မူလ အစ ပထမများ(၃)

အသက်၁၈နှစ် မပြည့်ခင်မှာ ဘ၀မှာ ပထမဆုံး လခစား ၀န်ထမ်း ဘ၀ စရောက် ခဲ့ရပါပြီ..ကျွန်မ အဖေက လယ်ယာ စိုက်ပျိုးရေး ၀န်ကြီး ဌာနက ၀န်ထမ်း တစ်ဦး ဆိုတော့ အဖေ့ အသိုင်း အ၀ိုင်း ရုံးလုပ်ငန်း ထဲက အကူအညီ လိုက်တောင်း ရာကနေ အလုပ် တစ်ခုရပါတယ် ကံကောင်း ထောက်မစွာနဲ့  ကျွန်မ အလွန် မလုပ်ချင်သော ရုံးဝန်ထမ်း အလုပ်ကို မရခဲ့ပဲ မြေပဒသာ ဥယျာဉ်ထဲက စိုက်ပျိုးရေး ထွက်ကုန် ပစ္စည်းတွေ ရောင်းတဲ့ အရောင်းဆိုင်မှာ အလုပ်ရတာပါ ကျွန်မ ထင်တယ် အဲ့ဒီ့ ခေတ် ၁၉၉၆ ၁၉၉၇ခုနစ် လောက်ကဆို အဲ့ဒီ့ အရောင်း ဆိုင်လေးဟာ ရန်ကုန်မှာ ဟင်းသီး ဟင်းရွက် သစ်သီး ၀လံတွေကို အအေးခန်းနဲ့ အဆင့် မြင့်မြင့် ခေတ်မှီမှီ ထုတ်ပိုးပြီး ရောင်းတဲ့ အစိုးရ အရောင်းဆိုင် လေး ဖြစ်မယ် ထင်တယ်..

ကျွန်မ အလုပ် စစ ဆင်းရတော့ ကျွန်မ နေတဲ့ စိုက်ပျိုးရေး ၀န်ထမ်းတွေ ချည်းနေတဲ့ ရပ်ကွက် ဒဂုံ မြောက်ပိုင်းကနေ မြေပဒေသာ အရောင်း ဆိုင်ရှိရာ ရွှေဂုံတိုင်အထိ ဆိုင်ဖွင့်ချိန် မနက် ၇နာရီ အရောက် သွားဖို့  မနက်လေးနာရီ လောက်ကတည်းက စပြင်ရပါတယ် ထမင်းချိုင့် အတွက် အမေက ချက်ပြုတ် အဖေက ကျွန်မကို ကားဂိတ် လိုက်ပို့ ဖို့ ပြင် တစ်အိမ်လုံး ကျွတ်စီကျွတ်စီဖြစ်နေပါတယ် ကျွန်မက ချမ်းချမ်း စီးစီး ရေမိုးချိုး အလှပြင် ယူနီဖောင်းလေး ၀တ်ပြီး အလုပ်သမားကြီး ကျွန်မကို လေယာဉ်ကွင်း လိုက်ပို့ သလို လိုက်ပို့ ကြပါတယ် စောစောစီးစီး လူအုပ် လိုက်ကြီး လမ်းလျောက် လာတော့ တလမ်းလုံး ခွေးဟောင်သံကို စီစီညံနေတာပါပဲ..

ဆိုင်ကို ရောက်တော့ အရောင်းဆိုင် လေးက တစ်ထပ်တိုက် ပုပုပြားပြားလေးပါ ဆိုင်တစ်ခုလုံး မှန်တွေနဲ့ပဲ ကာရံထားပြီး အထဲကို အကုန်မြင်ရပါတယ် ဆိုင်ရှေ့ မျက်နှာစာမှာ အလှစိုက် ပန်းအိုးပင်လေးတွေ သစ်ခွ ပန်းပင်လေး ကို စီစီရီရီ တန်းစီပြီး ရောင်းဖို့ ချထားပါတယ် ဆိုင်ထဲကို ဆိုင်ဖွင့်ချိန် မတိုင်ခင် ၀န်ထမ်းတွေ အကုန် အဆင်သင့်ရောက်ရပါတယ်.. ကျွန်မတို့ ဆိုင်မန်နေဂျာ အန်တီကြီး ရောက်လာပြီး တန်းစီ ရပ်နေတဲ့ အထဲက ကျွန်မကို စေ့စေ့စပ်စပ်ကြည့်ပါတယ် ကျွန်မကလဲ တော်ရုံ မကြောက် တတ်သူဆိုတော့ သူ့ကို ပြန်ပြီး မူန်တည်တည် ကြည့်မိပါတယ် ညည်း အရင်က ဈေးရောင်း ဘူးလားတဲ့ ကျွန်မ စိတ်ထဲ နည်းနည်း တင်းသွားတယ် ကျွန်မကို ညည်းလို့ ခေါ်တာ မကြိုက်ဘူးလေ ဘယ်သူမှလဲ မခေါ်ဘူးဖူး. ဒါပေမယ့် ကျွန်မက ခပ်တည်တည်ပဲ ပြန်ဖြေလိုက်တယ် ဟုတ်ကဲ့ ရောင်းဖူးတယ် ဆိုတော့ ဘယ်မှာလဲတဲ့ ကျိုက်ဝိုင်း ဘုရားဈေးမှာ လို့ ပြောလိုက်တယ် ဘာရောင်းလဲတဲ့ အိမ်က ထွက်တဲ့ ဘူးသီး ဘူးညွန့် လို့ ဖြေလိုက်တော့ ခပ်တင်းတင်း လုပ်ထား တဲ့ အဲ့ဒီ့ အန်တီကြီး မျက်နှာ ရယ်မလိုဖြစ်သွားတယ်..

(သူ့ကို တစ်ဆိုင်လုံးက ကြောက်ရတယ်ပြောတယ် သူ ဆိုင် လာစစ်ရင် ပြာယာခတ်နေကြတာပဲ အလုပ်မရှိသူ ကလဲ ရှိချင် ယောင်ဆောင် ဟိုဟာကိုင် ဒီဟာ သုတ်နဲ့ ဆိုင် ကျဉ်းကျဉ်းလေးမှာ ကုလားသိုက် ကျားဝင်ကိုက် သလိုပဲ.). သူက ကျွန်မကို အဓိက ပြောတယ် ဒီဆိုင်ကို လာဝယ်တဲ့ သူတွေဟာ အဆင့် မြင့်မြင့် နေရာက လူတွေ များတယ် (ဘယ်ဘုံကလဲ မသိ) နောက်ပြီး ပိုက်ဆံ ရှိတဲ့ သူတွေ အများစု လာတယ် (ပိုက်ဆံ ရှိမှ ဈေးဝယ် နိုင်မှာ ပေါ့) နောက် အရာရှိ ကတော်တွေ လာဝယ်ကြတယ် (မိန်းမပဲ ဈေးဝယ်မှာပေါ့) ဈေးဝယ် သူကို အထူး ဂရုစိုက်ပါ ပြသနာ တစ်စုံတစ်ရာ ဖြစ်တာ မကြားချင်ဘူး ၀ယ်သူနဲ့ပြသနာ ဖြစ်ရင် အလုပ်အဖြုတ်ပဲလို့ ပြောပါ တယ်..ဟုတ်ကဲ့ရှင့်လို့  ဖြေလိုက် ပေမယ့် (စိတ်ထဲကတော့ တစ်ခုချင်း ပြန်ပြောနေမိတယ်) :) ကျွန်မစိတ်ထဲ နည်းနည်း တင်းသွားတယ် ဒါပေမယ့် ဒါ အလုပ် သဘော ပြောတာ ဖြစ်နိုင်ပါတယ် ဆိုပြီးငြိမ်နေလိုက်တယ်

အဲ့ဒီ့တော့ ဒေါ်ဆုမွန် ညည်း တာဝန်ယူရမယ့် နေရာက ဒီဟင်းသီးဟင်းရွက် ကောင်တာတဲ့..ကျွန်မ ကြည့်လိုက် တော့ အအေးခန်း မျက်နှာ အပြည့် ဖွင့်ထားတဲ့ အဖြုရောင် စင် အဆင့် ဆင့်မှာ စီထပ်ထားတဲ့ ဟင်းသီး ဟင်းရွက် တွေ အသီးအနှံ တွေကို ပလက်စတစ် လင်ပန်းလေးတွေ ဖော့ဖြူ လေးတွေနဲ့ ပလက် စတစ် အကြည်လေးတွေနဲ့ သပ်သပ် ရပ်ရပ် ထုတ်ပိုးထားတဲ့ စားချင့် စဖွယ် အသီး အနံတွေ အသင့် ချက်စားရုံ ပြင်ပေးထားတဲ့ ဟင်းမယ် လေးတွေ.. ကျွန်မ တစ်ခုချင်း လက်ညိုးလေးနဲ့ လိုက်ထိတို့ ကြည့်ရင်းက ပြုံးမိတယ် လုပ်ထားတာလေးတွေကလဲ တကယ့်ကို ချစ်စရာလေးတွေလို့ ..

ဈေးနူန်ူး ကပ်ထားတဲ့နေရာလဲ အကြည့်ရောက်ရော ဟင် ဘုရားရေ အမလေး ဘုရား ဘုရားလို့  ရင်ဖိမိတယ် အပြင်မှာ ကန်စွန်းရွက် တစ်စီး တစ်ကျပ် (၁၉၉၇ခုနှစ် ဈေးနူန်း) ကို ဒီမှာ ၂၅ကျပ် အားလုံး အတူတူပဲ ဒီ ကန်စွန်းရွက်ပဲ ဒါပေမယ့် သူက ပလက်စတစ်အကြည်လေးကို ပန်းခိုင်စွပ်သလို စွပ်ထားတာ...အင်း ပစ္စည်း တူတာတောင် ထုတ်ပိုးမူ မတူတော့ ဈေးမြင့်သွားတာပဲ တွေးပြီး သံဝေဂ ရမိတယ် လူမှာ အ၀တ် တောင်းမှာ အကွပ် ဟင်းရွက်မှာ အစွပ်လို့  တွေးရင်း ဘာပဲဖြစ်ဖြစ် အလုပ် စ၀င်ဖြစ်ပါပြီ..

မနက် ၇နာရီ ကနေ အလုပ်စဆင်းရတာ နေ့ခင်းတစ်နာရီလောက်မှ အလှည့်ကျ ထမင်းစား နောက် ည ၇နာ၇ီ အထိ အလုပ်ဆင်း တစ်နေကုန် လုံးဝ မထိုင်ရပါဘူး..အဲ့တာ တစ်လကို အဲ့တုန်းက လစာ ၃၀၀၀ကျပ် ရပါတယ်..တော်တော်ရတဲ့ ပိုက်ဆံလို့ ဆိုနိုင်ပါတယ်.. ဒါပေမယ့် တစ်နေကုန် အအေးခန်းထဲမှာ လုပ် လုပ်ရတယ် ဆိုတာလဲ ဈေးဝယ်တွေ လှန်လှော မွှေနှောက် သွားတဲ့ ပစ္စည်းတွေကို နေရာတကျ ပြန်စီ ပစ္စည်း အသစ်လေး တွေက လှအောင် ပြင် ပစ္စည်းအဟောင်းလေးတွေကိုလည်း နေရာကျအောင် လုပ် တစ်ကုတ်ကုတ်နဲ့ ခါးကျိုး အောင် လုပ်ရပါတယ်..လက်ဖ၀ါးတွေဆိုတာ အေးခဲနေပြီး ကိုက်တောင် ကိုက်ပါတယ် တကိုယ်လုံးလဲ အေးစက် နေပြီး ခြေမြန်တော် ကျွန်မကို လိုတဲ့ ပစ္စည်းသွားပြေးယူခိုင်းရင် အပြင်ကို ပြေးထွက် နေပူက ၀ုန်းကနဲဆောင့် အအေး ခန်းထဲ ပြန်ပြေးဝင် ဟပ်ခနဲ အအေးလိုင်းက ဆောင့် လူဆိုတာ အေးလိုက် ပူလိုက်နဲ့ ဒဏ်တွေကြောင့် အခု အသက်အရွယ် အထိ နာခေါင်းရောဂါက မပျောက်နိုင်တော့ပါဘူး

ပြီးရင် ရွှေဂုံတိုင်ကနေ ဒဂုံမြောက်ပိုင်း အထိ ပိတ်သိပ် ကျပ်ညှပ်နေတဲ့ ကားပေါ်မှာ ခြေချစရာ နေရာမရပဲ နစ်နာရီ ကျော် မတ်တပ် ရပ်ပြီး စီးရပါတယ် အိမ်ပြန် ရောက်တော့ လူက လုံးဝကို မလူပ်နိုင်အောင်ကို ဖွတ်ဖွတ် ညက်ညက် ကျေနေပါပြီ ညစာ တောင် မစားနိုင်တော့ပါဘူး ဖြူဖျော့ အေးစက်နေတဲ့ ကျွန်မကို ကြည့်ပြီး အဖေနဲ့ အမေက တလှည့်စီ နိပ်နယ်ပေးပြီး ထမင်း အတင်း ကျွေးပါတယ်..:( မမေ့နိုင်စရာတွေပါ)

လုပ်ငန်းခွင် အတွေ့ အကြုံထဲက ရယ်စရာတစ်ခု ပြောပြပါဦးမယ် ဈေးဝယ်သူတွေ မရှိသေးတဲ့ မနက်စောပိုင်း တွေနဲ့ ညနေပိုင်းတွေ ဆို ကျွန်မတို့ တွေ ဟင်းသီးဟင်းရွက် အဟောင်းတွေ အနွမ်းတွေ (ကုန်ကျန်တွေ) ဖယ်ရ သန့်စင်ရပါတယ် ကျွန်မက ကုန်ကျန်တွေ ဖယ်နေတုန်း ၀န်ထမ်းအစ်မကြီး တစ်ယောက် က ရောက်လာပြီး ကျွန်မကို ဖယ်ရင်း ခပ်သွက်သွက် ပစ္စည်း တော်တော် များများကို အပယ် တောင်းထဲ ပစ်ထည့်လိုက်ပါတယ် ကျွန်မက သူ့ နောက်က လိုက်ပြီး အစ်မ အဲ့တာ အကောင်းတွေလေ လို့ ပြောတော့ ငြိမ်ငြိမ်နေစမ်း ပိစီကွေးတဲ့..

ပစ္စည်းတွေ အကုန်ပစ်ထည့်ပြီးတော့ သူသယ်သွားတဲ့နောက်ကို ကျွန်မလဲ မနိမ်မနင်း ကူသယ်ပေးရင် လိုက်သွား တော့ ကုန်စိမ်း ဂိုဒေါင်ထဲမှာ ကြွပ်ကြွပ်အိတ်လေးတွေ ကိုယ်စီနဲ့ စောင့်နေကြတဲ့ ထုတ်ပိုးဂိုဒေါင်တွေက အလုပ်သမား တွေကို တွေ့ ရတယ် သူတို့ ကို အပုံလိုက် ခွဲဝေ ခြမ်းပေးပြီး ရပ်ကြည့် နေတဲ့ ကျွန်မဘက်ကို လှည်ပြီး တစ်ခြမ်း ပုတ်နေတဲ့ ပန်းသီးလေးတစ်လုံးပေးတယ် စားလေ ညီမလေးတဲ့..

ပန်းသီးလေးကိုင်ပြီး ကျွန်မ ဇဝေဇ၀ါဖြစ်နေတာကို ကြည့်ပြီး ညီမလေးရဲ့ သူတို့ က အခု ဈေးတွေ မတန်တဆ တင်ထားတာ အရမ်းမြတ်တာတဲ့ အဲ့တာ ၀န်ကြီးနဲ့ မန်နေဂျာနဲ့ ခွဲယူတာ တကယ်စာရင်းမှာက အဲ့လောက် မဟုတ်ဘူးတဲ့ စိုက်ပျိုးရေးရုံးက လာစစ်တဲ့နေ့ဆို ညီမလေး သတိထားမိလား ဈေးနူန်းတွေ ပြင်ကပ်တာ တဲ့..အမြတ်တွေက သူတို့ အိတ်ထဲပဲ ရောက်သွားတာ အခု ကုန်စိမ်း အကျန်တွေအတွက် စာရင်း ဖယ်လိုက် ရင်တောင် အမြတ်က အများကြီးကျန်သေးတာတဲ့ ဒီက ၀န်ထမ်းတွေက ပဲေ၇ွး ဆန်ရွေး ဟင်းရွက်သင်တွေက နေ့စားတွေ နည်းနည်းလေးတွေပဲ ရတာ အစ်မတို့ က သူတို့ ဟင်းစားလေး ရအောင် လုပ်ပေးနေကြတာတဲ့ ကျွန်မလဲ သဘောပေါက်ပြီး အခုမှ သက်ပြင်းချမိတယ် ပန်းသီးကို ခွမ်းခနဲ ကိုက်လိုက်ရင်း အိုကေ အစ်မ နောက်နေ့ အနော့် တာဝန်ထားလို့ ပြောလိုက်တယ်...

နောက်နေ့  မှာတော့ ဂိုဒေါင်ထဲကို ကျွန်မ မနိုင်မနင်း သယ်လာတဲ့ အပယ်တောင်းကို ကြည့်ပြီး အမေလေး ပိစီကွေး နင်ငါတို့ ကို အလုပ်ပြုတ်အောင် လုပ်တာလားဆိုပြီး မျက်စိပျက်မျက်နှာပျက်နဲ့ အော်ကြတော့တယ် ကျွန်မ စင်ပေါ်က အကုန်နီးပါး ပယ်ထုတ် လာမိတာကိုး အဲ့လို အဲ့လို. :)

အဲ့လိုနဲ့ အဲ့ဒီ့နေရာလေးမှာ ကျွန်မ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေနဲ့ ပတ်သတ်တဲ့ အတတ်ပညာ တော်တော် များများ တတ်မြောက် ခဲ့ပါတယ် အဓိကကတော့ ပန်းခြင်း သစ်သီးခြင်း အလှပြင်ခြင်း ပညာပါပဲ တစ်ခြင်းကို ပြင်ခ အဲ့တုန်း ကတောင် ငါးရာကျပ်ပါ ပန်းခြင်း ပြင်ပေးတဲ့ အဘက ကျွန်မကို အင်မတန်ချစ်ပါတယ် ဘယ်လို ပန်းခြင်းကို ပြင်ရတယ် သစ်သီးခြင်းကို ဘယ်လို အလှဆင်ရတယ် လိမ္မော်သီး ကို ဘယ်လိုစီရတယ် စပျစ်သီးနဲ့ ဘယ်လို ပိတ်ပြီး လှအောင် စီရတယ် ပန်းသီးလေးကို ဘယ်နေရာမှာ ထည့် စသဖြင့် ဆရာစားမကျန် သင်ပေး ပါတယ် ပညာလိုချင်တဲ့ ကျွန်မလဲ ၀ယ်သူပါးတာနဲ့ အဘနားမှာ ဟိုဟာ ကူလုပ်ပေး ဒီဟာ ပြေးသယ်ပေးနဲ့ ပညာသင်ပါတယ် ပန်းခြင်းတွေ အော်ဒါများရင် ကျွန်မက အမြဲ ကူလုပ်ပေးပါတယ် သူက ကျွန်မကို ဒီကလေးမ အတတ် မြန်တယ် ဖင်ပေါ့တယ် မငြီးငြူဘူးဆိုပြီး လက်သင်တပည့်လို သဘောထားပြီး သူ့ ဆီမှာ လာပညာ သင်ချင်သူတွေ များပါတယ် အဘစိတ်နဲ့ မကိုက်လို့ သူ က အဖော်မခေါ်ပါဘူး ကျွန်မကိုတော့ အတူတူ ပြင်ကြတိုင်း လက်ခ များများ ရလာရင် ကျွန်မကို အမြဲ မုန့်ဖိုးပေးပါတယ် ကျွန်မလဲ ပြဲုံးပြုံး ပြုံးပြုံးနဲ့ ယူပြီး အမေ့ လက်ထဲ အမြဲအပ်ပါတယ် အောက်ဆိုဒ် ရှာတဲ့သဘောပေါ့

အဲ့မှာ ထူးဆန်းတာက စစ်တပ်က အော်ဒါမှာရင် ပန်းခြင်းပြင်တဲ့နေရာမှာ စစ်သားတစ်ယောက် အမြဲ အစောင့် ချခဲ့ပါတယ် အဘကို တိုးတိုးမေးတော ချိန်ကိုက်ဗုန်းထည့် လုပ်ကြံ မှာစိုးလို့ တဲ့ အဲ့နေ့က ကျွန်မ အိပ်မပျော်ပါဘူး အိမ်မက် ဆိုးတွေ မက်ပါတယ် သွေးတွေရယ် တစ်စစီကွဲသွားတဲ့ ပန်းခြင်းရယ် လက်ထိပ်နဲ့ အဘရယ် ငိုနေတဲ့ ကျွန်မရယ်ကို မက်မိတယ် နောက်နေ့ အဘနားကို ကျွန်မ မသွား တော့ပါဘူး. အဘက ရေလာသောက်ရင်း ကျွန်မကို လာခေါ်ပါတယ် သမီးလေး ဒီနေ့  အရက်ပုလင်းတွေ မုန့်ဗူးတွေနဲ့ ပြင်ရမယ့် အော်ဒါများတယ် အဘ သင်ပေးမယ် လာကြည့်လှည့်တဲ့..ကျွန်မလဲ အဲ့တော့မှ ခပ်ကုတ်ကုတ်လေး ထိုင်ပြီး အဘ တစ်ခုချင်း ဆင်ပြတာ ကိုပဲ ငြိမ်ငြိမ်လေး ကြည့်မိတယ် အဘက သတိထားမိပြီး သမီး ဘာဖြစ်လဲတဲ့ ကျွန်မ မဖြေပဲ ခေါင်းကိုပဲ ခါမိပါတယ်..

ဘာပဲဖြစ်ဖြစ် နောက်နေ့ တွေမှာတော့ ကျွန်မဟာ ပန်းခြင်း တော်တော်များများကို ကျွမ်းကျွမ်းကျင်ကျင်ကို ပြင်တတ်နေပါပြီ

ဒီလိုနဲ့ စိုက်ပျိုးရေး မြေပဒေသာ အရောင်းဆိုင်မှာ နေထွက်နေ၀င် အလုပ်လုပ်ရင်းက မထင်မှတ်ပဲ ကျွန်မအတွက် နောက်ထပ်ဘ၀ အပြောင်းအလဲ တစ်ခုစဖို့  အခြေအနေပေးလာခဲ့ပါတယ် ..

ကျွန်မ အလုပ်လုပ် နေတဲ့ နေရာနဲ့ မလှမ်းမကမ်း မနီးမဝေး အုဌ်လမ်းလို့ခေါ်တဲ့နေရာမှာ ကျွန်မ သူငယ်ချင်းတွေ အများစုရှိနေတတ်တဲ့ နေရာတစ်ခု ရှိသတဲ့..ကျွန်မ ဆိုင်လေးဘေးက ကော်ဖီဆိုင်လေးမှာ သူငယ်ချင်းတွေ လာထိုင်ကြရင်း ပစ္စည်းတွေ မနိမ်မနိင်း သယ်နေတဲ့ ကျွန်မကို သူတို့ မြင်သွားကျရာက ခေါ်ပြီး ကျွန်မကို အဖော်စပ်ပါတော့တယ်...

ကျွန်မက ပြောတယ် ကျွန်မ အလုပ်က မနက်ကတည်းက ညမိုးချူပ်တဲ့အထိ ငါအလုပ်လုပ်ရတာ အပြင်ထွက်ဖို့ မလွယ်ဘူး လို့ ပြောတော့ သူတို့က ငါတို့ ဝိုင်းစဉ်းစားပေးမယ်လေ နင်ကလဲ ဒီအတိုင်း မနေနဲ့တဲ့ ငါတို့ အခု တိုင်းပြည် အတွက် အလုပ်လုပ်နေကြတယ်ဆိုပဲ...သူတို့ ကို ကြည့်ပြီး အလုပ်ထဲမှာ လှောင်ပိတ် နေရတဲ့ ကျွန်မလဲ စိတ်ဓာတ် တွေ တက်ကြွလာတယ် သွေးဆူလာတယ် အေး ငါလဲ ပါချင် တယ်နော် လို့ ပြောတော့ ပါရမှာပေါ့ ငါတို့ စု ကြံကြ မယ်လေ ဆိုပြီး လက်ဝါးချင်း ရိုက်လိုက်ကြပါတယ်...

အဲ့ဒီ့ကနေစပြီး...ပန်းပင်တွေ သစ်သီးဝလံတွေ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ပြည့်လျမ်းနေတဲ့ အအေး ခန်းထဲက ကျွန်မရဲ့ ဘ၀ အပြောင်းအလဲ စတော့တာပါပဲ..

13 Comments:

လူလ said...

မင်္ဂလာပါ မဆုမွန်

လာဖတ်သွားပါတယ်။ ဖတ်ကောင်းကောင်းနဲ့ ဖတ်နေတာ
တပိုင်းတစဖြစ်သွားတော့ ဟာတာတာ ဖြစ်သွားပါတယ်။

အားပေးလျက်ပါ

ရွှင်လန်းချမ်းမြေ့ပါစေ...

ဖိုးဂျယ် said...

အမဘာဖြစ်သွားတာလဲ တပိုင်းတစကြီး ဖတ်ရတာ တခုခုလိုနေသလိုလိုပဲ။ အရေးသားကောင်းလိုက်တာဗျာ

:P said...

ဖတ်လို့ကောင်းတယ်..မဆုမွန်..
မြန်မြန်ဆက်ပါ

အိပ်မက်နိဒါန်း said...

အစ်မရေ...

နောက်ဆက်တွဲလေး မြန်မြန်လုပ်ပါ။

Anonymous said...

ဖတ် လာ လိုက် တာ ဇာတ် လမ်း က ပြီး မှ ဘဲ စ တာ ကိုး ဗျ။ ဘိုင် ဒ ဝေး အ မ ရေ နှာ ခေါင်း သွေး ထွက် တဲ့ ရော ဂါ လား၊ နှာ စေး တဲ့ ရောဂါ လား ဂရုစိုက် နော် အ မ ဆု မွန်။ နေ ကောင်း ပါ စေ အ မ မဆုမွန်။

Anonymous said...

အရေးအသားကဆွဲဆောင်မူရှိ လို့ဖတ်လာလိုက်တာ ဇတ်ရှိန်မြင့်မှဖြတ်ချလိုက်တာ ရုပ်ရှင်ရုံထဲဇတ်လမ်းတ၀က်နဲ့ မီးပျက်သွားသလိုကြီးဗျာ၊ အခန်းဆက်လေး မြန်မြန်ရေးပေးပါအုံးနော် ၊အမြဲအားပေးနေပါတယ်လို့

kay said...

အုဉ်လမ်းကို ရောက်လာတဲ့ ဇာတ်လမ်းကို..ဖတ်ခဲ့ဘူးတယ်- ညီမလေးရေ။ အခု ကိုယ်တိုင်ရေးတာလေး လည်း ဖတ်ချင်တယ်။ သွက်လက် ချက်ချာပြီး ငယ်စဉ်ထဲက..ကိုယ့်အားကိုယ်ကိုး တတ်တာကို ချီးကျူး ပါတယ် ညီမငယ်ရေ။

ရွှေပြည်သူ (ShwePyiThu) said...

အတွေ့အကြုံကို ပြန်ပြီးရေးထားတာ အရမ်းကို စိတ်ဝင်စားစရာကောင်းပါတယ် အစ်မ မဆုမွန်။ နောက်ထပ်အပိုင်းတွေကို စောင့်ဖတ်နေပါ့မယ်...

တက်လူငယ် said...

ရင်ဖွင့်စာလေးကတော့ ကောင်းပါ့ဗျာ။ စာရှည်သလောက် ဖတ်တဲ့သူမငြီးငွေ့ဘူး။ စိတ်ဝင်စားပါတယ်။ ဆက်ရေးပါဦး။ လာမယ့်အပိုင်းလေးတွေမျှော်နေမယ်..ဗျာ။

ခင်မင်လေးစားလျက်...
တက်လူငယ်...

ကိုအောင် said...

မဆုမွန်ရယ့် ဘ၀ဇတ်လမ်းကို ဖတ်ရူသွားပါတယ်။

ကိုအောင် said...

ဘ၀ အတွေ့အကြုံတွေက အရမ်းကောင်းပါတယ်
မဆုမွန်ရေ။

ThuHninSee said...

နှာခေါင်းရောဂါက မဟုတ်မှလွဲရော..ထိပ်ခတ်နာ မဟုတ်လား။ အလုပ်ကအပြန်စီးတဲ့ ဘတစ်ကားက ၃၆ထင်တယ်။ :P

winlatt said...

တော်လိုက်တဲ့စာ အရေးအသား...
ကျေနပ်စွာ ဖတ်လိုက်ပါတယ်...
ကျေးဇူးတင်ပါတယ်....