်မှတ်ပဲဆုံမိကြတော့

“နင်ကဒီဂျာနယ်ကလား ငါတို့ကောင်းကောင်းသိတာပေါ့။ ငါတို့ဘော့စ်တွယ်လိုက်တာလေ။ နောက်ဆုံး အဲ့ဒီဂျာနယ်က အယ်ဒီတာချူပ်ကိုယ်တိုင် လာတောင်းပန်သွားရတယ်။ သူလာနေတုန်း ငါတို့ဘော့စ်က ဘာအလုပ်မှမရှိပဲ နှစ်နာရီ လောက်ထိုင်စောင့်ခိုင်းလိုက်သေးတယ် နောက် သူ့ကို ဆုံးမတာ တစ်နာရီလောက်ကြာတယ်"

ရင်ထဲ ပူခနဲဖြစ်သွားပါတယ်။ မျက်လုံးတွေပါ ပြာထွက်သွားပါတယ်။ ကမ္ဘာကြီးတခုလုံး ပြောင်းပြန် ဇောက်ထိုးဖြစ်သွားသလို ချောက်ကမ်းပါးထက်က ပြုတ်ကျသွားသလို အေးခနဲ ဟာခနဲ လေဟာနယ်ထဲ လွင့်ပါသွားပါတော့တယ်။

ငါကြောင့် သူများ.ခံရတယ် ငါမှားသွားပြီဆိုတဲ့အသိက ရင်ကိုပြင်းပျစွာ လောင်ကျွမ်းစေတယ်။ ငါ့ကြောင့်ဖြစ်ရတာဆိုတဲ့အတွေးမှာ ကိုယ့်ကိုကိုယ်ခွင့်မလွတ်ချင်။ ငါလုပ်တဲ့အမူ ငါဖြေရှင်းရမှာကို .ဒါပေမယ့် သူက တာဝန်ခံအယ်ဒီတာ..ငါကရော..ကာယကံရှင်.. ငါလွန်သလား သူလွန်သလား ဘယ်သူ့အမှားလဲ.......

မှားခြင်း မှန်ခြင်း အစွန်းနှစ်ဖက်မှာ တောင်းပန်ခိုင်းခြင်းဆိုတာ တဦးကတဦးကို ခွင့်လွတ်စေချင်တာ တခုထဲမှ ဟုတ်ရဲ့လား။

လိပ်ပြာတခုတော့သန့်ချင်ခဲ့တာအမှန်ပါ။

ဒါပေမဲ့ ဘယ်လိုဖြေဖြေမပြေနိင်တဲ့အဖြစ်တခုရှိခဲ့ဖူးတာတော့သေချာပါတယ်။

(ပြည်တွင်းသတင်းဂျာနယ်တစ်ခုမှာ သတင်းထောက်လုပ်ခဲ့စဉ်က အဖြစ်အပျက်တစ်ခုကို မှတ်မှတ်ရရ ဆောင်းပါးရေးဖြစ်တယ်.. Mizzima သတင်းဌာန ၀ပ်ဆိုဒ်မှာ ဖော်ပြပီးဖြစ်ပါတယ် အခု သတင်းထောက်တွေကို နှစ်ရှည်ထောင်ဒဏ်တွေချနေတာကို ကြားရပြီး စိတ်ထိခိုက်စွာဖြင့် ပြန်တင်ဖြစ်တဲ့ ပို့စ်လေးပါ။)

6 Comments:

kiki said...

မဟုတ် မခံ မဆုမွန်ရဲ့  စိတ်ဓါတ်ကို လေးစားပါတယ် ။ ဆုမွန်ရဲ့ ဆရာ လုပ်ဆောင်ချက်ကိုလည်း လေးစားမိပါတယ် ။ ကိုယ်မမှားပေမဲ့ ၊ မှားတဲ့သူကို ပြန် တောင်းပန်ရတဲ့  အခြေအနေမှာ ဘယ်လောက်များ ခံရခက်ခက် နဲ့ ခံစားလိုက်ရမလည်း ။
ဆုမွန်ပြောသလိုပဲ နော် ။ ခွေးရူး အမြှီးသွားဆွဲ မိသလိုမျိုး ။ မြင်မြင်ရာ လျှောက်ကိုက်နေကြတဲ့  ခွေးရူးတွေ လေ ၊ သူတို့ နဲ့ ပြန်ဖက်ကိုက်ဖို့ ရာကလည်း မတန်ပါဘူး လို့ပဲ့ သဘောထားရတော့မယ် ။

Nge Naing said...

မဆုမွန်ရေ သေသေချာချာ ဖတ်သွားပါတယ်။ ပြည်တွင်းက စာနယ်စင်းတွေ အလုပ်လုပ်ရတဲ့ အခက်အခဲ အကြပ်အတည်းကို ကောင်းကောင်း မြင်တွေ့ရပါတယ်။ ပို့စ်ပြန်တင်တာ စိတ်လာလို့ ၀မ်းသာပါတယ်။

Craton said...

မဂျီးချုစာတွေဖတ်ဖတ်ပြီး သက်ပြင်းချည်းပဲ ချချမိနေတယ်

ourstream said...

ခံပြင်းဖို့ကောင်းလိုက်တာ...။အယ်ဒီတာချုပ်ကိုလဲ
လေးစားမိတယ်...။

zaw pauk said...
This comment has been removed by the author.
Demoniac said...

သူတို့ ရင့်သီးပေမယ့် မှားတယ်လို့တော့ ဆိုလို့မရပါဘူး.. အမက သူတို့ boradကို သတင်းထဲမှာသုံးဖို့ ခွင့်ပြုချက်ကို သူတို့ဆီကမယူမိတာဖြစ်တဲ့အတွက် သူတို့ လိုဂိုကြီးကို ဖျက်ပေးသင့်ပါတယ်... ကျနော်က advertising လုပ်နေတဲ့သူပါ.. ကျနော့် board ဆိုရင်လည်း အမကို စိတ်ကွက်မိမှာအမှန်ပါပဲ.. အဆိုးဘက်ကတင်ပြထားတဲ့ သတင်းထဲမှာ ကိုယ့် company အမှတ်တံဆိပ်ပါနေတဲ့အတွက်.. အနည်းနဲ့အများ company image ကိုထိခိုက်တယ်လို့ ယူဆလို့ပါပဲ.. အယ်ဒီတာချုပ်အတွက် တော့ စိတ်မကောင်းဖြစ်ရပါတယ်..။