မောင်လေးထံမှ ပေးစာ

မနေ့ က မြန်မာပြည်ထဲက မောင်အရင်းလေးလို့ ချစ်ရတဲ့ မောင်ငယ်လေးဆီက စာလေးတစ်စောင်ရတယ် သူက အင်မတန် ဓာတ်ပုံရိုက်ဝါသနာဝါသနာကြီးတယ် အစအနောက်လဲ အင်မတန်သန်တယ် သူပြောတဲ့စကားတိုင်းမှာ အမြဲတမ်းရယ်စရာပါတယ် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ကလေးတစ်ယောက်ပါ ဒီမနက် ဂျီတော့ကို ဖွင့်ဖွင့်ချင်းမှာပဲ offline ဖြစ်နေတဲ့ သူ့ ချက်ကနေ စာပိုဒ်လေးတစ်ခု တက်လာတယ် ကျွန်မရင်ထဲ တော်တော်မကောင်းဖြစ်သွားတယ် ၀မ်းနည်းတာထက် တော်တော်ကို နာကျင်မိတယ်...
မိတ်ဆွေတို့ ခံစားကြည့်ပါနော်...
------
အစ်မ ရေ … ကျွန်တော်တော့ စိတ်မကောင်းဖြစ်စရာတစ်ခု့ ကြုံလိုက်ရတယ်…
ကျွန်တော် အရက် ကြိုက်တာ အစ်မ သိပါတယ်…
အင်း. . သောက်တာမှ ညတိုင်းလိုလို သောက်တာ . .
သူငယ်ချင်းတွေ မလာလည်း တစ်ယောက်ထဲ သွားသောက်တယ်… ထားတော့ … ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ....မှာ (သံပုံး)ဆိုတဲ့ အရက်ဆိုင်လေး တစ်ဆိုင်ရှိတယ်…
အရင်က သံပုံးတွေရောင်းရာကနေ နောက်ကျတော့ အရက် ရောင်းဖြစ်သွားတာ ..
ကျွန်တော်က အဲဒီဆိုင်က ဖောက်သည်တစ်ယောက်ပေါ့ ..

ကျွန်တော်ပြောချင်တာက အဲဒီဆိုင်ကစားပွဲထိုးလုပ်တဲ့ ကောင်လေး တစ်ယောက် အကြောင်းပါ. အဲဒီမှာ စားပွဲထိုးကောင်လေး ၃ ယောက်ရှိတယ်..ဖိုးငယ်နဲ့ ဖိုးဝင်းဆိုတဲ့ ကောင်လေး ၂ ယောက်က ၇ တန်း ..အေးကိုဆိုတဲ့ ကောင်လေး က ကျောင်းမနေဘူး … အဲဒီ ၃ ယောက်ထဲမှာ အခု ကျွန်တော်ပြောမှာက ဖိုးငယ်ဆိုတဲ့ကောင်လေးတစ်ယောက် အကြောင်းပဲ … သူအခု ကျောင်းထွက်တော့မယ်လို့ ပြောတယ်…

ဒါနဲ့ ကျွန်တော်က ဘာလို့ လဲလို့ မေးတော့ သူ့ မိဘတွေက ကျောင်းကတောင်းတဲ့ ဘာညာကိစ္စတွေအတွက် ပိုက်ဆံမပေးနိုင်တော့လို့ တဲ့လေ … အခုလဲ ကျောင်းအိမ်သာ ဆောက်ဖို့ ဆိုပြီး ကျောင်းသားတစ်ယောက်ကို ငွေ ၂၀၀၀ိ/ ဆီတောင်းတယ်တဲ့ .. သူ့ မိဘ ဆိုတာလဲ အဖေက ဆိုက်ကားဆရာ .. အမေကတော့ ဘာလုပ်လဲ သေချာမသိဘူး..
ပြီးတော့ သူတို့ က မောင်နှမက ၆ယောက်-၇ယောက် လောက်ရှိတယ်.. သူနဲ့ (ဖိုးငယ်)နဲ့ တူတူပဲ မွေးတဲ့ တစ်ယောက်ရှိသေးတယ်.. အမွှာ ပေါ့ .. ဖိုးကြီးတဲ့ .. သူလဲ ၇ တန်း … ၇တန်းသာဆိုတယ်.. လူကောင်လေးတွေကလဲ သေးသေး လေးတွေ… အဲဒါ အခု ကျောင်းကို ငွေမပေးနိုင်လို့ဆိုပြီး သူ့ မိဘက ကျောင်းထုတ်တယ်…

ကျွန်တော်က ခင်နေတာဆိုတော့ တော်တော်စိတ်မကောင်းဘူး အမရယ်… မျက်ရည်တောင် စို့ မိတယ်… တစ်ကယ်..၂ ယောက်စလုံးကလဲ စာတော်ကြတယ်… အခန်းထဲမှာ လူ ၆၀ ကျော် လောက်ရှိတာကို မအားတဲ့ကြားက စာကျက်ရင်း အဆင့် ၉ နဲ့ ၁၀ စီ ရကြတယ်..

နောက်ကျွန်တော် စဉ်းစားမိတာနဲ့ အဲဒီကောင်လေး (ဖိုးငယ်) ကို ကျွန်တော့်အိမ်လာခိုင်းပြီး မင်း ကျောင်းတက်ချင်လားလို့ မေးလိုက်တယ်… သူက တက်ချင်တယ်ပြောတော့ ကျွန်တော်လဲ မင်းမိဘ တွေကို ပြော .. ငါ မင်းတို့ ညီအစ်ကို ၂ ယောက်လုံးအတွက် ကျောင်းစရိတ် အကုန်လုံးကို တာဝန်ယူတယ်.... ကျောင်းဝတ်စုံ/စာအုပ် ခဲတံ ဘောပင်က အစ ..
ကျောင်းကတောင်းတဲ့ ငွေ အားလုံးပေးမယ်လို့ ပြောလိုက်တယ်…. အဲဒါ နဲ့ သူ သူ့ မိဘတွေကို ပြန်ပြောတော့ လက်ခံတယ်…အကြီးကောင်ဖိုးကြီး ကတော့ မတက်တော့ဘူး ကားတာယာ ဆိုင်မှာပဲ လုပ်တော့မယ်လို့ ပြောတယ်တဲ့ .. ဒါလဲ ကျွန်တော် သိပ်မယုံသေးဘူး .. တာယာဆိုင်ကို သွားပြီး ဖိုးကြီးနဲ့ တွေ့ပြီးမေးဦးမှာ … အခု ဖိုးငယ်လေး ကတော့ တနလာနေ့ ဆိုပြန်တက်ရတော့မယ်.. ကျွန်တော် သူ့ ဆရာမတွေပါ အကျိုးအကြောင်းပြောထားပြီးပြီ…

အင်း………………… ကျွန်တော်ပြောချင်တာက အခု ကျွန်တော်တို့ ဆီကကျောင်းတွေ အတောင်းကြမ်း နေပါတယ်ဆိုတာကိုပါပဲ …အိမ်သာဆောက်ဖို့ ငွေ ၂၀၀၀ိ/ ဆိုတာ တတ်နိုင်တဲ့ လူတွေအတွက်တော့ မပြောလောက်ပါဘူး…

ဒါပေမယ့် တစ်နေ့ လုပ်မှ တစ်နေ့ စားရတဲ့ ဆိုက်ကားသမား မိသားစု အတွက်ကတော့ ငွေ ၂၀၀၀ိ/ ဆိုတာ သူတို့ တွေအတွက် တစ်ရက်စာ ထမင်းဖိုး ပါပဲ အဲ .. ပြောရဦးမယ်… အချို့ ဘာကျောင်းဆိုလဲ မသိဘူး .. တစ်ယောက် ၅၀၀၀ိ/ တောင်းတယ်တဲ့ … အစိုးရက ကျောင်းကျန်းမာရေး အတွက်ဆိုပြီး မဆောက်မနေ ဆောက်ခိုင်းလို့ ဆိုပဲ သြော်… သူတို့ ကသာ ဆောက်ဟဲ့ပြောတာ. ငွေဆိုတာ တွင်းထဲက ထွက်လာတယ်မှတ်နေလား မသိပါဘူးဗျာ……
ရွံစရာကောင်းလိုက်တဲ့သူတွေ… ဟင်း… ထားပါတော့ …
ကျွန်တော်လဲ အခုအမကို ရင်ဖွင့်လိုက်ရလို့ ပေါ့သွားပြီ …
အဟဲ .. အစ်မ ပဲဆက်ပြီး ရင်မောပေတော့ ….
အခုလို ကျွန်တော် ရင်ဖွင့်ထားတာလေး ဖတ်ပေးတာ ကျေးဇူးပါပဲနော်…. J
အစ်မ ပျော်ရွှင်ပါစေ………………………….
-----------------

စာဖတ်ဖတ်ပြီးချင်း ကျွန်မ ခဏငိုင်သွားတယ်...ကျွန်မ မောင်လေးကတော့ ကလေးတစ်ယောက်ကို ပညာသင်ဖို့ လမ်းဆက်ဖောက်ပေးလိုက်နိင်ပြီဆိုပေမယ့်..ဖိုးငယ်ဆိုတဲ့ အဲ့ကလေးလေး ပညာသင်ပြီးရင်ရော...သူဘာဆက်လုပ်မလဲ...

ဖိုးကီးလို အဲ့လိုကလေးငယ်လေးတွေရော. တိုင်းပြည်ရဲ့အညွန့်အဖူးလေးတွေ အချိန်မတိုင်ခင် လုပ်ငန်းခွင်ဆိုတဲ့နေရာကြီးထဲကို မျက်လုံးလေးတွေ ကလည်ကလည်နဲ့ ရောက်သွားပြီး အဟိန်းအဟောက်ခံ အထုအထောင်းခံပြီး မျက်ရည်စက်လက်နဲ့ ထမင်းစားနေရတဲ့ဘ၀လေးတွေ လုပ်အားနဲ့ လုပ်အားခ မမျမတအခိုင်းခံနေရတာတွေ...ကျွန်မ တကယ့်ကို ဆက်မတွေးနိုင်တော့ဘူး..
ကိုယ်တတ်နိုင်တဲ့ဘက်က ဘာလုပ်ပေးနိုင်မလဲဆိုတဲ့အတွေးက ခေါင်းထဲဝင်လာတယ်..ကျွန်မလေ အဲ့လိုအဖြစ်အပျက်တွေကိုတွေးရင် အတွေးတွေထဲမှာတင် အသက်ရူမ၀ဘူး..ရင်တစ်ခုလုံးကို ဆွဲဆုပ်ထားသလို ခံစားရတယ်..ုကားရတိုင်း အုံကိတ်ရလွန်းလို့ လဲ ..ကိုယ်တုံးလုံးလေးတွေနဲ့ ကလေးလေးလေးတွေ
ခွက်လေးတွေကိုင်ပြီး အစာစောင့်နေတဲ့ နာဂစ် ကလေးတွေ.အမှိုက်ပုံကကလေးလေးတွေ.မြင်တိုင်းတွေ့ တိုင်း ကျွန်မ တကယ်ဝမ်းနည်းတယ် ကျွန်မရော ဘာလုပ်ပေးနိုင်မှာမို့ လဲ...ကျွန်မ တကယ်စိတ်မကောင်းဘူးး..

3 Comments:

GreenGirl said...

ပညာရေးလောက ကြီးက ရင်လေးစရာပါပဲ မဆုမွန်ရေ...ကိုယ်လည်း ဘာမှမလုပ်ပေးနိုင်တော့ စဉ်းစားရင်းပဲ ရင်မောစရာပေါ့ :(

မိုးမြင့်တိမ် said...

အင်း ဒီလို ဘ၀မျိုးလေးတွေ ဘယ်လောက်အထိတောင် များများ ရှိနေကြလဲမသိဘူးနော်။ စိတ်မကောင်းစရာပါဘဲဗျာ။

Dr Phyo Wai Kyaw said...

ခင်ဗျား ကအရင်ပြောပြသွား တာပဲဗျို့ 
အကြောင်းကတော့ အမျိုးမျိုးပြနိုင်တာပေါ့လေ
မှားတာလေးတွေကို ကိုယ့်အလှည့်မဖြစ်အောင်
သင်ခန်းစာ ယူတတ်ရမယ်ဗျို့ 