လူနှစ်ထောင်ကျော်ရဲ့တိုက်ပွဲပဲ ဒါပေမယ့် သန်းခြောက်ဆယ်နဲ့တိုက်ရိုက်ဆိုင်တယ်


ဓာတ်ပုံတွေကို တင်ဆက်ပေးတဲ့ သူငယ်ချင်းရဲ့ Free for country ဘလော့ခ် ကိုလည်း တကယ် လေးစား ဂုဏ်ပြုပါတယ်။ ဆက်ပြီး တိုက်ပွဲဝင်နေတဲ့ ဆန္ဒပြပွဲဒုတိယရက် Free for country ဘလော့ခ် မှာ တင်ဆက် ထားပါတယ်။

ဒီနေ့ အာဏာပိုင်များ ဖက်မှနေ၍ ဆန္ဒပြ နေသော အလုပ်သမားများထဲမှာ ခေါင်းဆောင်များ တဖက်လှည့်နည်းဖြင့် ညှိနိုင်း ဆွေးနွေးရန် အတွက်ဟု အကြောင်းပြကာ ခေါ်ထုတ်ခဲ့သော်လည်း အလုပ်သမားများ ဖက်မှ အားလုံး၏ ဆန္ဒအရဆန္ဒပြတောင်းဆိုခြင်းဖြစ်ပြီး မိမိတို့ ထဲတွင် ခေါင်းဆောင် ဟူ၍ သီးသန့် မရှိ ဟူ၍ ပြန်လည် တုန့် ပြန်ခဲ့ သည့်အတွက် ဖမ်းဆီး အရေးယူရန် အခက်ခဲဖြစ်လျှက်ရှိသည်။ "တဲ့

ငါတို့မှာ ခေါင်းဆောင်မရှိဘူး အားလုံး တညီတည်းပဲတဲ့ ကြက်သီးထမိပါရဲ့
...

မနေ့က နေ့ခင်းပိုင်းမှာ ပြည်တွင်းက သူငယ်ချင်းတွေက အပြေးအလွှား သတင်းပို့သွားတယ်။ လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံမှာ လစာ မလုံလောက်လို့ ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို ရဲချုပ်ခင်ရီ ဦးဆောင်ပီး လုံထိန်းရဲ အင်အားထောင်ချီပြီး လူမဆန်စွာနှိမ် နှင်းရန် ပြုလုပ်နေပါတယ်။ မီးသတ်ကားများ အချုပ်ကားများ တန်းစီထားပြီဖြစ်ပေမယ့် အလုပ်သမားတွေက အလျော့  မပေးပဲ ကြံကြံခံနေပါတယ် အခင်းဖြစ်ပွားရာနေရာသို့  အမြန်ဆုံးသွား ပြီး အလုပ်သမားများနှင့် အတူ ပူးပေါင်း တိုက်ပွဲဝင်ကြပါရန်...ရင်ထဲမှာ တဒိန်းဒိန်းခုန်သွားတယ်။ သွေးတွေ ပွက်ပွက်ဆူလာတယ်။ မိတ်ဆွေ အချင်းချင်း သတင်းတွေက ဆက်တိုက်လိုလို တက်လာနေတယ်။

အခု န၀ဒေးကိုပိတ်ထားလိုက်ပီ လုံထိန်းကား အစီးလေးဆယ်တဲ့ ဘုရား ဘုရား ဒီကောင်တွေ တကယ် လုပ်နိုင်တယ် လုပ်လဲ လုပ်ပြပြီးပြီ စက်ရုံတွေ အကုန် ပိတ်ထားလိုက်ပြီး ၀င်ရိုက်ရင်ရော သေကုန်တော့မယ် ဒီလိုခံစားချက်မျိုး စက်တင်ဘာတုန်းကလည်း စက်ရှေ့မှာ ရင်တမမနဲ့ စောင့်ကြည့်ခဲ့ရတာ မျက်ရည်တွေတွေကျ ခဲ့ရတာ ရင်ထုမနာ ငိုကြွေးခဲ့ရတာ နှလုံးအစုံက နာကျင်လွန်းလှတယ်။

နောက်ထပ် ထပ်ရောက်လာပြန်တယ်။ ဂျီးမေးလ်ချက်ထဲကို။ ဂျီတော့်ခ်ချက်စာရင်းထဲမှာ အကုန်လုံးစိမ်း။ အားလုံးရဲ့ စတေတပ်မှာ အဲ့သတင်းကိုပဲ အကုန်လုံး တညီတည်း ဖော်ပြထားတာတွေ့ရတယ်။

ဆန္ဒပြနေတဲ့နေရာကတော့ Main Industrial နဲ့ဝန်းကျင်မှာ ဖြစ် yes ( အထည်ချုပ်။ သကြားလုံး။ အခြားလူသုံးကုန်များ ) ။ အိုဘယ် ( အထည်ချုပ်။ စက်ကရိယာ ပစ္စည်း။ အခြားလူသုံးကုန် ) ။ သုံးထပ် စတဲ့စက်ရုံကအလုပ်သမားတွေ ဆန္ဒပြနေတာဖြစ် ။ ဆန္ဒပြဦးရေ ၂၀၀၀ ၀န်းကျင်တွင်ရှိသည်။
တောင်းဆိုချက်များ
၁- လစာကိုတသောင်းထပ်ဆောင်းပေးရန်
၂- လုပ်ခအချိန်လျှော့ပေးရန် (လက်ရှိ လုပ်နေရသည့်အချိန် နံက် ရ နာရီခွဲမှ ည၁၁ နာရီခွဲထိ ။
၃- အလုပ်သမားများစားသောက်နေထို
င်သည့်နေရာများသန့်ရှင်းရေး...

ညှိနှိုင်းချက်များအဆင်ပြေနေသည်ဟုသိရ ။
လစာတသောင်းထပ်တိုးပေးရေး ကိစ္စ ယခုတိုင်ပြောဆိုနေဆဲဖြစ်
လုံခြုံရေးအခြေအနေ
- ရဲလုံထိန်းကါး ၃၈ စီး
- မီးသတ် ၄ စီး
- အချုပ်ကါး ၄ စီး

ဘယ်သူ ကူမလဲ ကူသူမဲ့ ကယ်သူမဲ့ ဒါပေမယ့် မတရားမူတစ်ခုအတွက် တရားသဖြင့် တောင်းဆိုနေတဲ့ နေပူကျဲတဲမှာ ငုတ်တုတ်လေးတွေ ထိုင်လို့ တုပ်တုပ်မလူပ်ပဲ ဇွဲနပဲနဲ့ ဆန္ဒပြနေတဲ့ အလုပ်သမလေးတွေ...ကျွန်မ သွေးတွေ ပွက်ပွက်ဆူဝေလာတယ်။ မတရားဘူးဆိုတာ သိရင် မတရားဘူးဆိုတာ ရဲရဲရင့်ရင့်ဖော်ထုတ်ရဲရမယ်။

"လူနှစ်ထောင်ကျော်ရဲ့တိုက်ပွဲပဲ ဒါပေမယ့် သန်းခြောက်ဆယ်နဲ့တိုက်ရိုက်ဆိုင်တယ်"

ဒီနေ့မေးလ်ဖွင့်တဲ့အခါ သူငယ်ချင်းတစ်ယောက်က မေးလ်ကနေ ကဗျာလေးကို နှလုံးသားနဲ့ဖတ်ပါလို့ မှတ်မှတ်ရရ ပေးပို့လာတယ်။ ကျွန်မ တကယ်ဝန်ခံပါတယ်။ ကဗျာဖတ်ဖတ်ပြီးပြီးချင်း မျက်ရည်ကျမိတယ်။

“ အဲဒီနေ့က လစာနှစ်သောင်းခွဲအတွက်ပါ ”

အဲဒီနေ့က ကမ္ဘာကြီးအတွက်သာမန်နေ့ပါဘဲ

ကျွန်တော်ဘယ်မေ့နိုင်ခဲ့မလဲ…..

အဲဒီနေ့မှာ လှိုင်သာယာမှာ ဆန္ဒပြတယ်

ဒီဟါကို အရှင်းဆုံးပြောရရင်

အမြတ်ဆုံးလူတန်းစားရဲ့

အရိုးဆုံးအသံထွက်တစ်ခုပါ…။

ဒီအထည်ချုပ်သမလေးတွေရဲ့ ငိုညည်းသံ

ဒါဟါ မင်းဆိုးမင်းညစ်တွေအတွက်

ငရဲလားတေးသွားသံဖြစ်မယ်….

လူစစ်လူမှန်တွေရဲ့

အမောက်ထောင်တွန်ကျူးသံလည်းဖြစ်တယ်..။

သူတို့လေးတွေခမျာ

ကါးခဈေးတက်ရင်လည်းခံရတယ်

ဆီဈေးဆန်ဈေတက်လည်းခံရတယ်

ဘဝပျက်ရင် ဖာခံရတယ်…

ခံဖို့သက်သက် ဘဝထွက်လားသလားလို့တောင်

အားတုံ့အားနာတွေမိပါတယ်…။

အသန့်ရှင်းဆုံးငွေကြေးကို

အရင်းအနှီးအကြီးဆုံ ပေးဆပ်မှုတွေနဲ့

သူတို့တွေခမျာ ရှာဖွေနေရှာတယ်….။

သူတို့လေးတွေရဲ့လောကဓံဇာတ်ဝင်ခန်းဟါ

နိုဘယ်ဆုရသူထက်လည်းသာတယ်

အော်စကါဆုရခဲ့သူတွေထက်လည်းသာတယ်

အကယ်ဒမီရှင်တွေထက်လည်း မြင့်မြတ်ပီပြင်နေခဲ့တယ်

ဒါပေမယ့် သူတို့လေးတွေခမျာ

ရသင့်တဲ့ဆုအားလုံးနဲ့တော့လွဲခဲ့ရရှာတယ်…..။

ငါမအားတဲ့ကြားကနေ အသံတစ်သံကြားလိုက်တယ်

လှိုင်သာယာမှာ ဆန္ဒပြနေကြတယ်တဲ့

မဖြစ်နိုင်ဆုံးပုံပြင်တစ်ပုဒ်ဖြစ်လို့……

အသောအထေ့ပြက်လုံးဖြစ်လို့…..

ဇုံလုံးမှိတ်ငါ ယုံလို့ဖြစ်မလား

ဒီလိုနဲ့

အဲဒီကိုငါရောက်ရှိသွားခဲ့တယ်……။

ငါသွားတော့ရောဘာဖြစ်မှာလည်း

အဲဒါဟါ နအဖလမ်းသစ်ဖွင့်ပွဲဆို ငါဘယ်သွားမလဲ

နိုင်ငံရေးပါတီတွေရဲ့ အင်အားပြပွဲဆိုလည်း ငါဘယ်သွားမလဲ

သူတို့လေးတွေဟါ

ဘဝပျက်ကွဲနေပေမယ့်

မသိခြင်း ကြောက်ရွံ့ခြင်းကြားမှာ

အသံတွေတိတ်ဆိတ်နေခဲ့တယ်

အခု ပွင့်အာလာခဲ့ပြီ…တောက်ပခတ်ပွင့်ခဲ့ပြီ

နအဖအတွက်တော့ ခြောက်အိပ်မက်ဖြစ်မယ်ထင်တယ်…။

အထည်ချုပ်သမဆိုတာမသိရင် ငွေနှစ်သောင်းခွဲကိုပြေးမြင်လိုက်

အဲဒီငွေဟါ ၂၅ဒေါ်လာနီးပါးနဲ့ညီမျှတယ်

အဲဒီငွေဟါ ဘဝတစ်ခုစာနဲ့ညီမျှတယ်

အဲဒီငွေဟါ အဖေအိုကို ကျေးဇူးဆပ်နေတာနဲ့ညီမျှတယ်

အဲဒီငွေဟါ ကလေးကျောင်းစရိတ်နဲ့ညီမျှတယ်

အဲဒီငွေဟါ ကမ္ဘာကြီးကို အဝတ်ဝတ်ပေးနေတာနဲ့ညီမျှတယ်

အဲဒီငွေဟါ တီဘီဖြစ်နေတဲ့မောင်လေးအတွက် အသက်ကယ်ဆေးလည်းဖြစ်တယ်

အဲဒီငွေဟါ အိတ်ချအိုင်ဗွီဖြစ်နေတဲ့လင်သားအတွက် ဆန်ပြုတ်လေးတိုက်ဖို့ဖြစ်တယ်

အဲဒီငွေဟါ ဖာမဖြစ်ရေးအတွက် ဂုဏ်သိက္ခာနဲ့အစာအိမ်ရဲ့ ထွန်ကြောင်းရာလည်းဖြစ်တယ်

အဲဒီငွေဟါ တရုတ်ပြည်ကြီး ချမ်းသာကြီးပွားနေတာနဲ့ ညီမျှတယ်

အဲဒီငွေဟါ နအဖအာနာတည်မြဲနေတာနဲ့ ညီမျှတယ်

ငါတို့ခေတ်မှာ ငါတို့ခေတ်ရဲ့ရတနာမိခင်တွေ

ဘယ်လောက်ဘဝနစ်မွန်းခဲ့ရတယ်ဆိုတာနဲ့ ထပ်တူအချိုးကျတယ်….

အဲဒီတစ်သောင်းခွဲဟါ သူတို့လေးတွေရဲ့ တစ်လစာဖြစ်တယ်

အဲဒီတော့

အဲဒီငွေနဲ့ အဲဒီသမလေးတွေဟါ သမိုင်းသက်သေနဲ့ညီမျှနေရှာတယ်။

ဒါပေမယ့်

အထည်ချုပ်သမလေးတွေခမျာ

တစ်လမှာမြန်မာငွေသောင်းခွဲ

တစ်ရက်ပျက်ရင် တစ်ထောင်ကျပ်ဖြတ်ခံရတယ်

နေ့ထူးနေ့မြတ်ရုံးပိတ်ရက် လာနောက်မနေနဲ့

ကော်ဖီဘရိတ်မရှိဘူး

ရီထရိခရီးမရှိဘူး

အိုင်အယ်လ်အိုကိုမသိဘူး

အလုပ်သမားအခွင့်အရေးမသိရှာဘူး

မီးဖွားခွင့် ရှောင်တခင်ခွင့် နေမကောင်းခွင့်

ဟုတ်ကဲ့ရှင် စာအုပ်ထဲမှာလို့တောင်

သူတို့မင်းကိုပြန်မဖြေနိုင်မှာမဟုတ်ဘူး

သူတို့သိတာ တစ်လနှစ်သောင်းခွဲအပြည့်ရရေး….

သူတို့သိတာ ဒီအလုပ်လေးမပြုတ်ရေး။

တစ်ရက်မှာ ၉နာရီ

မတ်မတ်ရပ်၊ မြန်မြန်ချုပ်၊

ကိုကိုတရုတ်ပြည်ကြီးအတွက်

အချိန်တိုတိုမှာ များများထုတ်ဖို့လေ

ကန်တော့ပါရဲ့

ရာသီလာတဲ့ ဂွမ်းစထုတ်တောင်

သူ့ပေါင်ကြားကဆွဲမထုတ်အားဘူး

သူတို့အလုပ်ရှုပ်ခဲ့ရရှာတယ်။

အော်……တစ်လတစ်သောင်းခွဲရယ်

ပေါက်ဖော်ကြီးလုပ်ရဲတယ် နအဖထောက်ခံတယ်

ဒီအထည်ချုပ်သမလေးတွေဟါ

ငါတို့မြန်မာပြည်ရဲ့ရတနာလေးတွေပါ

ငါတို့တိုင်းပြည်ရဲ့မိခင်လောင်းတွေပါ

ငါတို့တိုင်းပြည်ရဲ့စက်မှုဇုံတွေပါ

ငါတို့တိုင်းပြည်ရဲ့လူ့အခွင့်အရေးတွေပါ

ငါတို့တိုင်းပြည်ရဲ့

ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ရွှေပြည်တော်သာလမ်းမကြီးနံဘေးက

မြင့်မြတ်မညှိုးပန်းတွေပါ

အခုတော့

သူတို့ကို ပေါက်ဖော်ကြီးကလုပ်တယ်

နအဖကချုပ်ပေးတယ်…။

အဲဒီ

ဘဝမုဒိန်းကျင့်ခံနေရတဲ့ မိန်းကလေးတွေဟါ

ငါတို့တိုင်းပြည်ရဲ့ အနာဂတ်မိခင်တွေ

ငါတို့တိုင်းပြည်ရဲ့နှမသားချင်းတွေ

ငါ့တို့တိုင်းပြည်ရဲ့ ချွေးစက်တွေ

အခုတော့ နအဖရဲ့ယုတ်မာမှုအောက်

တရုတ်ကမုဒိန်းကျင့်ကောက်ကျစ်မှုအောက်.

………………….

………..။

သူတို့ခမျာ

သူတို့နိုင်ငံရေးလည်းနားမလည်ရှာပါဘူး

လစာလေးတိုးတောင်းတာကို

အဖြေမညှိဘဲ

အဓိကရုန်းခေါဘဏီတပ်ကြီးချီလို့

တပ်မတော်သာအမိ တပ်မတော်သာအဖ

လူကြီးမင်းများခင်မျာ

ဝန်းရံဖြေရှင်းလိုက်ပုံများ

ဒိုင်းလွှားကားသေနတ်များနဲ့

သွေးမြေကျရင်ဆေးဖို့ထင်ပါ့

နိုင်ငံတကာကလှူထားတဲ့ မီးသတ်ကားများတောင်ပါလာပါသေးသမို့

အော်…လုပ်ရက်ပေတယ်လို့သာ…။

အထည်ချုပ်တဲ့လက်ပါရှင်

တိုင်းပြည်ဖျက်ချင်ရင်……

ဆူပူဆန္ဒပြချင်ရင်.……

အထည်ချုပ်စက်ရုံရှေ့မှာလစာတိုးတောင်းပြီး

အချိန်ကုန်ခံပါမလားရှင်လို့

သူတို့ပြောခွင့်ရရင် ( လူကြီးမင်းတို့ကြားမှာပါ )

နားထောင်ရဲဖို့သာ သတ္တိခွန်အားမွေးထားကြပါ…။

သေနတ်ကြီးတကါးကါးနဲ့ လူကြီးမင်းများခင်များ

သူတို့ဟါ

ငတ်နေတာလေး ကြိုးညှိဖို့

လခလေးတိုးတောင်းမိတာပါဗျာ….။

သေနတ်ကြီးတကါးကါးနဲ့လူကြီးမင်းများခင်ဗျာ

သူတို့လစာတိုးတောင်းတာဟါ

လူကြီးမင်းတို့ လူကြီးမင်းအချင်းချင်း

လစာတိုးပေး မသထာရေစာတန်းညှိရေးမှာ

အခြေခံစားကုန် ဗြောင်းဆန်ကုန်လို့

လစာတိုးတောင်းမိရှာတာပါခင်ဗျာ…။

သူတို့ခမျာ

သူတို့ခများ ဘိန်းမှောင်ခိုလည်း မကူးခဲ့ပါဘူး

ပြည်ပလည်းအားမကိုးပြီး ပုဆိန်လည်းအရိုးခဲ့ပါဘူး

တပ်မတော်ဖြိုခွဲဖို့လည်း အားမထုတ်ခဲ့ရှာပါဘူး

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလည်း မဖြိုခွဲခဲ့ပါဘူး

တိုက်လေယဉ်တွေလည်း ဝယ်ဖို့မစီစဉ်ခဲ့ပါဘူး

လျှပ်စစ်ဓာတ်အားနဲ့ တွင်းထွက်ရတနာများလည်း ရောင်းမထုတ်နိုင်ခဲ့ပါဘူး

ထမင်းနပ်မှီဖို့အရေး

ရသင့်ရက်မရတဲ့လစာလေး

နှစ်သောင်းခွဲကနေ သုံးသောင်းခွဲဖြစ်ရေးတောင်းဆိုမိတာလေးပါ

အဲဒီနေ့ကသူတို့လက်ထဲမှာ

မနေ့ညကထမင်းကြမ်းခဲနဲ့ ပဲပြုပ်ဆီမဆမ်းထည့်ထားတဲ့

ထမင်းချိုင့်လေးဘဲပါပါတယ်။

အဲဒီနေ့က သူတို့လက်ထဲမှာ

ပျက်လုလုဘဝတစ်စုံ

မျှော်လင့်ချက်မဲ့တုန်တုန်ရင် ကိုင်ထားတာဘဲ

ကျွန်တော်မြင်မိပါတယ်။

အဲဒီနေ့က

သူတို့အရှေ့မှာ

ဒိုင်းလွှားသေနတ်တကါးကါးနဲ့လူကြီးမင်းများခင်ဗျား….

သံဃာတောင်သတ်ရဲသူခင်ဗျားတို့အတွက်

ကျွန်တော်ဘက်မှာတားစရာ စကားမဲ့ပါတယ်

တစ်ခုဘဲတောင်းပန်ပါစေ

သူတို့ရှာနေရတဲ့ လစာတစ်သောင်းခွဲထဲမှာ

ခင်ဗျားတို့ကိုတိုးပေးဖို့ထားတဲ့ လစာလေးတွေပါပါတယ်…

ကျွန်တော် မျက်ရည်တွေဝေ့သွား၊

အသက်ရှုတွေကြပ်သွားလို့

အဲဒီအရှေ့ကနေလှည့် ပြန်လာခဲ့လိုက်တယ်…

နောက်နေ့သတင်းတွေမှာသာ

ခင်ဗျားတို့ဆက်နားထောင်ပါတော့ဗျာ…..။ ။

ခင်ဗျားတို့နားရောက်ပြီးမှ မကြည့်ရက်တော့လို့ ကျွန်တော်လှည့်ပြန်လာမိတာကိုခွင့်လွှတ်ကြပါဗျာ။ နှမတို့ လောက်မှ သွေးမရဲ၊ သတ္တိမရှိတဲ့ ကျွန်တော်ဟါ ဒီကဗျာလေးတစ်ပုဒ်နဲ့တော့ ခင်ဗျားတို့ကို ဂုဏ်ပြုပူဇော်ပါရစေ ။ ခင်ဗျားတို့ တိုးလိုချင်တဲ့ လစာလေးများလည်းရရှိခံစားနိုင်ကြပါစေလို့ ဒီည ကျွန်တော်ဆုတောင်းပေးပါတယ်..။ အငြိမ်းချမ်းဆုံး တရားဓမ္မထွန်းကါးရာ ကျွန်တော်တို့တိုင်းပြည်မှာ တရားမျှတမှုမရှိဆုံး အဖြစ်ပျက်တွေ ဖြစ်ပျက် နေတာ ဘယ်တော့များမှဆုံးမှာလည်းလို့လည်း ယောင်္ကျားတန်မဲ့ မျက်ရည်ဝဲမိပါတယ်ဗျာ.။ အသန့်ရှင်းဆုံးနေ ရာမှာ အယုတ်ညံ့ဆုံးလူတွေရှိနေသရွေ့တော့ ခင်ဗျားတို့၊ ကျွန်တော်တို့ အားလုံးသောသူတွေရဲ့ ဘဝတွေ ရင်း နှီးပျက်စီးပေးရဦးမှာပေါ့လေ..။

နိုင်ငံပြုသစ္စာဖြင့်

ရွက်သစ်

၉၊ ၂၊ ၂၀၁၀

လှိုင်သာယာစက်မှုဇုံ ဆန္ဒပြပွဲသို့

ဒီကဗျာလေးအပြီးမှာ ဆို့နစ်နာကျင်မူတွေနဲ့ ထပ်မျက်ရည်ကျတယ်။ လေးလဲ လေးစားမိတယ်။ ဂုဏ်လည်း ဂုဏ်ယူတယ်။ တိုက်ပွဲကို အောင်မြင်စွာ အနိုင်တိုက်နိုင်ပါစေလို့ ဆုတောင်းတယ်။
တိုက်ပွဲဝင်နေတဲ့ အစ်မတွေ ညီမလေးတွေအတွက် ဂုဏ်ပြုကဗျာလေးကို နှလုံးသွေးနဲ့ ရေးစပ်ခဲ့တဲ့ ရွက်သစ်ကိုလဲ တကယ့်ကို လေးစားမိပါတယ်။

16 Comments:

Unknown said...

အေးဗျာ...............ဘာပြောရမှန်းတောင် မသိ ဘူး၊ ရင် ထဲ အလုံးကြီး ဆို့နေ သလိုပဲ။
အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ။
တရားသော တိုက်ပွဲ အောင်မြင်ပါစေ။

မြတ်လေးငုံ said...

အော်မြန်မာပြည်သူတွေကတော့ လစားလေးတိုးရ
ဘို့ကိုချွေးတွေ သွေးတွေ နဲ့ရင်းပြီးတိုက်နေရတယ်.
မြန်မာပြည်ကို အုပ်ချုပ် မင်းလုပ်နေတဲ့ စစ်ခွေးတွေကတော့ရုံးမတက် အလုပ်မလုပ် ဘဲပြည်သူတွေပိုက်ဆံကိုလိုသလိုသုံးနေကြတယ်.၊
လူအချင်းချင်း လှည့်ပါတ်ခြင်းကင်းရှင်းကြပါစေ..။
မြန်မာပြည်သူတွေ ဘေးရန်ခပ်သိမ်းကင်းရှင်းကြပါစေ.
(စစ်ခွေးများမပါ).။

sharnge said...

တိုက်ပွဲ အောင်မြင်ပါစေ။

kiki said...

စိတ်မကောင်းလိုက်တာ..

မတရားမှုတွေ ကြီးစိုးနေတဲ့ အရပ်မှာ တရားသဖြင့်တောင်းဆိုနေကြသူတွေ
ဘေးအန္တရာယ်ကင်းရှင်းစွာ နဲ့ အောင်မြင်နိုင်ကြပါစေ လို့  ပဲ ဆုတောင်းပေးရုံမှ လွဲပြီး ဘာမှ မတတ်နိုင် လို့ 
ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်သွားတယ် ။

အစိမ်းလေး ၁၀ ကိုတောင် တိုးမပေးချင်တဲ့ အနိုင်ကျင့် ဂုတ်သွေးစုတ်သူများ ၊ သန်းခြောက်ဆယ် ထဲက ၅ သိန်းကျော် သူများ အားလုံးအပါအဝင် ရွှေပြည်ကြီးထဲ ရှိနေကြသူများ
ကျန်းမာ ချမ်းသာကြပါစေ။

ရွှေရတုမှတ်တမ်း said...

တရားကိုနတ်စောင့်နိုင်ပါစေ....
မတရားမှုတွေရှုံးနိမ့်ကြပါစေ...

မိုးခါး said...

ဟင်းးးးးးးးးးးးးးးးးးးးးးးးးး
ပုံတွေကြည့်ပြီး စိတ်မကောင်းလိုက်တား((

Sint Si said...

တရားသော တိုက်ပွဲ အောင်မြင်ပါစေ။
လူအချင်းချင်း လှည့်ပါတ်ခြင်းကင်းရှင်းကြပါစေ..။

Moe Cho Thinn said...

မတရားမှုကို ငုံ့မခံတဲ့ သတ္တိကို လေးစားစိတ်နဲ့ မျက်ရည်ဝဲမိပါတယ် ညီမရယ်..။
မသေရုံတမယ်ပါပဲ၊ ငါ့ဝမ်းပူဆာ မနေသာ တဲ့ ဘ၀လေးတွေ ဘယ်တော့မှ ငြိမ်းချမ်းပါ့မလဲ။ မင်းဆိုး မင်းညစ်အောက်က တို့ဘ၀တွေ ဆိုးလိုက်တာ..။

တရားသောတိုက်ပွဲ အောင်မြင်ပါစေ၊ ဘေးအန္တရာယ်လဲ ကင်းရှင်းကြပါစေ လို့ ရင်ထဲက ဆုတောင်းပါတယ်။

ခြေလှမ်းသစ် said...

မတရားအုပ်ချုပ် မင်းလုပ်နေတဲ့ ဒီစစ်တပ်ကြီး အမြန်ဆုံး ပြိုလဲပြီး တရားသောစစ်ကို ဆင်နွှဲနေတဲ့ မြန်မာပြည်သူများ အမြန်ဆုံး အောင်မြင်ကြပါစေဗျာ .... သန်း၆၀သော ပြည်သူများလည်း အမြန်ဆုံး စစ်ဖိနပ် အောက်မှ လွတ်မြောက်ပါစေလို့ .....

သဒ္ဓါလှိုင်း said...

ဖတ်ရင်း ရင်ထဲမှာ ဆို့နေပြီ။ အားလုံးနဲ့ဆိုင်တဲ့ တိုက်ပွဲပါပဲမဆုရေ...။ အဓမ္မကို ဓမ္မက အနိုင်ရမှာပါတဲ့။ အဲဒီစာတမ်းလေးကို အခုထိ မျက်စိထဲက မထွက်ဘူး။

ခင်တဲ့
သဒ္ဓါ

မြစ်ကျိုးအင်း said...

သိပ်သနားဖို့ကောင်းတာပဲဗျာ
ငုတ်တုတ်လေးတွေ ထိုင်ပြီး ပိုက်ထားတဲ့ လက်ပေါ် ခေါင်းငိုက်နေတဲ့ မြင်ကွင်းလေးက အထိခိုက်ဆုံးပါပဲ။
လစာတိုးတောင်းတဲ့သူတွေကို ဘေးအန္တရာယ် ကင်းရှင်းကြပါစေလို့ ဆုတောင်းပေးရတာ နိင်ငံတကာကြားရင် ရယ်စရာ ပျက်လုံးဖြစ် ပေမယ့် ကျွန်တော်တို့ နိင်ငံအတွက်တော့ ဒါဟ အမှန်တရားပါပဲ။
အားလုံးဘေးအန္တရာယ်ကင်းရှင်းကြပါစေ။
ရည်ရွယ်ချက်တွေ အောင်မြင်ပါစေ။

ငြိမ်းဝေ said...

မဆုမွန်
ကျနော် အရမ်းစိတ်ထိခိုက်ရပါတယ်
ကျနော် အရမ်းနာကျင်မိတယ်
ကျနော်တို့ ဘယ်လိုလုပ်ကြမလဲဗျာ
ကျနော်လည်း မျက်ရည်တကယ်ကျမိတယ်
ဒါပါပဲ..ဗျာ

ဂျေဂျူဝိုင် said...

ဒီအထည်ချုပ်သမလေးတွေဟါ ငါတို့မြန်မာပြည်ရဲ့ရတနာလေးတွေပါ ငါတို့တိုင်းပြည်ရဲ့မိခင်လောင်းတွေပါ ငါတို့တိုင်းပြည်ရဲ့စက်မှုဇုံတွေပါ ငါတို့တိုင်းပြည်ရဲ့လူ့အခွင့်အရေးတွေပါ

မိခင်လောင်းတွေပါ ဆိုတော့ ဘာကို အားနာမှန်း မသိ အားနာသွားတယ်။ မကြာခင် သေကြရတော့မယ်။ မာန်မာနလေး တစ်ချက်လေး နောက်ဆုတ်လိုက်။ ပြည်သူကို တစ်ချက်လေး ငဲ့ကြည့်လိုက်ရင် အားလုံးကောင်းသွားမယ့် ကိစ္စကို အော် အတ္တ ။ အတ္တ။ တစ်နိုင်ငံလုံး ကျတဲ့မျက်ရည်တွေနဲ့ သူတို့ကို သူတို့ ပူဇော်လို့ အားမရနိုင်သေးဘူးနော်။

jewel said...

၇င်နဲ.၇င်းပြီးမျက်၇ည်ကျမိပါသည်။
သူတို.လောက်မစွန.်စား၇ဲသည်.ကိုဃ်.ကိုကိုဃ်လည်း
၇ုက်မိပါသည်။ဘေး၇န်ကင်းစွာဖြင်.အောင်မြင်ပါစေ။

Unknown said...

ဝမ်းနည်းဖွယ်စာမျက်နှာမှာ
နှလုံးသွေးနဲ့ထုဆစ်ခဲ့တဲ့စကားလုံးတွေက
အရမ်းလှပါတယ်.. အားပေးလျှက်ပါ..

Unknown said...

မဆုမွန်
ကျွန်တော်တို့က နယ်ကနေပြီးသတင်းပဲကြားရတာပါ...
ကြားရတဲ့သတင်း တောင်မျက်ရည်ဝဲရပါတယ်...
မြင်ရတဲ့သူတွေအတွက်တော့ ပိုဆိုးတော့မှာပေါ့...
အကြမ်းဖက်နှိမ်နင်းမဲ့ အစိုးရဘက်တော်သား သူသတ်သမားတွေကတော့ သံဃာတောင်မသိတာ...မိန်းကလေးတွေဆိုရင်ပိုဆိုးတော့မှာပေါ့...စိုးရိမ်မိပါတယ်ဗျာ...သူတို့လေးတွေဘ၀ရင်းရပေမယ့် ...နောက်ကလိုက်ပေးမယ့်သူမရှိရင် အနှိပ်ကွပ်ခံဘ၀နဲ့ပဲအဆုံးသတ်မယ်ထင်တယ်ဗျာ...
အားမတန် ပေမယ့် မာန်တင်းနိုင်တာ စားဝတ်နေရေးအကျပ်အတည်းကြောင့်ဆိုတာလောက်တော့အာဏာပိုင်တွေသိပါစေလို့ပဲဆုတောင်းမိပါတယ်