မယ်ခွေ ဘ၀ အစ

မကြီးဆုရဲ့ အကြောင်းလေးကို ပိုသိချင်တယ် ပြောပြပါဟု အိပ်ယာဝင်ပုံပြင်လေးတစ်ပုဒ်ကို တောင်းဆိုတဲ့ မောင်ငယ်လေးနဲ့ညီမလေးအတွက် မျက်စိကျယ်စေရန်အလို့ဌာ ပြန်ပြောင်း ပြောဖြစ်တဲ့ ကျွန်မ အကြောင်းလေးပါ။


မူလ အစ ပထမများ..
ကျွန်မသည် ငယ်စဉ် ကလေး ဘ၀ကပင် ခရီး ထွက်ခြင်း အလေ့အထကို ၀ါသနာ ပါခဲ့သည် ဖြစ်မည် မိခင်ဖြစ်သူက ကျွှန်မ ခြေထောက်တွင် ခြူလုံးလေးများကို ပတ်ပတ် လည် ဆွဲပေးထား ရလေ့ ရှိသည်ဟု မိခင်ကြီးမှ ပြန်ပြောပြခဲ့သည် ထို့ အပြင် မည်သည့် နေရာတွင် ရောက်ရှိ ပြုတ်ကျ မှောက်ကျနေသည်ကို သိရှိပြီး အမြန်ဆုံး ကယ်တင်နိုင်စေရန် အတွက် အသံမြည် ကျိကျိ ကွိကွိ ဘွတ်ဖိနပ်ကို အချိန်ပြည့် စီးပေး ထား ရသည် ဟုလည်း ဆိုသေးသည် အတန် ငယ် တော့ ဇာတ်နာ ဟန်ရှိသည်။

လမ်းလျောက် စောပြီး သွားပေါက်မြန်သော ကျွန်မသည် အစားကြီး သလောက် အအိပ် အနေ နည်းသည် ဟု ဆိုသည်..အငိုလည်း အင်မတန် သန်သေးသည်။ ကျွန်မ အော်ငိုလျင် အိမ်ရှေ့ခုနှစ်အိမ် အိမ်နောက်ခုနှစ်အိမ် အထက်ဘ၀ဂ် အောက်အ၀ီစိ လူအများ ကြောက်လန့် တကြား ဖြစ်ရသည် အထိ ဖြစ်ရသည်ဟု လူကြီးသူမများ စကားလက်ဆုံကျတိုင်း ပြောစမှတ်တစ်ခုဖြစ်သည်။

တစ်နေ့သားတွင် အမေ ထမင်းခွံရင်း နောက်ဖေး ခဏ၀င်ခိုက် သုံးနှစ်သမီး ကလေး ကျွန်မ သည် လက်လေးနှစ်ဘက် နောက်ပစ်ရင်း ကားလမ်းမတစ်ဖက်ကို နယ်လွန်သွားသော အခါ လမ်းမထက် ကားရှင်း နေသဖြင့်သာ ကံကောင်းရ်ျ နင်းပြား မဖြစ်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ပြားသွားခဲ့လျင် အခုလို လူချစ် လူခင်များပြီး မြို့ မေတ္တာ ခံယူနေတဲ့ သမီး ဖြစ်တော့မည် မထင် ထို လက်တောက်လောက် ကလေး ဘ၀ကပင် လမ်းလျောက် ခြင်း စပ်စုခြင်း ၀ါသနာ ကြီးခဲ့ဟန် တူသည် အခုချိန်ထိလည်း မရပ်မနား တရစပ် သွားနေဆဲဖြစ်သည်။

ကျွန်မသည် ငယ်စဉ်ကပင် အလဲ အလှယ် လည်း အင်မတန် ၀ါသနာ ထုံခဲ့သည်။ ပဲလှော် လက်တဆုတ် ပေါက်ပေါက်ဆုတ် လက်တစ်ခုတ် ဖြင့်ပင်လျင် လည်ပင်းက ခမဲ ရွှေဆွဲကြိုးလေး ကို လဲစားခဲ့သည် နားဆွဲကမူ အမေ ကြိုး နှင့် ချီထားသဖြင့် အလွယ်တကူ ချွတ်မရခဲ့ အရပ် ကောင်းသဖြင့် ပြန်ရခဲ့ခြင်းဖြစ်သည်။ ထိုနေ့ က ကျွန်မတို့ ရပ်ကွက်လေးထဲတွင် နံမည်ကြီး စိန်နုနု ဗုံတီးပွဲ ဗျောပွဲသဘင် ကြည့်ချင်ပွဲကျင်းပရာ ကျွန်မတို့ အိမ်ရှေ့ တွင် ပွဲငတ်သူ များနှင့် လူစည်ကားခဲ့သည်။

(စကားချပ် အမေ့ နံမည် ဒေါ်နုနု ဖြစ်သည် ဗျောတီး ရာတွင် အလွန် နံမည်ကြီး ဖြစ်သည် မည်သည့် အမူကိတ်စပင်ဖြစ်စေ တစ်ကိုယ်တော် အမှားဖြစ်စေကာမူ အုပ်စုလိုက် အဆုံးမ ခံရသည်မှာ ထိုစဉ်ကတည်း ကဖြစ်သည် အမေသည် တစ်ယောက်ယောက်က ပြစ်မူကျူးလွန်တိုင်း မောင်နှစ်မအကုန် သားအကြီးဆုံး မှစပြီး အငယ်ဆုံးအထိ ဆိုင်းဝိုင်းတီးသကဲ့သို့ ပတ်ပတ်လည် တန်းစီ တီးခြင်းဖြစ်သည် ကျွန်မသည် အမြဲလို အမူတိုင်းကို ဦးဆောင်ပါဝင် ပတ်သတ်သူဖြစ်သည် ထို့ကြောင့် ကျွန်မကို အစ်ကိုများ အင်မတန် ကြောက်ကြ သည် မျက်စိလှည့်ပြီး ပစ်ပြေးရန် မကြာခဏ ကြိုးစားကြသည်။ ကျွန်မကလည်း ညီအစ်ကိုမောင်နှစ်မ သံယောဇဉ် ကြီးသဖြင့် သူတို့ကစားကွင်းသွားရာ ဖ၀ါးထပ်မျ လိုက်လံပြီး ကစားခုန်စားလေ့ရှိသည်)

ကျွန်မ အသက်အတန် ရလာသော အခါ မှတော ကျွန်မ ဘ၀တွင် အစားမှတစ်ပါး တခြားမရှိပဲ မြတ်နိုးခုံမင်သောစာအုပ်စာပေများကို လိုချင်တမ်းမက်လာတိုင်း စိတ်ရှုတ်မခံနိုင်တိုင်း ပညာဟု ခေါ်တွင်သော စာရွက်စာတမ်းများအတွက် အရေးပေါ်အခြေအနေများတွင် တရုတ် နှင့် အပေါင်ဆိုင်နှင့် ရွှေငွေ လဲလှယ် ချစ်ကြည်ရေး လုပ်တတ်လာခဲ့သည်။ နှစ်ဦး နှစ်ဘက် လက်မှတ် ရေးထိုး ထားသော အပြာရောင် အ၀ါရောင် ပန်းရောင် စာရွက်လေး များကို အမေ့ထံ မှတ်တမ်း အဖြစ် ပြန်ပြန်အပ် လေ့ရှိသည်။ အဖေ ရှိနေသဖြင့် တရုတ် အပေါင်ဆိုင် အံဆွဲတွင်း အလည် လွန်သော ၀ါဝါရွှေလေးများ အိမ်ပြန်ရောက်လာကြသည်။

ကျွန်မ အမေသည် ငယ်စဉ်ကလို လက်နှင့် ဆိုင်းတီး မသန်တော့ ပါးစပ်နှင့်မူ အံသြစရာ ကောင်းလောက်အောင် တီးနိုင်ပေ သေးသည် ဆိုနိုင်ပေသေးသည် အမေ့အသံသည် အောင်ဆဲ ဖြစ်သည်။

ကျွန်မ သည် အငြင်းအခုန် အတိုက် အခိုက် အသတ် အပုတ် လည်း ငယ်စဉ်ကပင် အင်မတန် ၀ါသနာထုံခဲ့သည်။ ငယ်သူငယ်ချင်းများ အပြောအရ အငြင်းသန်ရ်ျ ရန်ဖြစ်မြန်သော ကျွန်မကို ကစား ဘက်ခွဲတိုင်း နှစ်ဘက်စလုံးမှ လိုချင်သူ ပေါသည်။ ကျွန်မသည် မည်သည့် အခါတွင်မှ ထမင်းဂျိုး ဟင်းဂျိုး မဖြစ်ခဲ့ပေ ရန်ဖြစ်ပြီး ငြင်းခုန်တိုင်း မျက်လုံးပြုးပြီး အသံပြဲသော ကျွန်မ အာခေါင်မှာ နီရဲ လူပ်ခါနေသော အာသီးသေးသေးလေးကိုပင် မြင်ရသည်ဟု သူငယ်ချင်းများက မှတ်မှတ် သားသား ပြောဖူးသည်။

ငယ်စဉ်က အမြဲကစား နည်းသည် သတ်တမ်း ပုတ်တမ်း ဖြစ်သည်။ ကလေးဘ၀တွင် ရိုးရာယဉ်ကျေးမူကို ထိန်းသိမ်းသောအားဖြင့် မြန့်မာပွဲကျောင်းသိုင်း ပညာကို လေ့လာ သင်ယူခဲ့သေးသည်။ ကျောင်းသား အားကစား ပွဲတော်တွင်း လှံသိုင်း ဓားသိုင်း အကအလှ ပြိုင်ပွဲတွင် ဓားပြားနဲ့  ခုတ်မိလို့ နားအုံပွင့်ခဲ့သဖြင့် အမေက ဗီတိုသုံးပြီး ပိတ်ခဲ့သည်။ အခုအသက်အရွယ်ထောက်လာသဖြင့် မျှော်စင်ပေါ်မှာ အလွတ်ခုန်ချခြင်း တောင်ထိပ်ပေါ်မှ ရေတံခွန်အဆင့်ဆင့် လှေဇောက်ထိုးဆင်းခြင်းနှင့် ရံဖန်ရံခါ သေနတ်အစစ်ဖြင့် ပစ်ဖောက်လေ့ကျင့်ခြင်းကိုသာ ပြုနိုင်တော့သည်။

ကျွန်မ ငယ်ရွယ်စဉ် သူငယ်တန်း စတက်တုန်းကပင် ပြစ်မူကျူးလွန်သဖြင့် ကျောင်းအုပ်ကြီး ရုံးခန်းကို စရောက်ခဲ့ဖူးသည်။ နံဘေးမှ သူငယ်ချင်းကို စာသင်ခုံ တံတောင် နယ်ကျော်မူနှင့် ခဲတံနဲ့ ထိုးခဲ့ခြင်းကြောင့် ဖြစ်သည် နယ်ချဲ့ခြင်းကို ငယ်စဉ်ကပင် မုန်းတီးခဲ့ဟန်ရှိသည်။ ကြီးစဉ်မှာလည်း ထိုသို့ပင်ဖြစ်မည်ထင်သည်။ ဂျိုးဂျိုးဂျစ်ဂျစ် မြည်တွင်သော လေလိုင်းမှတဆင့်လဲ တိတ်ဆိတ် လေးတွဲ့ ပျင်းရိ နေသော အသံရှည် များကြား ၀ယ် ရုတ်တရက် ကသော ကမျော အသံ စူးစူး ရှရှ နဲ့ စူးစူး ၀ါးဝါး အော်ဟစ် တတ်လေ့ ဆူပူတတ်လေ့ ရန်စတတ်လေ့ ရှိနေတုန်းပင်.။

ဆယ်တန်းတက်ချိန်အထိ ရုံးခန်းရောက်ဖြစ်သေးသည်။ ပျော့ပြောင်းနူးညံ့လွန်းသည် ကျောင်းသားတစ်ဦးကို ယောကျားပီသစေရန် အလို့ဌာ စေတနာ အရင်းခံဖြင့် လမ်းမှာ လိုက်ပြီး ဆုံးမစာ ပေးခဲ့ရ်ျဖြစ်သည်။ မေတ္တာဖြင့်ပေးသည်မည်သော်လည်း မရိုးသားသော ရည်းစားစာ ဟု သူ အမှတ် မှားပြီး ကျောင်းအုပ်ကြီးထံ ငိုကြီး ချက်မနှင့် တိုင်စာ တက်ခဲ့သည်။ ကောင်လေးတစ်ယောက်အား စာပေးမူ နှောင့်ယှက်မူဖြင့် နံရံထက်က ကြိမ်ကို စိတ်ကြိုက် ရွေးခိုင်းပြီးမှ အတွယ်ခံရသည်။ ငယ်စဉ်ကပင် ကြီးသည်အထိ ခြေသလုံး ပလွေရိုးတွင် ဂုဏ်ထူးဆောင် မှတ်တမ်း အရှိုးးရာများ အဆင့်ဆင့်ထပ်သည်။ ဆရာ ဆရာမများနှင့်ဆုံလျင် သူတိုရဲ့ လျပ်တပြက် ရိုက်ချက် တွေကို ပြောပြောပြီး ရယ်မောမိပါသေးသည်။ လက်ဦးဆရာများကို ကျွန်မ အခုလက်ရှိဘ၀ကို ပြောပြလျင် သူတို့ အံ့သြဟန်မပြသည်မှာ အံ့သြစရာပင်ဖြစ်သည်။

အဖေ့ အပြောအရ စိတ်ကြီးပြီး လက်မြန်သော ကျွန်မ နံမည် ပွကြီးဖြစ်သည်။ အမေနဲ့ ညီမလေးက ကျွန်မကို မယ်ခွေဟု လည်း ရံဖန် ရံခါ ခေါ်လေ့ရှိကြသည်။ မယ်ခွေဆိုသည်မှာ အိမ်ပြန်ချိန်တန်လို့မှ အိမ်မပြန်ပဲ တိုင်းခန်းလှည့်လည်ခြင်း ၀ါ ခြေတော်တော်ရှည်ခြင်း အမြင်မတော်သည်များကို ၀င်ရောက်ဆုံးမ သြ၀ါဒပေးခြင်း ၀ါ လျှာရှည်ခြင်း စသဖြင့် ရှည်လွန်းသဖြင့် ခွေထားရတဲ့ မယ်ခွေပေါ့ အဲ့လို အဲ့လို ဖြစ်မည်ထင်သည်။

ကျွန်မသည် ငယ်စဉ်ကပင် အလွန် အင်မတန် စပ်စုသူ(၀ါ) စူးစမ်း လေ့လာလိုသူ ပညာရှိ လောင်း ဖြစ်ပါသည် ငယ်စဉ် ကလေး ဘ၀က ရွာ့ မျက်နှာ ဖုံး ဖြစ်သော အဘွား ဖြစ်သူနှင့် နေရစဉ် ကာလက ပင်လျင် ရွာထဲမှာ ရန်ဖြစ် သံ စီစီ ညံညံ ကြားတာနဲ့ ကြားရာ အရပ်ကနေ သုတ်ခနဲ ဆို ပြေးပြီး အဲ့ဒီ့ အိမ်ရှေ့ သို့ မဟုတ် အဆိုပါ လူစုစု စုစု ရှေ့ ရဲ့ ရှေ့ ဆုံးကို ရောက်ရှိ သွားတတ်ပါသည်။

(ပညာရှိ ဖြစ်မည့် သူသည် ထိုစဉ်က တွေးကြည့် ရုံမရ ငယ်စဉ် အခါကမူ ပြေးကြည့်မှ အမှန် သိနိုင် ပေမည်)

ထို့နောက် ဖြစ်စဉ်ကို သေသေ ချာချာ ဂဃ နဏ လေ့လာပြီး သကာလ အိမ်ကို ပြန်လာပြီး အဘွား ဖြစ်သူကို အဖြစ်ပျက် မှန်အတိုင်း စီကာ ပတ်ကုံး အစီရင်ခံ ရလေ့ ရှိပါသည် ဖြစ်စဉ်များတွင် အဘွားရဲ့ ထင်မြင် ယူဆ ဆုံးဖြတ် ချက်များကို ရွာမှ လူအများက နာခံရလေ့ရှိသည် ကျွန်မ ကိုယ်တိုင်လည်း အဘွား စီရင်ချက်များကို မိမိ အမြင်နှင့် ပြန်လည် သုံးသပ်လေ့ရှိပါသည်။

ကြီးစဉ်တွင်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ ဖြစ်ကြောင်း ရယ်မှ ကုန်စင် အိတ်သွန်ဖာမှောက်အကုန်ပင် အယ်ဒီတာကို အစီရင်ခံရပြီး စာပေစိစစ်ရေးလက်ချက်ဖြင့် ဖြတ်ခြင်း ညှပ်ခြင်း ခုတ်ခြင်း ထစ်ခြင်း များဖြင့် တစ်စစီ ကျိုးပဲ့သွား သော အစများကို အစက ပြန်စီရခြင်း သည်က ပင်လျင် ကျွန်မ နှစ်သက်သည့် အလုပ် ဖြစ်နေသည်။ ငယ်စဉ်ကမူ ကျွန်မအား မယုံကြည်လျင် အဘွားမှ အဒေါ် ဦးလေးတွေ ကို လည်း ဆက်လက် မေးမြန်း စုံစမ်းလေ့ ရှိပါသည်။ ထူးဆန်းသည် အဘွားမေးပုံမှာ ကျွန်မ အယ်ဒီတာကဲ့သို့ပင် တစ်ပုံစံတည်း တစ်ထပ်တည်းဖြစ်သည်။ ကျွန်မ အဒေါ်တွေ ကလည်း ဖြစ်စဉ်ကို အဘွားကို ပြန်ပြန် ပြောပြ လေ့ရှိပါသည်။

သို့ သော် သူတို့ ပေးပို့ သည် သတင်းများ သည် ဖြစ်စေချင်သော အတင်းများ သာဖြစ်ပြီး ပိုပိုသာသာ ထည့်ပြောခြင်း ကိုယ့်စကား သူများ စကားများ ထည့်သွင်းခြင်းတွေ ဖြစ်စဉ် ထက် ပိုသော ဖြစ်ချင် များကို ထည့်သွင်း ခြင်းများ ကော်ပီများ ကိုယ်ပိုင် သံစဉ်များကို ပိုပိုသာသာ ဝေေ၀ဆာဆာ ထပ်သွင်းတတ်ပါသေးသည် ထိုအချက်မှာ အချို့ ကျွန်မ မိတ်ဆွေများနှင့် ဆင်ဆင်တူသည်။

ကျွန်မ ငယ်စဉ်ကပင် အမှားကို ထောက်ပြပြီး ပြုပြင်ချင်စိတ် ပြင်းပြသူဖြစ်ခဲ့သည်။ ရလာဒ် ကတော့ နင်ဟာလေ တော်တော် လျှာရှည် ကလေးက ကလေးလိုမနေဘူး နေရာတကာဝင်ပါတယ် စပ်စု မတတ်ပ ဟူသတတ်..စပ်စုမ ဂျစ်တူးမဟုလည်း အဒေါ်တွေရဲ့ နံမည်ပေး ကင်ပွန်းတပ်ခံရပါသည်။ လုပ်ဖော် ကိုင်ဘက်များကမူ ဒေါ်ဆင်ငိုဟု ခေါ်ကြသည် ဆင်ခြေ ဆင်လက် ဆင်နားရွက် ဆင်မြီးများသဖြင့် ဖြစ်သည်။

အသက်၁၈နှစ် စွန်းခါစ လူဖြစ်ရုံရှိသေးသည့် အချိန်လောက်တွင် ဆိုင်းမဆင့် ဗုံမဆင့် နံမည်ကြီး ထောင်တွင်း တန်းရောက် သွားတော့သည်။ နိုင်ငံတော်ကို ပုန်ကန်ခြားနားသူဟု အမည်နာမ တပ်ခဲ့ကြသည်။ အမှန်ဆိုလျင် ဘာမှကို မည်မည်ရရ မပုန်ကန်ရသေးခင် နုစဉ်ကာလ ဘုမသိ ဘုမသိတာမှ ဘုကိုလည်း မသိ ဘကိုလည်း မသိ ကလေး သာသာ လေးပင် ရှိသေးသည်။ အသံကြောင့် ဖားသေဟူသောစကားသည် အစိုးရမကောင်းကြောင်း အော်ကြီးဟစ်ကျယ် ပြောလေ့ရှိသော ရပ်ကွက် လူကြီးများကို ရန်စလေ့ရှိသော လက်ကိုင်တုတ်များကို မထီမဲ့မြင် ရယ်သွမ်း သွေး လေ့ရှိသော ကျွန်မ ကိုပင် တိုက်ရိုက် ရည်ညွန်းသည် ထင်သည်။ တိတ်တိတ် မနေသဖြင့် ထောင်တန် ခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းများ အကြားတွင်တော့ ဆရာတစ်ဆူတော့ ဖြစ်ခဲ့သည်။

စကားစပ်သဖြင့် ပြောရဦးမည် ကျွန်မသည် စာအလွန်တော်သည် ကျွန်မ ဆုမရသည့် နှစ်ဟူရ်ျ တစ်နှစ်မျ မရှိ ကျောင်းအဆင့် တွင်ပင် မဆိုထားနှင့် မြို့ နယ်အဆင့်အထိပါ ဆုအကြိမ်ကြိမ်ရဘူးသည် တိုင်းအဆင့်တွင်မူ နှစ်သိမ့်ဆု ပင် မချိတ်ခဲ့ပေ။ဆုမရခြင်းသည် ကျွန်မတို့ ကျောင်းလေးက မြို့ သစ် မြို့ နယ် ကိုသာ ကိုယ်စား ပြုသဖြင့် ဖြစ်သည်ဟု သိရသော် လည်း မြို့သစ်နှင့် မြို့ထဲ မြို့ထဲနဲ့ နံမည်ကြီး ကျောင်း ဘာများကွာခြားသနည်း ဆိုတာကိုတော့ ထိုစဉ်က သေချာ မသိ နားမလည်ခဲ့ပါ။ အခုလည်းရေးတေးတေးဖြစ်နေဆဲပင်။

စာစီစာကုံးဆုသည် ကျွန်မ အရအများဆုံးသော ဆုအမျိုးအစား တစ်ခုဖြစ်သည် စကားရည်လုပွဲများသည် ကျွန်မအတွက် ကလေး ကစားစရာ သာဖြစ်သည်။ ကျွန်မသည် ဖြတ်ထိုးညဏ် အင်မတန်ရင့်သန်ပြီး ငယ်စဉ်ကပင် ဆင်ခြေ ဆင်လက် ဆင်နားရွက် အကုန် အလိုရှိတိုင်း ချပြနိုင်သူ ဖြစ်သည်။ ဆရာ ဆရာမများ အလွန်ချစ်သော ကျောင်းသူလေး ဖြစ်သည် အတန်းတွင်း ဆိုးသွမ်းသူများ နံမည် မှတ်စာရင်း တိုင်းတွင် ကျွန်မ နံမည် အမြဲ ရှေ့ဆုံးကဖြစ်သည်။ ငယ်စဉ်က သူငယ်ချင်း အပေါင်းအသင်း အလွန် ခုံမင်သော သူငယ်မ တစ်ဦးလည်း ဖြစ်သည်။ ကြီးရင့်သည် အခါတွင် လည်း အပေါင်းအသင်း အတွက်ဆို အသက်ပင် သေသေ အမျိုးအစား တွင် ပါဝင်သည်။ အပေါင်းအသင်းကောင်းလျင် တိမ်ပေါ်အထိတက်မည် အ၀ီစိအထိဆင်းမည်ဟု ဆုံးဖြတ်ချက် ချထားပြီးဖြစ်သည်။

သို့သော် မူလ ပင်ကိုယ် စိတ်အခံကိုက လွတ်လပ်ခြင်း ပေါ့ပါးခြင်း အပျော်အပါး မက်ခြင်း လောင်းကစား ခုံမင်ခြင်းများ တစ်ဘက်နှင့် ပင်လျင် ငယ်စဉ် ကလေး ဘ၀ အရွယ်က စပြီး ကျွန်မသည် မိဘအတွက် မိသားစုအတွက် ပူပင်သောက ကြီးမားသူ တစ်ဦးလည်း ဖြစ်ခဲ့သည်။ သမီးကြီး ဖြစ်သဖြင့်လည်း မိခင်ကြီးနှင့် ဖခင်ကြီး ရဲ့ သက်ပြင်းမောများကို ၀င်ပြီး ရှုရှိုက် ပေးလိုသူဖြစ်သည်။

မိသားစု တစ်နိုင်တစ်ပိုင် ကန်စွန်းခင်းမှ ကန်စွန်းရွက်များ ကြောင်လျာသီးလေးများ ပေါက်ပန်းဖြူပွင့်လေးများ ပေါက်ပန်းဖြူ ညွန့်လေးများ ဘူးစင်မှ ဘူးညွန့်လေးများ ဘူးသီးပုတ်လေးများ ဘူးသီးခြမ်းလေးများ သရက်ကင်းများ သရက်သီးများ စသဖြင့် ရရာကို သယ်ပိုး ရောင်းချပြီး ရသမျ ငွေစကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အမေ့ ဈေးဖိုး အပိုသုံးနိုင်ရန် တစ်ဘက် တစ်လမ်းက ၀င်ငွေ အသေးစား လေးကို မိခင်ကြီး လက်တွင်း ဖြည့်သွင်း ထည့်ခဲ့သည်။

ကြီးစဉ် အခါတွင်လည်း မိခင်ကြီး လက်ထဲကို စာအိတ် ဖြူဖြူလေးများကို ကျစ်ကျစ် ပါအောင် သယ်ပြီး ပေးလေ့ရှိသဖြင့် ၀င်ငွေလစာ တိုးခြင်း လျော့ခြင်းဟူသည် အလုပ်ရှင်နှင့် မိခင်ကြီး နှစ်ဦးသာ သိလေ့ရှိသည်။ အခုချိန်ထိ ပင်လျင် မိခင်ကြီးနှင့် ဖခင်ကြီးအတွက် ငွေစ လက်ထဲ ရောက်သည်နှင့် တပြိုင်နက် အချိန်မဆိုင်းပဲ မတိမ်းမစောင်း ဗိန်းဗောင်းတီးပြီး မရောက်ရောက်အောင် အရောက်ပို့ လေ့ရှိသည်။ ငွေလွှဲ ရက်အနည်းငယ် နောက်ကျလျင် အလွန် စိတ်ဆိုးလေ့ရှိသည်။ ထိုမျမကအောင်ပင် ကျွန်မ မိသားစုနှင့် မိဘနှစ်ပါးကို အလွန် ချစ်သည်။

ကျွန်မ ဘ၀ တစ်စိတ်တစ်ဒေသများထဲက မူလ ပထမများ ဖြစ်ပါသည် ပြန်ပြောပြဖို့ အတော်ခက်သည့် ဘ၀ နေ့စွဲ များစွာ ရှိသေးသည်။ ဒီ့ထက်ပိုပြီး ခက်ခဲ ပင်ပမ်း ကြမ်းတမ်း လွန်းသည့် လုပ်ငန်းခွင် မူလ အစ ပထမများကို ရေးခွင့်ရချင်ပါသေးသည် သေချာပါသည်။ ကျွန်မ မဆုမွန် စာတွေကို အသက်ရူမရပ်ခင်အထိ ဆက်ရေးပါဦးမည်။ လောလောဆယ်တော့ အကျဉ်းချုန်း ပြီးပါပြီ။

မမကြိးသို့မဟုတ် မယ်ခွေ ဆိုတဲ့အကြောင်းကိုလည်း တစ်ဦးတည်းသောချစ်ညီမက လွန်ခဲ့သည့်မွေးနေ့က စာဖြင့် ဂုဏ်ပြုထားပေသေးသည်။

14 Comments:

Htoo Myat said...

အရေးအသား ကောင်းသဗျာ...

sharnge said...

ရှားငယ် မှတ်ချက်။ ။အလွန်တော် အလွန်ထက် အလွန်လိမ္မာ အလွန်ချစ်စရာကောင်းသော မဆု ပေပါတကား...

ငယ်ငယ်လေးနဲ့ ထောင်ထဲဝင်ရတဲ့ အကြောင်း ဖတ်ရတိုင်း ၀မ်းနည်း စိတ်မကောင်းဖြစ်ရပါတယ် အမရေ။

မြတ်လေးငုံ said...

ညီမေးဆုမွန် ဟိုတုံးကဆံပင်ရှည်ကြီး
ကိုနှမြောလိုက်တာညီမလေးရယ်.။
စာရေးတာတော်လိုက်တာကိုယ်ရဲ့
အကြောင်းကိုအကြွားမပါဘဲစာဖတ်သူ
တွေရဲ့ရင်ထဲကိုရောက်အောင်ရေးနိုင်တယ်.။

ချစ်ညီမလေးရဲ့ စာဖတ်ပရိသတ်
မြတ်လေးငုံ

မဆုမွန် said...

ရှားရှားပါးပါး ချီးကျူးစကား မွက်ကြားပေးသွားတဲ့ ချစ်သောမောင်ငယ်လေးနဲ့ အမြဲအားပေးတဲ့ ချစ်သော အစ်မကြီးနဲ့ အစ်မကို အမြဲထောက်ခံတဲ့ ချစ်ဆုံးညီမလေးကို ကျေးဇူးပါရှင့်

Nge Naing said...

မဆုမွန်ငယ်ဘ၀ကရော အခုကြီးတဲ့အချိန်မှာပါ မဆုမွန်ဘ၀လေးက စိတ်ဝင်စားစရာ တော်တော်ကောင်းတယ်။

jr.lwinoo said...

"ခြေထောက်တွင် ခြူလုံးလေးများကို ပတ်ပတ် လည် ဆွဲပေးထား ရလေ့ ရှိသည်" .. so did my brother sis. He also used to have it. :). Really thanks to you and naw lay for encouraging me. Have a nice day!

Moe Myint Tane said...

ငယ်ဘ၀ဖြစ်စဉ်လေးတွေကို လာဖတ်သွားပါတယ် ခင်ဗျာ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

မနုငယ် said...

အမ ရေ စပ်စုတာလေးကိုတော့ ကိုယ်တွေ့မို့သိပါသည်.ပျော်တတ်တာလေးရော ....း)

မောင်မောင် said...

မဆုမွန် ရဲ့  မယ်ခွေကို ဖတ်ရှု့ သွားပါသည်။
အင်မတန်ဖတ်၍ကောင်းပါသည်။
ငယ်စဉ် ဘ၀ မှတ်တမ်းမှတ်ရာလေးများ အားလုံး
သည် အခုတော့ လည်း တကယ့်လွမ်းမောစရာပါပဲ။
အားပေးနေတဲ့
မောင်မောင်
ခေတ္တ ကဘူးမြို့ 
အာဖဂန်နစ္စတန်နိုင်ငံ

Unknown said...

မိဘ အပေါ် သိတတ် လိမ္မာ တဲ့ မဆုမွန် ကို အားကျ မိပါတယ်။

ရွှေရတုမှတ်တမ်း said...

ဆုခွေ(ဆုခွေး မဟုတ်ပါ) အကြောင်းလေး ပေါ့ပေါ့ပါးလေးဖတ်လို့ကောင်းဗျာ

ကိုလူထွေး said...

ဘိုင်အို ဂလပ်ဖီ ထုပ်လို့ရဘီ...

းဝ)

purplemay said...

ရန်ဖြစ်နေတုန်းဆို အာသီးလေးတောင်မြင်ရတယ်ဆိုပဲ..။
မမရေ...လုပ်ငန်းခွင်မူလအစပထမများကို မျှော်နေပါမည်....း)

Anonymous said...

Thanks for reading about of you. I from Facebook friend Aye Thinzar Oo.
Good luck my sister..