မျက်နှာဖုံးများနဲ့ လုပ်ငန်းခွင် ၁

သူက ငါတို့ရဲ့ ပရိုဂျက်အသစ်မှာ ထုတ်လုပ်သူတာဝန်ခံလဲဖြစ်တယ် သူ့ကို ကြိုဆိုကြစို့လို့ တစ်ချိန်က ကိုယ့်ရဲ့ သင်တန်းထရိန်နာဖြစ်ခဲ့တဲ့ နိုင်ငံခြားသူအယ်ဒီတာရဲ့ မိတ်ဆက်ပေးသံအဆုံး ဟုတ်ကဲ့ ကျွန်မ မဆုမွန် ပါရှင်လို့ မြန်မာလို အားရပါးရပြုံးရင်း ၀မ်းသာအားရ သူတို့ကို မိတ်ဆက်ဖို့ ကြိုးစားလိုက်တဲ့အခါ တွန့်တယ်ဆိုရုံလေး ပြုံးပြတဲ့ အေးတိအေးစက် မချိအပြုံးတွေ သိသိသာသာ တည်ထားတဲ့ မျက်နှာတွေနဲ့အတူ မလိုလားမှန်း သိပ်သိသာ လွန်းတဲ့ မျက်ဝန်းစိမ်းတွေ ကိုယ် ရုတ်တရက် ဆွံအသွားမိတယ်။

ဝိုင်းဖွဲ့ထိုင်နေတဲ့ ဆုံလည် ကုလားထိုင်တွေကို မသိမသာ လူပ်ခါယမ်းရင်း ကိုယ့်ကို အသိအမှတ်မပြုချင်သလို ကိုယ်နေဟန်ထားတွေကိုပြနေတဲ့ ခြောက်သွေ့ တိတ်ဆိတ်လွန်းတဲ့ ကြိုဆိုမူ သူစိမ်းဆန်တာထက်ကို ပိုပြီး စိမ်းသက်လွန်းတဲ့ အေးခဲနေတဲ့ပတ်ဝန်းကျင် ကိုယ် အာခေါင်တွေ အလိုလိုခြောက်သွေ့လာတယ်။ ပထမ ကြောင်အအ ဖြစ်သွားပြီး အေးစက်နေတဲ့လက်ဖ၀ါးတွေ ချွေးစေးတွေနဲ့ စေးကပ်လာတယ်။ ခြောက်သွေ့ အက်ကွဲ လာတဲ့ လည်ချောင်းကို တစ်ချက်ရှင်းရင်းက "တွေ့ရတာ ၀မ်းသာပါတယ် အစ်ကိုတို့ အစ်မတို့ ညီမ နားမလည်တာရှိရင်လည်း ပြောပြပေးကြပါ "လို့ ရိုရိုကျိုးကျိုး ပြောလိုက်တယ်။

မချိမဆန့်မျက်နှာထားတွေနဲ့ ခေါင်းဆတ်ပြနေတဲ့ လူတွေရဲ့မျက်နှာကို တွေတွေကြီးကြည့်နေရင်းက အိုကေ ဒါဘ၀အစပေါ့။ ကိုယ်မမျော်လင့်ထားတဲ့ အနေအထားတွေ မမျော်မှန်းထားတဲ့ ဘ၀အလှည့်အပြောင်းတွေ စလာပြီလေ။ ဒါတွေက ကိုယ်ကြိုမတွေးထားပေမယ့် လုပ်ငန်းခွင်ထဲမှာ အသက်အငယ်ဆုံးလည်းဖြစ်တယ် အတွေ့အကြုံ အရလည်း သူတို့လောက်မှ မသိမတတ်ဘူးလို့ သူတို့ ယူဆထားတဲ့ သတ်မှတ်ချက်စံတွေထဲမှာ အစီအစဉ် တစ်ခုရဲ့ ထုတ်လုပ်သူတာဝန်ခံဆိုတာ မျက်စိစပါးမွှေးစူးစရာဖြစ်နေတာတော့ သေချာတယ်ဆိုတာ သူတို့ရဲ့ ဆက်ဆံမူတွေကတင် ဖော်ပြနေပြီပဲ။

ဒါမင်းထိုင်ရမယ့်နေရာ ဒါမင်းအတွက် ကွန်ပျူတာ ဒါက အသံဖမ်းစက် ဒါက မင်းအလုပ်ဖိုင်တွေ ထည့်ဖို့ ဒါ မင်းဗိုက်ဆာရင် ကော်ဖီဖျော်သောက်နော် မုန့်ဗူးတွေလည်းရှိတယ် ဒါက အဲကွန်းလ်အတိုးအလျော့လုပ်ဖို့ ဒါက မီးခလုတ်စတဲ့ အသေးစိတ်ကအစ တစ်ခုချင်း သေသေချာချာ ပြပေးနေတဲ့ ထိုင်းဝန်ထမ်းမလေးကို ပြုံးပြရင်း ကိုယ်လုပ်ရမယ့် အလုပ်နေရာလေးကို အံ့သြတကြိး သေချာလိုက်ကိုင်ကြည့်မိတယ်။

သတင်းစာသင်တန်းကာလတုန်းကသာ ကိုင်ဖူးခဲ့တဲ့ အသံဖမ်းစက်လေးကို သေသေချာချာ လှည့်ပတ် ကိုင်ကြည့်ရင်းက တစ်ချိန်လုံး ဘော့ပင်နဲ့ စာရွက်တစ်ဘက်လွတ်တွေပေါ်မှာ သတင်းကို လက်ရေး ခပ်သော့သော့နဲ့ ချရေးခဲ့တဲ့ ငါးနှစ်ကျော် လုပ်ငန်းခွင်အတွေ့အကြုံကနေ ရေဒီယို အသံလိုင်းတွေ ဒါမှမဟုတ် သတင်းတွေ ကွန်ပျူတာ မှန်သားပြင်ပေါ်မှာ လိုင်းလေးတွေ ဖြတ်တောက် စာလုံးလေးတွေကို လက်ချောင်း လေးတွေနဲ့တချောက်ချောက်ရိုက်ရင်း သတင်းပို့ သတင်းရေးပြီး အခန်း နံရံလေး တစ်ဘက်ပဲခြားတဲ့ သတင်းအယ်ဒီတာကို တိုက်ရိုက် လူချင်းမတွေ့ကြတော့ပဲ အင်တာနက် ပေါ်ကနေ မေးလ်နဲ့ ဆက်သွယ် ပေးပို့ရမှာတဲ့လေ။

သတင်းအပိုင်းအစတွေ စာရွက်တွေ ရူပ်ပွနေတဲ့ စားပွဲဝိုင်းပေါ်မှာ စုဝေးထိုင်ကြရင်း လက်သီး လက်မောင်း တန်းပြီး သူ့သတင်း ကိုယ့်သတင်းဖလှယ်ခဲ့တဲ့ အယ်ဒီတာနဲ့ သတင်းကိတ်စ အပြန်အလှန် ငြင်းချက်ထုတ်ခဲ့တာ အတိုက်အခံ တိုက်ပွဲဝင်ခဲ့တာတွေ အားလုံးဟာ အဲကွန်းစက်သံ ခပ်သဲ့သဲ့ပဲကြားနေရတဲ့ တိတ်ဆိတ်အေးစက် မွှေးပျံလွန်းတဲ့ ခမ်းနားလွန်းတဲ့ အခန်းကြီးက အရမ်းသူစိမ်းဆန်လွန်းတယ်။ သိသိသာသာ သတိထား မိလိုက်တာကတော့ လူနဲ့လူချင်း ဆက်နွယ်မူ လူနဲ့လူချင်း ခင်မင်ရင်းနှီးမူ မြင်တွေ့ရနိုင်တဲ့ ချစ်ခြင်း မုန်းခြင်း တရားတွေ အားလုံးဟာ လူနဲ့လူချင်း မျက်နှာဖုံးတွေနဲ့ကာရံလိုက်ပြီဆိုတာ သိရတော့ ကျွန်မ စက်တွေကို ကိုင်ရင်း အတန်ကြာငိုင်တွေနေမိပါတယ်။

ကိုယ့်ပစ္စည်းလေးတွေကို ဟိုဟိုဒီဒီနေရာချထားရင်းက သွားလေရာ ယူသွားတဲ့ မိသားစုဓာတ်ပုံလေးကို ကိုယ့်ကွန်ပျူတာစက်လေးဘေးမှာ ချထားလိုက်တော့မှ မှန်ဘောင်လေးထဲက မားမားကြီးရပ်ကြည့်နေတဲ့ အဖေကြီးနဲ့ အမေ့မျက်ဝန်းတွေကို စိုက်ကြည့်မိတော့မှ ကိုယ့်ရင်ထဲကို အားအင်တွေက သွေးတွေကို ပူနွေးစွာနဲ့စီးဆင်းလာပါတယ်။ ရုတ်တရက် ကိုယ့်ရှေ့မှာ အရိပ်တွေ ဖြတ်သွားတာတွေ့ရတော့မှ နာရီကို မော့ကြည့်တော့ နေ့လည် ၁၂နာရီ။ ဘေးက ထိုင်းမလေးက ဆုရေ ထမင်းစားချိန်ရောက်ပြီတဲ့ ဖုန်းလေးကို နားမှာကပ်ရင်း သူက ထွက်သွားတယ်။

ကိုယ်လည်း လုပ်လက်စကို လက်စသတ်ရင်း အခန်းထဲက အတူတူထွက်လုပ်တော့ သန့်စင်ခန်းထဲမှာ လုပ်ဖော်ကိုင်ဖက် အစ်မတစ်ယောက်နဲ့ တွေ့တယ်။ သူက ကိုယ့်ကိုမြင်တော့ ပြုံးပြတယ် ကိုယ်လဲ အားရပါးရပြုံးပြရင်း အစ်မ ထမင်း ဘယ်မှာသွားစားကြမလဲ လို့မေးလိုက်တော့ သူက မျက်နှာကို ပြင်နေရင်းက ကျွန်မကို မကြည့်ပဲ ကင်တင်းရှိတယ်လေတဲ့။ သူနဲ့အတူတွဲထွက်လာမိသလိုဖြစ်တော့ ကျွန်မတို့ အလုပ် ပေါ်တီကိုအောက်မှာ ဆိုင်ကယ်တွေ တန်းစီပြီး စောင့်နေတာတွေ့တယ်။ အဲ့ဒိ့အစ်မက အပြေးတစ်ပိုင်းနဲ့ ဆိုင်ကယ်တစ်စီးရဲ့ နောက်မြီးကို ထိုင်လိုက်တဲ့အချိန်မှာ အားလုံး ဆိုင်ကယ်တွေကို တရှိန်ထိုးမောင်းပြီး ထွက်သွားကြတယ်။

ပေါ်တီကိုအောက်မှာ နေပူကြီးထဲ တစ်ယောက်တည်း ထီးထီးကြိးရပ်ကျန်ခဲ့ရတဲ့ ကျွန်မရင်ထဲမှာ လွတ်ဟာ သွားသလိုပါပဲ။ အဲ့အချိန်တုန်းက တကယ့်ကို ၀မ်းနည်းအားငယ်မိတာမှ မျက်ရည်တောင်ကျမိတော့မလို။ မြန်မာအချင်းချင်းဖြစ်ရဲ့နဲ့ ငါ့ကို ဘာဖြစ်လို့ လူရယ်လို့ အသိအမှတ်မပြုသလို ထွက်ပြေးသွားကြရတာလဲဆိုတဲ့ စိတ်က တော်တော်ကြိးကို နာကျင်ခံရခက်မိပါတယ်။ ကိုယ့်ကို သူတို့ဘယ်လိုသတ်မှတ်ထားလဲ ဘာကြောင့် မကြိုဆိုချင်ကြတာလဲ ဘာကြောင့်ကိုယ့်ကို မနွေးထွေးတာလဲ တကယ်ဆို မနေ့တစ်နေ့ကမှ မြန်မာပြည်က ထွက်လာတဲ့ သူတို့နဲ့ အများကြိးငယ်တဲ့ မိန်းကလေးတစ်ယောက်အပေါ် ဘာကြောင့် ဒီလိုဆက်ဆံသလဲဆိုတာ လုံးဝကို စဉ်းစား မရခဲ့မိတာ အခုချိန်အထိပါပဲ။

နောက်မှ သိရတာက သူတို့ရဲ့ အင်အားကြီး အုပ်စုထဲက နှစ်ချီပြီး စုပေါင်းလုပ်လာတာ အလွဲသုံးစားမူတွေ ရှိနေတဲ့ အဲ့နေရာက တာဝန်ခံ ထုတ်လုပ်ရေးနေရာမှာ ကျွန်မလို ဘယ်ကမှန်းမသိတဲ့ အပြင်လူဝင်လာပြီး နေရာယူ လိုက်တဲ့အခါ သူတို့ မလိုလားဘူး သူ့က ယုံရရဲ့လားမသိဘူး လူလော နတ်လော သူလျို လော ဒလန်လော ဓားမြလော သူခိုးလော သူဝှက်လော ဆိုတာ လူတွေထဲမှာ သတင်းလိုက်ဖြန့်တာကိုပြန် သိရတယ်။ လူတွေဟာ အကျိုးစီးပွားတွေနဲ့ယှဉ်လာတဲ့အခါ ဒါလားဟဲ့ လွတ်မြောက်နယ်မြေဆိုတဲ့ အသိက ရင်ကို လာပြီး ထိခိုက်စေတယ်။

ရုတ်တရက် ကျွန်မ လက်မောင်းကို လာဆုပ်ကိုင်တော့ အရမ်းလန့်ပြီး လှည့်ကြည့်လိုက်တော့ ကျွန်မရဲ့ သင်တန်းနည်းပြဆရာ အခုလက်ရှိအယ်ဒီတာ နိုင်ငံခြားသူမလေးက ကျွန်မကိုပြုံးကြည့်နေတယ်။ လာလေ တို့ နေ့လည်စာ အတူတူသွားစားတာပေါ့တဲ့။ သူနဲ့ လမ်းအတူတူလျောက်နေရင်း ကျွန်မ ၀မ်းနည်းစိတ်နဲ့ သိသိသာသာ နုတ်ဆိတ်နေတော့ သူက ကျွန်မ လက်ဖ၀ါးကို တင်းတင်းဆုပ်ကိုင်ရင်းက

"ဆုတဲ့ ဒီဘက်ကို မင်းရောက်လာတဲ့အချိန် မင်း မထင်မှတ်ထားတဲ့ ကြိုဆိုမူတွေ ကြုံလာရတဲ့အခါ မင်းဘယ်တော့မှ အလျော့မပေးပါနဲ့တဲ့ မင်းက သိပ်စိတ်ဓာတ်မာတဲ့ မိန်းကလေးဆိုတာ ငါယုံကြည်တယ် အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ ငါမင်းကို တတ်နိုင်သလောက်ကူညီမယ်တဲ့ မင်းဘယ်တော့မှ စိတ်ဓာတ်မကျဘူးဆိုတာ အလျော့မပေးဘူးဆိုတာ ငါ့ကို ကတိပေးပါတဲ့"

ကျွန်မ သူ့မျက်နှာကို သေချာစိုက်ကြည့်ရင်းနဲ့ သူ့ကိုပြောလိုက်ပါတယ် "ငါမင်းကိုကတိပေးပါတယ် ကိုယ့်ကိုကိုယ်လည်း ကတိပေးပါတယ်။ ငါ့အခုအလုပ်လုပ်တာ ငါ့တိုင်းပြည်အတွက် ငါ့မိသားစုအတွက် ငါ့အနာဂတ်အတွက် ငါ့မျိုးဆက်အတွက်ဆိုတာ ငါကတိပေးပါတယ် ငါဘယ်တော့မှ လက်မြှောက်အရူံးမပေးပါဘူး ငါ ကြိုးစားပါ့မယ်" လို့ပြောလိုက်တယ်။

နေ့လည်စာကို ၀အောင်စားပြီး အလုပ်ကိုပြန်လာတဲ့အချိန်မှာ သူတို့လဲ ပြန်ရောက်နေကြပါပြီ အယ်ဒိတာနဲ့ အတူပြန်လာတဲ့ ကျွန်မကို မလုံမလဲ အမူအယာတွေနဲ့ သူတို့ ဘာသာ ပုံစံ ပျက် နေပေမယ့် ကျွန်မရင်ထဲမှာ တော်တော်လေး ကို ရှင်းလင်းသွားပါတယ်။ ရှင်းလင်းဆို သူတို့ကို ကျွန်မ လုံးဝ ရင်ထဲ မထည့်တော့လို့ပါ။ ထည့်ထားရင် လေးမယ် ဆိုတာကို လည်း သိလိုက်လို့ပါ။

ရှေ့ဆက်ပြီး ကျွန်မ ဘာလုပ်ရမယ်ဆိုတာ ကျွန်မကိုယ်တိုင် အသေအချာသိလိုက်လို့ပါ။ မဆုမွန်ဟာ ဒီလိုမျိုး လူတွေကိုသာ လိုက်ကြည့် တတ်တဲ့ သူဖြစ်ရင် ဒီလိုသာ လူတွေရဲ့ လူပ်ရှားမူတွေကိုသာ လူတွေရဲ့ မျက်နှာတွေကိုသာ လိုက်ကြည့်နေရမယ်ဆိုရင် ကျွန်မ လုပ်ရမယ့် အလုပ်က ရှေ့ဆက်စရာကို မရှိတော့လို့ပါ။

ပြီးတော့ ကျွန်မတို့ဖြတ်သန်းခဲ့တဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘ၀တွေက သူများလို သိပ် နူးညံ့ သိမ်မွေ့ခဲ့တာမှမဟုတ်ပဲ။ အခု ကျွန်မနဲ့ အတူ လက်တွဲ လုပ်ရမယ့် လုပ်ဖော်ကိုင်ဖက်တွေဟာ ကျွန်မကို ထောင်ထဲထည့်ပြီး မလိုရင် မလိုသလို ခေါ်ရိုက် နှိပ်စက် ကလူ လုပ်တတ်တဲ့ ရန်သူတွေလောက်တော့ ဆိုးဝါးမယ်မထင်တဲ့အတွက် သိပ်ပြီး တော့ကို ထူး ခံစား မနေ တော့တာအမှန်ပါ။ နောက်ပိုင်းတွေမှာလည်း လုပ်ငန်းပိုင်းမှာသာ မတတ်သာလို့ ကျွန်မကို ဆက်ဆံရပေမယ့် ဖြစ်နိုင်ရင် စကားတောင် မျက်နှာခြင်းဆိုင် စေ့စေ့မကြည့်ပဲပြောတာ ပုံမှန်လိုတောင် ဖြစ်နေပါပြီ။ စကားမစပ်ပြောရရင် ကျွန်မနဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ လူမျိုးခြားတွေကလွဲရင် အတောင်နှစ်ဆယ်ဝတ်မင်းယောက်ကျားတွေချည်းပါပဲ။

ကျွန်မကို မသိတဲ့ နည်းပညာကိတ်စတွေကို လုံးဝဆို လုံးဝကိုမှ မပြောပြ အကြံညဏ်မပေးပဲ ကျွန်မကို ပညာဝိုင်းပြတဲ့အခါ ကျွန်မ ဘာဆိုဘာမှ နားမလည်ခဲ့တဲ့ စက်ပစ္စည်းတွေအတွက် ကျွန်မ အလုပ်ထဲမှာ အလုပ်နားတဲ့အချိန်မှာ အဘိဓာန်အားကိုးနဲ့ တစ်ခုချင်းဘာသာပြန် တစ်ခုချင်းသေသေချာချာလုပ်ကြည့် မသိတာကို ကျွန်မရဲ့ သင်တန်းဆရာတွေကိုမေး အယ်ဒီတာကို သေချာမေး နည်းနာယူ အိပ်တဲ့အချိန်ကလွဲရင် ကျွန်မ စက်တွေကြားထဲမှာပဲ လုံးပမ်းခဲ့တယ်။ ကွန်ပျူတာရယ် ကျွန်မရယ် ကျွန်မရယ် အသံဖမ်းစက်တွေရယ် စက်တွေရယ် သတင်းတွေရယ် မနက်ကိုးနာရီကစလို့ နေ့လည် ၁၂နာရီ နေ့လည် ၁နာရီကစလို့ ညနေ ငါးနာရီ ကွန်ပျူတာနဲ့ကျွန်မ မျက်နှာခြင်းအပ်လို့ ထိုင်ရာမထ အလုပ်လုပ်ခဲ့ပါတယ်။ အဲ့ဒီ့ကစလို့ ဘယ်သူကိုမှ သိပ်အာရုံမထားတော့ပဲ တရစပ် မနေမနား ဆက်တိုက် အလုပ်ကိုချည်း လုပ်ခဲ့တာ အခုအချိန်အထိပါပဲ။

အဲ့ဒီ့ကစလို့ ကျွန်မနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ကြားမှာ စကားပြောဆိုတာက လက်ချိုးရေတွက်လို့ရအောင်ကို နည်းပါးရှားပါးလွန်းလှတာမှ နောက်ဆုံး ကျွန်မ အဲ့ဒီ့အလုပ်က ထွက်တဲ့အချိန်အထိ နှစ်နှစ်ကာလလုံးလုံး ကျွန်မ လုပ်ငန်းခွင်ထဲမှာ တစ်လုံးဆို တစ်လုံးမှ မပြောခဲ့ပဲ ဒီအတိုင်း ငုတ်တုတ်ထိုင်ပြီး ဆွံအခဲ့တယ်ဆိုတယ် ယုံကြမလား မသိဘူးရှင်။ သူတို့ဘက်ကလည်း စကတည်းက ကိုယ့်အပေါ် မချစ်ခဲ့တဲ့အတွက် တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုသလိုပါပဲ အခုချိန်အထိလည်း နှစ်ချီပြီး လုပ်ငန်းခွင်ထဲ တွဲလုပ်ခဲ့ပေမယ့် ပြန်ဆုံတဲ့အခါ နုတ်ခွန်းစကား တောင် မဆိုခဲ့ကြတော့ပါ။

အလုပ်ကပြန်တဲ့အခါ ပန်းနံ့လေးတွေ ထုံသင်းမွှေးပျံလွန်းတဲ့ တောင်ပေါ် တောင်တက်လမ်းတွေ ပေါ်ကို လက်စွဲတော်ဆိုင်ကယ်လေးစီးရင်း ရေကန်ကြီးရဲ့ မြက်ခင်းစိမ်းစိမ်းလေးပေါ်တစ်ယောက်တည်းထိုင်ရင်း တောင်တန်းကြီးရဲ့ နေ၀င်ချိန်ကို ငေးမောရင်း အလုပ်ရဲ့အမောတွေကို ထိုင်အနားယူအပန်းဖြေခဲ့တယ်။ ဆိုင်ကယ်လေးနဲ့ မြို့တစ်ပတ်ပတ်ရင်း ကျွန်းပန်းပွင့်တွေရဲ့ ရနံ့သင်းသင်းကိုရူရိုက်ရင်း ညဈေးလေးတွေကို လိုက်ပတ်ရင်း ကျွန်မရဲ့ အချစ်ဆုံး မိသားစုလေးရှိတဲ့အိမ်နဲ့ ကျွန်မလေးစားရတဲ့ ဆရာရှိတဲ့ အိမ်လေး အဲ့နှစ်အိမ်ကို လူးလာခေါက်တုံ့သွားရင်း ကျွန်မရဲ့အားလပ်ရက်တွေကို ကုန်လွန်စေခဲ့တယ်။

ကိုယ့်ရဲ့ လက်စွဲတော်အဖော်လေးကတော့ ကိုယ့်ဆိုင်ကယ်လေးပေါ့။ ဆိုင်ကယ်စီးတတ်ပုံကလဲ တကယ်တော့ ရယ်ချင်စရာပါ ဆိုင်ကယ်ဆိုတာ ရန်ကုန်မှာ ထောက်လှမ်းရေး အမှတ်အသားဆိုင်ကယ်ဖြစ်လို့ စီးတတ်ဖို့ မေပြောနဲ့ ခွတက်ဖို့တောင် မနည်းစဉ်းစားရပါတယ်။ ဒါပေမယ့် ကိုယ့်အုပ်ထိန်းသူတွေမှာက ဆိုင်ကယ်က ကလေးကျောင်းနဲ့အလုပ်နဲ့ခရီးစဉ်တွေလဲများ အလုပ်တွေလဲများတာမို့ ကိုယ့်အတွက် ၀န်ပိုမဖြစ်အောင် ဆိုင်ကယ်ကို နှစ်ရက်နဲ့အပြတ် အမြန် စီးတတ်အောင် ကျင့်ခဲ့ပြီး စီးခဲ့တာဖြစ်ပါတယ်။ ဆိုင်ကယ်လေး မရခင်မှာ တော့ ကိုယ်ပြန်တဲ့လမ်းတလျောက် လူ လမ်း မ လျောက်တဲ့ လမ်းမကြိးပေါ်မှာ တစ်လမ်းလုံး ကိုယ့်ကိုဖုန်းခေါ်ပြီး စကားပြောပေးခဲ့တဲ့ ချစ်တဲ့သူတွေကို တကယ့်ကိုပဲ အခုချိန်မှာ ကျေးဇူးတင်မိပါတယ်။

အဝေးပြေးလမ်းမကြီးပေါ် လမ်းချော်ပြီး တရွတ်ဆွဲမှောက်တုန်းက ဆေးရုံကို မျက်နှာရော လက်ခြေထောက် တွေရော ဒဏ်ရာသွေး အလိမ်းလိမ်းနဲ့ကိုယ်သွားတော့ ဆိုင်ကယ် မစီးသင့်သေးဘူး လို့ပြောပေမယ့် ကိုယ့် ဆိုင်ကယ် ကိုယ် မောင်းပြီး ဆေးရုံလာခဲ့တယ်ဆိုတာပြောတော့ သူနာပြုဆရာမ လေးတွေ အံ့သြ မျက်လုံး ပြူးဖူးတယ်။ ကိုယ့်မှာ ကိုယ့်ကိုစောင့်ရှောက်မယ့်မိသားစုမှ မရှိပဲ။ ရှိတဲ့ ချစ်တဲ့မိသားစုလေးကို အလွန်အမင်း တွယ်တာ ချစ်ခင်ခဲ့တယ် အခုတော့ သူတို့အားလုံးဟာ ဟိုးကမ္ဘာခြမ်းမှာ. အထီးကျန်ခြင်းဆိုတာ သိပ်တော့ ထူးဆန်းခဲ့တယ် အရာမဟုတ်ပဲလေ။

နောက် မြန်မာဆိုင်လေးရဲ့ ထမင်းစားပွဲခုံလေးမှာ တစ်ယောက်တည်း ထမင်းထိုင်စားရင်း တီဗီချယ်နယ်တွေကို ရီမုတ်လေးကိုင်ပြီး တစ်လိုင်းချင်းဖွင့်ကြည့်ရင်း ညစာစားရင်း ညချမ်းတွေကို ကုန်လွန်ခဲ့တယ်။ ထမင်းဆိုင် လာရင်း ကိုယ့်ကို ရိတိတိ စတာတွေ လက်တည့်စမ်းချင်တာတွေ သွေးတိုးစမ်းချင်တာတွေ အိုင်ထင်လို့ ၀င်ခြေဆေးချင်တာ တွေကို ကိုယ့်ရဲ့ အုပ်ထိန်းသူတွေရဲ့ အရိပ်အောက်မှာ နေရင်း မျက်နှာခပ်တည်တည်နဲ့ စကားတစ်လုံးမှ မဆိုပဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်မားမားမတ်မတ်ရပ်တည်ခဲ့တယ်။

ကိုယ့်အတွက် နံပတ်တစ်သည် နောက်မှာကျန်ခဲ့တဲ့ မိသားစုအတွက် စားရေး ၀တ်ရေး နေရေး ကလေးတွေ ပညာသင်ရေး။ နံပတ်နှစ်သည် ကိုယ့်ရပ်တည်ရေး ကိုယ်စားရေး နေရေး ပညာသင်ရေး အဲ့တာကိုပဲ ရင်ထဲမှာစွဲနေအောင်မှတ်ထားတော့ ဘယ်လောက်ပဲ လုပ်ငန်းခွင်ထဲမှာ စိတ်ဆင်းရဲခြင်းကြီးပါစေ ဒုက္ခများပါစေ အံကို တင်းနေအောင်ကြိတ်ပြီး ခြေအစုံကို မညွှတ်အောင် တင်းတင်းခံထားခဲါတယ်။

ကျွန်မအတွက် ပြည်တွင်းကနေ အပြင်ရောက်ခဲ့တဲ့အချိန်တွေမှာ လုပ်ငန်းခွင်ထဲက ရခဲ့တဲ့သင်္ခန်းစာတွေကတော့ အခုချိန်အထိ သင်ယူလို့မဆုံးသေးပါဘူး။ မှတ်လို့မဆုံးသေးပါဘူး။ လောကဓံရဲ့အရိုက်အပုတ်ဆိုတာဟာလည်း ငါးဖယ် တေတေသလို အလူးအလူး အလိမ့်လိမ့်။ သေချာတာတော့ အားလုံးက မျက်နှာဖုံးကိုယ်စီစွပ်ထားတယ် တစ်ထပ်တည်းတောင် မဟုတ်ဘူး အထပ်ထပ် ကဗျာတစ်ပုဒ်ထဲကလို မျက်နှာဖုံးတွေက ကြက်သွန်နီလို သူတို့ကို သွားခွာကြည့်မိတဲ့ကိုယ့်မှာသာ မွှန်ပြီး မျက်ရည်လည်ရွှဲ နောက်ဆုံးကျန်တဲ့မျက်နှာကတော့ အခွံကြီးဖြစ်နေတာတွေကို သိလိုက်ရတော့ လူဟာလဲ ကြာတော့ ပြောချင်စိတ်ကိုကုန်လို့ အလိုလို ဆွံအသွားခဲ့ပေါ့။ ဒါပေမယ့် အသက်ရူရပ်တဲ့နေ့ဟာ သေတဲ့နေ့ဖြစ်ပေမယ့်လို့ ဒီအသက်ရူမရပ်မချင်း လုပ်ငန်းခွင်ဆိုတာချည်းနဲ့ လောကဇာတ်ခုံမှာ ဆက် ပြီးနှစ်ပါးသွားရဥိးမှာ အသေအချာပါပဲ။

12 Comments:

စူးနွယ်လေး said...

ဘ၀....ပြောတော့သာစကားလေးနှစ်လုံး
လက်တွေ့ကျတော့ ပိုကျယ်ပြန့်တယ်နော်

Younggun said...

အေးဗျာ။ ကျနော်တော့ အဲလိုကြီး မကြုံဖူးသေးတော့ အဲလိုခံစားရမှန်း မသိသေးဘူး။ ဒါပေမယ့် လူသစ်လေးတွေ ဝင်လာတိုင်း သူတို့ကို နွေးထွေးကြိုဆိုမိပါတယ်။ မဆုမွန်လည်း နွေးထွေးပျူငှာတဲ့ လက်တွေသာ ကြုံနိုင်ပါစေလို့ .. ။

Unknown said...

မဆုမွန်ရေ ဒီပို့စ်လေးကို ဖတ် ရတာ ကျွန်တော့်အတွက် အင်အား သစ် တွေ ရသွား သလို ခံ စားရတယ်။ ကျွန်တော် လည်း ပဲ ကိုယ့် ကိုမလိုတဲ့ သူ တချို့နဲ့အတူ အလုပ် တွဲလုပ်နေရတာ။ ဒါပေမဲ့ တခု ကံကောင်း တယ် ပြောရ မယ်၊ ဗမာ ဆိုလို့ ကျွန်တော် တယောက် ထဲပဲ ရှိတယ်။
မလို ကြ တဲ့ အကြောင်းက ကျွန်တော့်ရဲ့ မလိုအပ်ပဲ အောက်မကျို့တဲ့ အမူအရာ၊ ကိုယ်ဘက်က မှန်နေရင် ငြင်းခုံ တတ်တဲ့ အကျင့်၊ကုမ္မဏီက အထောက်အပံ့တွေ လိုတာထက် ပိုပေး ထာားတယ်လို့ ထင်နေကြတာ။
မြန်မာစကားပုံ တခုရှိ တယ်၊ “သူများ ရွာ မှာ ကြက်မ၊ ကိုယ့် ရွာမှာကြက်ဖ” တဲ့၊
ကျွန်တော်ကတော့ ဆန့်ကျင်ဘက်ပဲ၊ ”သူများရွာမှာ ကြက်ဖ၊ ကိုယ့်ရွာ မှာကြက်မ” ပဲ။
အပြင်ရောက်နေတဲ့ မြန်မာတွေ ကို နဲနဲ ပြောချင်တာက ကိုယ့် နိုင်ငံ၊ကိုယ့် ရပ်ကွက်ထဲ မှာ ကို မကောင်းရင်၊(ကိုညံ့ရင်) ကိုတယောက် ထဲပဲ အပြောခံရမယ်၊ သူများနိုင်ငံမှာ မကောင်းခဲ့(ညံ့ ခဲ့ရင်) ရင် တော့ လူမျိုးရော၊ တိုင်းပြည်ရော ပါ သိမ်းကျုံးအပြောခံရနိုင်တယ်လို့။

အားတင်းထား မဆုမွန် ရေ။

Anonymous said...

အားမလျှော့ကြေးကွ မဂျီးချု့....
ဓါတ်ကျနေတဲ့စကားနဲ့ပြောရရင်
The truth is ugly, isn't it? :)))

MieMie said...

စိတ်ဓါတ်ကြံ့ခိုင်တဲ့ ညီမလေး ဆုမွန် ကို ချီးကျုးပါတယ်
ဆက်လျောက် ညီမရေ .. အားပေးနေမယ်


mie nge

Unknown said...

Ma Su Mon,
This is the Life .
Something is Better than Nothing . Keep on going .

မောင်မောင် said...

မဆုမွန်ရေ လောကဓံ ဆိုတာကတော့ ဒီလိုပါပဲဗျာ။
အသက်ငယ်သလောက် အတွေ့ အကြုံ စုံတဲ့ အတွက်
တကယ်လေးစားမိပါတယ်။
ထိုင်းနိုင်ငံ မှာ က တော့ မြန်မာတွေ နဲ့ အတူလက်တွဲလုပ်နေရယင် တော့ သတိထားတာ အကောင်းဆုံးပေါ့။
မဆုမွန် က အလုပ်ကို ချစ်ယင် အလုပ်ကလဲ မဆုမွန် ကို ချစ်လာမှာသေချာသလိုပဲ ကိုယ့်ကြိုးစားမှု့ တိုင်းမှာ
မှတ်ကျောက် တွေ ရှိနေပါတယ်။
ဆိုင်ကယ်မှောက် ဒဏ်ရာတွေဗလပွ နဲ့ ဆေးရုံ ကိုရောက် အောင် စီးသွားတယ် ဆိုတဲ့ စိတ်ဓါတ်
ကိုလဲ ချီးကျူးမိပါတယ်။
( ကျွန်တော် ထိုင်းမှာ ဆိုင်ကယ်မစီးခဲ့ဘူး။ :) )
နောက် က လိုက်စီးတာတောင် ကြောက်တယ်ဗျ။ ဘန်ကောက်မှာ က မောင်းယင် ကီလို ၈၀ နဲ့ ၁၀၀ အထက်လေ။
မလျော့သောဇွဲ နဲ့ကြိုးစားပေါ့ဗျာ။
အောင်ပွဲဆိုတာ ရှေ့ လက်တကမ်းလေးမှာပါ။

ခင်မင်သော
မောင်မောင်
ကဘူးမြို့ 

sharnge said...

သမီး စက်ဘီးစီး စသင်တော့ သင်ပေးတဲ့လူက စက်ဘီးမှောက်ပြီးမှ စီးတတ်မယ်တဲ့ တကယ်လည်း စက်ဘီးမှောက်ပါတယ် ခန ခနပဲ ဒဏ်ရာတွေလဲ ခန ခန ရပါတယ်။ ရလဒ်က ကိုယ် စက်ဘီးကို မမှောက်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာသိလာပါတယ်။ ဘယ်လို အခြေအနေမျိုးမှာ မှောက်မလဲဆိုတာ အလိုလို သိလာပါတယ်။ မမှောက်အောက် ထိန်းနိုင်လာပါတယ်။ အဲ့တော့ ဒီ စက်ဘီးမှောက်တဲ့ အကျိုးကြောင့် ဒီလို အတွေ့အကြုံရတဲ့ အတွက် စက်ဘီးမှောက်တာကြောင့် ရတဲ့ ဒဏ်ရာလေးတွေဟာ ကိုယ့်ကို စက်ဘီးကျွမ်းကျွမ်း ကျင်ကျင် စီးတတ်အောင် သင်ပေးခဲ့တဲ့ သက်သေလေးတွေပါ။ သူတို့ကို ပြန်ကြည့်ပြီး ၀မ်းနည်းကြေကွဲမနေပဲ ကျေးဇူးတင်နေရမှာပါ။ အဲ့လိုပဲ အမကို ဒီလို ဆံဆက်တဲ့ လူတွေဟာ အမကို စိတ်ဓာတ်ပိုခိုင်မာအောင် ၊မိမိသာလျှင် အားကိုးရာလို့ သိမြင်အောင် ၊အမြင့်ကိုတွန်းပို့တဲ့ အရာလေးတွေပါ အမရေ... သူတို့နဲ့သာ အမ မတွေ့ခဲ့ရင် သူတို့သာ အမကို အကုန်လိုက်လုပ်ပေး လိုက်ကူညီနေရင် အမဟာ သူများကိုသာ အားကိုးတတ်တဲ့ လူတစ်ယောက် အဖြစ်နဲ့ပဲရှိနေခဲ့မှာပါ။ သူတို့ကို ပြန်တွေးတိုင်း ကျေးဇူးတင်လိုက်ပါ အမရေ။

kiki said...

ဒီဘက်ခေတ်ကြီးထဲမှာ လူတွေလည်း စက်ရုပ်ဆန်ဆန် လုပ်ဆောင် ရုန်းကန် နေကြရတာ ဆိုတော့ မျက်နှာဖုံးစွပ် ၊ အသည်းနှလုံးမဲ့ ပြီး ကြင်နာတရားတွေ နည်းပါးကုန်ကြပြီ ထင်ပါရဲ့  နော် ။
့ပြည်ပရောက်နေကြတဲ့  ကိုယ့်လူမျိုးအချင်းချင်း ယိုင်းပင်းရမဲ့  အစား ပြိုင်ဘက်လိုလို ရန်သူလိုလို သဘောထား နေကြတဲ့ သူများကိုလဲ အံ့သြမိတယ် ။
ဘာပဲ ပြောပြော ဆုမွန်ရဲ့  ဇွဲ နဲ့  မဟုတ်မခံ စိတ်ဓါတ် ကို လေးစားပါတယ် ။

ပန်းတိုင် မရောက်မချင်း လမ်းဆက်လျှောက်ကြမယ် ပေါ့ ။ Carry On !...

မဆုမွန် said...

ကျေးဇူးတင်ပါတယ် အစ်ကိုတွေ အစ်မတွေ မောင်လေးတွေ ညီမလေးတွေရဲ့ ကော်မန့်တွေကိုဖတ်ရတာ ပိုပြီး အားတက်လာတယ်.

ဆုမွန်မှာ ဒီလိုမျိုး ချစ်ဖို့ကောင်းတဲ့မိသားစု မောင်နှစ်မတွေရတာ တကယ့်ကိုကျေးဇူးတင်တယ်။

နေ၀သန် said...

မဆုမွန်ရေ.. ဘယ်နေရာမှုာပဲဖြစ်ဖြစ် လူတွေက မျက်နှာဖုံးနဲ့ပါ... များတာနဲ့ နည်းတာပဲကွာတာပါ.... အခုအချိန်မှာတော့ မဆုမွန် အတော်ခံနိုင်ရည်ရှိနေပါပြီလို့ ကျွန်တော်ယုံပါတယ်...

ခင်မင်တဲ့
ဂျပန်ကောင်လေး

Nge Naing said...

မဆုမွန်ရေ နွေးထွေးပျော်ရွှင်တဲ့ လုပ်ငန်းခွင် ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်။