စပ်စုစိန်



အခုတလော ဖတ်ဖြစ်တဲ့ ဘလော့  ပို့ စ်တစ်ချို့ မှာရော အခု ရက်ပိုင်းတွင်း ပို့ လာတဲ့ ဖော်ဝပ် မေးလ် တစ်ချို့ မှာရော အီးမေးလ် နဲ့ ပတ်သတ်ပြီး ကိုယ် မသိတဲ့ မေးလ် ၀င်လာရင် လက်မခံဖို့  တဆင့်ချင်း သွားရမယ့် လင့်တွေပါလာရင် မလိုအပ်ရင် နားမလည်ရင် မသိရင် မကလစ် မိပါစေနဲ့ ကိုယ်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတယ် ကိုယ့်မေးလ်ကို ဟက်သွားပြီး ကိုယ်ရေးကိုယ်တာတွေ အကုန်ယူသွားနိုင်တယ် စသဖြင့် စသဖြင့် သတိ ပေးစာ လေးတွေ ဖတ်ရတော့ အဖြစ် အပျက် တစ်ခုကို ပြန်တွေးပြီး ပြုံးမိတယ် အခု တလော အပြော များနေတဲ့ အီးမေးလ် သတိပေးချက် တွေနဲ့ တော့ မသက်ဆိုင်ပါဘူး...

တစ်ခါသားက ကျွန်မ ဘန်ကောက်ကို ရောက်ခါစ တုန်းကပေါ့ မနက် အစောကြီး ဖုန်းတစ်ခု ၀င်လာတယ် အိပ်ချင်မူးတူးနဲ့ ကျွန်မ ကိုင်လိုက် တော့ သူကပြောတယ် သတင်း ပေးစရာ ရှိတယ်တဲ့ ကျွန်မလဲ အိပ်ယာက လူးလဲထပြီး စားပွဲပေါ်က စာရွက်နဲ့ ဘော့ပင်လေး ကိုင်ပြီး ပြောပါလို့ ပြောလိုက်တယ် စိတ်ထဲက လည်း အင်း ဒီနေ့ တော့ စောစောစီးစီး သတင်း ပေးမယ့် သူနဲ့ နိုးရတာ မင်္ဂလာ တစ်ပါးပဲ ဆိုပြီး တွေးမိတယ် သူက ပြောတယ် ထိုင်းနိုင်ငံထဲက မြန်မာ အလုပ်သမားတွေ ကြားထဲမှာ သရဲဖုန်းတစ်ခု (ဖုန်းသရဲမဟုတ်) အခုတလော ရေပန်းစား နေသတဲ့.. ကျွန်မ မျက်လုံး နည်းနည်း ကျယ်သွားတယ် သရဲဖုန်း ဆိုတာ ဘာလဲလို့  ခပ်မြန်မြန် မေးလိုက်တော့ သူက အကျယ် တ၀င့်ကို ရှင်းပြတယ်..

ထိုင်းနိုင်ငံရဲ့ မြို့ နယ် တစ်ခုမှာတဲ့ မြန်မာ မိန်းကလေး တစ်ယောက်ဟာ ထိုင်း အလုပ်ရှင် သူဌေးလင်မယားဆီမှာ အိမ်ဖော် လုပ်ကိုင် သတဲ့ နောက်ပိုင်းတော့ သူ့ကို ထိုင်းအလုပ်ရှင်သူဌေးက အနိုင်ကျင့် စော်ကားတယ် နောက် အဲ့ကိတ်စကို သူတို့  ထိုင်းမိသားစုလည်း သိသွားရော ပြသနာတွေ တက်ပြီး သူဌေးက အဲ့မိန်းကလေးကို သတ်ပစ် လိုက်တယ်တဲ့..ကျွန်မလည်း နားထောင်ရင်း တော်တော်ကို စိတ်မကောင်း ဖြစ်သွား မိတယ် ဒီလို မတရားမူတွေဟာ ထိုင်းမှာ မကြာခဏ ကြားနေရ တယ်လေ ကောင်မလေး သေသွားတာ သနား ပါတယ်နော် နောက် ဘာဆက်ဖြစ် သွားလည်း ဒီလို ပစ်စလက်ခတ် သတ်တာ ဖြတ်တာမျိုးကို ဘယ်သူ့ ကို တိုင်လည်း အဲ့ဒီ့ ကိတ်စကို ထိုင်းရဲ မတိုင်ဘူးလားလို့  မေးလိုက်တော့ သူက ဆက်ပြောတယ်ကောင်မလေး သေသွားပြီး နောက်ပိုင်းမှမှ ပြသနာတွေ ဖြစ်တော့ တာတဲ့ ကျွန်မ ထင်တာက အဲ့ဒီ့ မိန်းကလေး အသတ်ခံရတဲ့ကိတ်စ သတင်း ပေးတယ်လို့ ထင်လိုက်တာလေ အဲ့တာနဲ့ သရဲဖုန်း ဘာဆိုင်သလဲပေါ့ သူသေပြီးမှ ပြသနာက အခုမှ စတာ တဲ့ သူရဲ့ သရဲဖုန်း ဇာတ်လမ်းကို ဆက်ပြောတာ ကြားရမှ ကျွန်မလဲ ပါးစပ် အဟောင်းသား ဖြစ်ရတယ်.

အဲ့ဒီ့ မိန်းကလေး ကိုင်တဲ့ လက်ကိုင်ဖုန်းလေးကို သူ့ မိတ်ဆွေတွေက ဆက်ကြသတဲ့ ပထမ သူအသတ် ခံရတာ မသိကြ သေးဘူးပေါ့ အဲ့ဒီ့ဖုန်းထဲမှာ အဲ့ဒီ့ ကောင်မလေး ၀ိညာန်က ရှိနေပြီး သူရဲ့ အဖြစ်အပျက်ကို ဖုန်းဆက် လာသူတိုင်းကို ဖုန်းထဲကနေ ပြောပြနေတာတဲ့
ကျွန်မ မျက်လုံးက ဇီးကွက် လောက် ဖြစ်သွားတယ် ဟယ် တကယ် အဟုတ်လို့  ပြောလိုက်တယ်။ အဲ့နံပတ်က ထိုင်းနိုင်ငံထဲက မြန်မာတွေ တော်တော် များများ ကြားက ရေပန်းစား နေသတဲ့ အဲ့နံပတ်ကို ရတဲ့လူတိုင်းက သိချင်လို့  အကုန် လိုက်ဆက် ကြသတဲ့ ကျွန်မလည်း ဒါဆို အဲ့ ဖုန်းနံပတ်လေး တစ်ချက် ပေးပါဦး သူ ဘာတွေ ပြောလည်း ဆိုတာ သိချင်လိုက်တာလို့  နောက်ပြီး ဖုန်းထဲကနေ ၀ိညာန်တစ်ခုက ပြောပြနေတာဆိုတာ သိပ်စိတ်ဝင်စားဖို့ ကောင်းတယ်လေ။ သူက ဖုန်းနံပတ် တစ်ခုကို ရွတ်ပြပြီး ဖုန်းချသွားတယ်

ကျွန်မ ဖုန်းကို ကိုင်ထားရင်း ငိုင်နေမိတယ် စာရွက်ပေါ်က အဲ့ဖုန်းနံပတ်ကို ကြည့်ပြီး ဆက်သင့် မဆက်သင့် ချီတုံချတုံဖြစ်နေခဲ့တယ် မနက် အစောကြီး နေထွက်နေတာ မြင်နေရပေမယ့် ကြက်သီး အလိုလိုထမိတယ် ကျောလည်း အရမ်းချမ်းလာတယ် သရဲကို ကြောက်စိတ် မရှိတာတော့ အမှန်ပဲ ဒါပေမယ့် အခု အဲ့ဖုန်းနံပတ်ကို ဆက်လိုက်ရင် ဘာသံ ကြားရမလည်း ဘယ်လို အသံကြီးလဲ စသဖြင့် စသဖြင့် တွေးရင်း တွေးရင်းနဲ့ ကြောက်လာတယ် အဲ့အချိန်မှာပဲ အတူနေ သူငယ်ချင်းမလေးက နိုးလာပြီး ဘယ်ကဖုန်းလဲ နင့်မျက်နှာလဲ မကောင်းပါလားတဲ့ ကျွန်မလဲ အစအဆုံး ပြောပြလိုက်တော့ သူလဲ အရမ်းစိတ်ဝင်စားသွားတယ် နင် ကြောက်လို့ လားတဲ့ ငါမကြောက် ပါဘူးလို့  ဖြေလိုက်တော့ သူက ဆက်ကြည့် ရအောင်ဟာတဲ့ နင်ကလဲ အတွေ့ အကြုံပေါ့တဲ့ အဲ့တာနဲ့ နဂိုကတည်းက ခွေးနှစ်ကောင် ကိုက်ရင် တောင် ဘယ်ခွေး နိုင်မလဲဆိုတာ ရပ်ကြည့်တတ်တဲ့ စပ်စုစိန် ကျွန်မလည်း စပ်စုသည့် ပညာ မနေသာဆိုသလို ဖုန်းနံပတ်ကို သတိ ကြီးစွာနဲ့ ခလုတ်တစ်ခုချင်း ခပ်ဖြေးဖြေး နှိပ်လိုက်တယ်..ဖုန်းနံပတ် အပြည့်အစုံ နှိပ်ပြီး ချိန်မှာတော့ တူ...ဆိုပြီး သံရှည်မြည်သံရဲ့ အဆုံး.. မိန်းကလေး ငယ်ငယ် တစ်ယောက်ရဲ့ ခပ်စွာစွာ အသံကို ရုတ်တရက် ကြားလိုက်ရတယ် .

သူ့ အသံကို ကြားလိုက် ရတာနဲ့ ဖုန်းကိုင်ထားရင်း ကျွန်မရင်တွေလည်း တဒိန်းဒိန်းခုန်လာတယ် လက်တွေလည်း တုန်လာတယ် ချွေးစေးတွေပါ ပြန်လာတယ် ခေါင်းမွှေးပါ ထောင်သွားတယ် သူ့အသံက မြန်မာအသံ သိပ်ပီပီသသ ကြီးတော့ မဟုတ်ဘူး အသံခပ်ဝဲ၀ဲ အသံနဲ့ စပြီး ဖုန်းဆက်လာတဲ့ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးပါဆိုပြီး သူ့ ရဲ့ မိတ်ဆွေတွေ ဆိုရင်တော့ ကန်တော့ပါဆိုပြီး ခဏ ဆိုင်းလိုက်ပြီးမှ တရစပ် တစ်ခါမှ မကြားဖူးတဲ့ ဆဲနည်းမျိုးစုံနဲ့ ဆဲဆို လိုက်တာမှ..မိုးကို မွှန်သွားတာပဲ ကျွန်မလည်း ဟယ်ဆိုပြီး မျက်စိ မျက်နှာပျက်ြ့ဖစ်ပြီး အလန့်တကြားနဲ့ ဖုန်းကို ဖိပိတ်လိုက်တယ်

အဖြစ်အပျက်က သိပ်မြန်ဆန်လွန်းတော့ ဘေးနားက သူငယ်ချင်းကလည်း ဖုန်းကို ကိုင်ထားရင်းက ဖွေးဆုတ်သွားတဲ့ ကျွန်မ မျက်နာကို ကြည့်ပြီး ကျွန်မဘေးကို ကြောက်လန့် တကြား အတင်း တိုးကပ်လာပြီး ဆုမွန် ဘာဖြစ်တာလဲဟင် ဘာဖြစ်တာလဲ ဆိုပြီး အတင်း မေးတော့ ကျွန်မလဲ ရုတ်တရက် ဘာပြောရမှန်း မသိဖြစ်သွားတယ် သူ့ ပုံစံကို ကြည့်ပြီး ရယ်လဲ ရယ်ချင်တယ် တွေးရင်း တွေးရင်း တစ်စုံတစ်ခုကို သိလိုက်သလို ဖြစ်သွားတဲ့ နောက်မှာ စိတ်က ထောင်းကနဲ ဒေါသ တော်တော် ထွက်သွားတယ် အံကို တင်းတင်းကြိတ်ရင်းနဲ့ ဒါ သပ်သပ် လုပ်ကြံတာပဲလို့  ပြောလိုက်တယ် သူက မျက်စိသူငယ်နဲ့ ကျွန်မကို ကြည့်ပြီး ကျွန်မ ဘာဖြစ်သွားလို့ ဘာပြောတယ်ဆိုတာ ရုတ်တရုတ် နားမလည်ဘူး ကျွန်မလည်း အူကြောင်ကြောင် ဖြစ်နေ တဲ့သူ့ကို ခပ်မြန်မြန် ရှင်းပြလိုက်တယ် သရဲ မဟုတ်ဘူးဟ လူဟ လူ လူ ငါ့ကို ဆဲတာလို့  ကတုန်ကယင် ပြောရင်း ရယ်ချင်စိတ်ရော ဒေါသစိတ်နဲ့ရော လူက အူလည် လည်ကြီး ဖြစ်နေတယ်

ဖုန်းကို ပစ်ပေါက် ထည့်လိုက်ပြီး ရေချိုးခန်းထဲကို တရွတ်ဆွဲဝင်သွားရင်း မနက်စောစောစီးစီး အဆဲခံလိုက်ရတယ် တွတ်ပီ ကံမကောင်းဘူးကွယ်လို့ နုတ်က တတွတ်တွတ်ရွတ် မျက်နှာကို နို့ ဆပ်ပြာနဲ့ ဆေး သေသေချာချာ သစ်လိုက်ပြီး ဘုရားရှိခိုး လိုက်တယ်။ မနက် စောစော စီးစီး စပ်ဆော့မိလို့ ဘလိုင်းကြီး အဆဲခံလိုက်ရတဲ့ ကိတ်စအတွက် မကျေနပ်ဘူးဖြစ်နေမိတယ် အဲ့တာနဲ့ အမြဲ တစ်ခုခုဆို ရင်ဖွင့်နေကျ သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ပြီး အဲ့အဖြစ်အပျက်ကို ပြောပြလိုက်တော့ ကိုယ်က ဖုန်းနံပတ်ယူထားလိုက်တဲ့ အထိပဲ ပြောရသေးတယ် သူက စကားကို ဖြတ်ပြီး နင့် အဲ့နံပတ်ကို ဆက်လိုက်လားတဲ့ ခပ်သွက်သွက် မေးတယ် ကျွန်မလဲ အေး ငါဆက်လိုက်မိတယ် ပြောတော့ သေ နင် အဲ့မှာ လဲသာ သေလိုက်တော့တဲ့ သတင်းထောက်ဖြစ်ပြီး ငတုံးတဲ့ ဘာဖြစ်လို့ လဲဟ လို့  ဘာကိုမှန်း မသိ စိုးရိမ်မိလာတာနဲ့ မေးလိုက်တော့မှ သူ့ ရှင်းပြတဲ့ ဖြစ်နိုင်ချေရှိတဲ့ အဖြေကြောင့် ဘာကြောင့် ဒီလို ဇာတ်လမ်းမျိုးတွေ ထွင်ပြီး ဒီဖုန်းနံပတ်တွေဟာ လူတွေ ကြားထဲ ရောက်ရသလဲဆိုတော့ သိတော့တယ်။

ပြည်ပ ရောက်နေတဲ့ သူတွေ အထူး သတိထား သင့်တဲ့ အချက်ဖြစ်ပါတယ် အကြံ အစည် တစ်ခုခု ရှိတဲ့ မသမာသူတွေ အထူးသဖြင့် လူကုန်ကူး သူတွေ အလုပ်သမား ပွဲစားတွေဟာ အဲ့သလို စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်လမ်းလေးတွေ ဆင်ပြီး ဖုန်းနံပတ်ကို တဆင့်စကား တဆင့်နားနဲ့ ဖြန့်လိုက်တဲ့ အခါ ပြန့်ကုန်ရော အဲ့တော့ မြန်မာပြည်သား တစ်ချို့ တွေကလည်း စပ်စပ်စုစုနဲ့ လိုက်ဆက်တော့ သူတို့ ဆင်တဲ့ ထောင်ချောက်ထဲ ၀င်သွားပါရော

ဖြစ်ပုံက ဒီလိုပါ...စိတ်ဝင်စား ဖွယ်ရာ ဖြစ်တဲ့ ဖုန်းနံပတ်ကို ဆက်လိုက်တဲ့ အခါ ဖုန်းခေါ်သံမှာ အဲ့ဒီ့အသံကို record လုပ်ထားပြီး အဲ့ဖုန်းမျိုးမှာ ကိုင်မယ့်သူ မရှိပါဘူး ထပ်ခါ ထပ်ခါ ဆက် ဘယ်အချိန် ဆက်ဆက် အဲ့ဒီ့အသံပဲဖြစ်နေတယ်။ ကိုယ်က ခေါ်လိုက်ပြီ ဆိုကတည်းက ကိုယ့်နံပတ်ကတော့ ဖုန်းရဲ့ miss call list ထဲ ၀င်သွားတယ် အဲ့မှာ သူတို့ က မြန်မာအသိုင်းအ၀ိုင်းထဲက စပ်စုတဲ့လူတွေ နောက်ပြီး အလုပ်သမားတွေထဲက ဆက်ခဲ့တယ်ဆိုရင် မြန်မာတွေရဲ့ ဖုန်းနံပတ်ကို အလွယ်တကူရသွားနိုင်ပြီး အဲ့နံပတ်တွေက တဆင့် လိုက်ပြီး တစ်စုံတစ်ခု လုပ်နိုင်ပါတယ် ဥပမာ တရားဝင် အလုပ်သမားလား တရားမ၀င်လား တရားမ၀င်ဆိုလည်း ခြိမ်းခြောက်နိုင်သလို ငွေညှစ် တာမျိုးတွေ မိသားစုကို ဆက်သွယ်ပေးမယ် မိသားစုထဲက တစ်ယောက်ယောက် တစ်ခုခုဖြစ်တယ် စသဖြင့် လုပ်ကြံ ဇတ်လမ်းတွေ ဖန်တီး နိုင်သလို မိန်းကလေး ဆိုလည်း အလုပ်ရှာပေးမယ် စသဖြင့် ယောက်ျားလေးဆိုလည်း လူရောင်းစားနိုင်တဲ့ ဆက်သွယ်မူ ပုံစံ အမျိုးမျိုးနဲ ချဉ်းကပ်နိုင်တဲ့ အလွယ်ဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်

ဒီမှာ ပြောစရာရှိတာက တခြားနည်းနဲ့ရော ဖုန်းနံပတ်တွေက မရနိုင်ဘူးလား ဆိုတော့ ရနိုင်ပါတယ် ဒါပေမယ့် ရှိရှိသမျ လက်လှမ်းမှီသမျ မြန်မာတွေကို အလွယ်ကူဆုံး ဖုန်းနံပတ် စုဆောင်းနိုင်တဲ့ နည်းဖြစ်တာကြောင့် အဲ့နည်းလမ်းတွေကို မသမာသူတွေ က အသုံးပြုလေ့ ရှိတယ်လို့ သိရပါတယ်..

နောက်တစ်ခုကတော့ ထိုင်းနိုင်ငံမှာ ဘတ် ၂၀ကျော် လောက်နဲ့လဲ ဖုန်းကဒ်နံပတ်တစ်ခုကို လမ်းဘေးမှာတင် အလွယ်တကူ ၀ယ်ယူနိုင်တဲ့ အတွက် အချင်းချင်း ချောက်တွန်းချင်သူ စနောက်ချင်သူ တွေအတွက်လည်း အသုံးချစရာ လက်နတ်တစ်ခုဖြစ်နိုင်ပါတယ်

ဥပမာ ထိုင်းနိုင်ငံတွင်းမှာ မြန်မာ စစ်တပ်နဲ့  ထိုင်းရဲပေါင်းပြီး တရားမ၀င် မြန်မာ အလုပ်သမားတွေကို လိုက်လံ ဖမ်းဆီးနေတယ်ဆိုပြီး ဖုန်းတစ်ခုကနေ သတင်းလွှင့်လိုက်တဲ့အခါ ထိုင်းအလုပ်ရှင်တွေပါ စိုးရိမ်ပြီး ထောင်နဲ့ချီတဲ့ မြန်မာ အလုပ်သမားတွေ တောထဲမှာ လယ်ကွင်းတွေ မြောင်းတွေ ချောင်းတွေထဲမှာ ပုန်းအောင်းခဲ့ရတာတွေ အလုပ်ပြုတ် ဘ၀ပျက် နောက်ဆုံး ရေနစ်ပြီး အသက်ပါ ထွက် ရတာတွေ ရှိခဲ့ပါတယ်။

အတတ်ကျူးနေတဲ့ သူတစ်ချို့ ဟာ ကိုယ် ရောက်ရှိနေတဲ့ နေရာ ဒေသက အလွယ်တကူ အသုံးပြုနိုင်တဲ့ နည်းပညာကို အသုံးချရမှာ အများ အကျိုးရှိနိုင်မယ့် ပညာပေး ကိတ်စရပ်တွေမှာ အသုံးချရမယ့် အစား မဟုတ်တဲ့နေရာတွေမှာ တလွဲအသုံးချတာတွေ ချောက်တွန်းတာတွေ မကောင်းတဲ့ အမူကို လုပ်တာတွေဟာ မိမိအမျိုးကို မိမိကိုယ်တိုင် ပျက်စီးရာ ပျက်စီးကြောင်း တွေးရာ ကြံရာ လုပ်ဆောင် ရာဖြစ်ပါတယ် နောက်တစ်ခု ကတော့ ကိုယ်မသိတဲ့ နားမလည်တဲ့ မဖြစ်နိုင်တဲ့ ဖြစ်နိုင်ခြေမရှိတဲ့ ကိတ်စရပ်တွေမှာ မလိုအပ်ပဲ ကျွန်မလို စပ်စုစိန် မလုပ်မိကြပါစေနဲ့လို့  သတိပေးချင်ပါတယ်ရှင့်။

10 Comments:

ဗီလိန် said...

ဒါဆိုကျနော့ဖုန်းကိုဆက်လိုက် ၁၉၉။ ဟိဟိ

လင်းဒီပ said...

နောက်ကို အရမ်း အရမ်း မဆက်နဲ့နော် အစ်မ
ရည်းစားစကားပြောခံရရင်တော်သေးတယ်..:P

တက်လူငယ် said...

သိပ်ပြီးစိတ်ဝင်စားဖို့ကောင်းတယ်။ ဖတ်ရင်းဖတ်ရင်း စိတ်ဝင်စားလာတယ်။ ဘာပဲဖြစ်ဖြစ် ဒါမျိုးဇာတ်လမ်းတွေကတော့ လူထွင်မှဖြစ်တတ်တဲ့ဓလေ့ဆိုတာ အသေအချာပါပဲ။ ကောင်းတဲ့ စံနမူနာပြ ပို့စ်လေးပါ။
ခင်မင်လျက်...
တက်လူငယ်...

kay said...

စပ်စုစိန် လုပ်လိုက်လို့..ခု ပို့စ်တပုဒ်ရတာပေါ့.. အထာတွေသိသွားတာပေါ့..ဟုတ်ဖူးလား။

Unknown said...

ပညာပေး ပို့စ် လေး ဘဲ ဗျ။ တော်တော် ကောင်း တယ်။

Unknown said...

ကောင်းလိုက်တာ မဆုရေ သဲထိပ်ရင်ဖိုဝတ္ထုတစ်ပုဒ် ကို ဖတ်လိုက်ရသလိုပဲ

Kaung Kin Ko said...

ဘာပဲ ဖြစ်ဖြစ် ဒီတစ်ခါ စပ်စုလိုက်တာ တော့ အကျိုးရှိပါတယ်။ ဖွင့်ချလို့ ရတာပေါ့
သြော်...လူတွေ၊ လူတွေ။

မုတ်ဆိုး .. said...

အကြိုက်ဆုံးနေရာက အရင်တောင်းပန်ပြီး မိုးမွှန်အောင် အဆဲခံလိုက်ရတဲ့အချိန်မှာ ဖြစ်သွားတဲ့ပုံစံကို မြင်ယောင် ပြီးအကြိမ်ကြိမ်ပြုံးမိကြောင်းပါ ..

GreenGirl said...

အစ်မရေ..စာလာဖတ်ပါတယ်။ နောက်ဆို မသိတဲ့ဖုန်းဆိုရင် မကိုင်တော့ဘူး။ ဟီးဟီး

thura said...

ကောင်းတယ် ဗျာ အတွေ့အကြုံတိုးတယ်
သိထားသင့်တယ် ဗျ ကျွန်တော်တို့လို နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေ အဖို့ သတိထားဖို့ လိုတယ်ဗျာ
သတိဆိုတာ ပိုတယ်မရှိပါဘူးဗျာ
ကျေးဇူးတင်ပါတယ်
သူရ