ခရီးသွားတစ်ယောက်ရဲ့ အိမ်ပြန်ချိန် အလွမ်း

"ဟဲလို အဖေကြီး သမီးပါ နေကောင်းလား အဖေ. အဖေ သမီး အသံကြားလား အဖေကြီး အဖေကြီး " လို့ တတွတ်တွတ်ခေါ်နေတဲ့ ကျွန်မအသံအဆုံးမှာ .အသက်ရူသံခပ်ပြင်းပြင်းနဲ့အတူ "ဆုမွန် သမီးကြီး လား သမီးကြီး နေကောင်းလား.". တစ်ခါတစ်ခါ အိုစာလာတဲ့ အဖေ့အသံ လေးလေး အောအောကြီးက နားစည်ကို လာရိုက်ခတ်တယ်။

"ဟုတ် အဖေကြီး သမီးနေကောင်းတယ် သမီး အားလုံးအဆင်ပြေတယ် သိလား သမီးကို စိတ်မပူနဲ့နော်" စကားသံရဲ့ အဖျားမှာ ငိုသံပါကြိးနဲ့ ပြော မိသွားတာ ကိုယ့်ဘာသာ သတိထား မိ လိုက်တယ်။ အခုချိန်အထိ အိမ်နဲ့ စကား ပြောတိုင်း အလိုလို ငိုချင်စိတ် ပေါက်တာ မျက်ရည် ကျချင် တာ လုံးဝကို ထိန်းမရသေးပါ။

ရင်ထဲက ဆို့နစ် နာကျင်စွာနဲ့ နာကျင်မူက အခုထက်ထိ မွန်းကျပ်ကျပ် ခံစားရတာ မိသားစုနဲ့ ဝေးကတည်းပါပဲ။ ပြီးခဲ့တဲ့လက အဖေ ကိုယ်တစ်ခြမ်း လေဖြန်းသွားတယ် ကြားတဲ့အခါ ဆောက်တည်ရာမဲ့ အလူးအလူးအလိမ့်လိမ့် ငိုကြွေးမိတယ်။ အဖေသာ တစ်ခုခုဖြစ်ရင် အမေသာ တစ်ခုခုဖြစ်ရင် ငါသာ ဒီမှာ တစ်ခုခုဖြစ်ရင် မြင်တောင် မြင်ကြရပါ့မလား ဆိုတဲ့ အတွေးက နှလုံးကို နာကျင် ပြင်းထန်လွန်း လှစေတယ်။ အိမ်ကလူတွေ တစ်ခုခုဖြစ်တယ် ကြားတိုင်း မျက်ရည်က အလိုလိုကျတဲ့ စိတ်က အခုထိ ချူပ်ထိန်းလို့မရ။ တစ်ခုခုသာဆို ငါမြင်ရပါ့မလား ငါသေရင်ရော သူတို့ ငါ့အလောင်းတောင် မြင်ရပါ့မလား ဆိုတဲ့ အသိက နာကျင်လွန်းလှတယ်။


မိုးတွေခြိမ်းရင်သေလုမျောပါး အရမ်းကြောက်တတ်တဲ့ ကျွန်မကို ညီမလေးက မမကြီးသိလား အဖေကြီးကလေ မိုးတွေရွာရင် အိမ်ရှေ့ခန်းမှာ ထွက်ပြီး ငူငူကြိးထွက်ထိုင်နေတော့တယ်။ အခုချိန်လောက်ဆို မိုးတွေ အရမ်းခြိမ်းရင် ငါ့သမီးကြီး ကြောက်နေတော့မယ်တဲ့။ အဖေက သားသုံးယောက်နောက်မှာ မွေးလာတဲ့ ကျွန်မကို သမီးဦးမို့ အရမ်းချစ်ပါတယ်။ အိမ်မှာ အဖေ့ကို စောဒကအတက်ဆုံး အဖေပြောတာကို အပြန်အလှန် ဆွေးနွေးရဲတာ ကျွန်မပဲဖြစ်သလို အဖေကလဲ သေသေချာချာရှင်းပြတတ်တာ သမီးကြီး ကျွန်မကိုပါပဲ။ သားတွေကို စိတ်တိုင်းမကျတိုင်း အားကိုးရမယ့် သမီးကြီးလို့ အမြဲတမ်း ပြောတတ်တဲ့ အဖေကြီးပါ။

ဒါပေမယ့် သားသုံးယောက် က ရပ်ကွက်ရုံးလောက်ပဲ ရောက်ဖူးပေမယ့် သမီးဦး ကျွန်မအလှည့်ကျမှ ထောင်ကျနေတဲ့ သမီးအတွက် ထောက်လှမ်းရေးရုံးကို ထောင်ဝင်စာပို့ရတဲ့အဖေနဲ့အမေကို ကျွန်မ အခုထက်ထိ စိတ်မကောင်းဖြစ်နေတုန်းပါပဲ။ မနက်မိုးမလင်းခင်ကတည်းက ထောင်ဝင်စာပို့ဖို့ ထောက်လှမ်းရေးရုံးကို သွားရတဲ့အဖေနဲ့အမေ။ ပါဆယ်ထုတ်မပေးလိုက်ရမှာစိုးလို့ မိုးလင်းကတည်းကနေ နေ့ခင်း သုံးနာရီ လေးနာရီ လောက်အထိ အစားထွက်မစားရဲပဲ ဗြောင်ကြီး ငုတ်တုတ်ထိုင် စောင့်ခိုင်းတာ ခံရတဲ့ အမေနဲ့အဖေ။ အသက်ကြီးမှ ထောက်လှမ်းရေးတွေရဲ့ အခြိမ်းအခြောက် ခံခဲ့ရတဲ့ အမေနဲ့အဖေ။ ဒီအဖေနဲ့အမေကို ဒီတစ်သက်ပြန်မှ မြင်ရပါ့မလား ဆိုတဲ့ အသိက တော်တော် နာကျင်စေပါတယ်။

ကျွန်မ ငယ်ငယ်က စကားလည်း စောစောအပြောတတ်မြန်သလို လမ်းစောစောလျောက်တတ်ကတည်းက မြင်မြင်ကရာ တုတ်နဲ့လိုက်ထိုး ပုဇဉ်းမြင်သတ် လိပ်ပြာမြင်ညှစ်။ ပိုးဟတ်မြင် လိုက်နင်း။ ''ပုရွတ်တွင်းလေးတွေ ပုရွတ်အိမ်တွေကို ရေလောင်းလို့ ဥလေးတွေချီပြိး ပုရွတ်ဆိတ်တွေ တန်းစီပြေးရတာ။ ပျားအုံ တုတ်နဲ့ထိုးလို့ ပျားတွေ တောင်ပံဦးတည့်ရာ ပြေးရတာ။ ကြွက်သိုက်ကို သွားဖွပြီး ကြွက်ပိစိလေးတွေနဲ့ သူ့အမေကို ခွဲပြီး အမိုက်ပုံသွားလွှင့်ပစ်တာ။ စာကလေးသိုက် သွားသွားနိုက်လို့ စာပိစိလေးတွေနဲ့ စာမကြီး အသံ စာအောင် အော်ဟစ်ပြီး ငိုကျွေးတာ။. ဂဏန်းလေးတွေ ပေါက်စမှာ ဂဏန်းမကြီးကို ဥခွံတန်းလန်းနဲ့ လက်မဖြတ်တာ။ ခွေးသားအုပ်မတွေ တပျော်ကြီးပေါက်လို့ ဝေခြမ်းရေး တာဝန်ခံလုပ်ခဲ့တာ။ ကြောင်မကြိး သားမခွဲခင် ကြောင်ပေါက်စလေးတွေကို အိမ်ပေါက်စေ့ နေရာချထားရေးလုပ်မိတာတွေ သတ္တ၀ါအစုံ လိုက်နှိပ်စက်ပေမယ့် တီကောင်မြင်တာနဲ့ ငယ်သံပါအောင် အော်ပြေးတာ ဒါပေမယ့် ငါးကန်ထဲ တီစာကျွေးတဲ့အလုပ်ကို ၀မ်းသာအားရ လက်ခံပြီး ကျွေးတာ စသဖြင့် ကျွန်မ ငယ်ငယ်က တိရစ္တာန်ညှင်းပန်းနှိပ်စက်ရေး တာဝန်ခံလုပ်ခဲ့လို့ အခုချိန်မှာ အခုဘ၀မှာ အကုသိုလ်တွေ အပေါင်း အသင်းနဲ့ လာနေရော့သလားလို့တောင် တွေးမိပါတယ်။

ဖုန်းသံတူကနဲ ကြားရတာနဲ့ သမီးကြိးပါ အဖေ အဖေကြီးနေကောင်းလား မင်းအမေနဲ့ပြောလိုက်ဦး သမီး အဖေကြိး ကို ဂရုစိုက်နော် အမေ အမေ အမေကြီးရော နေကောင်းလား အိမ်က လူတွေ နေကောင်းကြလား..သမီးကြီး နေကောင်းလား သမီး ကျမ်းမာရေးဂရုစိုက်နော် အစားမှန်မှန်စားနော် ရေစိမ်မချိုးနဲ့နော် ဆေးသောက်နော် မေးခွန်းတစ်ခုတည်းကိုပဲ မေးနေတဲ့ ထပ်ခါ တလဲလဲ စကားသံတွေကြားမှာ အပြန်အလှန် စိုးရိမ် ပူပင်သောကတွေ မေတ္တာတရားရဲ့ လွှမ်းခြုံမူကို သတ္တုကြိုးရဲ့ တုန်ခါမူနဲ့အတူ ရင်ခုန်သံချင်းနီးစပ်နေနိုင်ခဲ့တယ်။ အဝေးရောက်သမီးကြီးအပေါ် အိုမင်းလာတဲ့ မိဘတွေရဲ့ ထူးခြားလာတဲ့ တစ်ခုကတော့ ကိုယ့်ကို အားကိုးတကြီးနဲ့ တိုင်တည်လာတတ်မျိုးပါ။ ကိုယ့်ကို ယုံကြည်အားကိုးစွာနဲ့ အရာရာတိုင်ပင်လာတာ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို ယူချင်တာတွေက ပိုပြီးဝမ်းနည်းလာစေပါတယ်။ ကိုယ့်ကိုဆူတဲ့ ကိုယ့်ကို ရိုက်မယ့် အမေနဲ့အဖေ့ရဲ့ ဆူပူကြိမ်းမောင်းသံကို ပြန်တမ်းတလာမိတယ်။

စက္ကန့်နဲ့အမျ ဈေးကြီးလွန်လွန်းတဲ့ မိနစ်ငွေတွေ တတစ်တစ် ကုန်နေလို့ ပြောချင်တဲ့ စကားတွေကို အလုအယက်ပြောနေကြပေမယ့် နှစ်ဘက်စလုံးက အလွန်အမင်း သိချင်တဲ့ မေးချင်တဲ့ မေးခွန်းကို မမေးမိအောင် ကြိုစားနေကြတယ်။ အဲ့တာကတော့ သမီးကြိး ဘယ်တော့ ပြန်လာမလဲဆိုတာရယ် သမီး အိမ်ကို ပြန်လာမယ် ဆိုတဲ့ စကားလုံးပါပဲ။

“ဟိုးလွန်ခဲ့တဲ့ ၁၂နှစ်က. တစ်ဘက်တစ်ချက် အခြွေအရံတွေနဲ့ ကာရံပြီး .ကြွပ်ကြွပ်အိတ်လေးတစ်လုံးနဲ့ တန်းပေါ်က အ၀တ်တွေကို ဆွဲပြီး ထိုးကြိတ်ထည့်ထားတဲ့ ကျောပိုးအိတ်လေးတစ်လုံးကို လက်က ကိုင်ပြီး အိမ်က ဆင်းတော့ အမေက အိမ်တိုင်ကို မှီပြီး သမီးရေ တရားစခန်းဝင်သလို သဘောထား ဘုရား တရား မမေ့စေနဲ့နော်လို့ မှာလိုက်တယ်။

ဟုတ်ကဲ့ပါ အမေ လို့ ပြောခဲ့တယ် အိတ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ပီး မျက်နှာလွှဲလိုက်တဲ့အချိန် မှာတော့ မိဘအရိပ်က ခွာရပြီဆိုတဲ့အသိနဲ့ ၀မ်းနည်း အားငယ်စိတ်က ထိန်းမရ ရှေ့မှာ ဘာဆက်ဖြစ်မယ်မသိ။

၂၆ စစ်ကြောရေးစခန်းမှသည် အင်းစိန်ထောင်သို့အ၀င်ခရီးအစပေါ့ ပြန်ရက်မသိ..

လွန်ခဲ့တဲ့ ငါးနှစ်က အ၀တ်လေးတွေ သပ်သပ်ရပ်ရပ်စီပြီး ထည့်ထားပေးတဲ့ကျောပိုးအိတ်လေးကို ပုခုံးနှစ်ဘက်မှာ မျပိုး လွယ်ရင်းက ငူငူကြီးရပ်နေတဲ့ အဖေနဲ့ အမေ့ ခြေအစုံကို ဦးခိုက်ပြိး ကန်တော့တဲ့အခါ မျက်ရည်ပူတွေက ပိုးပိုးပေါက်ပေါက်ကျနေခဲ့တယ်။ အဖေက မျက်နှာကြီးအိုပြီး ဘာတစ်ခွန်းမှ မပြောပေမယ့် အမေကတော့ လေသံအေးအေးလေးနဲ့ ဘုရားတရားမမေ့နဲ့နော် သမီးတဲ့။

ဟုတ်ကဲ့အမေလို့ ပြောပြီး ကျောပိုးအိတ်ကို တင်းတင်းဆုပ်ပြီး မျက်နှာလွှဲလိုက်တဲ့အချိန် မိဘအရိပ်က ခွာရပြီဆိုတဲ့အသိနဲ့ ၀မ်းနည်း အားငယ်စိတ်က ထိန်းမရ ရှေ့မှာ ဘာဆက်ဖြစ်မယ်မသိ။

မင်္ဂလာဒုံလေဆိပ်မှသည် ထိုင်းနိုင်ငံသို့အ၀င် ဘ၀ခရီးအစပေါ့ ပြန်ရက်မသိ..

ကျောပိုးအိတ်ထဲကို အ၀တ်တွေ စီထည့်ရင်း ဘာကျန်သေးလည်း အခန်းကို လှည့်ပတ်ကြည့်လိုက်တယ် ဘုရားစင်ကို ထိုင်ကန်တော့လိုက်တယ် နောက်ပီး ကျောပိုးအိတ်တစ်ဖက် ကွန်ပျူတာအိတ်တစ်ဖက် ကင်မရာအိတ်တစ်ဘက် ရူးဖိနပ်လေးကို တင်းတင်းချည်ရင်း အခန်းတံခါးကို ဆောင့်ပိတ်လိုက်တဲ့အခါ နုတ်ဆက်သူမရှိတဲ့ အခန်းကျဉ်းလေးကို တွေတွေလေး ရပ်ကြည့်မိတယ်။ နောက် ချာကနဲလှည့်ထွက်ခဲ့တယ်။

ဘန်ကောက်အဝေးပြေးကားဂိတ်မှသည် ထိုင်းနိုင်ငံခရီးစဉ်...ပြန်ရက်က ကိုယ့်သဘောမှာ မူတည်တယ်။

ကိုယ့်ယုံကြည်ချက်နဲ့ သွားခဲ့ရတဲ့ခရီး ကိုယ့်ရပ်တည်ချက်နဲ့ သွားခဲ့တဲ့ခရီး ကိုယ့်ခံယူချက်နဲ့သွားခဲ့တဲ့ ခရီးသွားချင်လို့သွားခဲ့တယ် ဟိုးအဝေးဆုံးကို .........ပြန်ချိန်မသိ ပြန်ရက်မသိ အသေပြန်ရမယ်မသိ ရှင်လျက်ပြန်ရမယ်မသိ....ကိုယ်ရွေးချယ်ခဲ့တဲ့ ကိုယ့်ဘ၀လမ်းတွေ..အိမ်ပြန်ချင်တယ်လို့ မပြောကြေးတဲ့ကွယ်

မျက်ရည်တွေက အရှေ့လမ်းကိုေ၀၀ါးစေနေတယ် မျက်တောင်ကို တဖျတ်ဖျတ်ခတ်လိုက်တော့ အမြင်က ကြည် သလို ဝေသလို ၀ါးသလို ......အနာဂတ်က ရှေ့မှာ ဘာကြီးမှန်းမသိ ကြိုစောင့်နေလေရဲ့

ဒီလိုပဲ တရွေ့ရွေ့ဝေးကွာသွားမယ့် ကိုယ့်နောက်ကျောကို ရပ်ကြည့်နေတဲ့ အဖေ အမေ. ညီအစ်ကိုမောင်နှစ်မတွေရော..ကိုယ့်ကိုကြည့်ရင်း ဘာတွေ တွေးနေကြမယ်မသိ

ဘာပဲဖြစ်ဖြစ် မနက်ဖန်ကို သမီးယုံတယ် အဖေ တစ်နေ့ အဖေနဲ့အမေ့ဆီကို အပြေးပြန်နိုင်တဲ့ သမီးဖြစ်အောင် ကြိုးစားမယ်လို့ ကြုံးဝါးရင်းက ..ငါ ဒီတစ်သက် အသက်ရှင်လျက်မှ ပြန်မှ ပြန်ရပါ့မလားဆိုတဲ့ စိုးရိမ်စိတ်က ဝေေ၀၀ါးဝါး တကယ့်ကို မူန်ဝါးဝါး................

13 Comments:

tg.nwai said...

ညီမလေးရေ...ဖတ်ရတာ စိတ်ထဲမကောင်းဘူး... အကြောင်းအမျိုးမျိုးကြောင့် အိမ်နဲ့ ဝေးနေတဲ့သူတွေရော..ခရီးသည် အဝေးရောက်သားသမီးတွေကို လွမ်းဆွတ်နေကြတဲ့ မိဘတွေရော...အားလုံးအားလုံး ပျော်ရွှင်ချမ်းမြေ့စွာ ဆုံဆည်းကြမယ့် တနေ့... အိမ်ပြန်ချိန်အလွမ်းများ ကင်းဝေးကြပါစေ....

မောင်နှင်းလှိုင် said...

ကောင်းတယ်ညီမလေး..။
အကိုလည်းကိုယ်မိဘ၊ညီအကိုမောင်နှမတွေကိုခွဲလာရတဲ့အခါကျတော့ ဒီပို့ စ်လေးဖတ်ပြီးထပ်တူခံစားရတယ်။
ဘယ်တော့..ဘယ်လိုအခြေအနေတွေနဲ့ မိသားစုကိုပြန်တွေ့ ရမလဲလို့ တွေးမိတိုင်းရင်ထဲမချည့်ဘူး..။

Anonymous said...

၎ ခါတိတိမျက်ရည်ကျတယ်..
မဂျီးချု့ရယ် သားငယ်ကို ငိုအောင်တွေလုပ်ပြန်ပြီ ဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
း((((((

မဆုမွန် said...

မောင်လေးရေ ငါလည်းငိုပြီးရေးနေတာပဲ ငါအိမ်ပြန်ချင်လို့လေ............:(((((((

မငိုနဲ့မငိုနဲ့နော် ငါတို့ဝဌ်ကြွေးတွေလဲ မသေးပါဘူး ကလေးရေ :((((((((((((((((

Nge Naing said...

မဆုမွန်ရေ အိပ်ပြန်ရက်မသိတဲ့သူတွေ မြန်မာပြည်မှာ အများကြီးရှိပါတယ်။ မဆုမွန်တယောက်တည်းမဟုတ်ဘူး။ အားတင်းထားပါ။ ဘ၀တူတွေ မဆုမွန် ပတ်ဝန်းကျင်မှာ အများကြီးရှိပါတယ်။

နေ၀သန် said...

စိတ်မကောင်းပါဘူး.. မဆုမွန်... အခုတလော တင်ဖြစ်တဲ့ ပို့စ်တွေ အကုန်လာဖတ်ဖြစ်တယ်... မန့်တော့ မမန့်ဖြစ်ခဲ့ဘူး... အိမ်ကို ဘယ်လောက်လွမ်းမယ်... မိဘကို ဘယ်လောက်အထိ သတိရ အောက်မေ့နေမယ်ဆိုတာ ကိုယ်ချင်းစာပါတယ်ဗျာ... မဆုမွန်တို့ မိသားစုရဲ့ ပျော်ရွှင်စရာ စုံရက်ကလေး အမြန်ဆုံးရောက်ရှိပါစေလို့ ဆုတောင်းပေးပါတယ်....

ခင်မင်တဲ့
ဂျပန်ကောင်လေး

ရွှေရတုမှတ်တမ်း said...

မယ်ဆုရေ...အားမလျော့နဲ့ဟေ့...
ပြန်ဆုံကြရမဲ့အချိန်တွေ..မဝေးတော့ပါဘူး

သဒ္ဓါလှိုင်း said...

မဆုမွန်
ထပ်တူခံစားရပါတယ်။ ဘယ်တော့များမှ မိဘတွေနဲ့ သားသမီးတွေ ပြန်ဆုံနိုင်ကြပါ့မလဲ........။ တနေ့နေ့ တွေ့ရလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ အသက်ရှင်နေရသလိုပါပဲ။

ခင်တဲ့
သဒ္ဓါ

ဂျေဂျူဝိုင် said...

ကံကြမ္မာဆိုတာ လည်းဘီးပမာပါပဲ။ တစ်ကြိမ်တစ်ခါတော့ အောက်ကို ရောက်တတ်တယ်။ ဒါပေမယ့် အမြဲမဟုတ်ပါဘူး။

မိုးခါး said...

း(
စိတ်မကောင်းဘူး အစ်မ
အမြန်ပြန်နိုင်အောင် ကြိုးစားပါ
အမြန်ဆုံး ပြန်တွေ့နိုင်ဖို့ ကြိုးစားပါ
မိဘ ရင်ခွင်ကို အမြန်ဆုံးပြန်နိုင်ပါစေ ..
ငိုချင်တယ် ........း(((((((((((((

sharnge said...

အမရေ
ဖတ်ပြီး စိတ်မကောင်းဘူး
ကိုယ်ဖြစ်သလိုပဲ ခံစားရပါတယ်
မြန်မာ နိုင်ငံသူ နိုင်ငံသားများ ၀ဋ်ကြွေးရှိရင်
ဒီဘ၀ ဒီတင်ပဲကြေပါစေ...

Unknown said...

ကိုယ်ချင်း စာပါ တယ် မဆုမွန်။
လောကကြီးမှာ အလကား ရပြီး တန်ဘိုး မဖြတ်နိုင် တဲ့ အရာ က မိဘမေတ္တာ ပဲလေ။
ကျွန် တော် လည်း ကျွန်တော့် အဖေ နဲ့ အမေ ကျွန် တော် မရှိတုံး တခုခု ဖြစ်မှာ သိတ်စိုးရိမ်တာပဲ။ မိဘ ကလည်း ဒီအတိုင်းပဲ၊ သား သမီး ဘယ်အရွယ် ရောက် ရောက် သူတို့ စိတ်ထဲ ခလေး လိုပဲ၊
ဆုတောင်းပေးပါတယ် အမြန်ဆုံး ပြန် ဆုံ နိုင်ကြပါစေ လို့။

Unknown said...

နင် ငါ့ကို မျက်ရည်ကျအောင်လုပ်တယ်...မှန်ကြောင်မ...