ပန်းမြို့တော်သို့

အခု လာမယ့် သောကြာနေ့ဆို ကျွန်မ ဇင်းမယ်ဆိုတဲ့ ချင်းမိုင်မြို့လေးကို သွားရတော့ပါမယ်ကွယ် ချင်းမိုင် ဆိုတဲ့ နံမည်လေး ဇင်းမယ်ဆိုတဲ့ နံမည်လေးကို တွေးမိတာနဲ့ သိပ်လှတဲ့ သိပ်အေးချမ်းတဲ့ ပန်းမြို့တော် လေးကို မြင်ယောင် မိတယ် ချင်းမိုင် မြို့ လေးကို လေယာဉ် ပေါ်က စီးမိုး ကြည့် လိုက်ရင် သိပ် ထင် ရှား တဲ့ သင်္ကေတက မိုင်းညို့နေတဲ့ ဒွိုင်စုထေ့ တောင်စဉ် တန်းကြီး ပါ ချင်းမိုင် တစ်မြို့ လုံးကို သူ ရင်ခွင် ထဲ ထည့် အုပ်မိုး ထား တာပါ ချင်းမိုင်ဆိုတာနဲ့ ပန်းရနံ့တွေ ရူရိုက်မိသလို ကိုယ့်ဘေးနားမှာ ပန်းဖတ်လွှာတွေ ကြွေကျလာသလို ခံစားရတယ် ကျွန်မ ချင်းမိုင်ကို သိပ်ချစ် ပါတယ်။ ချင်းမိုင်ဟာ ရာသီဥတုလဲ အမြဲ လိုလို ဆောင်းရာသီလို အေးမြနေပြီး အရမ်း မပူပြင်းတဲ့ နေရာင်ခြည်နွေးနွေးလေးမှာ သိပ်နေလို့ ကောင်းတယ်။ ချင်းမိုင်ဟာ သိပ်အေးချမ်းသလို ချင်းမိုင်မြို့သူ မြို့သားတွေ ဟာလည်း သိပ်ငြိမ်းချမ်းပါတယ်။

ချင်းမိုင်မှာ ကျွန်မ အကြိုက် ဆုံး အကြည် ညိုဆုံး အသွား အများ ဆုံး ဘုရား စေတီ ကတော့ ဟိုး ဒွိုင်စုထေ့ တောင် ထိပ် ဖျားက ဘုရား စေတီ လေးပါပဲ တောင်ပေါ် ကနေ နှင်း ငွေ့တွေ သန်းနေတဲ့ ချင်းမိုင် တစ်မြို့ လုံးရဲ့ အလှကို စီးမိုးပြီး မြင်ရ တယ် သူ့ကို လိုင်းကား နဲ့ တက် လဲ ရတယ် တစ်ချို့က ဆိုင်ကယ် နဲ့တက်တယ် တစ်ချို့ စက်ဘီးနဲ့ တက်တယ် နေ့ကြီး ရက်ကြီး ဆို ချင်းမိုင် မြို့သူ မြို့သားတွေက ဘုရားပန်းတွေ လှူဖွယ် ပစ္စည်း တွေ ကိုင်ပြီး အသင်းလိုက် အသုတ် လိုက် တောင် ပေါ်က ခြေ လျင် တက်ကြတယ်။ မနက် ဝေလီဝေလင်းမှာ တောင် ပေါ် လမ်း တ လျောက် ဆွမ်းခံကြွလာတဲ့ သံဃာ တော်တွေ ကို စီတန်း ပြီး လှူဒါန်း နေကြတဲ့ မြင်ကွင်းက သိပ်ကြည်နူးစရာ ကောင်းတယ် ချင်းမိုင် မြို့သူ မြို့သားတွေဟာ ဘာသာတရားလဲ ကိုင်းရိုင်း ကြ တယ် ဗုဒဘာသာ တွေရဲ့ အထွဌ် အမြတ် နေ့ထူး နေ့မြတ် တွေ ဆို သူတို့တစ်မြို့ လုံး အုန်းအုန်း ကြွက်ကြွက် ကို လှူဒါန်း ကြ ပျော်ပွဲ ရွှင်ပွဲ တွေလဲ လုပ်ကြနဲ့ သိပ်ချစ်ဖို့ ကောင်းတဲ့ ဓလေ့ တွေပေါ့

အဲ့ဒီ့လို နဂါးစောင်းတန်းကြီးတွေအတိုင်း စီတန်းလျောက် ညလုံးပေါက်တက်ပြီး အာရုဏ်ဆွမ်း ကပ်ကြတယ် နောက်ပြီး ချင်းမိုင်ဒွိုင်စုထေ့ တောင် ခြေတော်ရင်းမှာ သိပ်လှတဲ့ ရေတံခွန်ကြီးရှိတယ်.တောင်ပေါ်က ဆင်းတာနဲ့ တောင်အောက်မှာ အမောဖြေတယ် ကျောက်ဖျာအထပ်ထပ်နဲ့ ဟိုးမိုးပေါ်က ဖြာကျလာတဲ ရေတံခွန်ကြီးက သိပ်လှတယ် ဆောင်းတွင်းဆိုရင်တော့ ရေခမ်းတယ် မိုးတွင်းဆိုရင် တော့ ရေလုံးတွေက ကြောက်စရာချင်းမိုင်မှာ စေတီ ပုထိုးတွေ ဘုန်းကြီးကျောင်း တွေ သိပ်များတယ် နောက် မြန်မာ ဘုန်းကြီး ကျောင်း တွေလဲ ရှိ တယ် နောက် စေတီ ဟောင်းတွေ လဲ ရှိတယ် ပုဂံလို လက်ရာမျိုး စေတီ တွေလဲ ရှိတယ် ဇင်းမယ်ဆိုတဲ့မြို့မှာ မြန်မာ တွေ အုပ်စိုး ခဲ့ဖူးလို့ မြန်မာ အနပညာ လက်ရာ ဆန်တဲ့ ကျောင်းကန် ပုထိုးတွေလဲ တွေရတယ်။
ချင်းမိုင်မြို့ တစ်မြို့လုံးကို ပတ်ခွေပြီး စီးဆင်း နေတာ ပင်းမြစ်ပါ အဲ့ဒီ့ ပင်းမြစ်ကို ဖြတ်ထိုး ထားတဲ့ တံတားတိုင်း ကလဲ အနပညာ လက်ရာ သိပ်မြှောက်တယ် ပန်းပင်လေး တွေကို ပုံစံ အမျိုးမျိုး ဖော်ပြီး တံတားဘောင်ပေါ် ဆင် ထား တာ ပန်းတံတားတွေ လိုပဲ ပင်းမြစ် ကြိးပေါ်က ပန်း တံတားတွေကို ညဘက် မီးရောင်စုံနဲ့ ကြည့်ရတာ သိပ်ကြည်နူး စရာကောင်းတယ် မြစ်ကမ်းနဖူးစပ်မှာ ခုံတန်းလေးတွေနဲ့ ထိုင်နေတဲ့ မိသားစုတွေ ချစ်သူ မောင်နံတွေ ကို ညနေ နေအေးချိန် နေ၀င်ချိန်တွေမှာ တွေ့ရတတ်တယ်

ကျွန်မ ချင်းမိုင်မှာ သုံးနှစ် နီးပါး နေခဲ့ဖူး တယ် အရင်က ကျွန်မတို့ ပိုင်ဆိုင် ခဲ့ဖူးတဲ့ မြို့လေး ဆိုတဲ့အသိက ဇင်းမယ်ကို ကိုယ့်မြို့ ကိုယ်ရွာ လို ပို ခင်တွယ် မိတယ်။ ဘယ်နေရာပဲ ရောက်ရောက် ချင်းမိုင်ကို ပြန်ရ တော့မယ် ဆိုရင် ကိုယ့် မိဘအိမ် ကို ပြန်ရသလို နွေးထွေးမူ ကို ပေးပါ တယ် ကြိုဆို မယ့်သူ ရှိရှိ မရှိရှိပါ။ ကျွန်မရဲ့ ချင်းမိုင် တက္ကသိုလ် ထဲက ကျောင်းသား ဆောင် အခန်း ကျဉ်းကျဉ်း လေး ကလဲ တကယ့်ကို လုံခြုံမူ နွေးထွေးမူကို ပေးခဲ့ ပါတယ်။

ချင်းမိုင် ကို ရောက်လို့ လေယာဉ် ကွင်း အပြင် လေကို ရူ ရိုက် လိုက်ပြီ ဆိုတာနဲ့ အရင် ဆုံး အေးမြ လတ်ဆတ် တဲ့ လေ နောက် ထူးခြား တာက ကျွန်း ပန်း ရနံ့ သင်း သင်း အီအီ လေး တွေ ကို ရမှာပါ။ နောက် လေဆိပ်က ထွက် တာနဲ့ လမ်းဘေး ၀ဲယာ တစ် လျောက်မှာ လမ်း လည် ခေါင် ကျွန်း လေး ထဲမှာ မြေစိုက် ပန်း ရောင်စုံတွေနဲ့ အလှ ဆင် ထားတဲ့ ပန်း နီနီ လေးတွေ ၀ါဝါ လေးတွေ ခရမ်း ရောင် လေးတွေ အဖြူလေး တွေ ပန်းအိုး လေး တွေနဲ့ စီချယ် ထား တယ် အပတ် တိုင်း အရောင် ပြောင်း တယ် ဒီဇိုင်း ပြောင်းတယ် အိမ်တိုင်း ခြံတိုင်းမှာ ပန်းပင် တွေရှိတယ် သစ်ခွ ပန်းပင် တွေ လည်း ရှိတယ် နှင်းဆီပန်းဆို အပြင်မှာပဲ ခြုံ လိုက် ကြီးတွေ အလေ့ကျ ပေါက်တယ် နွယ် တက် နေတဲ့ ပန်းတွေ လဲ ရှိရက် ပန်းတိုင်းက လှလဲ လှတယ် မွှေးလဲ သိပ်မွှေးတယ်

လေဆိပ် ကနေ ထွက်လိုက်ရင် ချင်းမိုင် တက္ကသိုလ် ရောက်ပြီ ထွက်ပေါက် လမ်း တစ်ခုရဲ့ ထိပ်မှာတော့ ချင်းမိုင် တက္ကသိုလ် ရဲ့ အနုပညာ ပြတိုက် အဆောက်ဦး ဟောင်း လေးရှိတယ် တိတ်ဆိတ် ငြိမ်သက်ပေမယ့် ခံစားမူ တစ်မျိုး ပေးတဲ့ အဲ့ဒီ့ အဆောက် အဦး လေး ထဲမှာ ကမ္ဘာ့ နိုင်ငံ အသီးသီးက အနပညာရှင်တွေ ပန်းချီပြခန်းတွေ အနုပညာ ပြကွက်တွေ ကို မကြာ ခဏ လာပြသ လေ့ရှိတယ်။ မြန်မာပြည်က အထိမ်း အမှတ်ပွဲ အခမ်း အနား လေး တွေ ကို အနပညာ ဆန်ဆန် ငြိမ်ငြိမ် သက်သက် လေး ပြသ ကျင်းပ ကျ လေ့ ရှိတယ်။ဥပမာ အန်တီစု မွေးနေ့ လို မျိုးပေါ့..မြက်ခင်းမှာ အန်တီ့ ပန်းချီကားတွေ ကို ချခင်း ထားပြီး ရိုးရာဝတ်စုံလေးတွေ ရိုးရာ အစား အသောက် တွေ ရိုးရာ အထိမ်း အမှတ်ပစ္စည်းလေး တွေနဲ့လေ.

.အနပညာ ပြတိုက် ဘေးကနေ ကွေ့တက် လိုက်ရင် ချင်းမိုင် မြို့ရဲ့ သိပ်လှတဲ့ တောအုပ်လေးထဲက ချင်းမိုင် တက္ကသိုလ် ရှိတယ်။ ဒါက အရှေ့ဘက်က ချင်းမိုင်တက္ကသိုလ်မုဒ်ဦး ထိပ်မှာ အမှတ်တရ ရိုက်ထားတာ.
ချင်းမိုင် တက္ကသိုလ် အ၀င် မုဒ်ဦးဝ မှာ ကတည်းက ဆင်ရုပ် လေးတွေနဲ့ ပန်းပင်ေ၇ာင်စုံ ဒီဇိုင်း မျိုးစုံ လမ်း လျောက် သစ်ပင် အုပ်အုပ် လေးတွေကို အကောင် မျိုးစုံ ပုံစံညှပ်ထားတယ် အဓိက က ဆင်ရုပ်ပုံစံ အမျိုးမျိုး သစ်ပင် အုပ် လေးတွေပါ။ တက္ကသိုလ်ဝင်းရဲ့ အလည် တည့်တည့်မှာ နာရီစင်ကြီးရှိတယ် သူက အ၀ိုင်း ပတ် အ၀ိုင်း ထဲမှာလည်း ပန်းပင်ရောင်စုံလေးတွေနဲ့ တက္ကသိုလ်ဝင်းကြီးက တောင်ပတ်လမ်း အနိမ့် အမြင့် လေး တွေနဲ ဝေ့ ၀ိုက်ပြီး ဆောက်ထား တယ် သစ်ပင် တွေက အုပ်ဆိုင်းနေလို့ အေးဆိမ့်နေ တာပဲ တောအုပ် လေး ထဲက ချစ်စရာ တက္ကသိုလ် လေး ပါပဲ ကျောင်း အဆောက်အဦး တွေ ကလဲ ကုန်းထိပ် လေးတွေမှာ ကုန်း အောက်မှာ အဆောက်အဦးတစ်ခုနဲ့ တစ်ခုကြားမှာ အုတ်လှေကားထစ် အနိမ့် အမြင့် လေး တွေနဲ့။ ဒီ အဆောက် အဦးလေးက ကျွန်မ အလုပ်လုပ်တဲ့ အလုပ်ခန်းရှိတဲ့ UNISERV အဆောင်ရှေ့မှာ ဆိုင်ကယ်နဲ့ အလုပ် လာ နေတဲ့ပုံပါ။
ချင်းမိုင် တက္ကသိုလ် ကျောင်းသား အများစုက ဆိုင်ကယ်နဲ့ တက်ကြတယ် နောက် စက်ဘီးလေး တွေနဲ့ ကျောင်း ၀င်း ထဲမှာလည်း နောက်တွဲ ခုံတန်းရှည် ကြီးပါတဲ့ ချစ်စရာကောင်းတဲ့ ကားတွဲ လေးတွေက ကျောင်း တစ်ဝင်းလုံး ကို ပတ်ဆွဲပေးတယ်။ အဖြူ အနက် ကျောင်း ၀တ်စုံလေး တွေနဲ့ ကျောင်းသူ ကျောင်းသားလေးတွေ အားကစား ၀တ်စုံ လေး တွေနဲ့ ကျောင်းသူ ကျောင်းသားလေးတွေ အုပ်စုလိုက် လူပ်ရှားမူတွေကို ပျော်ပျော် ရွှ့င်ရွှင် လုပ် နေတဲ့ ငယ်ရွယ် နုပျို လန်းဆတ်တဲ့ လူငယ်လေး တွေရဲ့ အပြုံးတွေကို မြင်တော့ ငိုချင်စိတ်ပေါက်မိ တယ်.

ထိုင်းမှာ ဆောင်းအလွန်ဆို ပန်းတွေ သိပ်ကြွေတယ် မြေမှာ ပန်းတွေ ဖွေးနေတာပဲ ဒါ ကျပ်သူကျပ်ပန်းခြံထဲမှာ ရိုက်ထားတဲ့ အမှတ် တရ အခုချိန်ဆို ချင်းမိုင်ကျောင်းဝင်းတစ်ခုလုံးမှာ အခုလို ရွက်ကြွေ ရာသီဆိုရင် ပန်းပွင်ဖတ် ရောင်စုံတွေက မြေမှာ ခ နေ တော့ မယ် အ၀ါ ရောင် ပန်းပင် လေး အောက်မှာ ဆို ပန်းကြွေ ၀ါ ရောင် လေး တွေ အပြာ ရောင် ပန်းပင်အောက်မှာ အပြာရောင် ပန်းဖတ် လွှာတွေ အနီရောင် ခရမ်းရောင် ဖျော့ဖျော့ ရောင်စုံလေးတွေ မြေမှာ ကျဲနေတာ တောင်ကုန်း ထိပ်လေးတွေ လမ်းသွယ် လေးတွေ ကြားထဲမှာ အရမ်းလှတဲ့ ပန်းချီကားချပ် လေးတွေ လိုပါပဲ. ပန်းရနံ့တွေက တကယ့်ကို သိပ်မွှေး တာပါပဲ ညနေ နေရီရင် ပိုမွှေးတယ် မွှေးလွန်းလို့ အီတောင် အီတယ် တစ်ခါ တစ်လေ များဆို ကြက်သီး တောင် ထမိတယ် ဆိုင်ကယ်စီးရင် ပန်းနံ့တွေ အရမ်းမွှေးလာလို့လေ ကျွန်မဆို ချင်းမိုင် တက္ကသိုလ်ထဲမှာရှိတဲ့ အလုပ်က ပြီးတယ်ဆိုရင် ဆိုင်ကယ်လေးစီးပြီး တောင်ကုန်းမြင့်လေးပေါ် က ကန်လေးကို အမြဲ သွားသွား ထိုင်လေ့ရှိတယ် ရေကန်လေးက ဒွိုင်စုထပ် တောင်တန်းကြီးဘေးမှာ ရှိတယ်လေ အဲ့တာက ကန်မှာ ရေလျံမှာစိုးလို့ တူးမြောင်းနဲ့ ဆက်ထားတာ.ယ
အဲ့ဒီ့ကန် နဖူးစပ် လေးမှာ ထိုင်ရင်း တောင်ကြီးကို ငေးလို့ရတယ် အဝေးမှာလည်း ကျွန်းလေးတစ်ကျွန်းရှိတယ် အဲ့ ကျွန်းလေး ကိုတော့ အမြဲ ကျွန်မ စာသွား ဖတ် နေကြလေ ခရုနိုက် သူတွေနဲ့ ငါးအပျော်မျှားသူတွေပဲရှိရက် ကန်ဘောင် ပေါ်က ကြည့်ရင် ဒွိုင်စုထေ့ရဲ့ နေ၀င်ချိန်တွေဟာ သိပ်လှတာပေါ့ ဒါက ချင်းမိုင်တက္ကသိုလ်ထဲက ကန်ပတ်လမ်းလေးပါ ကန်စပ်မှာ ထိုင်နေတဲ့ ကျောင်းသူ ကျောင်းသားတွေလဲ အများကြီးပဲ အားကစား လုပ်တဲ့သူ ခွေးလေးတွေဆွဲပြီး အလှပြတဲ့သူ ချစ်သူ စုံတွဲလေးတွေ ဆူညံခြင်းမရှိပဲ ငြိမ်သက် တိတ်ဆိတ် နေလို့သဘာဝရဲ့ အလှအပ အတွက် စိတ် ကြည်နူးမူ ကို အပြည့်အ၀ ခံစားရပါတယ်။

နောက် ဇင်းမယ်မြို့သူ မြို့သားတွေဟာ တောင်ပေါ်သားတွေ ဖြစ်တဲ့အတွက် သိပ်အေးချမ်းတယ် ထိုင်း စကား ပြောပုံ ကလဲ ဘန်ကောက် ထိုင်းတွေလိုမဟုတ်ပဲ တစ်မျိုး နားထောင် ကောင်းတယ် သူတို့ ဟာ သိပ် နူးညံ့ တယ် သိပ် သိမ်မွေ့တယ် ဇင်းမယ် သူလေးတွေ လှပုံက တကယ့် ကဗျာဆန်တယ် အလှပြင်ထားပုံကလဲ သိပ် လှတယ် မျက်နှာပြောင် ဖူးဖူးလေးတွေက မိတ်ကပ် အထူကြီးတွေ လိမ်းထား တာမျိုး မဟုတ်ပဲ ပင်ကိုရောင် ၀ါဝါလေးမှာ ပါးမို့လေးတွေက ပန်းရောင် သွေးဖြန်းနေတယ် ကြွေရောင်လေးတွေ တောက် နေတယ် ဆံပင် ပုံစံလေးတွေ ကလဲ တကယ့်ကို ရိုးရိုး ရှင်းရှင်း လေးတွေ အရောင်စုံ ဆိုးထား တာမျိုး ကောက်ကွေး တွန့်လိမ် နေတာမျိုး မရှိဘူး ၀တ်စား ဆင်ယင်ပုံကလဲ သိပ်နူးညံ့တယ် အမူအယာလေးတွေကလဲ သိပ် သိမ် မွေ့ တယ် ထိုင်းမှာ တော့ မြောက်ပိုင်းသူတွေဟာ အလှပြစားတယ် ဘန်ကောက်သူတွေလို ကိုယ်ပိုင် အရည်အချင်း မရှိဘူးလို့ အတင်း စကားဆိုကြသတဲ့ ကျွန်မ ကတော့ ဇင်းမယ်သူ လေးတွေကို သိပ်ချစ်တယ် အပြစ်ကင်းပြီး နုးညံ့ သိမ်မွေ့တဲ့ ချစ်စရာ့ ရှမ်းမ လှလှလေးတွေလိုပါပဲ..
နောက် ဇင်းမယ် သားလေးတွေကလဲ သိပ်ချောကြတယ် ထိုင်းအများစုကတော့ သိတဲ့အတိုင်း မိန်းကလေးတွေ ထက် တောင် အလှအပ ကြိုက်ကြ သကိုး နုတ်ခမ်း အရောင်လေး တွေက အစ ပန်းရောင်ပြေပြေ အချို့ဆို အနီရောင် ရင့်ရင့် တောင် ဆိုးထား ကြသေးတယ် မျက်နှာလေးတွကဆို ၀င်းမွတ် ချောမွေ့ နေတာပဲ မျက်ခုံးမွှေးကိုလဲ ပုံသွင်းပြီး ရိတ်ထားသေးတယ် အ၀တ် အစား ကတော့ ခေါက်ရိုးကျ သန့်ပြန့် တောက်ပြောင် နေတာ ကြေမွ တွန့်လိမ်ခြင်းမရှိ ဆံပင် ကတော့ ပုံစံအမျိုးမျိုး ထောင်လို့တစ်မျိုး မောက်လို့တစ်ဖုံ အချောင်း လိုက် အမြောင်း မြောင်းလေးတွေချ ထိုင်းဆံပင်ကတော့ အဆန်းကိုး လေတိုက် တာတောင် ပုံစံမပျက် ဘာပဲ ပြောပြော ထိုင်းလေး တွေကလဲ သိပ်ချောကြတယ် ..သူတို့များ ဘေးကို ဖြတ်သွားရင် မွှေးအီနေတာပဲ အခုပဲ ရေချိုးပြီး ထွက်လာ သလို မိုးလင်းကနေ နေစောင်းတဲ့ အထိပါပဲ

(ကိုယ်တွေများ ကျတော့ ဆိုင်ကယ် ခပ်ကြမ်းကြမ်း စီးဝင်လာပြီး ကျောင်းထဲကို ၀င်လာတာနဲ့ လိပ်ဖိုးဖိုးလို ကျောပေါ်မှာ ကျောပိုးအိတ်က ကျောပြင်ထက်တောင် ကြီးသေး ထိုင်းမလေးတွေက ကျောင်းလာတက်ရင် ပိုက်ဆံအိတ် ပိစီလေးတွေ လွယ်လို့ ကိုယ်တွေကတော့ ဆိုင်ကယ်လက်ကိုင်ဘေးမှာတောင် ကိရိယာ တန်ဆာ ပလာ အစုံနဲ့ ဆံပင်က စီးနှောင် ထားတာတောင် ဖရိုဖရဲ အခုပဲ ရေချိုး ထွက်လာလဲ ချွေးက ရွှဲနေပြီ မျက်နှာ ပြောင် ကတော့ ဆိုဖွယ်ရာမရှိ)

ချင်းမိုင်မှာ အနားယူစရာ ဝေ့သင်းထောက် (ဦးဂျေအခေါ် ဂွေးသင်းထောက်) ရေကန်ုကြီးကတော့ ကျွန်မတို့တွေ အမြဲ ပျော်ပွဲစား ထွက်နေကျ နေရာပေါ့ ဒါ တီချယ်သားအဲမွန်လေး ကျွန်မဆီက ဘောလုံးလိုက်လုနေတာလေ..
ဒွိုင်စုထေ့ တောင်ခြေက ရေကန်ကြိးလေ တဲသေးသေးလေးတွေနဲ့ ထိုင်ပြီး ပင်လယ်စာ ထိုင်းစာ မျိုးစုံကို အကုန် မှာ စားလို့ရတယ် ရေ ကစားချင် သူတွေ အတွက်ကတော့ ရှယ်ပေါ့ ကျွန်မဆို အစားထက် ရေပဲ ကစားတယ် ကလေးတွေနဲ့ ရေကူးတာ တစ်ကိုယ်လုံး ပြာနှမ်းလာမှ ပြန်တက် တယ်..ရေကန်ကို သွားမယ်ဆို သိပ်လဲ မဝေးဘူး ကားခလဲ သိပ်မကုန်ဘူးလေ နားရက်တိုင်း သွားဖြစ်တဲ့ နေရာပေါ့

နောက် တခြား မြို့တွေမှာလို ပုံမှန် ပြေးဆွဲနေတဲ့ အများသုံး ဘတ်စကားကြီးတွေ များများစားစားမရှိပါဘူး ကျွန်မတော့ ချင်းမိုင်မြိုထဲနဲ့ မြို့ပြင်ကို ပြေးတဲ့ ဘစ်စကားတစ်စီးတစ်လေပဲ တွေ့မိတယ် အများစုက ဟိုင်းလပ် ကားလို ကားနီရှည်ကြီးတွေပါ ဘယ်စီးစီး ဘတ်တစ်ဆယ်ပါ နိုင်ငံခြားသားတွေ အကြိုက် တုတ်တုတ် ကားလေးတွေ တုတ်တုတ်ကားလေးတွေ က သိပ်အသံညံတယ် နောက်သိပ်မြန်တယ် ကားကိုယ်ထည်က လူးနေတာပဲ သူ့ကို စီးရင် ကျွန်မဆို စီးရင်းနဲ့ အလိုလို အူမြူး တယ် ရယ်နေတာပဲ လေကလဲ တ၀ူးဝူးနဲ့ နောက် ချင်းမိုင် မြို့သူ မြို့သား အများစုက ဆိုင်ကယ်ကိုပဲ သုံးကြ တယ် လမ်း လျောက်တဲ့သူ သိပ်မရှိဘူး။ ကျွန်မဆို လျောက်တိုင်း ခွေးဟောင်ခံရတယ်။ ဆိုင်ကယ်နဲ့ပဲ သွားဖြစ် လာတယ် မီးပိုင့် တစ်ခါမိရင် ဆိုင်ကယ်တန်းက အရှည်ကြီးပဲ ပျော်စရာကြီး ကျွန်မဆို အမြဲေ၇ှ့ဆုံး ရောက် အောင် သွားတယ် နောက် လီဗာကို မြှင့်ပြီး ကွေ့ပတ် မောင်းထွက်ရတဲ့ အရသာ သိပ်ကြိုက် တာပဲ ..တစ်ခါ တစ်လေ စက်ရပ်သွားရင် သေပြီ ဆရာပေါ့ သူတို့က အော်တာ ဟစ်တာ ဆဲတာတော့ မရှိဘူး သိပ်သည်းခံ စိတ်ရှည်တဲ့ လူမျိုးပဲ( ထိုင်း အချင်းချင်းလို့ ထင်ရင်ပါ)

ချင်းမိုင်မှာ လက်ဖြစ် ရိုးရာ ပစ္စည်းတွေကတော့ တကယ့်ကို လှပါတယ် ဥပမာ အုန်းသီးဆိုပါစို့ အုန်းခွံ တစ်ခု တည်း ကိုပဲ လုပ် ထားတာ ပိုက်ဆံအိတ် လည်ဆွဲ ပန်းခိုင် ကန့်လန့်ကာ မီးအိမ် စတဲ့ ပုံစံ အမျိုးမျိုး ထွင်ထားတာ သိပ် အနပညာ မြောက်တယ်။ ပန်းဆိုလည်း စံပယ်ပန်းဆို ကျွန်မတို့ဆီမှာက ကြိုးနဲ့သီထားတာပဲ ရှိတယ် သူတို့ ဆီမှာက ပန်းကုံးပုံစံလေးတွေကို နှင်းဆီပွင့်ဖတ်လေးတွေနဲ့ စကားဝါပန်းလေးတွေ အရောင်စပ်ပြီး ပန်းကုံး လေးတွေ လုပ်ထားတာ သိပ် လက်ရာမြောက်တယ် ကားတိုင်း ရဲ့ ရှေ့မှန်မှာ ချိတ်ဆွဲထားကြတယ် နောက် ကျွန်မ သိပ် ချစ် တာ ရွှံနဲ့ လုပ်တဲ့ လက်ရာလေးတွေ လူရုပ်လေးတွေ ကလေးရုပ်လေးတွေ တိရစ္ဆာန် ရုပ်လေး တွေ ကို ချစ်စရာ ပုံစံလေး တွေနဲ့ လုပ်ထားတာပဲ

နောက် ချင်းမိုင် ရိုးရာ ၀တ်စုံလေးတွေဟာ လက်ရာ လေးတွေ သိပ်လှသလို ဒီဇိုင်းလေးတွေကလဲ ယဉ်ယဉ် လေးနဲ့ ဆန်းတယ် နောက်ခြူလုံးလေးတွေ တပ်ထားတာလဲ ရှိတယ် အဓိက ပ၀ါပဲ ပ၀ါကို အမျိုးမျိုးခြုံကြတယ်။
ချင်းမိုင် ၀တ်စုံ ဆိုတာ လည်း နံမည် ကြီး ကိုး ကျွန်မကတော့ ခါးကို ငွေခါးပတ်နဲ့ ပတ် ၀တ် ရတဲ့ ဇင်းမယ် လုံချည် အနက်လေးတွေကို သိပ်ကြိုက်တယ် ဒေါင်းရုပ်ကြီးကြီးတွေနဲ့လေ..နောက် မြန်မာ ဆန်တဲ့ ရင်ဖုံး အကျီလေး တွေက ကြယ်သီး လေး တွေက အစ သိပ်လှတယ် ရောင်စုံ လေးတွေလေ.နောက် ကြိုးထိုး ထားတဲ့ ပိုး လက်ကောက် လေးတွေ ပုတီး လေးတွေ နံသာ ယက်တောင် လေးတွေ သိပ်လှတာပဲ.. အဲ့တာတွေက နံမည်ကျော် ချင်းမိုင် တနင်္ဂနွေ ဈေးမှာ ရတယ် မြို့ရိုးဟောင်းထိပ်မှာ ခင်းကျင်းရောင်းတဲ့ ညဈေး နိုက်ဘဇာ မှာပေါ့ ချင်းမိုင်က ကော်ဖီဆိုင် စားသောက်ဆိုင်တွေမှာ စားသုံးသူတွေစိတ်ကို ကြည်နူးအောင် ချစ်စရာ အလှ ဆင်ပုံ လေးတစ်ခုရှိတယ် ရေပန်း လေးတွေ ရေကန် လေးတွေ ဆင်ထားတယ် ဖား အော်သံ လေးတွေ ရေစီးကျသံ ဂီတ သံလေးတွေ ထည့်ပေးထားတယ် နောက် ဌက်ရုပ်လေးတွေ ဖားကောင် လေးတွေ ငါးသေးသေး လေးတွေ ကျောက်တုံး လေးတွေ နောက် ကြာပန်း လေးတွေ ဆင်ပေးထားတယ် ကျောက် နံရံတွေ ရေတံခွန်တွေ နောက် ပန်းပွင့် ပန်းခြုံ ပန်းအုံ ပန်းပင်လေးတွေ နဲ့ ပတ်ပတ်လည် အလှ ဆင်ထား တာ သိပ်မျက်စိ ပဒသာဖြစ်တယ်။ ခုံလေးတွေ ဆိုလည်း ကျောက်ထိုင်ခုံတွေ မဟော်ဂနီရောင် သစ်သားခုံတန်းလေးတွေ နောက် တစ်ချို့ နေရာတွေက လေမ၀င်ရင် သစ်ပင်တွေ ပေါ်မှာ မိုးပေါ်က ပန်ကာတွေ လည် ပေးထားတယ် နောက် ဆောင်း ဘောက်စ် တွေနဲ့ ဂီတသံလေးတွေကို သစ်ပင်မြင့်မြင့်တွေမှာ ချိတ်ပြီး ဖွင့်ပေးထားတယ်။ သူတို့ဆီ လာတဲ့ ဧည့်သည် ကို အကောင်းဆုံး ဖြစ်အောင် ပြုစုပေးတာပေါ့..
သူတို့ ပြုစုပုံ ကတော့ တကယ့်ကို စေတနာအပြည့်ပဲ ယုယပုံမှာ အနင်းအနှိပ် ကတော့ သိတဲ့အတိုင်း ထိုင်း မာဆတ် ကတော့ နံမည်ကြီးပဲ နိုင်ငံခြားသား ကိုကို အိုအို တွေ စိတ်ကြိုက်ပေါ့ ကျွန်မတို့ ကိုရွှေမြန်မာတွေဆို အနှိပ်ခန်း အမြဲသွားကြသတဲ့ အလုပ်လုပ် တာများတော့ ညောင်းကြ ညာကြသကိုး ကျမ်းမာရေး ဂရုစိုက်တဲ့ သဘောပါ သွားပုံမှန် မတိုက်ဘူး ဆိုတဲ့ ကိုရွှေမြန်မာ တစ်ယောက်ဆို အမြဲ အလှပြင်ဆိုင်မှာ ခေါင်းလျော် မျက်နှာ ဆေး ခြေသည်း လက်သည်း သွားသွား ရှင်းတယ် ဆိုပဲ သူတို့က သိပ်ညင်သာတယ် ဂရုတစိုက်နဲ့ကို လုပ် ပေးတာပါ ခေါင်း လျော်ရင် ဖွဖွလေး ခေါင်းကို နှိပ်ပြီးမှ ရေပူရေအေးနဲ့ လျော်ပေးတယ် ခြေဖမိုးလေးကို ကိုင် ခြေသည်း လက်သည်းလေးတွေကို ရေဆေးပေး ပုံစံလှလှလေးဖြစ်အောင် သန့်ရှင်းရေးလုပ်ပေးကြတယ် ရေချိုးပျင်းတဲ့ ကိုကိုတွေ မောင်မောင်တွေ ကလည်း ရေနွေးငွေ့နဲ့ ရေချိုးခန်းတွေမှာ တစ်လတစ်ခေါက်တော့ ၈ျီးနူးကြ တယ်ဆိုပါတယ်။

နောက် အစား အသောက်။ အစားအသောက်ကတော့ ရှမ်းစာကြိုက်တဲ့သူတွေအတွက်ရှယ်ပါပဲ တောင်ပေါ် ရှမ်းတွေ အများစု နေတဲ့ မြို့လေး ဖြစ်တော့ ရှမ်းစာတွေက နေ့အလိုက် ဈေးနေ့လေးတွေမှာ လိုက်လည်စားရုံပဲဒေသ ထွက် အသီးအနှံ သစ်ဥ သစ်ဖု သစ်မြစ်တွေ လိမ်းဆေးတွေ နောက် ရာသီပေါ်သီးနှံတွေ သစ်ခွတွေ ပန်းမျိုးစုံ နောက် လက်ဘက်ခြောက် ဆီတို့ဟူး ရှမ်းချဉ် ရှမ်းစာ မျိုးစုံ မြန်မာ အစား အသောက် ရိုးရာ ၀တ်စုံတွေ အကုန် ရောင်းတယ် စနေဈေး သောကြာဈေး စသဖြင့်ပေါ့။ အစားအသောက်ကလဲ သိပ်ဈေးချိုတယ်. အသီး အနှံ တွေကလဲ သိပ် လတ်ဆတ် တယ်လေ အသား ငါး ကတော့ ပုံမှန် ဈေးပါပဲ ဒါပေမယ့် ခရုတွေ ပုဇွန်တွေတော့ ပေါတယ် ချင်းမိုင်မှာ ကျွန်မ သိပ်ကြိုက်တာ ခရု ပြုတ်နဲ့ ပုဇွန် ဆွေ့ဆွေ့ခုန်သုတ်ပါ။

နောက် သစ်သီးဝလံတွေက ချင်းမိုင်မှာ သိပ်ပေါတယ် ဈေးထဲမှာ ကီလိုလိုက်ရောင်းတယ် ဈေးလဲ သိပ်ချိုတယ်
နာနတ်သီး ကျွဲကောသီး ပန်းသီး ဆီးသီး ကမလာသီး ပြောင်းဖူး အစုံရှိတယ် ရာသီတိုင်းမှာ အသီးရနိုင်တယ်။
လမ်းဘေးမှာ ကားတွေနဲ့ ချရောင်းတာလဲရှိတယ် လိမော်သီးဆိုလဲ ကား တစ်စီး တိုက် ကီလိုလိုက် အချိန်လိုက် ချရောင်း တာ နောက် နံမည်ကျော် ထိုင်း ဒူးရင်းသီးတွေက လမ်းဘေးတင် ခွဲစားရုံပဲ သိပ်ပေါတယ် သိပ်တန်တယ် နောက် သိပ် အရသာ ရှိတယ် ကျွန်မဆို ဆိုင်ကယ် တစ်စီးနဲ့ မြို့ပတ်ရင် အဲ့လို သစ်သီး ကားတွေတွေ့ရင် ရပ်ဝယ်တာပဲ နောက် သူငယ်ချင်း တွေ ဆီ သွား စုစားကြတာပဲ ဗိုက် အပြည့်ပဲ..(ချင်းမိုင်မှာတုန်းက ကျွန်မ တီချယ် ဆို ဒူးရင်းသီး သိပ်ကြိုက် တယ် တီချယ် အမျိုးသားက ဒူးရင်းသီးဝယ် သိပ် တော်တယ်လေ သူဝယ်လာရင် ဈေး သက်သာ တယ် စားလို့ သိပ် ကောင်းတယ် ကလေး တွေက ပြောင်းဖူးကြိုက်တယ် အမြဲ ၀ယ်ဝယ် သွားပေး တယ်) ဒါ့အပြင်မှာမှ ချင်းမိုင်က ခြံတိုင်းမှာ အနည်းဆုံး သစ်သီး စားပင် တစ်ပင် ကတော့ ရှိတယ် အသီးတွေ မှည့် ချိန်ဆို ကောက် ဆွတ် စားရုံပဲ လမြိုင်သီးလို အသီးမျိုး ဆို အပင်ပေါ် တက်ပြီး ခူးစားရုံပဲ အောက်ကနေ လှမ်းဆွတ် စားလဲ ရတယ် သိပ်ချိုလွန်းလို့ အီတောင် အီတယ်)

အင်း ချင်းမိုင် တမ်းချင်း ရေးတာ မောတောင် မောလာတယ် အော် မေ့မလို့ ချင်းမိုင်မှာ သိပ်လှတဲ့ နေရာ တစ်ခုရှိတယ် ပြောဖို့ မေ့ နေတယ် အဲ့တာက ကျုံးမြို့ရိုးပဲ ကျုံုံးတလျောက်ကတော့ မုဒ်ဦးတိုင်းမှာ ပန်းတွေနဲ့ အလှ ဆင် ထားတယ် မြက်ပင်လေးတွေက ရွှေမြန်မာ တွေ ကတော့ အကဲဆုံး ပေါ့ အစ ဒီဇိုင်း ချယ် ထားတာ သိပ်လှတာပါပဲ ချင်းမိုင်မြို့လည်မှာ ပတ် လည် စီး နေတဲ့ မြောင်းကြီးကို ကျုံးမြို့ ရိုးဟောင်းနဲ့ ပတ်လည်ကာရံထားတယ် သင်္ကြန်ဆို သိပ်ပျော်ဖို့ ကောင်း တာပေါ့ ကျုံးထဲက ရေတွေ ကို ပက်ပက်ပြီး ရေကစားကြတာ ကားတွေနဲ့ စီတန်းပြီး ရေကစားကြတာ တကယ့် မန္တာလာ သင်္ကြန် လိုပဲ နိုင်ငံခြားသားတွေနဲ့ထိုင်း ရိုးရာ သင်္ကြန် ပေါင်ဒါတွေဖြန်း ရေမွှေး တွေ ပက်ပေါ့ ချင်းမိုင် သင်္ကြန်ကလဲ ထိုင်းနိုင်ငံမှာ နံမည်ကြီး အစည် ကားဆုံး သင်္ကြန်ပွဲပါပဲ။
ပြောရင်းနဲ့ ချင်းမိုင်ကို အခုပဲ အပြေး သွားချင်စိတ် ပေါက်လာပြီ..လာမယ့် သောကြာနေ့ကျရင် ဘန်ကောက်အဲ စီးပြီး ချင်းမိုင်ကို ချီတက်ပါမယ်ကွယ် အပြန်ကျရင် ချင်းမိုင်လက်ဆောင်လေးတွေ သယ်ခဲ့မယ်..

17 Comments:

Welcome said...

တာချီလိတ်မှာနေတုန်းက
ချင်းမိုင်သင်္ကြန်ရောက်ဖူးတယ်..
ပျော်စရာပါ။
အပြန်လက်ဆောင် လာယူပါမယ်။
(အဟဲ သွားတောင် သွားရသေးဘူး ထင်တယ်)

Anonymous said...

ဟေ့
အခုတော့ နေလည် ပူတယ်ကွ။
ကားမီးခိုးတွေက မွှန်တောပါပဲကွာ။
ချင်းမိုင်ကျောင်းသူ စကတ်တိုလေးတွေ မရှိတော့ဘူးဟေ့။
ကျောင်းပိတ်လို့ ပြန်ကုန်ပြီ။

ဆိုင်ကယ် ကြမ်းကြမ်း မစီးနဲ့။ ရဲဖမ်းတယ်။

လာရင်တော့ကာ ဘီယာဆိုင် အရင်သွားကြတာပေါ့ကွာ။

ချင်းမိုင် ပျင်းခြောက်ခြောက်ဖြစ်နေပါကြောင်း။

သာခင်

ဒေါင်းမင်း said...

ဇင်းမယ်သူတွေလှတာတော့ပုဂံခေတ်ကကဗျာစာဆိုတွေတောင်ဖွဲဆိုသေးတာပဲဟီး..
တခါမှတောမရောက်ဘူးသေးဘူး..ချင်းမိုင်ကိုဖြတ်သန်းပြီးတော့သွားဖူးတယ်..

ဒေါင်းမင်း said...

ချင်းမိုင်ကိုရောက်ဘူးချင်တယ်..မေ၇ာက်ဘူးဘူးလေ

လင်းဒီပ said...

တခါမှ မရောက်ဖူးပါ..အရင်ထဲက သွားချင်နေတာ အခုကြေငြာကောင်းတော့ ပိုသွားချင်ပါတယ်...

“ ကျွန်မ ချင်းမိုင်မှာ သုံးနှစ် နီးပါး နေခဲ့ဖူး တယ် အရင်က ကျွန်မတို့ ပိုင်ဆိုင် ခဲ့ဖူးတဲ့ မြို့လေး ဆိုတဲ့အသိက ဇင်းမယ်ကို ကိုယ့်မြို့ ကိုယ်ရွာ လို ပို ခင်တွယ် မိတယ်။ “

ဇင်းမယ်ကို အတော်ချစ်ပုံရတယ်..

ဗန်ပိုင်းယား said...

ချင်းမိုင်မှ မြန်မာများ အသောက်ကြမ်းကြောင်း .. ကိုယ်တွေ့ ...

အိမ်လွမ်းသူ said...

ညီမအရေးကောင်းတာနဲ့ အခုတောင်သွားချင်လာပြီ.. အမကတောင်ပေါ်ဘုးရားပဲ ခဏရောက်ဖူးတယ်။ မြို့ထဲမှာ ပူပေမဲ့ တောင်ပေါ်ဘုရားမှာက အေးနေတာပဲ... ပျော်ရွှင်ဖွယ်ရာခရီးဖြစ်ပါစေညီမရေ...

Anonymous said...

အတော်ကြာနေခဲ့ဖူးတဲ့ မြို့ဆိုတော့ လွမ်းစရာပါပဲ...
ခု သင်္ကြန်ရောက်တော့မှာဆိုတော့ အဲမှာ လူပိုစုံမှာပဲ...
ကိုဇာနည်တို့ မတူးတို့နဲ့တွေ့ရင်
ဦးလေးက နှုတ်ဆက်လိုက်ကြောင်း ပြောပေးကွယ်...
ATN

tg.nwai said...

မဆုမွန်ရေးတာဖတ်ပြီး ချင်းမိုင်တောင် သွားချင်လာပြီ..။ တခါမှ မရောက်ဖူးဘူး။ လှလိုက်တာနော်..။ ဘာမုန့်တွေ ပါလာသလဲ ဆိုတာ ပြန်လာရင် ထပ်ပြဦးနော်.. စိတ်ဝင်တစားပဲ..ဟဲဟဲ

Mg Gabar said...

တုတ်တုတ်စီးပြီး ပန်းမြို့တော်ကို လှည့်လည်ကြည့်ရှုသွားပါကြောင်း......

ဖိုးဂျယ် said...

မဆုမွန် မနာလိုဘူးဗျာ အခုအချိန်ဆို မတူးတူးသာနဲ့
တွေ့နေပြီပေါ့။ အခုမှ ပုံတွေ လာကြည့်ရတယ်။
ဟိုနေ့က ဘာဖြစ်မှန်းမသိဘူး ပုံတွေ မတွေ့ရဘူး။

မေငြိမ်း said...

ဒီတခါတော့ တကယ်ပဲ ဖတ်ရင်း မျက်ရည်လည်လာလောက်အောင် လွမ်းသွားတယ်သမီးရေ... ၄နှစ်နီးပါး နေခဲ့ရတဲ့ မြို့ကလေးးးးးးးးးးး ဘယ်တော့မှမမေ့။

tututha said...

ငါ့ညီမ အတော်ရေးလိုက်ပါလားဟေ့။ တခါမှ အဲလိုမတွေးမိဖူးဘူး။

Anonymous said...

ချင်းမိုင်ကို ဆုမွန် အရေးကောင်းတာနဲ့ သွားတောင် သွားချင်လာတယ်။ ပြန်လာရင်တော့ မုန့်ဝယ်လာခဲ့နော...

သီဟသစ် said...

ဇင်းမယ်ကို ကိုယ်တိုင်ရောက်လိုက်ရသလိုပါပဲဗျာ။
ကျေးဇူးပါပဲ။

Anonymous said...

Thats what she said.Thai people r more patient and polite than us.know our self.

စိုးဇေယျထွန်း said...

ဒါပေမယ့် ကျုံးရေတွေက ညစ်ပတ်တယ် ။ ဟုတ်တယ် ကိုသာခင်ပြောသလိုပဲ ကျွန်တော်ရောက်တဲ့ အချိန်မှာ ကျောင်းပိတ်လို့ စကတ်တိုလေးတွေ မရှိကြဘူး