ဂစ်တာတီးအရမ်းတော်တဲ့ အစ်မ တူးတူးသာ http://tututha.blogspot.com/က
ဖြစ်သလိုစားတာနဲ့ ပတ်သတ်ပြီး တက်(tag)တော့...
အင်း...ပြန်ပြောပြဖို့ တော့ တော်တော်ခက်လိမ့်မယ်..ဘာဖြစ်လို့ လဲဆိုတော့
များသောအားဖြင့် ဖြစ်သလို ဟိုတယ်မှာပဲ တက်စားလိုက်တာများပါတယ်..(အဟိ)..
ငယ်ငယ်ကတည်းက ဖြစ်သလိုစား ဖြစ်သလိုနေရတာ ပိုကြိုက်ခဲ့တယ်...သိပ်ဂျီးမထူဘူး..
ဒါပေသိ ဟင်းထဲမှာဆို အချိုဟင်းမကြိုက်ဘူး..ရွှေဖရုံသီး ကျောက်ဖရုံသီး
အာလူးဟင်း ပဲဟင်း အဲ့လို ဖြူရော်ရော်ဟင်းတွေဆို စားချင်စိတ်ကိုမရှိဘူး
ဆန်ပြုတ် စွပ်ပြုတ်ဆို လုံးဝ အနံ့ တောင် မရှု.. ပဲနဲ့ပတ်သတ်တာဆို..
ကုလားပဲ ပဲကြီး ပဲနီလေး ပဲဝါလေး ပဲစင်းငုံ
ပဲကြား ပဲကတီပါ ပဲလိပ်ပြာ..ဘာပဲဆို ဘာပဲမှ မကြိုက်
ပဲပြုတ်မွှေးမွှေးအိအိလေးတော့ကြိုက်တယ်
(ကိုယ်တိုင်ကကျတော့ ပဲက ခပ်များများ .. )
အဲ့တော့ ငယ်ငယ်ကတည်းက ဖြစ်သလို ထမင်းဖြူကို ထန်းလျက်ခဲနဲ့ စားတယ်..
နောက်သကြားဖြူးစားတယ် နောက် ဆီနဲ့ ဆားနဲ့ နယ်စားတယ်...
ကိုယ်မကြိုက်တဲ့ဟင်းတွေ အိမ်မှာချက်ရင်...
ဝက်သားကိုတော့ အသက် ၁၇နှစ်မှာ စားဖူးတယ် ငယ်ငယ်ကတည်းက အိမ်က ၀က်မကျွေးဘူး ၀က်သားစားရင် ဘာဖြစ်တယ်ဆိုလား ၀က်ကိုကြောက်လဲကြောက်တယ် ရွာတွေကို လည်ရင် အိမ်အောက်ကနေ နှာသံတရှုးရှုးနဲ့ လိုက်မူတ်နေတာတွေ့ တော့ ၀က်သားဆို ဒိုးဆလန် ဖြစ်သွားတာ...
၁၀တန်းအောင်တော့ ရောင်ခြောက်ဆယ်ဖြစ်နေတာကနေ အိမ်ကို ရှိစုမဲ့စုငွေလေးနဲ့ ကွန်ပျူတာသင်တန်းတက်ခိုင်းတော့ မြင်သာဈေးနားက ၀က်သားတုတ်ထိုးဆိုင်မှာ
သူငယ်ချင်းတွေ ၀က်သားတုတ်ထိုးကို ခေါင်းမဖော်တမ်း တီးတာမြင်တော့
စားချင်စိတ်ပေါက်မိတယ် ဘေးကနေ သူများစားတာ ထိုင်သားရေကျနေတော့
သူငယ်ချင်းက နင် ၀က်သားမစားရဲရင် ၀က်နားရွက်လေး စားကြည့်ပါလား
ထုတ်ထုတ် ထုတ်ထုတ် သိပ်စားလို့ ကောင်းတယ်တဲ့
ဝက်သားအမျိုးစုံကိုခင်းထားတဲ့ ဗန်းလိုက်ကြီးဘေးက ကြိုးနဲ့ တုပ်ထားတဲ့
အများသုံး ဘုံအချဉ်ရည်နီနီရဲရဲပုလင်းသေးသေးလေးထဲကို စားတဲ့လူတွေက
စုတ်လိုက်နှစ်လိုက် စုတ်လိုက်ပြန်နှစ်လိုက်နဲ့  ကြွက်စုတ်ကို ရေနှစ်သတ်သလို
အချဉ်တို့ စားနေကျတဲ့အထဲကို တုတ်ထိုးထားတဲ့ 
ဝက်နားရွက်ပါးပါးလေးလဲ နှစ်ပြီး ၀ါးလိုက်ရော အာပါးပါး ......
(လျှာ ယိုးဒယားကသွားတယ်)
အဲ့တာနဲ့ နောက်ဆို ၀က်သားတုတ်ထိုးဆိုင်ရောက်တိုင်း
ဖြစ်သလို ၀က်နားရွက်ပဲ စားတော့တယ်..အခုချိန်ထိပဲဆိုပါတော့
ဝက်အသည်း ၀က်ကလီဇာ ၀က်အဆုတ်တွေကိုတော့ လားလားမှမကြိုက်...
ဖြစ်သလိုစားပုံများပြောပါတယ်...
ရန်ကုန်အိမ်မှာနေတုန်းက အလုပ်ကို စောစောထွက်ရတော့ အိမ်က အမေက
ထမင်းဟင်းအမြဲ စောစောထချက်ပေးတယ် ဒါပေမယ့် များသောအားဖြင့်
အမေ့ကို အပူမပေးချင်တာနဲ့ ရော တိုးကြိတ်စီးရတဲ့
အမြန်ကားတွေပေါ် ထမင်းဘူးပါရင် တွယ်ရ တက်ရ ခိုရ နင်းရ ခွရ ခက်တာနဲ့ ရော
အမေကြီး အနော့်အတွက် ထမင်း မနက်ဆို ထထမချက်နဲ့ 
ရုံးရောက်မှ တစ်ခုခုဝယ်စားမယ်လို့ ပြောဖြစ်တယ်။
အလုပ်ထဲရောက်ပြန်တော့လည်း တိုက်အထဲဝင်လိုက်
အင်တာဗျူးအပြင်ထွက်လိုက်နဲ့ ဆိုတော့
လမ်းပေါ်မှာပဲ တစ်ချိန်လုံးလဲ ရှိနေတတ်တော့
တစ်ခါတစ်လေ များသောအားဖြင့် ထမင်းလွတ်တာများပါတယ်။
အဲ့တော့ ဖြစ်သလို လမ်းပေါ်မှာပဲ စားဖြစ်တာများတယ်
ကျွန်မသိပ်ကြိုက်တာက ရန်ကုန်မြို့ လည်မှာ အညာသားလေးတွေ
ဆိုင်းထမ်းနဲ့ ရောင်းတဲ့ ရခိုင်မုန့် တီ..ဆားနံ့ ပေါက်နေတဲ့ ငါးနည်းနည်း
ငါးပိများများ မုန့် တီအရည်ကျဲကျဲကို ငရုတ်သီးစိမ်းဖျော့ဖျော့
ဖန်တရာရေရော အဖျော်လေးထည့် 
မန်ကျီးသီးရေရောအနှစ် ကျဲကျဲလေးထည့်ပြီး သောက်ရတာ
သိပ်အရသာရှိတာ တစ်ပွဲမှာ အဲ့တုန်းက ငါးဆယ်ကျပ်ပဲရှိတယ်...
နောက် နည်းနည်းဆာသေးရင် ထမင်းသုတ်လေး စားဖြစ်တယ်.
.တစ်ခါတစ်လေ အရမ်းစားချင်လာမှ သင်္ဘောသီးသုတ်လေး စားဖြစ်တယ်
များသောအားဖြင့် လက်ဘက်ရည်ပဲ သောက်ဖြစ်တာများတယ်
လက်ဘက်ရည်က အပေါင်းအသင်းတွေနဲ့ တွေ့ ပြီး ပွားတာများရင်
တစ်ခါတစ်လေဆို သုံးခွက် လေးခွက်လောက်အထိ သောက်ဖြစ်တယ်
အဲ့တာ တစ်နေကုန်ပဲဆိုပါတော့.....ဗိုက်ထဲမှာ လက်ဘက်ရည်ပဲရှိတော့
လူရုပ်လဲ ကြာတော့ လက်ဘက်ခြောက်ရုပ်ဖြစ်လာတယ်
ဒီလိုနဲ့ ရုန်းကန်လူပ်ရှား အာများပြီး တစ်နေကုန် တစ်နေခမ်း
မောပန်ြး့ပီး ပြန်လာတဲ့အခါ ဗိုက်ကလဲ အရမ်းဆာ...ကားကလဲ မရ
ကားဂိတ်က မုန့် ဆိုင်တန်းလေးတွေက အနံ့ လေးတွေကလဲ မြူဆွယ်...
အိတ်ကပ်ထဲက ငွေအကြွေလေးတွေကို ပြန်ကြည့်ပြီး
မျက်နှာလွဲပြီး နေလိုက်တယ်
လူ့ ပဒေသာပင်လို အတွဲလိုက်ကြီး ပြေးလွားခုန်ပေါက်
ယိမ်းထိုးလာတဲ့ ဒိုင်နာကားပေါ်ကို စွမ်းဝူခုန်းအစွမ်းနဲ့ ခုန်တက်ပြီး
မြွေတစ်ကောင်လိုလိမ်တွန့် ပြီး ယုံနိုင်ဖွယ်မရှိတဲ့ လူတန်းကြီးထဲ
မွှေနှောက်ဝင်ရောက်သွားပြီးမှ ကိုင်စရာတန်းလေးတစ်ခုရပြီဆိုတော့မှ
သက်မချပြီး ငြိမ်ငြိမ်လေး ရပ်နေနိုင်တယ်
ခြေဖ၀ါးနှစ်ဖက်လုံး ကြွပ်ကြွပ်ပူနေတာတောင် ခြေမကြွရဲဘူး
ပြန်ချစရာ နေရာပျောက်သွားမှာစိုးလို့ တိုးကြိတ်တွန်းထိုး ရုန်းကန် ထွက်လာပြီး
ကားအောက်ရောက်မှ ကိုယ်ကို ခပ်ရမ်းရမ်းခါထုတ်လိုက်တော့မှ
ပုံမှန်လူပုံစံအနေအထားပြန်ရောက်တယ်....
ညဘက် မောမောပမ်းပမ်းနဲ့ အိမ်ပြန်ရောက်တဲ့အခါ မီးမှောင်မည်းနေတဲ့
မြို့ သစ်ရဲ့ညတွေမှာ ဖယောင်းတိုင်အရောင်မှိန်မှိန်အောက်မှာ
အမေချန်ထားတဲ့ ထမင်းအေးစက်စက်ကို ကြည့်ပြီး မစားချင်တော့ဘူး အမေကြီးရာ သမီးလမ်းမှာစားလာတယ်လို့ ပြောတော့ အမေ မျက်နှာမကောင်းဘူး...မတတ်နိုင်ဘူး ကျောကိုဆန့်ပြီး လှဲလိုက်တာနဲ့  ချက်ချင်းပဲ မျက်ခွံက လေးလာပြီး အိပ်ပျော်သွားပါလေရာ အဲ့သလို
ညစာလွတ်တဲ့နေ့ တွေကလဲ အကြိမ်ရေစိပ်တယ်...
မနက်လင်းရင် မနက်စာတောင် မစားနိုင်ဘူး ပြေးရပြန်ရောလေ..
အဲ့သလိုနဲ့ ဖြစ်သလိုစား ဖြစ်သလို နေ ဘ၀တွေကို ဖြတ်သန်းလာခဲ့ရတာဆိုပါတော့...
အဲ့သလိုဖြစ်သလိုစားတာ အချိန်ကြာလာတော့လည်း လူက ကြာတော့ ကြောင်လျာသီးလေးနဲ့တူလာတယ်တဲ့ ရှပ်အကျီဖားဖားကြီးကို အောက်က လုံခြည်တရွတ်ဆွဲနဲ့  ဘေးကလဲ လွယ်အိတ်အကြီးကြီးတစ်လုံးလွဲပြီး လန်းလန်း လန်းလန်းနဲ့လျောက်လာရင် ကြောင်လျာသီး ရမ်းလာသလိုပဲတဲ့ အစားကလဲ မမှန် အအိပ်ကလဲ မမှန်ဆိုတော့ ပိန်ချက်ကတော့ ပြားကပ်နေတာပဲ မော်ဒန်တွေတောင် အရှုံးပေးရတယ်
ဘယ်တုန်းကမှ သနပ်ခါးမတင်တဲ့ မျက်နှာကလဲမွဲခြောက်ခြောက် ဖြူလျော်လျော်ဖြစ်နေပြီလေ
ဖြစ်သလိုနေ ဖြစ်သလိုစား အချိန်တွေပေါ့...
ဒီလိုနဲ့ အပြင်ဘက်ကို မထင်မှတ်ပဲ လွင့်ထွက်လာတဲ့အခါ အာလင်ဒင်မီးခွက်ပွတ်လိုက်သလိုပဲ
မိသားစုအကြီးကြီးထဲက လူလေးတစ်ယောက်က
တကယ့်ကို တစ်ယောက်တည်း တစ်ကောင်ကြွက် ဘ၀ကိုရောက်သွားတယ်
အိမ်ပြန်နောက်ကျလို့ လဲ စိတ်ပူသူမရှိ နေမကောင်းလို့ လဲ နဖူးလေးတောင်စမ်းမယ့်သူမရှိ...
ဆေးရုံသွားရမယ့်အဆင့်တောင် ကိုယ့်ဘာသာ လေးဘက်ထောက်သွားရတဲ့အထိ
အဆင်သင့်ပြင်ပေးထားတဲ့ ထမင်းဟင်းမရှိ ဘာမရှိ ညာမရှိ
ဖြစ်သလိုနေ ဖြစ်သလိုစားရတဲ့ဘ၀ကို ရောက်သွားတယ်...
အလုပ်ကနေအပြန် လူမရှိတဲ့အနံ့ ဆိုတာ သိပ်သိသာတဲ့ အနံ့ သင်းတဲ့ 
ကိုယ့်အခန်းလေးထဲကို ၀င်လိုက်တာနဲ့ 
အမေကြီး ဘာချက်လဲလို့ မေးချင်စိတ်က စိတ်ထဲရောက်လာတယ်။
အသီးလေးတွေ မုန့် ထုတ်တွေ မုန့် ဗူးတွေ တန်းစီနေတဲ့ စားပွဲခုံပေါ်ကို ကြည့်ပြီး
အမေ့ ဟင်းခွက်လေးတွေ သတိရလို့ ဝမ်းနည်းစိတ်က ဆို့ တက်လာတယ်
ခပ်မြန်မြန် ရေချိုးပြီး ဆိုင်ကယ်ကို ခပ်ကြမ်းကြမ်းမောင်ြး့ပီး အပြင်ထွက်လိုက်မှ
ရင်ထဲနာတာ နည်းနည်းလျော့တယ်
(တစ်ခါတစ်လေတော့ အကြမ်းလွန်ပြီး ခဏခဏထိပ်ပေါက်ခေါင်းကွဲ သွားကျွတ်ခမန်း
အမောင်းရမ်းလို့ ဆေးရုံက ကိုယ့်ကို သိနေပြီ)
ဒီတော့ ကိုယ့်ဘာသာလဲ ချက်မစားချင်တော့ဖြစ်သလိုပဲ စားလိုက်တယ်
မီးရောင်စုံလင်းထိန်နေတဲ့ လမ်းဘေးဆိုင် ညဈေးတန်းလေးတွေမှာ
အကင်အစုံ ကြက်သည်း ကြက်မြစ် ကြက်ခြေထောက် ကြက်လက်မောင်း
ကြက်တောင်ပံ အမဲသည်း အမဲသုတ် ခေါက်ဆွဲကြော် ခေါက်ဆွဲပြုတ်
ကြာဆံကြော် ကြာဆံပြုတ် ယိုးဒယားကြာဆံသုတ်
ယိုးဒယား ကြက်ခြေထောက်သုပ် ယိုးဒယားသဘောင်္သီးထောင်းစပ်ချက်က ကမ်းကုန်
ကောက်ညှင်း ၀က်နားရွက်သုတ်.. အရွက်အစုံထည့်ရတဲ့ ထိုင်းမုန့် ဟင်းခါး..
ထိုင်းအုန်းနို့ ခေါက်ဆွဲ ပြောင်းဖူးအချိုသုတ် သကြား အုန်သီးဖြူး
ခရုသုတ် ပုဇွန်အရှင်ပိစိကွေးလေး အုပ်ခွက်လေးထည့် လူပ်ခါပြီးသုတ်ရတဲ့
ပုဇွန်ဆွေ့ ဆွေ့ ခုန်သုတ် အိုး ဖြစ်သလိုစားလို့ ရတဲ့
အစားအသောက်လေးတွေက စုံမှစုံ.
သူ့ စကားကိုယ်မသိ သူ့ စကားကိုယ်မသိ မြင်မြင်ရာကို လက်ညိုးတထိုးထိုးပြပြီး
မှာပြီးတာနဲ့ ဖြစ်သလိုပဲစားလိုက်ပါတယ် ဂျီးလဲများမနေချင်တော့ဘူးလေ
နောက်မှာ ဗိုက်လေးကို သတိအနေအထားနဲ့ သယ်လာပြီးမှ
ဆိုင်ကယ်ကို အသာအယာမောင်းရတယ် ဗိုက်ထဲကလျံကျမှာစိုးလို့ ..(ဟိဟ)ိ
အဲ့သလိုနဲ့  ဖြစ်သလိုပဲ ကြုံသလို အမျိုးအမည်မသိ အစားတွေကို
ဖြစ်သလို စားဖြစ်တော့တာ အခုထိပဲဆိုပါတော့...
လူကလဲ ထိုင်ရာမထ ချက်(chat)တာများပြီး ဟင်းကိုတောင် မချက်အားတော့
ကြုံရာ တွေ့ ရာလေးတွေ ၀ါးလိုက် တီးလိုက်နဲ့ ဖြစ်သလို စားလာလိုက်တာ.
အခုတော့...........
ကြောင်လျာသီးကနေ ဘူးသီးဘ၀ပြောင်းသွားပါလေရော အစ်မ တူးတူးသာရေ....
ဒီလိုပဲ...ဖြစ်သလိုလေးပဲ စားလိုက်တယ်...
Posted by မဆုမွန် at Tuesday, September 30, 2008 9 comments
Labels: ရင်ဖွင့်စာ
အပြစ်ကင်းတဲ့ ပန်းပွင့်လေးတွေ
ကျွန်မအချစ်ဆုံးအရာကိုပြောပါဆိုရင် ပန်းလေးတွေပဲ
မွှေးရနံရှိတဲ့ပန်းပွင့်လေးတွေပဲဖြစ်ဖြစ် မွှေးရနံ့မရှိတဲ့ပန်းလေးတွေပဲ ဖြစ်ဖြစ် ပန်းမှန်ရင် အပြစ်ကင်းပြီး သိပ်ချစ်စရာကောင်းတယ်
သစ်ရွက်စိမ်းစိမ်းလေးတွေ ပန်းပွင့်လေး ပန်းဖူးလေးတွေတွေ့ ရင် ကျွန်မစိတ်ထဲ အရမ်းကြည်နူးတာပဲ ပန်းမြင်ရင်မခူးချင်ဘူး
အပင်ပေါ်မှာပဲ လန်းဆန်းနေတာမြင်ချင်တယ်
ကျွန်မအခန်းလေးက ၀ရံတာအုတ်ခုံတန်းလေးပေါ်မှာ စံပယ်ပင်အုပ်အုပ်လေးတွေကို အိုးသေးသေးလေးတွေနဲ့ စိုက်ထားတာရှိတယ်..အသက်ရူကျပ်ပြီး စိတ်ထဲမွန်းကျပ်လာရင် အဲ့စံပယ်ပင်စိမ်းစိမ်းလေးတွေကို ငေးကြည့်ရတာ ခံစားချက်က အရမ်းကောင်းတယ်.
စံပယ်အိုးပုတ်ပွင့်လေးတွေက ပွင့်လာရင် နှင်းဆီပန်းပွင့်လောက် ပွင့်ဖူးကြီးနဲ့ 
ပွင့်ဖတ်လွှာက အထပ်ထပ်နဲ့  ညအချိန်ဆို စံပယ်မွှေးနံ့လေးက မွှေးအီနေတာပဲ...
လူ့စိတ်ကို တော်တော်လန်းဆန်းစေတယ်
နှင်းဆီပွင့်သေးသေးလေးတွေလဲ အိုးလေးနဲ့ စိုက်ထားတယ် နီတာရဲလေးသေးသေးလေးတွေ အစိမ်းရောင်သစ်ရွက်လေးတွေကြားမှာ ဟိုတစ်ပွင့် ဒီတစ်ပွင့်ပွင့်နေတာ သိပ်ချစ်ဖို့ ကောင်းတာပဲ
ကျွန်မတို့ အိမ်ရှေ့ မှာစိုက်ထားတဲ့ နောက် ဇီဇ၀ါလို့ ခေါ်တဲ့ ပွင့်ဖတ်လွှာဖြူဖြူလေးတွေနဲ
ပန်းပွင့်လေးကိုလဲ သိပ်ချစ်တာပဲ သူ့ အနံ့ကလဲ အရမ်းမွှေးတယ်..
မိုးတွင်းဆိုအရွက်စိမ်းစိမ်းစိုစိုတွေကြားမှာပန်းတွေက ပြုံပြီးကို ပွင့်တာ ဖြူဖွေးနေတာပဲ..
သစ်ခွပန်းပွင့်လေးတွေကျတော့ စတိုင်လ်တစ်မျိုး ခပ်မော့မော့ပဲ သူကရနံ့ တော့ မရှိရှာဘူး ဒါပေမယ့် သစ်ခွပန်းလေးတွေက သိပ်လှတယ် သစ်ခွပင်ထိပ်မှာ ခပ်မော့မော့ပွင့်ကားနေတဲ့ ပွင့်ဖတ်လွှာတွေက သိပ်မာလွန်းတယ် ပန်းဖူးတွေကအစ အရမ်းလှလွန်းတဲ့သစ်ခွတွေဆို ချစ်စရာကောင်းလိုက်တာမှ လှပုံကိုက စတိုင်လ်ကျလွန်းလို့ ရင်သပ်ရူမဆုံးနိုင်အောင်ပဲ..
ကျွန်မဆီမှာ ခရုခွံလေးတွေစိုက်ထားပြီး ကြိုးနဲ့ဆွဲထားတဲ့ ပန်းခရမ်းရောင်သစ်ခွပန်းလေးတွေရှိတယ်
ပန်းတွေထဲမှာ စိတ်လူပ်ရှားစရာအကောင်းဆုံးပန်းကတော့
ပူပြင်းလောင်ကျွမ်းလွန်းတဲ့ နွေရာသီမှာမှ အတိအကျပွင့်တဲ့ ပိတောက်ပန်းလေးတွေ
သူက တစ်ပွင့်ချင်းဆို သိပ်သေးလွန်းတယ် အခိုင်လိုက်ပွင့်တဲ့ပန်း သိပ်လှတဲ့ပန်းပေါ့
မိုးစက်လေးတွေ တစ်ပေါက်နှစ်ပေါက်ထိပြီဆိုရင်ကို ရနံရူရိုက်မိတာနဲ့ကို
ဟယ်..ပိတောက်ပန်းတွေ ပွင့်နေပြီလို့ မှန်းဆနိုင်တယ် အ၀ါရောင်အဆုတ်လိုက်
အခက်လိုက်မြင်လိုက်တာနဲ့ကို ပိတောက်တွေတော့..ဆိုပြီး ခုန်ပေါက်မြူးထူးသွားအောင် စိတ်လူပ်ရှားမူပေးတဲ့ပန်းပဲ ကျွန်မသိပ်ချစ်တဲ့ပန်းထဲမှာပါတယ်။။
ခရေပွင့်လေးတွေ လှပုံကကျတော့ တစ်မျိုး ကပိုကရိုလေး
အညိုရောင်မိုင်းမိုင်းပန်းပွင့်လေးရဲ့အလယ်မှာ ဖူးဖူးလေးငုံနေသေးတဲ့
ချစ်စရာပန်းသေးသေးလေး မွှေးလို့  ညှီတောင်နေတယ်လို့ ပြောယူရတဲ့
ပန်းရနံသင်းသင်းလေးပိုင်ဆိုင်ထားတဲ့ အဲ့ခရေပန်းပွင့်လေးတွေကို
ကျွန်မကတော့ စာအုပ်ကြားထဲ ညှပ်တာ ၀ါသနာပါတယ်။။
ရေကန်စပ်က ကြာဖူးကြာငုံ ကြာစွယ်တွေကလဲ သိပ်လှတာပဲ
အပြားလိုက် အ၀ိုင်းလိုက် အစိမ်းရောင်ကြာရွက်အပြားကြီးတွေ အလည်မှာ ခပ်စွင့်စွင့်ပွင့်တဲ့ပန်း.
.ကြာပန်းလေးကလဲ ရေပြင်ပြာညို့ ညို့ ရဲ့ အစိမ်းရောင်ကြာဖတ်တွေအလယ်မှာမှ.
ပွင့်ဖတ်လွှာတွေ ဖြာပြီး ပွင့်နေရင်ကို သိပ်လှတဲ့ပန်း.
ကြာပန်းကလှသလောက်.ကြာဖူးဆံကတော့ သိပ်စားကောင်းတယ်
ကျွန်မဆို ကြာဖူးလေးတွေတွေ့ တာနဲ့ အငမ်းမရစားတာပဲ
ကြာဖူးလေးထဲက ကြာစေ့လေးကို အခွံလေးကိုခွဲ
အလည်က အစိမ်းရောင် အဖူးလေးကိုဖယ်ပြီး
ဘေးက ကြာဖူးအဆံဖြူဖြူလေးတွေက စားရတာ သိပ်ဆိမ့်နေတာပဲ .
ပန်းလေးတွေအကြောင်းပြောရရင် ကုန်နိုင်ဖွယ်မရှိဘူး
ပန်းဆိုရင် ချဉ်ပေါင်ပန်းပွင့် ကန်စွန်းရွက်ပန်းပွင့် ခွေးသန်းပန်းပွင့်လေးတွေကအစ သိပ်ချစ်ဖို့ ကောင်းတယ်....နောက်ဆုံး ဘိန်းပန်းပွင့်လေးတွေက အစ သိပ်လှတယ်ဆိုတာ မငြင်းနဲ့နော်..
ပန်းပွင့်လေးတွေက တကယ့်ကို ချစ်ဖို့ ကောင်းပြီး အပြစ်ကင်းတယ်လို့ ကျွန်မပြောတော့
ပန်းချစ်သူ ပျားလေးကတော့ ခပ်မဲ့မဲ့ပြုံးတယ် ပန်းမှာ မာယာတွေရှိတယ်တဲ့
ပိတုန်းလေးကလဲပြောပြန်တယ် ပန်းမှာ ရှိတဲ့မွှေးရနံကြောင့်တော့ မဟုတ်ပါဘူးတဲ့
ဒါပေမယ့် သူလဲ အနားကမခွာနိုင်အောင်ကို တ၀ဲလည်လည်နဲ့ပါတဲ့
ကျွန်မလေးက ဖြတ်သွားတဲ့ အေးအေးငြိမ့်ငြိမ့်လေး ဖြတ်သန်းသွားတဲ့ လေညှင်းလေးကတော့ သဘောတူတယ်
ပန်းပွင့်လေးတွေရဲ့မွှေးရနံ့တွေက အဝေးက တိုက်ခတ်လာရတဲ့သူ့ ရင်ကို အမောပြေအေးမြစေလိုက်တာတဲ့
ပန်းပွင့်လေးက ဘယ်ညာယိမ်းပြီး ခပ်ဖွဖွရယ်တယ် ကျွန်မကို ခပ်တိုးတိုးလေးပြောတယ် ပျားလေးတွေ ပိတုန်းလေးတွေ သူ့အနားက မခွာနိုင်တာ သူရဲ့ဝတ်ရည်ချိုမြမြတွေကို အငမ်းမရ သောက်သုံးချင်တာ တစ်ခုတည်းပါတဲ့
ကျွန်မအတွက်တော့ ဘ၀မှာ တစ်စိမ့်စိမ့်ကြည့်ပြီး ကြည်နူးချင်စရာကောင်းတဲ့
တစ်ခုတည်းသော အရာက ပန်းပွင့်လေးတွေပါ။။။
တကယ်တော့ တကယ့်ကို ပန်းလေးတွေကပဲ အပြစ်ကင်းပါတယ်။
Posted by မဆုမွန် at Monday, September 29, 2008 1 comments
Labels: အတွေးစများ
ခိုညည်းသံနဲ့ကျီးကန်းတောင်းမှောက်...
ခေါင်းနှစ်ပြီး လုပ်ရတဲ့အခါ အဆင်မပြေမူတွေနဲ့  စိတ်ရှုပ်လာတိုင်း....
ကျွန်မရဲ့အသိုက် တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ အသက်ရှုကျပ်လာတိုင်း ...
ဘန်ကောက်ရဲ့ပူလောင်မူတွေအောက်မှာ....စိတ်ထဲမှာမွန်းကျပ်လာတိုင်း...
အဲ့မွန်းကျပ်ပိတ်လှောင်မှုတွေကနေ ခဏလေးဖြစ်ဖြစ် ထွက်ပြေးပြီး
အမြဲသွားထိုင်နေကျ နေရာလေးတစ်ခုရှိတယ်...
ကားသံ လူသံ ဆူညံမူတွေတိတ်ဆိတ်နေတဲ့ သစ်ပင်အုပ်အုပ်ကြီးတွေ
တစ်ကန့် စီ တစ်ကန့် စီ စိုက်ထားတဲ့ ရောင်စုံပန်းလေးတွေ သစ်ခွပန်းလေးတွေ
အလှစိုက်ထားတဲ့ ယုဇနပန်းလို အပွင့်သေးသေးဖြူဖြူလေးတွေ
အမျိုးအမည်မသိတဲ့ လှပဆန်းကြယ်လွန်းတဲ့ ပန်းကော်ဇောကြီးကို
ဖြတ်သန်းလာတဲ့ ပန်းရနံ့ မွှေးမွှေးလေးတွေကို ရူရိုက်ရင်း
မြက်ခင်းစိမ်းစိမ်းနုနုလေးပေါ်မှာ ထိုင်ရင်း...
ပြာလဲ့နေတဲ့ရေကန်လေးကို ငေးကြည့်နေရင်းက ကမ်းနဖူးစပ်မှာ..
ထိုင်းမလေးလှလှလေးတွေကျွေးနေတဲ့ ပဲစေ့လေးတွေကို
တနင့်တပိုးစားနေတဲ့ ခိုပြာလေးတွေကို အားကျပြီး ကြည့်မိတယ်
သူတို့ မှာ ဘာမှအားထုတ်စရာမလိုပဲ စားစရာအဆင်သင့် နားခိုစရာ သစ်ပင်တွေမှ အများကြီး..
ဘ၀တွေများပြောပါတယ်။
စိတ်တွေက ဟိုးတစ်ဘက်ခြမ်း အဝေးကိုပြေးထွက်သွားတယ်...
ရန်ကုန်မှာတုန်းက ကျွန်မစိတ်ထဲ မွန်းကျပ်လာတိုင်း ကျားကုတ်ကျားခဲ
လိုက်ထားတဲ့ စာမူလေးတွေ အနီထိသွားချိန်တိုင်း..
တိုက်မှာ သတင်းလိုက်ဖို့ ခရီးစားရိတ်တောင်းလို့  ငြူစူတဲ့မျက်နှာကို ဘ၀င်မကျတိုင်း...
လိုင်းကားပေါ် တွဲတက်လို့ တောင် မရတော့ပဲ
ငေးကြည့်ကျန်ခဲ့ရတဲ့အချိန်တွေ စိတ်လာတိုင်း..
ပုံမှန်လစာအပ်ချိန် အမေက
ဒီရေအလား တစ်နေ့ တစ်ခြား တိုးတက်လာတဲ့
ဈေးစာရင်းတွေကိုကြည့်ပြီး ညည်းတိုင်း
ဖုန်ထူ ဗွက်နစ်တဲ့ မြို့ သစ်ရဲ့ပူလောင်မူတွေအောက်မှာ...
စိတ်ထဲမှာမွန်းကျပ်လာတိုင်း...
အဲ့ဒီလို မွန်းကျပ်ပိတ်လှောင်မူတွေကနေ
ခနလေးဖြစ်ဖြစ် ထွက်ပြေးပြီး
အမြဲသွားထိုင်နေကျ နေရာလေးဖြစ်တဲ့ ရပ်ကွက်လက်ဘက်ရည်ဆိုင်လေးရှိတယ်.....
ကျွန်မထိုင်နေကျ ထောင့်ခုံပုပုလေးနံဘေးမှာ
ကွမ်းတံတွေးပျစ်ပျစ်တွေ ၀ါးထားတဲ့ ပါးစပ်နီနီထဲက
တံတွေးတွေနဲ့ သုတ်ပြီး ရေတွက်နေတဲ့
ဖန်တရာတေအောင်ဆုတ်ကိုင်ခံထားရတဲ့ ငွေစက္ကူရွက်တွေရဲ့
စိမ်းရွှေရွှေအနံ့ တွေ အဆီပြန်နေတဲ့ မျက်နှာတွေ ပြာမူန့်တွေကပ်နေတဲ့ဆံပင်တွေ
နေလောင်နေတဲ့ ခန္ဓာကိုယ်အနံ့တွေ ..အသားမာတက်နေတဲ့ခြေဖနောင့်တွေကို ခပ်ကြမ်းကြမ်းစီးချက်လိုက်နေရင်း လက်သည်းတွေကို သွားနဲ့ဖိကိုက်ရင်း
ဂျီးဝနေတဲ့ဂုတ်မည်းမည်းကို ခပ်ကြမ်းကြမ်းသုတ်လိုက်တဲ့
မျက်နှာသုတ်ပ၀ါသေးသေးလေးက ပျံ့လာတဲ့ချွေးတွေ...
လက်ဘက်ခြောက်အရောင်ပျောက်နေတဲ့ ရေနွေးအိုးနှူတ်ခမ်းက ရေဂျိုးအနံ့ တွေ...
အဲ့သလို ရနံပေါင်းစုံ ထုံမွှမ်းနေတဲ့ ကျမအမြဲ သွားထိုင်ဖြစ်တဲ့ လက်ဘက်ရည်ဆိုင်လေးထဲကနေ..ကြည့်လိုက်ရင်း..အမြဲမြင်နေခဲ့တဲ့ မြင်ကွင်းတစ်ခုရှိတယ်
ကျန်မတို့ မြို့ လေးမှာလဲ ကျီးကန်းတွေရှိတယ်
မိုးရွာတဲ့အချိန်ဆို ဌက်ရုပ်က ကြွက်စုတ်လိုပဲ
သူကလဲ သူ မီးကြိုးပေါက်နေတဲ့ လျှပ်စစ်ကြိုးတန်းပေါ်မှာ
ကုန်းလိုက် ကော့လိုက် မတည်မငြိမ် ရပ်နေရင်းက..
မျက်စိကလည်းတကယ့်ကို ကျီးကန်းတောင်းမှောက်...
ဟိုဟိုဒီဒီ ကြည့်ပြီး သူတို့ တွေ ရုတ်ခနဲဆို..သုတ်ပြီး.လှစ်လှစ်ပါအောင် ပြေးပြီဆို
လူတွေက တစ်ခုခုချီသွားပြီဆိုတာ သိတယ် ၀ိုင်းပြီး သြဘာပေးလိုက်တာ
ဖိနပ်ပျံတွေ ခဲပျံတွေ ....ဘ၀တွေများပြောပါတယ်...
တစ်ရံတစ်ခါများဆို ပြည်လမ်းမကြီးပေါ်မှာ
ကားကားကြီး ရင်ပွင့် တောင်ပံစွင့်ရင်း
ဘ၀ပြောင်းသွားတဲ့ ကျီးကန်းအပြားလိုက်ကို မြင်ယောင်မိတော့...
ကျပ်သူကျပ်ပန်းခြံထဲမှာခုန်ဆွခုန်ဆွနဲ
့မူယာမာယာများနေတဲ့ ထိုင်းခို၀၀တုတ်တုတ်ကြီးတွေကို
ကျွဲဂျိုသားရေလေးခွနဲ့ ဆွဲချင်လိုက်တာ ပြောမနေနဲ့တော့
မြန်မာပြည်ဖြစ် ထန်းရေနဲ့ဖြစ်ဖြစ် ထိုင်းစပိုင်နီလေးနဲ့ဖြစ်ဖြစ် မြည်းချင်တာ တစ်ခုတည်းပါ...
ဘ၀တွေများပြောပါတယ်။
အသက်ရူကျပ်လို့ ရေးမိတယ်
Posted by မဆုမွန် at Thursday, September 25, 2008 1 comments
Labels: အတွေးစများ
နာဂစ်
နာဂစ်
နာဂစ်ထမင်း
နာဂစ်ဆန်......
နာဂစ်အလှူ....
နာဂစ်.........နာဂစ် ........နာဂစ်...
အဖြစ်ကတော့နာဂစ်ဟာမနှစ်ကနဲ့မတူတော့တာအမှန်ပဲ
နာဂစ်ကို မေ့သွားကြပြီထင်ပါရဲ့ဗျာတဲ့.....
ကိုယ့်ကိုတောင် သတိမရတော့တာကြာပြီတဲ့
အိမ်ရှင်မတစ်ယောက်ရဲ့ငြီးတွားသံသဲ့သဲ့ကြားမှာ...
နာဂစ်ဟာအနာသစ်ဖြစ်နေတုန်းပါပဲ
Posted by မဆုမွန် at Thursday, September 25, 2008 0 comments
Labels: အတွေးစများ
လွမ်းလို့ ရွာတဲ့မိုး
လေပြင်းတိုက်ခတ်သံတွေတဝေါဝေါကြားနေရတယ်။။
ချင်းမိုင်မြို့ ရဲ့ အလှဆုံးတောင်ဖြစ်တဲ့ ဟိုးဒွိုင်စုတပ်တောင်ပေါ်မှာ မိုးတွေညို့ နေပြီ။။
အလောတကြီး ပြေးဝင်လာတဲ့ လေတိုးသံတွေ တဖြောင်းဖြောင်း မိုးစက်ကျသံတွေနဲ့ အတူ တရုတ်ကပ်မှန်ချပ်ပေါ် ထင်ဟပ်လာတဲ့ လျှပ်စီးကြောင်းကို ၀င်းကနဲ။ လင်းကနဲ တွေ့ လိုက်ချိန်မှာတော့ ကျွန်မရဲ့ ကြောက်ရွံတုန်လူပ်တဲ့စိတ်က အထွက်အထိပ်ကို ရောက်ရှိသွားပြီပေါ့။။
“အမေရေ”လို့တလိုက်တဲ့အသံက အုန်းကနဲ မိုးပြိုကမန်းပစ်ချလိုက်တဲ့ မိုးခြိမ်းသံအောက်မှာ ပျောက်ကွယ် လွင့်ထွက်သွားတယ်။ စောင်ကိုခပ်တင်းတင်းဆွဲခြုံ ကုတင်ကိုကျောကပ်ပြီးဆွဲခြူံ။ ကုတင်ကို ကျောကပ်ပြီး မလူပ်မယှက်နေရင်းက ကြောက်ရွံ့အားငယ်စိတ်တွေကရင်ထဲမှာစူးနင့်နာကျင်နေအောင် ခံစားနေရတယ်။။
ဒီလိုအချိန်မျိုးပါပဲ။။
လွန်ခဲ့တဲ့၆နှစ်တုန့်းကလည်း အခုလိုအနေအထားမျိုးပေါ့။။ တကယ့်ကို တယောက်တည်း ကူကယ်ရာမဲ့။။
“သိလား မမကြီး ညဖက်မိုးတွေရွာလာရင် အဖေကြီးက လုံးဝမအိပ်တော့ဘူး။။ အမှောင်ထဲမှာ တစ်ယောက်တည်း အိမ်ရှေ့ မှာငူငူကြီးထွက်ထွက်ထိုင်နေရော” တဲ့။ ညီမလေးရဲ့ ပြောစကားကို ကြားယောင်မိရင်း ငါ့သမီးကြီးကိုပဲအားကိုးရမှာပဲလို့ အမြဲပြောတတ်တဲ့ အဖေပုံစံကိုပုံဖော်ကြည့်မိတော့ နာကျင်ဝမ်းနည်းစိတ်က ထိန်းမရ။။
“ဒီလောက်သဲသဲမဲမဲမိုးတွေလာရင် သမီးကြီးတော့ကြောက်နေမှာပဲ”လို သားသမီးတွေအပေါ် ပူပန်စိတ်ကြီးလွန်းလို့ မိုးတွေမည်းလာရင် ထီးလေးချိုင်းကြားညှပ်ပြီး လူသူပြတ်တဲ့ မြို့ သစ်ရဲ့ ကားမှတ်တိုင် မှောင်မှောင်မှာ ရပ်စောင့်နေတတ်တတ်တဲ့ အမေ့ရုပ်ပုံလွှာက မိုးရေတွေလိမ်းကျံထားတဲ့ တရုတ်ကပ်မှန်ချပ်ပေါ်မှာ ၀ိုးတ၀ါးထင်ဟပ်လာတယ်။။
ငယ်ငယ်ကဆို မိုးတွေခြိမ်းပြီး လေတွေတိုက်လာရင်အမေနဲ့အဖေ ခြင်ထောင်ထဲကို အတင်းပြေးဝင်လာတတ်တဲ့ သမီးကြီးတယောက် ရေခြားမြေခြား ဟိုးအဝေးမှာ တယောက်တည်း ဘယ်လိုများနေရှာမလဲလို့ တွေးနေရှာကြရော့ မယ်။။
ဟိုးလွန်ခဲ့တဲ့ထောင်စုပြည့်နှစ်တုန်းကလဲ တစ်ပေါက်တည်းရှိတဲ့ တံခါးမကြီးကနေ သံတိုင်ကြားကမြင်နေရတဲ့ အပြင်ဖက်မြင်ကွင်းက မီးဆလိုက်ထိုးနေသလိုလင်းတလှည့်မှောင်တချီ။ ယိမ်းထိုးပြေးလွှားနေတဲ့ မိုးပေါက်တွေက အခန်းထဲကိုခုန်ပေါက်ဝင်လာကြတယ်။ တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ လိုဏ်သံပေါက်နေတဲ့ မိုးခြိမ်းသံတခြိမ်းခြိမ်းကြားမှာ အေးစက်တောင့်တင်းနေတဲ့ နံရံဖြူဖြူကြီးကို ကျောနဲ့ ဖိကပ်ထားရင်းက အဖေနဲ့ အမေကို အခုလိုပဲတခဲ့ဖူးတယ်။။
ဒီလိုအချိန်မျိုးပါပဲ။ အခုလိုအနေအထားမျိုးပေါ့။။
အဲ့တုန်းကလဲ တကယ့်ကို တယောက်တည်း ကူကယ်ရာမဲ့။။
အဲ့ဒိ့တုန်းကလဲ ဒီနေ့အချိန်လိုပဲ အနာဂတ်ဆိုတာက ဘယ်လိုမှကြိုတင်တွေးလို့မရနိုင်အောင်ကို ဟာလာဟင်းလင်းကြီးပေါ့။။ ကွဲပြားတာတခုက အဲ့ဒိ့တုန်းက ထောင်ကျမဟုတ်သေးတဲ့ အထိန်းသိမ်းခံဘ၀မှာ ဘာမဆိုဖြစ်သွားနိင်တယ်ဆိုတဲ့ အတွေးနဲ့ ယုံကြည်မူ တခုအတွက် မနက်ဖြန်မှာငါအသက်ရှင်နေရမယ် ဆိုတဲ့ အသိတစ်ခုရှိတယ်။။
အခုရောဘာထူးသလဲ။။ငတ်မွတ်ဆာလောင်လွန်းလို့ စူးစမ်းသိချင်ခဲ့တဲ့ စာနယ်ဇင်းဆိုတဲ့ပညာရပ်တခုအတွက် စွန်စားခဲ့တဲ့ရလာဒ်က အဲ့ဒိ့တုန်းကနဲ့အကျိုးဆက်ကအတူတူပဲလေ။။ အဲ့ဒိ့တုန်းကလဲ လွတ်လပ်ခြင်း။ တရားမျှတခြင်းတွေကို လိုချင်မက်မာစိတ်တွေနဲ့ တောင်းဆိုတိုက်ပွဲဝင်ခဲ့တာပဲလေ။။
လုံခြူံမူကင်းမဲ့လွန်းတဲ့တို့တိုင်းပြည် တို့ပြည်ရွာ တို့နေရာဆိုတာကလဲ ဘယ်အရာမဆို အချိန်မရွေး ဖြစ်ချင်တိာုဖြစ်သွားနိင်တာပါ။ အဲ့ဒီနေရာမှာ ဘယ်တုန်းကမှ အနာဂတ်ဆိုတာကို ကြိုတွက်ဆထားမှမရတာပဲ။။
တခါသေဖူးပျဉ်ဖိုးနားလည်ဆိုသလို “သိချင်တာလေးတွေရှိလို့မေးပါရစေ”ဆိုတဲ့ သိမ်မွေ့အေးစက်တဲ့ အမေးစကားတွေနဲ့ အတူ ပျော့ပြောင်းမာကျောမူတွေရဲ့ အကြောင်း ကောင်းကောင်းသိခဲ့ဖူးတဲ့ ကျွန်မဘာလုပ်ရတော့မယ်ဆိုတာသိနေနှင့်ပြီလေ။။
မိဘရဲခြေအစုံကိုဦးခိုက်ကန်တော့ပြီးတဲ့အချိန်မှာပဲ ဒီမိသားစု။ ဒီအဖေ။ ဒီအမေ ဒီမောင်နှစ်မတွေနဲ့ဲပြန်ဆုံခွင့်မှရပါ့မလား ဆိုတဲ့အတွေးက ရင်ကိုလောင်ကျွမ်းတောက်လောင်စေခဲ့တာ ဘယ်သူသိမလဲ။။
မိသားစုကိုထပ်ပြီးမနာကျင်စေချင်စေတော့တာလဲ အမှန်ပါ။။
ထောင်တွင်းမှာ နေခဲ့စဉ်တုန်းကတော့ အသက်၁၉နှစ်ကျော်မိန်းကလေးတစ်ယောက်ရဲအတွေ့အကြုံက ဘ၀မှာ ဒီထက်ဆိုးရွားစရာမရှိနိင်တော့ဘူး လို့ တွေးထင်ခဲ့ဖူးတယ်။။
အဲ့ဒီ့တုန်းကထက် ပိုခါးသီးစရာမရှိတော့ဘူးလို့ပေါ့လေ။။
အဲ့ဒါတကယ်တော့မဟုတ်ဘူး။။
ဟိုးအရင်အခါက မိသားစုဆိုတာ လွတ်ရင်ပြန်ဆုံခွင့်ရှိသေးတယ်လေ။။
အခုအသက်၂၈နှစ်ဆိုတဲ့အရွယ်ကရော တကယ်တော့၁၈နှစ်ကျော်လွန်လို့ ၁၀နှစ်တောင်စွန်းနေပြီလေ။။
ကိုယ်ပိုင်ဘ၀တခုကို ကိုယ်တိုင်တည်ဆောက်နိင်ရမယ်ဆိုတဲ့အသိကရင်မှာရှိပြီးသားပါ။။
ဒါပေမယ့် ကျွန်မချစ်တဲ့တိုင်းပြည်။ကျွန်မမြတ်နိုးတဲ့မိသားစု။ကျွန်မနှစ်သက်တဲ့အိမ်ကလေး ဆီကို ဘယ်တော့များမှပြန်ခွင့်ရှိပါ့မလဲ။။့
တိုင်းတပါး ရေခြားမြေခြား။ ဆန့်ကျင်ဘက်ယဉ်ကျေးမူ ကွဲပြားတဲ့ဘာသာစကား။ နားမလည်မူတွေကြားမှာ။ ဘ၀ကို ရုန်းကန်ရတော့မယ်ဆိုတာအသိနဲ့  အဝေးကပို့သနေမဲ့ မိဘမေတာတွေ ရင်ထဲမှာစွဲမြဲထား ခွန်အားမွေးရင်း
“တစ်ချိန်ချိန်ဆိုတာရယ်။ပြောင်းလဲသွားတဲ့အခါကျရင်ပြန်မယ်”ဆိုတဲ့အသိကရင်မှာရှိပြီးသားပါ။။
မိုးစက်ပေါက်တွေစီးကျနေတဲ့ မှန်ပြုတင်းပေါက်တွေကိုငေးစိုက်ကြည့်ရင်းက။ တချိန်ကမိသားစုကို သတိရလွန်းလာရင် နံရံဖြူကြီးကိုမျက်နှာအပ်ပြီး အခန်းထောင့်ချိုးလေးမှာ ထောင်ဝါဒါမတွေ။ ထောက်လှမ်းရေးတွေမမြင်အောင် ကျိတ်ပြီးငိုရိုက်ခဲ့ဘူးတော့။။ ကိုယ့်မျက်ရည်တွေကြောင့် အုံဖွဲ့နေတဲ့ ပုရွတ်ဆိတ်လေးတွေရဲ့ အသိုက်ပျက်ခဲ့ဘူးတယ်။ ။ကိုယ်ရိုက်သံတွေနဲ့ မျက်ရည်ပေါက်တွေဟာ သူတို့အတွက်မိုးခြိမ်းသံ။မိုးစက်ပေါက်တွေဖြစ်နေမလားလို့ မဆီမဆိုင်အတွေးပေါက်ဘူးတယ်။။
အခုလဲဘယ်လိုမှထင်မှတ်မထားတဲ့အချိုးအကွေ့တွေ။မျော်လင့်မထားတဲ့လူတွေရဲ့ ဆက်ဆံရေးပြောင်းလဲမူတွေ။ ပတ်ဝန်းကျင်ရဲ့ ခါးသီးမူတွေရဲ့ကြားမှာ။နာကျင်ကြေကွဲခံစားမိတိုင်း။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကန်ရေပြင်ကြီးရဲ့ ကမ်းစပ်က မြက်ခင်းစိမ်းစိမ်းလေးတွေမှာ ထိုင်နေတဲ့ကိုယ့်ကို ပန်းရနံသင်းသင်းလေးတွေက ဖြတ်တိုက်သွားတဲ့အချိန် မိုင်းညို့ နေတဲ့ ဒွိုင်စုတပ်တောင်တန်းကြီးရဲ့ နေ၀င်ချိန်တွေဟာ သိပ်လှလွန်းတယ်
အဲ့ဒီလိုသိပ်လှတဲ့ သဘာဝအလှတရားတွေနဲ့ အေးငြိမ်းလွန်းလှတဲ့ ဒွိုင်စူတပ်တောင်ခြေရင်း။ ချင်းမိုင်တကသိုလ်တွင်းက ရေကန်ဘေးမှာ အလှတရားတွေရဲ့ကြားမှာ အိမ်ကို လွမ်းဆွတ်မူတွေနဲ့ ဝမ်းနည်းမျက်ရည်ကျခဲ့တယ်။။
အဲ့ဒီ့ညနေလွန်ချိန်။ ချင်းမိုင်မှာ မိုးတွေသည်းတော့။ကိုယ်ကြောင့်များလားလို့ အတွေးပေါက်မိတာ လွန်မယ်မထင်ဘူး။။
ပိန်းပိတ်အောင်မှောင်နေတဲ့အမှောင်ထုကြားမှာ လျှပ်စီးကြောင်းတစ်ချက်ဖြာထွက်သွားတယ်။။
အရာအားလုံးက ရုတ်တရက် ပြက်ပြက်ထင်ထင် ။
နောက် စကန့် ပိုင်းမှာပဲ အမှောင်အတိ။။
ဟိုးဒွိုင်စုတပ်တောင်ပေါ်မှာတော့ မိုးတွေသည်းတုန်းပဲ။။
မင်းဆုမြတ်
Posted by မဆုမွန် at Wednesday, September 24, 2008 2 comments
Labels: ၀တ္ထုတို
ကျမရိုက်မိအပြစ်ရှိသည်။။
သူတပါးကိုမတော်တဆပြုမူမိလိုက်ရုံ။ ထိမိလိုက်ရုံလေးနဲ့တောင် ကန်တော့။ ကန်တော့။ မတော်လို့ပါနော်လို့ တောင်းပန်စကားပြောဖို့ အမြဲ အဆင်သင့်ဖြစ်နေတတ်တာ မြန်မာလူမျိုးတို့ရဲ့ချစ်စရာ ဓလေ့ထုံးတမ်း တခုဖြစ်တယ် လို့ မိတ်ဆွေနိင်ငံခြားသားတဦး မှတ်ချက်ချတာ ကြားဖူးပါတယ်။။
တကယ်တော့ တောင်းပန်တယ်ဆိုတဲ့ စကားလုံးဟာ ကိုယ်ရဲ့အပြုအမူ။အပြောအဆို။လုပ်ရပ်တစ်ခုဟာ သူတပါးအပေါ် ဆိုးကျိုးတစုံတရာ။ ထိခိုက်သက်ရောက်သွားရင် ကိုယ့်လုပ်ရပ်ဟာ အမှားအယွင်းဖြစ်သွားရင် သုံးကိုသုံးသင့်တဲ့ စကားလုံးပါ။။ ဒါပေမဲ့ ကိုယ်ကိုလာထိခိုက်စော်ကားတာကိုပဲ ပြန်တောင်းပန်ခဲ့ရတဲ့ အဖြစ်မျိုးကြုံခဲ့ဖူးပါတယ်။။
“သူတို့ကတောင်းပန်မှကျေနပ်မယ်တဲ့ ဂျာနယ်ထဲမှာတောင်းပန်ရင်တောင်းပန်။မတောင်းပန်ချင်ရင် ရေးထားတဲ့အဲဒိသတင်းထောက်ကိုယ်တိုင်လာတောင်းပန်ခိုင်းပါတဲ့။။”
ခုံပေါ်မှာမလူပ်မယှက်ထိုင်နားထောင်နေရင်းက ဆူဝေတက်လာတဲ့ ဒေါသသွေးတွေက မျက်နှာတပြင်လုံးကို ပူရှိန်းတက်လာစေပါတယ်။။ အေးစက်စက်မျက်နှာသေနဲ့ပြောနေတဲ့ တာဝန်ခံအယ်ဒီတာကို စိုက်ကြည့်ရင်းက ငါဘာမှားခဲ့မိလို့လဲ ဆိုတဲ့မေးခွန်းကိုပဲ အကြိမ်အကြိမ် ပြန်တွေးနေရင်းက စေးကပ်နေတဲ့ နုတ်ခမ်းက ရုတ်တရက်ဖွင့်မရ။။ အံကိုတင်းတင်းကြိတ်ရင်းက ပြောမဲ့စကားအစရှာမရသေး။။
“အေး ငါတော့ ဖုန်းထဲက တောင်းပန်ပြီးပြီ။။သူတို့ကညည်းကိုယ်တိုင် လာတောင်းပန်တာပဲ ကြားချင်တယ်တဲ့”။။
သူ့ရဲ့စကားသံအဆုံးမှာတော့ ဘယ်လိုမှဆက်ပြီးသီးခံလို့မရတော့ပါဘူး။။
“ဘာမှားလို့လဲ။ ကျွန်မရေးတဲ့သတင်းက သူတို့ကိုတိုက်ရိုက် ဘာထိခိုက်စရာပါလဲ။ ဘာအတွက်တောင်းပန်ရမှာလဲ။။”
ကျွန်မရဲ့အသံကပေါက်ကွဲထွက်သွားတဲ့ ဒိုင်းနမိုက်သံလို နည်းနည်းတော့ 
ရိုင်းကောင်းရိုင်းသွားနိင်ပါတယ်။ ရုတ်တရတ် တော့ သူကြောင်သွားတယ်။
လန့်သွားပုံလဲရတယ်။ တစ်ဆက်တည်း သူ့ မျက်နှာကိုစေ့စေ့ကြည့်ပြီး
“ခင်ဗျားကတော့ လွယ်လွယ်နဲ့တောင်းပန်စကားပြောထွက်ရဲပေမဲ့
ကျွန်မဖက်ကတော့ ကျွန်မမမှားတဲ့အတွက် ဘာအတွက်နဲ့မှတောင်းပန်စရာမလိုဘူး။။”
ခတ်ပြတ်ပြတ်ပြောပြီးလှည့်အထွက်
“အေး ညည်းသိထားဖို့က အဲ့ဒိအလုပ်က အဖိုးကြီးမြေး ရှယ်ယာပါထားတာ။။ သူတို့မကျေနပ်ရင် ဂျာနယ်အချိန်မရွေးပြုတ်သွားနိင်တယ်ဆိုတာ ထည့်စဉ်းစားဦး။။”
နောက်ပါးကကပ်ပါလာတဲ့ စကားသံအဆုံးမှာတော့ကျွန်မတကိုယ်လုံးအေးစက်တောင့်တင်းသွားပါတယ်။။
တကယ်တော့ဒီအဖြစ်အပျက်ကရှင်းရှင်းလေးပါ။ အပွင့်လင်းဆုံးဝန်ခံရရင် စစ်အစိုးရရဲ့ အရာရာ ထိန်းချုပ်မူအောက်မှာ သတင်းလိုက်ရတဲ့ ကျွန်မတို့သတင်းထောက်တွေအဖို့ မြင်လေရာတွေ့လေရာ သတင်းဖြစ်ပေမဲ့ ရင်နာနာနဲ့ ကြည့်လိုက်ရတာမျိုးတွေ ရှိခဲ့တယ်။။
ကျွန်မတို့ သွေးအပျက်ဆုံ့းအချိန်ကတော့ စိစစ်ရေးကမူကြမ်း ပြန်ကျလာချိန်ပေါ့။။
တခါတလေများဆို မှင်နီတွေရဲရဲတောက်ပြန်ပါလာတာမြင်ရင် နောက်ဆက်တွဲပြန်တင်နိင်ဖို့ အပြေးအလွား လူပ်ရှားကြရပြန်ပါတယ်။။ တခါ အများပြည်သူတွေနဲ့ဆိုင်တဲ့ သတင်းကို ပြည်သူတွေကြားမှာ မေးခွင့်ရပေမဲ့ ရေးခွင့် ဖော်ပြခွင့်မရခဲ့တဲ့အခါ ခံစားရတဲ့ ဝေဒနာ။ နိင်ငံတကာနဲ့ ပြည်တွင်းက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ လူမူရေး။ပညာရေး။လူပ်ရှားမူတွေကို ရေးခွင့်မပေးခဲ့တာတွေလဲ တခါတလေမှာ ထူးပြီင်္းမခံစားချင်တော့တာလဲအမှန်ပါ။။အဲ့ဒီ့အထဲမှာမှ ၀င်ရထွက်ရအခက်ခဲဆုံး အမေးမြန်းရအခက်ခဲဆုံးကတော့ အစိုးရရုံးတွေပါပဲ။။
ပေးသတင်းတွေကိုသာပေးလေ့ရှိပြီး လိုက်သတင်းတွေကိုအတည်မပြုပေးချင်တဲ့ ဌါနဆိုင်ရာရုံးတွေမှာ သွားရတဲ့အခါ ဘောလီဘောပုတ်သလို တနေရာပြီးတနေရာ မေးမြန်းစုံစမ်းရတာ အသက်ထွက်မတတ်ပါပဲ။။
အ၀င်တခါ အထွက်တခါ စစ်ဆေးခံရတာကတမျိုး ၀င်ခွင့်လက်မှတ်တိုးရတာကတဖုံ ချိန်းပြီးရောက်လာကာမှ အရေးပေါ်အစည်းအဝေးတွေရဲ့ အနျွှရာယ်တွေ ကြုံလာရဖန်များလာတော့ လက်ရှောင်မိတာပဲများတယ်။။
ကြမာငင်ချင်တော့ ဒီသတင်းကို လွယ်လွယ်ကူကူပဲရခဲ့တယ်။။ ဒါကလဲ သူတို့ရဲ့ ပြရုပ်ဖြစ်စေတဲ့ သတင်းဖြစ်နေလို့ပါ။။
ရန်ကုန်မြို့လည်ခေါင် လူစည်ကားရာအရပ် ဆေးရုံ ကျောင်း လေဆိပ်သွားရာလမ်း စသဖြင့် လူမြင်ကွင်းနေရာတွေမှာ ဆေးလိပ် အရက်ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေကို လက်ရှိစာချုပ်သက်တမ်းကနေ ထပ်မတိုးပေးတော့ကြောင်းသတင်းပါ။။ ကျွန်မသွားမေးခဲ့တာက ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ ကြော်ငြာဌာနစိတ်တာဝန်ခံ ဗိုလ်တဦးနဲ့ပါ။။
ဒီသတင်းမှန်သလား။။ ဆိုင်းဘုတ်သက်တမ်း ဘယ်လောက်ထိရှိနေဦးမှာလဲ။။ ချက်ချင်းဖြုတ်ချခိုင်းမှာလား။။ ဘာတွေနဲ့အစားထိုးမှာလဲ။ စသဖြင့်မေးခွန်းတွေကို လိုလိုလားလားဖြေကြားပေးခဲ့တယ်။။ ရုံးအမိန့်ကြော်ငြာစာအမှတ်ကိုပါ မိတျွှူဆွဲပေးလိုက်ပါသေးတယ်။။သတင်းဓာတ်ပုံအနေနဲ့ ရိုက်ခွင့်ပြုတဲ့ နုတ်ခွင့်ပါတောင်းခဲ့ပါသေးတယ်..
အပြန်မှာ ဗိုလ်ချုပ်ဈေးနား မီးရထားဟိုတယ်ရှေ့က မြင်းလှည်းလေးနဲ့ စီးကရက်ကြော်ငြာဆိုင်ုးဘုတ်လေးကို မျက်စိကျပြီးရိုက်ခဲ့မိတယ်။။ ဆိုင်းဘုတ်အောက်ခြေနားမှာ ကြော်ငြာကုပဏီအမည်စာတမ်းလေးကို ဖတ်မိလိုက်သေးတယ်။။
ကျွန်မသတင်းဟာ အပတ်စဉ်ထွက်နေကျ စာစောင်ရဲ့ ကျောဖက်စာမျက်နှာ၂ မှာပါခဲ့တယ်။။
သတင်းခေါင်းစဉ်ကို အစိုးရအမိန့်နဲ့မကြာမီဖြုတ်သိမ်းခံရတော့မည့် ဆေးလိပ်ကြော်ငြာများ အဲ့ဒိလို ခေါင်းစဉ်ဆန်ဆန် ပေးခဲ့မိပါတယ်။။
ဂျာနယ်ထွက်ပြီးနောက်နေ့မှာပဲ ကျွန်မတို့ရဲ့ တိုက်ကိုအဲ့ဒိ့ကြော်ငြာကုပဏီက ဖုန်းဆက်ပြီး ကြိမ်းမောင်း ပြောဆိုတော့တာပါပဲ။။ ကျွန်မရိုက်ခဲ့တဲ့ဓာတ်ပုံမှာ သူတို့ကြော်ငြာကုပဏီ တံဆိပ်ပါတဲ့အတွက် မကျေနပ်ကြောင်း။။ အဲ့ဒီ့သတင်းကြောင့် သူတို့စီးပွားရေးထိခိုက်နိင်တယ် သူတို့ရဲ့ခွင့်ပြုချက်မရပဲ ဆိုင်းဘုတ်ဓာတ်ပုံသုံးတယ်ဆိုပြီး တရားစွဲလို့ရကြောင်းစသဖြင့် အမျီုးစုံအောင်ခြိမ်းခြောက်ပြောဆိုသွားတာပဲ ဖြစ်ပါတယ်။။
တကယ်ဆို ကျွန်မကိုယ်တိုင် အဲ့ဒီဆေးလိပ်ကြော်ငြာတွေကိုကြည့်မရပဲ မျက်စိစပါးမွေးစူးနေတာကြာပါပြီ။။
ကော့ကော်ကန်ကား မိန်းမပျိုလေးတွေနဲ့ အရက်ပုလင်းတွေ။ဆေးလိပ်ကိုစတိုင် အမျိုးမျိုးထုတ်ပြီးသောက်ပြ ရူပြလုပ်နေတာတွေကို အရယ်မရောက်သေးတဲ့ကလေးတွေ။ဘုန်းကြီးရဟန်းတွေရှေ့မှာ အမြင်မကောင်းအောင် လုပ်နေ ကြတာကြာပြီပဲ။။
သတင်းထောက်ဆိုတာ ဘက်လိုက်မူကင်းရမယ်။။ ခံစားချက်မထည့်ရဘူးဆိုပေမဲ့ မြန်မာနိင်ငံလိုနေရာမှာတော့ ပြည်သူတွေဖက်ကို နည်းနည်းလောက်လေး ကောင်းနိင်မယ်ဆိုရင် စိစစ်ရေးလွတ်နိင်အောင်ရေးပြ ပြောပြပေးကြတယ်။ အဲ့ဒီသတင်းထဲမှာပဲ ထင်မြင်သုံးသပ်ချက်ပေးဖို့ ဆရာဝန်တယောက်ကိုမေးခဲ့တာ မင်နီမိပြီးပြုတ်တယ်။ သူပြောခဲ့တာက ဒါမျိုးလုပ်သင့်တာကြာပြီ။။ ဒိလိုကြော်ငြာဆိုင်းဘုတ်တွေဖြုတ်ရုံတင်မကပဲ လူထူထပ်ရာနေရာတွေမှာ ဆေးလိပ်ကင်းမဲ့ဇုန်လုပ်သင့်တယ် စသဖြင့် ဝေဖန်ထောက်ပြခဲ့လို့ပါပဲ။။
သတင်းကို အပြန်အလှန်ဖတ်နေတဲ့ အယ်ဒီတာချူပ်ရှေ့မှာ မတ်မတ်ရပ်နေရင်းက “သမီးဘယ်လိုသဘောရလဲ ဆရာကတော့ ဂျာနယ်ထဲကမတောင်းပန်နိင်ဘူး။။ သတင်းကလဲမမှားဘူး။။ ဓာတ်ပုံထဲကပုံစာအရဆိုလဲ သူတို့ကို တစုံတရာဆိုးကျိုးသက်ရောက်မူဖြစ်စရာ စကားလုံးလဲမပါဘူး။။ ဒါပေမယ့်းးးးးးးး သမီးအမြင်က”
အယ်ဒီတာချူပ်ကို ခပ်စူးစူးစိုက်ကြည့်ရင်းက ၀မ်းနည်းစိတ်ဝင်လာတယ်။။
“ဆရာသိလား အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်တွေ ကုမဏီပိုင်ရှင်တွေရဲ့လက်သုံးစကားက ပုဂလိကဂျာနယ်တွေကို အချိန်မရွေးပြုတ်သွားအောင် လုပ်ပစ်လို့ရတယ်။။စာပေစိစစ်ရေးသွားတိုင်လိုက်ရုံပဲ။။
အဲ့ဒါသူတို့အသေကြောက်တယ် စသဖြင့် မခန့်လေးစား စော်ကားပေါင်းတွေများနေပြီ။။ စာနယ်ဇင်းတွေကိုဆိုရင် စီးပွားရေးလုပ်ငန်းမှာ။အရောင်းမြှင့်တင်ရေးပွဲမှာ။တံစီုးလက်ဆောင်ပေးပြီး ကြော်ငြာရေးခိုင်းတာမျိုးမှာပဲ သုံးမယ်ဆိုပြီး ကျန်မတို့ကို တန်ဖိုးထားလေးစားတာမရှိဘူး။။”အခုလဲ ကျမအနေနဲ့ တောင်းပန်ရတယ်ဆိုတာ သတင်းသမားတွေအားလုံးရဲ့ သိကာနဲ့ဆိုင်တယ်။။ သူတို့စိတ်ထဲမှာ ငါတို့နည်းနည်းခြောက်လိုက်တာန လာဒူးထောက်တာပဲလို့မမြင်စေချင်ဘူး။။ ကျမမှားရင်မှားမယ်။။ ကျမခံပါ့မယ်ဆရာ။ ဆရာအလုပ်ကဖြုတ်ရင်ဖြုတ်ပါ။။ ကျမတယောက်အတွက် ဒုကမရောက်စေချင်ပ်ါဘူး”။။
စကားလုံးမစီပဲ ဆက်တိုက်ပြောချအပြီးမှာ အယ်ဒီတာချုပ်မျက်နှာ နည်းနည်းပျက်သွားပါတယ်။။ သူ့စိတ်ကိုမြင်လိုက်ရတယ်။ တကယ်တော့ သူ့စိတ်ထဲမှာဂျာနယ်ထဲမှာမတောင်းပန်ချင်ပေမဲ့ ကျမကိုတော့ သွားတောင်းပန်စေချင်ပုံရပါတယ်။။ သူ့အလွန်မဟုတ်ပါဘူး။။ အဖိုးကြီးမြေးရှယ်ရာဝင်ထားတဲ့ ကုပဏီဆိုတာနဲ့တင် သေလို့ရပြီလေ။။ သူတို့တွေဘုန်းမီးနေလတောက်ပနေချိန်မှာ လူကိုကားနဲ့ တက်ကြိတ်သတ်တောင် ဖမ်းဝံ့သူမှမရှိတာလေ။။
ကျမအဖြစ်က ခွေးရူးအမြီးသွားဆွဲမိနေပြီပဲ။။စကားစရှာမရပဲ အတွေးကိုယ်စီနဲ့ အတန်ကြာငြိမ်နြေ ကရင်း ..အယ်ဒီတာချူပ်က သက်ပြင်းရှည်တချက်မူတ်ထုတ်ရင်း “အေးအေး သမီးလုပ်စရာရှိတာသွားလုပ် ဆရာကြည့်စီစဉ်လိုက်မယ်တဲ့။။
အနည်းငယ်အိုစာသွားတဲ့ ဆရာမျက်နှာကိုကြည့်ရင်း ကျမရင်ထဲမှာလေးလံနေဆဲပါ။။ ကျမစိတ်ထဲမှာ ငါမှားလားဆိုတဲ့ မတင်မကျအတွေးက ဖျောက်ဖျက်မရသေး။။
လအတန်ကြာဘာဆိုဘာမှထပ်မကြားရတော့ပဲ ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်လုပ်နေရင်းက ပန်းဆိုးတန်းလမ်းမပေါ်မှာ ကြော်ငြာလုပ်ငန်းတာဝန်ခံဖြစ်နေတဲ့ ကျောင်းနေဖက်သူငယ်ချင်းတယောက်နဲ့ မထင်မှတ်ပဲဆုံမိကြတော့
“နင်ကဒီဂျာနယ်ကလား ငါတို့ကောင်းကောင်းသိတာပေါ့။။ ငါတို့ဘော့စ်တွယ်လိုက်တာလေ။။ နောက်ဆုံးအဲ့ဒီဂျာနယ်က အယ်ဒီတာချူပ်ကိုယ်တိုင် လာတောင်းပန်သွားရတယ်။။ သူလာနေတုန်း ငါတို့ဘော့စ်ကဘာအလုပ်မှမရှိပဲတစ်နာရီ လောက်ထိုင်စောင့်ခိုင်းလိုက်သေးတယ်။။”
ကမာကြီးတခုလုံးပြောင်းပြန်ဇောက်ထိုးဖြစ်သွားသလို ချောက်ကမ်းပါးထက်က ပြုတ်ကျသွားသလို
အေးခနဲ ဟာခနဲလေဟာနယ်ထဲလွင့်ပါသွားပါတော့တယ်။။ ငါမှားသွားပြီဆိုတဲ့အသိက ရင်ကိုပြင်းပြစွာေ လာင်ကျွမ်းစေတယ်။။ ငါ့ကြောင့်ဖြစ်ရတာဆိုတဲ့အတွေးမှာ ကိုယ့်ကိုကိုယ်ခွင့်မလွတ်ချင်။။
မှားခြင်း မှန်ခြင်း အစွန်းနှစ်ဖက်မှာ တောင်းပန်ခိုင်းခြင်းဆိုတာ တဦးကတဦးကို ခွင့်လွတ်စေချင်တာတခုထဲမှဟုတ်ရဲ့လား။။ လိပ်ပြာတခုတော့သန့်ချင်ခဲ့တာအမှန်ပါ။။
ဒါပေမဲ့ ဘယ်လိုဖြေဖြေမပြေနိင်တဲ့အဖြစ်တခုရှိခဲ့ဖူးတာတော့သေချာပါတယ်။။
Posted by မဆုမွန် at Wednesday, September 24, 2008 1 comments
Labels: ဆောင်းပါး
ရွှေဝါရောင်လိုင်းလုံးများ
အဲ့ဒီနေ့ ကမိုးတွေအရမ်းရွာတယ်
ဘန်ကောက် ကောင်းကင်ကြီးတစ်ခုလုံး လျှပ်စီးကြောင်းတွေနဲ့ လင်းလင်းတောက်နေတယ်။
အ၀ါတွေ အ၀ါတွေ အ၀ါလိုင်းကြီးတွေ နိမ့်လိုက်မြင့်လိုက်နဲ့
ဘန်ကောက်မြို့ လည်က ရပ်ဂျထီမွန်လမ်းမကြီးတစ်လျောက်ပြန့် ကျဲနေလေရဲ့ ။။
ဒီမိုကရေစီကျောက်တိုင်အောက်မှာ ဆနပြကားကြီးတွေ စီတန်းနေကြတယ်
အသံနူန်းမြင့် စပီကာကြီးတွေ လေးဘက်လေးတန်တပ်ဆင်ပြီး အော်နေလိုက်ကြပုံများ
(ချွေးဒွေ ချွေးဒွေ ချွေးဒွေ)
ကယ်ပါ ကယ်ပါ ကယ်ပါတဲ့
အသုရာနဲံ့ သိကြားမင်းစစ်ခင်းသလို မိုးကြိုးပစ်သလို အုံးအုံးကြွက်ကြွက်နဲ့ ပေါ့ ။။
မတရားမူတွေ နှောင့်နှေးမူတွေ ဖိနှိပ်မူတွေ ချိုးဖောက်ခံရမူတွေတဲ့ အဂတိလိုက်စားမူတွေတဲ့။။
စီးနင်းထားတဲ့ အစိုးရအိမ်တော်ထဲကနေ တညီတညွတ်တည်း
စပီကာတွေနဲ့ ချိန်ပြီးအော်ဟစ်နေလိုက်ပုံများ
(ချွေးဒွေ ချွေးဒွေ ချွေးဒွေ)
ကယ်ပါ ကယ်ပါ ကယ်ပါတဲ့
ထိုင်းတွေများပြောပါတယ်
ဒါတောင်အစိုးရအိမ်တော်ဆိုတာကို သူတို့က ၀င်စီးနင်းထားပြီး
လုံခြုံရေးတုတ် ဒါးအပြည့်ကိုင်ထားတာနော်
နေပူလိုက် မိုးရွာလိုက် ဘန်ကောက်ရဲ့အစိုးမရတဲ့ရာသီကြားမှာ
ဆနပြသူတွေက သိပ်ပြီး သန့်ပြန့်တောက်ပြောင် လှပလွန်းနေတာတစ်ခုပဲ
ကျဲကျဲတောက်နေအပူရှိန်တွေကြား အ၀ါရောင်ဆင်တူဝတ်စုံတွေကလဲ ဖိတ်ဖိတ်တောက်လို့ 
ခပ်ရွယ်ရွယ်ထိုင်းမလေးတစ်ယောက် ချွေးစို့ လိုမိတ်ကပ်တို့နေလေရဲ့ ။
ဆနပြပွဲလည်ခေါင်မှာပဲ ပို့ စ်ပေးပြီး ပေါ့ထရိတ် ပုံတူ ခဲပန်းချီဆွဲသူက ဆွဲ အနှိပ်ခံပြီးဇိမ်ယူနေသူကလည်း ရှိရဲ့..
ရေပူရေအေးကမ်းလှမ်းသူတွေ အစားအစာထမင်းဟင်းလိုက်ပေးနေသူတွေ
ထိုင်းမှာ ဆနပြရတာပျော်စရာကြီးနော်တဲ့။။
ပျော်စရာကြီးနော်တဲ့။။
ပျော်စရာကြီးနော်တဲ့။။
သူတို့ နဲ့ နယ်ခြားစည်းလေး တစ်ဖတ်သာခြားတဲ့ ငါတို့ မြေမှာလဲ အဲ့သလိုပဲ အ၀ါရောင်တွေလွှမ်းခဲ့တယ်
စက်တင်ဘာမိုးရေဖွေးဖွေးမှာ
သင်္ကန်းစိုတွေနဲ့ ချီတက်လမ်းလျောက် ပြာနှမ်းနေတဲ့နူတ်ခမ်းအစုံ
မေတာပို့နေတဲ့သံဃာတွေ ခြေဗလာနဲ့ နောက်မတွန့်တမ်းလျောက်လှမ်းနေတဲ့
တံလျပ်တွေငြီးငြီးလောင်နေတဲ့ လမ်းမထက်မှာ သွေးချင်းချင်းနီနေတဲ့ ဖ၀ါးစုံ
လက်အုပ်ချီနေတဲ့ အဘွားအိုတွေ အံကြိတ်တောက်ခေါက်နေတဲ့ အဘိုးအိုတွေ မျက်ရည်သွင်သွင်ကျနေတဲ့ အမေတွေ လက်တွေမြဲမြဲချိတ်ပြီး လိုက်ပါသွားတဲ့ အမေတွေရဲ့ ရင်သွေးလေးတွေ
မီးခိုးငွေ့ တွေကြား လူသူကင်းနေတဲ့ လမ်းမထပ်မှာ
ပိုင်ရှင်မဲ့ဖိနပ်အမြီးပြတ်လေးတွေပဲ ကျန်တော့တယ်
ရဲရဲနီးစွေးတဲ့သွေးစက်တွေကတော့
နူတ်ခမ်းပဲ့နေတဲ့ လမ်းဘေးမြောင်းတလျောက် စီးမျောနေလေရဲ့ 
ဆွမ်းကပ်သူ ထောင်ထဲထည့် ရေကပ်သူထောင်ထဲထည့် သာသနာဖျက် အကြည်ညိုဖျက်စေတဲ့အမူဆိုပဲ
လက်ခုတ်တီးအားပေးသူ အတွက်က ၀ါးရင်းတုတ်ဆု
ဆနပြရင်တော့ မျက်ရည်ယိုဗုံးနဲ့ ကံထူးသူက ကျည်ဆံဆုတဲ့
အနီဝတ်ရင် ရိုက် အဖြူဝတ်ရင်ရိုက် အ၀ါရောင်လိမော်သီးတွေကို တိုက် တဲ့
သွေးအလိမ်းလိမ်းနဲ့ အ၀ါရောင် အဖြူရောင် အနီရောင်လူ့ လိုင်းလုံးကြီးတွေ
မျက်စိစုံမှိတ် စူးစူးဝါးဝါး အော်မိတယ်
(ချွေးဒွေ ချွေးဒွေ ချွေးဒွေ)
ကယ်ပါ ကယ်ပါ ကယ်ပါ
မိုးကြိုးကတော့ ၀တ်တရားအရ သွေးစွန်းနေတဲ့ ရွှေတိဂုံကုန်းတော်ထက်ကပဲ ထစ်ချုံးသွားလေရဲ့ 
ထိုင်း မြန်မာဆိုင်မဆိုင်တော့မသိပါ။။
မြန်မာဝန်ကြီးချုပ့်ကတော အချက်အပြုတ်ဝါသနာကြီးတဲ့ ထိုင်းဝန်ကြီးချုပ် ရာထူးအပြုတ်ခံပြီး
ကျွေးတဲ့ညစာကို မိန်မိန်ကြီးစားခဲ့ဖူးတယ်တဲ့။
Posted by မဆုမွန် at Wednesday, September 24, 2008 2 comments
Labels: ကဗျာ
ရှင်သန်ခြင်း တစ်ခန်းရပ်ပြဇာတ်
ငါမသိသေးဘူး
ဒီလိုနဲ့ ပဲ တို့ တွေမိုးလင်းပြီးတော့ မိုးချုပ်တော့မှာလား
နိုးထချင်းတွေဟာလဲ တဖန်အိပ်စက်ဖို့ အတွက် သပ်သပ်ပဲလား
ရှင်သန်ဖို့ အတွက်တဲ့
စားသုံးခြင်းတွေကရော ခွန်အားတွေကိုဖြစ်စေရဲ့ လား
အသက်ရူဖို့ လေကိုသွင်းရူလိုက်ချိန်တွေရဲ့ တဆက်တည်းမှာ ပြန်မူတ်ထုတ်လိုက်ရတဲ့ သက်ပြင်းမောတွေက
တစ်ယောက်အသက်ရှင်ဖို့ တစ်ယောက်ကသေပေးနေရသလိုပါပဲလား
ငါမသိသေးဘူး
တကယ်ပဲ ဘယ်သူမှမရှိရင် ဖြစ်နိုင်ပြီလား
တွေးကြည့်စမ်းပါ
ဘယ်သူမှမပါတဲ့ ဘ၀တစ်ခုကို တကယ်ပဲနေရဲပြီလား
ရပ်ချင်လို့ ရုန်းလွန်းလို့ အမေလွှတ်ပေးလိုက်တော့ ငိုမဲ့မဲ့နဲ့ လည်ပြန်ကြည့်နေတဲ့ကလေးငယ်လေးဟာ
ငါ့ငယ်ဘ၀ပြရုပ်သပ်သပ်မှဟုတ်ရဲ့လား။။
ငါမသိသေးဘူး
နေခဲ့ဘူးပါတယ်(နေခဲ့ဖူးပါတယ်)
တကယ်ကို စားစရာခွက်မရှိပဲနဲ့တောင် နေရဲခဲ့ဖူးသေးတာပဲလေ။။
ေ၀၀ါးနေတာတစ်ခုပဲ
အဲ့အချိန်တွေမှာ တကယ်နေရဲခဲ့တာလား
နေကိုနေရမှာမို့ နေခဲ့ရတာလား။။
ငါမသိဘူး
ရေခြားမြေခြား အားလုံးနဲ့ အဝေးမှာလဲ
အိပ်ချိန်လေးတစ်ခုပဲနေနိုင်တဲ့ အခန်းကျဉ်းလေးရဲ့ ပူလောင်မူတွေထဲမှာလဲ တစ်ယောက်တည်းပဲ ကုတ်ပြီးနေနိုင်ခဲ့သေးတာပဲ
အမြဲလိုလိုပါပဲ တစ်ယောက်တည်းနေခဲ့ဖူးတယ်လေ
နေရဲတာပေါ့ လို့ ပြုံးစစပြောမိတိုင်း
ရင်ထဲကို ငါ့ကျိန်းသေမူတွေအတင်းဆွဲထည့်နေမိသေးတယ်
ငါမသိသေးဘူး
သေတဲ့နေ့ မှာ ထားရစ်ခဲ့ရမှာကို သိနေရဲ့ နဲ့ 
ပူလောင်လွန်းတဲ့ နွေနေ့ ရက်တွေကို ဘာကြောင့် ခုံမင်တွယ်တာနေသလဲ
တက်မက်စိတ်လား တွယ်တာစိတ်လား။။
မေတာလား သံယောဇဉ်နှောင်ရစ်ပတ်မူတွေလား
အတွယ်ခံခဲ့တာလား ကိုယ်က တွယ်ခဲ့မိတာလား။။
ငါမသိသေးဘူး
ငါ့စိတ်နဲ့ ငါ့ကိုယ်တောင် ငါကိုယ်တိုင်ဝေခွဲမရတော့
ထားခဲ့တော့လို့ ပြောလိုက်ရမလား။။
ထားခဲ့မယ်လို့ ပြောရဲပြီလား။။
ငါမသိသေးဘူး
တကယ်ပဲနာကျင်တာလား နာကျင်မူတွေမှာပဲ ပျော်ဝင်နေမိတာလား
နာကျည်းမူတွေကို ဗန်းပြရင်း
ဘုရားလောင်းဇာတ်ထုတ်တွေပဲ ခင်းနေမိတယ်
လောကပါလ တရားနဲ့ ညီရဲ့လား။။
လူမိုက်တွေကို ဝေးဝေးရှောင်သင့်တယ်တဲ့
မင်္ဂလာတရားတော်နဲ့ အညီကျင့်ကြံချင်တဲ့
ငါကိုယ်တိုင်ကတော့ ခုထိမှန်ရှေ့ က မခွာမိသေးဘူး။။
ငါမသိသေးဘူး
ငါ့ကို အားကိုးမူတွေရဲ့ အလယ်မှာ
ငါကိုယ်တိုင်က အားကိုးမဲ့နေတယ်လို့ ပြောရဲရဲ့ လား။။
အားကိုးသူတွေကို အားကိုးစမ်းပါလို့ ပြောထွက်ရဲလား။။
ငါမသိသေးဘူး
ဝမ်းနည်းသူရဲ့ မျက်ရည်ကို ငါ့လက်တစ်ဖက်နဲ့ အားပေးသုတ်ပေးနေရင်းက
ကျန်လက်တစ်ဖက်နဲ့  ငါ့ရင်ဘတ်ထဲက သွေးစိမ်းတွေရှင်ရှင်တွေ အံမကျအောင် ဖိပိတ်ထားနိုင်သေးရဲ့ လား။။
ဟေး တစ်ခုခုတော့ မင်းပြောရတော့မယ်
ဒါအဆုံးအဖြတ်တဲ့ 
နေမလား သေမလား
ရွေး
မေး မေးနေတဲ့ မေးခွန်းတွေ}ကားထဲမှာ လေလွင့်နေတဲ့အချိန်ကိုကနှစ်သုံးဆယ်တောင်ရှိသွားပြီ။
ငါမသိသေးဘူး
အခုချိန်အထိ မရေရာသေးတာတစ်ခုပဲ
ဘယ်အချိန် ငါ့ရှင်သန်ခြင်းတွေ တခန်းရပ်မယ်ဆိုတာကို ။။
Posted by မဆုမွန် at Wednesday, September 24, 2008 1 comments
Labels: အတွေးစများ
စက်တင်ဘာ အိပ်မက်
အပူရောင်လိုင်းတွေ တဖြတ်ဖြတ်တောက်လို့ မီးတောက်မီးလျှံတွေကြားမှာ ကစဥ့်ကလျား ပြေးနေတဲ့ ပုံရိပ်တွေ၊ တဟူးဟူး မှုတ်ထုတ်နေတဲ့ မီးခိုးငွေ့တွေကြားမှာ အပြိုပြို အလဲလဲ အလံတွေ၊ အလံတွေ လမ်းမထက်မှာ အတုံးအရုံးနဲ့ ပိုင်ရှင်မဲ့ ဖိနပ်တွေ၊ အိုင်ထွန်းနေတဲ့ သွေးကွက်တွေ၊ အပိုင်းပိုင်းပြတ်နေတဲ့ သပြေခက်တွေ ပေါက်ပြဲနေတဲ့ ဘုရားပုံ ပန်းချီကားချပ်တွေ၊ သံဆူးကြား ညပ်နေတဲ့ သင်္ဃန်းစတွေ အားလုံးကို မြင်နေတယ်။
ကျမ နိုးထပါရစေတော့။ ကိုယ်ပေါ်ကို မွန်းကျပ်စွာ ဖိနှိပ်ထားတဲ့ လက်ကြမ်းကြီးတွေရဲ့ အောက်မှာ အသက်ရှူမရ ကယ်ကြပါဦး၊ သိနေတယ် အရာရာကို လုံးဝကို လှုပ်မရတာတခုပဲ၊ အိပ်မက် မဟုတ်မှန်းလည်း သိနေတယ်။ ဒါဆို ဘီလူး စီးတာလား၊ သိနေရဲ့ မြင်နေရဲ့ လှုပ်လို့ကို မရဖြစ်နေတာပဲ။ မိုးခြိမ်းသံတွေလည်း အဆက်မပြတ် ကြားနေရတယ်။ ဘာတွေလဲ၊ ကယ်ကြပါဦး၊ လွင့်ကနဲ ရုတ်တရက် ပြုတ်ကျသွားတယ်။
ဟိုးအမြင့်ကြီးက ပြုတ်ကျသလို အသည်းတအေးအေး ရှိနေသလို တလှပ်လှပ်နဲ့ပေါ့။ ရေစီးကြောင်းကြီး တခုတည်းကို ပြုတ်ကျသွားသလို ထူးဆန်းတာက ရေလုံးဝ စိုမနေဘူး။ လွတ်ပြီကျွတ်ပြီပေါ့။ ကုန်းရုန်းထချိန်မှာပဲ ရေစီးကြောင်းထဲမှာ မျောပါလာတဲ့ သဏ္ဍာန်တခု၊ ဘာများပါလိမ့်လို့ လှမ်းမျှော်ကြည့်လိုက်တော့ အညိုအမည်း စွဲနေတဲ့ ခန္ဓာကိုယ်တခု မျောလာနေတယ်။ ဦးပြည်းပြောင်ပြောင်နဲ့ သင်္ဃန်းစက လည်ပင်းမှာ ပတ်ငြိနေတယ်။ အလို … ဘုရားရေ … အရှိုးရာအပြည့်နဲ့ အသက်ကုန်နေတဲ့ သံဃာတော် အလောင်းပါလား … ဘုရား … ဘုရား …။
အား … ရွှံ့ထဲနွံထဲကနေ ကျုံးရုန်းထကာ ရေမြောင်းဘောင်လေးတခုကို မေးတင်ပြီး ငိုရှိုက်မိတယ်။ ရင်ထဲ နာကျင်လွန်းလို့ ရင်ကွဲမတတ်ပဲ။ အသက်ကို မနည်းပင့်ရှူရင်းက အခုမှ ဘေးဘီကို လှည့်ကြည့်မိတယ်။ ဘုရားရေ … အမိုက်တွေ ပြည့်နေတဲ့ ရေမြောင်းနှုတ်ခမ်းစပ်မှာ ဒါက ဘာပါလိမ့်၊ ဦးနှောက်စတွေ … သွေးတွေ စွန်းထင်းပေကျန်နေတဲ့ ဦးနှောက်စတွေ၊ အသံကုန် ခြစ်အော်လိုက်မိတယ်။
အားကုန် လွင့်ထွက်သွားသလို ဖြစ်သွားပြီး အုတ်ခဲပုံတွေကြားမှာ ခွေခွေလေး ပုံလဲသွားပြန်တယ်။ ဘုရား … ဘုရား … ဘာတွေများ ဆက်ဖြစ်ဦးမှာပါလိမ့် (အမေရေ …)။ သွေးညိုညိုစတွေ ဟိုတကွက် ဒီတကွက် အုတ်ခဲပုံလေးတွေနဲ့ သွေးကွက်လေးတွေကို ၀န်းပတ်ထားတယ်။ ဘာလေးတွေပါလိမ်။ ကျောင်းတိုက်ဘေးမှာ ငိုရှိုက်နေတဲ့ အမေအိုတွေ၊ မျက်နှာလေးတွေ မှုန်မှိုင်းနေတဲ့ သီလရှင် ဆရာလေးတွ၊ သူတို့ ဘေးမှာ မျက်နှာငယ်လေးတွေနဲ့ ထိုင်နေကြတဲ့ ကလေးငယ်လေးတွေ ကုလားထိုင်ပေါ်မှာ ငူငူကြီး အောက်ကို ငေးစိုက်ကြည့်နေတဲ့ ပုံ့ပုံ့ကြီး ထိုင်နေတဲ့ ဘုန်းတော်ကြီးတပါး၊ ကျောင်းဝန်းတိုက်ထဲမှာ စီတန်းထိုင်နေတဲ့ ကိုယ်တော်တွေ ပတ်တီး အဖွေးသားတွေနဲ့  ဘာတွေ ဖြစ်ကုန်ကြပါလိမ့် …။ လွင့်ကနဲ လှည့်ပတ်ကြည့်မိတော့ အားလုံး ပြိုကျပျက်စီးနေတဲ့ ဘုရားစင်တွေ ဖရိုဖရဲဖြစ်နေတဲ့ တရားစာအုပ်တွေ … မှန်ကွဲစတွေ … သွေးတွေ … သွေးတွေ … စကားသံတွေ … သဲ့သဲ့ကြားနေရတယ်။ မနည်းလွတ်အောင် ပြေးရတယ် ဒကာကြီး … နေမကောင်း ဖြစ်နေတဲ့ သံဃာတော်တွေလည်း အိပ်နေတုန်းပေါ့။ တိုးညင်းပြီး တုန်ခါနေတဲ့ အသံတွေ …
ရုတ်တရက် အုန်းမောင်းခေါက်သံတွေ ၀ုန်းဒိုင်းကျဲထွက်လာတယ်။ ရှိုက်ကြီးတငင်ငိုနေတဲ့ ယောင်္ကျားရင့်မကြီး တယောက်ရဲ့အသံ ရေဒီယိုသတ္ထုလိုင်းကနေ တုန်ခါပြီး နားစည်ကို လာထိခတ်နေတယ်။ ဘုန်းဘုန်းတွေက တုံးတွေခေါက်ပြီး ကယ်ပါလို့ အကူအညီ တောင်းနေတာကို ကျနော်တို့မှာ ညမထွက်ရအမိန့်နဲ့ ဘယ်လိုမှ ထွက်ကယ်လို့ မရခဲ့ဘူးဟု ငိုရင်းရှိုက်ရင်း ပြောနေတဲ့ အသံကို နားထောင်ရင်းက ဖုန်းခွက်ကို ကိုင်ရင်း မျက်ရည် ပေါက်ပေါက်ကျနေတဲ့ ကောင်မလေးတယောက် …။ အလို … ကျမကိုယ်တိုင်ပါလား၊ မငိုရဘူးလေ … မငိုရဘူး … သတင်းထောက်ဆိုတာ ခံစားချက် မထည့်ရဘူး၊ တိတ်စမ်း … အသံတွေက ဝေးသွားလိုက် နီးလာလိုက် အသံသွင်းခန်းမမှာ စာရွက်လေးကိုင်ရင်း မျက်ရည် တွေတွေကျနေတဲ့ ကောင်မလေးတယောက် …။
ဒါအိမ်မက်လား … တကယ်လား အကြိမ်ကြိမ် လက်ထိပ်ကို ဆွဲစိတ်နေမိရင်းက နာကျင်လွန်းလာလို့  လက်ဖ၀ါးတွေကို ဖြန့်ကြည့်လိုက်တဲ့အခါ အလို … ဟောဟို တံတားတဖက်မှာ ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ လူငယ်လေးတွေ၊ မီးအားမြှင့်စက်ကြားထဲမှာ သေနတ်ဒဏ်ရာနဲ့  သွေးအိုင်ထဲမှာ လဲနေတဲ့ လူငယ်လေးနံဘေးမှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဗျာများနေတဲ့ လူငယ်လေးတယောက် ဖိနပ်သံ တခွပ်ခွပ် ကြားနေရပြီ၊ ကလေးရေ … ပြေးတော့ … ပြေးတော့လေ။
မလွတ်ဘူး … မလွတ်ဘူး … ထိုင်ချလိုက် … ထိုင်ချလိုက် … မပြေးရင် သူတို့လိုက်မပစ်ဘူး၊ ယုံကြည်စွာနဲ့ ကယောင်ကတမ်း ကိုယ်ပါ ရောယောင် ထိုင်ချလိုက်မိတယ်။ အမောတွေရယ် ဘယ်တော့မှ ပြီးပါ့မလဲကွယ်။ အား … သေပြီ … သေပါပြီ … တုတ်ချက်ကြမ်းကြမ်းတွေ ခေါင်းတွေကိုမှ ရွေးပြီး အားနဲ့မာန်နဲ့ ထုရိုက်နေတဲ့ အစိမ်းရောင် အရိပ်တွေ။ အား … ဒရွတ်တိုက် ဆွဲခေါ်နေတဲ့ လက်ကြမ်းကြမ်းတွေ၊ တော်ပါတော့ … တော်ပါတော့ ငုတ်တုတ်လေးတွေ ထိုင်နေတဲ့ ကလေးတွေ တကိုယ်လုံး တဆတ်ဆတ် တုန်ရီလို့ မျက်လုံး အကြောင်သားလေးတွေနဲ့ အလန့်တကြား အော်ငိုသံတွေ၊ ကမ္ဘာပျက်တဲ့ အလားပဲ၊ ဘုရား ကယ်ပါ၊ သူတို့ ကိုယ်ကို မမြင်လောက်ဘူး၊ အကာကြားကနေ အသာလေး လိမ့်အထွက် ဖြောင်းကနဲ ပင့်ရိုက်လိုက်တဲ့ အသံကြောင့် အလန့်တကြား ကိုယ့်ပါးကိုယ် ပြန်စမ်းမိတော့ တရပ်စပ် ပါးရိုက်ပြီး ဆွဲခေါ်တဲ့နောက် ဒရွတ်တိုက် ပါသွားရှာတဲ့ ကလေးမလေးတွေ၊ ကယ်သူမဲ့ ကူသူမဲ့ ပိုင်ရှင်မဲ့ ဖိနပ်ပုံတွေကြားမှာ ပစ္စည်းတွေကို နှုတ်သီးနဲ့ လိုက်ဟပ်နေတဲ့ အစိမ်းရောင် ခွေးတကောင။် အလို … ခွေရက်သားလေး ပုံလဲနေတဲ့ တုတ်ချက်အောက်မှာ အသက်ပျောက်သွားတဲ့ အမည်မသိ လူငယ်လေးတယောက် ဘုရားဘုရား ဘာတွေများ ဖြစ်ကုန်ပါလိမ့် …။
ပြေးမှ … ပြေးမှ …
ပိတ် … ပိတ် … အရှေ့က ပိတ်ဖမ်း … ပိတ်ဖမ်း
ထိုင်ထိုင် … အားလုံး စုထိုင်စမ်း
အောင်မယ် … မင်းက ဘာကောင်လဲ … ဖုန်းဖုန်း … ဖျန်းဖျန်း …
စစ်ဖိနပ်နဲ့ စုံခုံကန်၊ နံပါတ်တုတ်နဲ့ စုံကိုင်ပြီး ရိုက်နေတယ်။ သေပါပြီ … သေပါပြီ … ခေါင်းပေါ် လက်ကိုမြှောက်ပြီး ကာထားတဲ့ အနီရောင်ဝတ် ကောင်လေး။ တော်ပါတော့ … တော်ပါတော့ … ကယောင်ကတမ်း ၀င်ဆွဲတာမမိဘဲ ကိုယ်ပါ လမ်းမပေါ် ပုံရပ်လဲကျတယ်။ သွား … ထ … ဟိုကားပေါ်တက် ငုတ်တုတ်လေးတွေ ထိုင်နေရာကနေ အပြေးအလွှား ဒယီးဒယိုင် ပြေးထွက်ကာမှ ကျောနောက်ကနေ နံပါတ်တုတ်နဲ့ ပြေးရိုက်လိုက်သေးတော့ အကောင်ပိန်ပိန်လေးခင်ဗျာ ၀မ်းလျားမှောက် လဲကျရှာတာကို စစ်ဖိနပ်နဲ့ ပစ်ကန်လိုက်သေးတယ်။ ထုနေရိုက်နေရင်းက ဟိုလမ်းတဖက်မှာ လမ်းဖြတ်လျှောက်လာတဲ့ အဖြူရောင် အရိပ်လေးတခု … အယ် … သေပါပြီ နံပါတ်တုတ်နဲ့ မျက်နှာကို ဖြတ်ရိုက်တာ လက်နဲ့ ကာလို့ ခေါင်းကို လေးငါးချက် ဖြောင်း ဖြောင်း ဖြောင်းနဲ့ ဆင့်ဆင့်ရိုက်နေပုံများ အားမရလို့ လမ်းကူးပြီး ၀င်ရိုက်တဲ့ ကောင်က ရှိသေးတယ်။
ငါ … တောက် …
ဘယ်လိုမှ စိတ်မထိန်းနိုင်တော့လို့ ပါးစပ်ထဲမှာ ကွမ်းတံတွေး အရဲသားနဲ စစ်ဝတ်စုံနဲ့ ဘီလူးပြုံးပြုံးနေတဲ့ ကောင်ကို ပါးဖြတ်ရိုက်လိုက်တာမှာ အရှိန်လွန်ပြီး ပြုတ်ကျတာ မြက်ခင်းတွေကြား ရောက်သွားပြန်တယ်။
အားလုံးငြိမ်သက် တိတ်ဆိတ်လို့၊ ပုရစ်အော်သံစူးစူးနဲ့ ငြိမ်သက်နေတဲ့ ညတည …။
ရင်ထဲမှာ သွေးရိုးသားရိုး မဟုတ်မှန်း သိပ်သိသာနေတယ်။ ဘေးဘီဝဲယာကို ကြည့်လိုက်တော့ မှောင်မှောင်မည်းမည်း ဂိုဒေါင်ကြီးတခု၊ လူတွေမှ ရှိရဲ့လား … အသာလေး ချောင်းကြည့်လိုက်တော့
ဖုန်းကနဲ ရိုက်လိုက်တဲ့ အသံကြီးတခုထွက်လာတယ်။ ခေါင်းတွေ မော်မကြည့်နဲ့ သေချင်နေလားတဲ့၊ ၀မ်းခေါင်းသံကြီးနဲ့ အော်သံထွက်လာတဲ့အခါ နောက်ဘေးဘီ ၀ဲယာတွေကနေ အသ့တွေ အသံတွေ ငရဲပွက်သလို အော်လိုက် ဟစ်လိုက်ကြတာ အခုမှ ကမ္ဘာပျက်သလို အခန်းကျဉ်းလေးတွေထဲမှာ တ၀ုန်းဝုန်းနဲ့ ရိုက်နှက်သံတွေနဲ့အတူ ချုပ်နှောင်ထားတဲ့ လူတွေ လူတွေ …။ စစ်ကြောရေးစခန်းတဲ့ …။ အလန့်တကြား ပြေးထွက်လာခဲ့မိတယ်။
စီအန်အန်တို့ ဘီဘီစီတို့ကို ပြောပေးကြပါ။ မသေသေးတဲ့ လူတွေကိုလေ … မီးနဲ့ရှို့နေပါတယ် ရှုက်ကြီးတငင် ငိုကြွေးရင်း ပြောနေတဲ့ အန်တီကြီး၊ ဘာတွေဖြစ်ကုန်ပြီလဲ လူအရှင်လတ်လတ်တောင် မီးရှို့ သတ်ရလောက်အောင် အပြစ်တွေ ဘယ်လောက်ကြီးနေလဲ။ လမ်းမထက် မေတ္တာသုတ်ရွတ်မိတာ၊ ငတ်လွန်းလို့ ဒုက္ခရောက်လွန်းလို့ ဆန္ဒကို ဖော်ထုတ်မိတာလေးကို အရှင်လတ်လတ် မီးရှို့သတ်ပစ်သတဲ့။ ဟား … မွန်းကျပ်လွန်းတဲ့ စိတ်တွေကို ထွက်ပေါက်ပေးတဲ့ အနေနဲ့ သက်ပြင်း မှုတ်ထုတ်မိချိန်မှာပဲ လမ်းမပေါ် လွင့်ထွက်သွားပြန်တယ်။
လူသူကင်းမဲ့နေတဲ့ လမ်းမလယ်မှာ ကိုယ်တယောက်တည်း ဘယ်သွားရမှန်းမသိ။ အမ … အမ ကျနော့်ကို ကယ်ပါဦးတဲ့။ ဒယီးဒယိုင်နဲ့ လျှောက်လာတဲ့ ကောင်လေးတယောက်။ သွေးတွေနဲ့ စိုရွှဲနေတဲ့ ခေါင်းကို အုပ်မိုးကိုင်ပြီး အရမ်းနာကျင်နေတဲ့ မျက်နှာနဲ့ ကောင်လေးတယောက်။ အမ လိုက်ပို့ပေးမယ် ဘယ်လဲ မောင်လေးဆိုတော့ … တောင်ဥက္ကလာပကို လိုက်ပို့ပေးပါ အမရယ် ကျနော် ကိုကိုဝင်းပါတဲ့။ အိမ်မှာ အမေနဲ့ အဖေ စိတ်ပူနေတယ်။ မနက် အလုပ်လည်း ဆင်းရဦးမယ်တဲ့လေ။ ကိုကိုဝင်း … သူသေပြီးပြီ မဟုတ်လား။ အခု မသေသေးဘူးပဲ။ ဘုရား … ဘုရား … သွေးတွေရွှဲနေတဲ့ သူ့ခေါင်းကို အုပ်ကိုင်ပေးထားရင်းက ကူရာမဲ့ ကယ်ရာမဲ့။ ဘယ်ဘ၀က ၀ဋ်ကြွေးတွေပါလိမ့်၊ ရှိုက်ကြီးတငင် ငိုမိတယ်။ အသံကုန်ခြစ်ပြီးကို အော်ငိုမိတယ်။ ပြင်းထန်လွန်းတဲ့ နာကျင်ပေါက်ကွဲနေတဲ့ စိတ်တွေနဲ့အတူ လောဟာနယ်ထဲ မျောလွင့်သွားမိတယ်။
ညီမလေး … ညီမလေး … အိမ်မက်မက်နေတာလား၊ ငိုနေလိုက်တာ ရှိုက်ကြီးတငင်နဲ့၊ ထထ ရေသောက်လိုက် တို့ ဒီနေ့ စက်တင်ဘာ အရေးတော်ပုံမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေအတွက် ဆွမ်းကျွေးသွားရမယ်လေ။ လက်မောင်းအစုံကို သာသာလေး လှုပ်နှိုးလာတဲ့ အတူနေ အမကို အိပ်နေရင်းက တွေတွေကြီး ငေးကြည့်နေရင်း
ငါ့အိပ်မက် မပြီးသေးဘူး။ နှုတ်ခမ်းဖျားက ခပ်ဖွဖွ ရေရွတ်မိတယ်။ ငါ့အိပ်မက် မပြီးဆုံးသေးသလို ငါတို့ အခုထိ မပြီးသေးဘူးပဲ။ အိမ်မက်တွေဟာ မေ့ကောင်းတဲ့ အရာတွေတော့ မဟုတ်ခဲ့ပါဘူး၊၊
သေချာတယ်၊ ငါတို့ မပြီးသေးဘူး။ ပေးခဲ့တဲ့ သွေးတွေ ပြိုကွဲခဲ့ရတဲ့ ဘ၀တွေအတွက် ငါတို့အိမ်မက် မပြီးသေးဘူး။ ။
ဆုမွန
Posted by မဆုမွန် at Tuesday, September 23, 2008 1 comments
Labels: ဆောင်းပါး
၈၈ နောက်ပိုင်း ဘုံပျောက်ခဲ့ရတဲ့ ဘ၀တွေအကြောင်း
ကဲ … တို့ ဘယ်ကိုသွားကြမလဲတဲ့၊၊
အိမ်တွေ ဖျက်ပေးရတော့မယ်လို့ သိလိုက်ရတဲ့ အချိန်မှာ အဖေ့ရဲ့ မျက်နှာဟာ ပြိုတော့မယ့် မိုးလိုပါပဲ၊၊ ပထမ ဦးစားပေးက ဒဂုံ၊ ဒုတိယက လှိုင်သာယာ၊ တတိယက ရွှေပြည်သာတဲ့၊၊ မြို့အားလုံးက အခုမှ မြို့သစ်ဖော် ကာစပဲ ရှိသေးတယ်တဲ့၊၊
ဒီမြေကွက်လေးကို အနှစ်နှစ်အလလ ၀န်ထမ်းလစာလေးတွေကိုစုပြီး ၀ယ်ခဲ့တဲ့အချိန် အဲ့ဒီတုန်းက အငယ်ဆုံး သမီးလေးဖြစ်တဲ့ သမီးကို ချီပြီးပြခဲ့တဲ့ အဖေ့ရဲ့ အပြုံးမျက်နှာကို သမီးသတိရနေတုန်းပါပဲ၊၊
အရင်က မီးခြစ်ဆံဘူးလောက်ရှိတဲ့ နှစ်ထပ်ခြေတံရှည်အိမ်ကြီးရဲ့ ဘေးခန်း ကျဉ်းကျဉ်းလေးမှာ အဖေ့စာအုပ် သေတ္တာတွေ ဆင့်ဆင့်ပြီး အပေါ်မှာ ကျွန်မတို့တွေ အိပ်ခဲ့ရတယ်၊၊ အစ်ကိုသုံးယောက်နဲ့ သမီးတို့ မောင်နှမတွေ ပြေးလွှားပြီး ဆော့ကြတုန်း အိမ်ရှင်အဖွားကြီးက ဆူပူအော်ငေါက်တဲ့အတွက် မျက်နှာမကောင်းတဲ့ အမေကို ကြည့်ပြီး အံကြိတ်သက်ပြင်းချခဲ့တဲ့ အဖေ၊ အခုတော့ ကိုယ်ပိုင်မြေကွက်လေး ရပြီဆိုတော့ ပျော်နေတဲ့ အဖေ့ မျက်နှာဟာ သမီးတွေ့ဖူးတဲ့ လမင်းကြီးလိုပါပဲ အဖေ၊၊
သမီးတို့ရဲ့ မြေကွက်လေးက အတော်ကျယ်ဝန်းတယ်၊၊ ထူးထူးခြားခြား စီတန်းပြီး ပေါက်နေတဲ့ သရက်ပင်က ခြောက်ပင်၊၊ ခြံအ၀င်ဝမှာ ခြတောင်ပို့ အကြီးကြီး တစ်လုံးလည်း ရှိတယ်၊၊ အုန်းပင်က နှစ်ပင်၊၊ ခေါင်းရင်းဘက် မှာက ပိတောက်ပင် အမြင့်ကြီးတစ်ပင်ပါတယ်၊၊ နောက်ဖေးမှာက ၀ါးရုံအုပ်ကြီး၊၊ သူ့ဘေးမှာလည်း ကြောင် လျှာပင်က ရှိသေးတယ်၊၊ ခြံရဲ့ အလယ်လောက်မှာ မဆလာနံ့ရတဲ့ ကရဝေးပင် သေးသေးလေးလည်း ရှိတယ်၊၊ ကဲ … ဘယ်လောက် နေချင့်စဖွယ် နေရာလေးလဲ၊၊
အဖေဆောက်ပေးတဲ့ သမီးတို့ အိမ်လေးက ဓနိဖက်လေးတွေနဲ့ မိုးထားတယ်၊၊ အိမ်ဘေးကာကလည်း ၀ါးထရံတစ်ဖက် ဓနိတစ်ဖက်ပေါ့၊၊ ကြမ်းခင်းကတော့ ၀ါးပိုးလုံး အကြီးကြီးတွေကိုခွဲပြီး ဖြန့်ခင်းထားတာပါ၊၊၊ သမီးတို့တွေ ထိုင်ရင် ရှမှာစိုးလို့ အမေက အပေါ်က သင်ဖြူးဖျာလေးတွေ ခင်းပေးတယ်၊၊ အိမ်ဘေးပတ် ပတ်လည်မှာ ရာသီအလိုက် ဟင်းသီးဟင်းရွက်တွေကို အဖေရုံးအားရင် သမီးရဲ့ အစ်ကိုတွေနဲ့ မြေကြီးတွေ ပေါက်ပြီး စိုက်ကြတာပေါ့၊၊ အိမ်ခေါင်းရင်းမှာရှိတဲ့ အဖေတူးပေးထားတဲ့ ရေကန်သေးသေးလေးထဲနေ ရေခပ်ပြီး မောင်နှစ်မတွေ တလှည့်စီ လောင်းရတယ်လေ၊၊ သမီးကတော့ ရေလောင်းတာက နည်းနည်း ရေဆော့ချင်တာ များများပေါ့၊၊
သမီးသူငယ်တန်း စတက်တော့ သမီးတို့ အောင်မင်္ဂလာလမ်းထိပ်မှာပဲ အလက(၅)ကျောင်း ရှိတယ်၊၊ ကျောင်းရဲ့ ဘယ်ဘက်မှာ ကျိုက်ဝိုင်းဘုရားရှိတယ်၊၊ ဘုရားပွဲရောက်ရင် အမေနဲ့အဖေကို လက်တစ်ဖက်စ်ီဆွဲပြီး လိုချင်တာ ပူဆာရတာ သမီး အရမ်းပျော်ခဲ့တယ်၊၊ ညာဘက်မှာ ကျိုက်ဝိုင်းဘုရားဈေးကြီး ရှိတယ်၊၊ ဈေးသွားတဲ့ အမေ့နောက်ကိုလိုက်ပြီး အင်ဖက်နဲ့ ထုတ်ထားတဲ့ ၁ ကျပ်တန် လက်သုတ်ထုပ်လေးတွေကို ကူဆွဲပေးရင်း စားချင်တာ ပူဆာရတယ်၊၊ သမီးကြိုက်တဲ့ ကောက်ညင်းပေါင်း ၅မူးဖိုးဆိုရင် ငှက်ပျောဖက်နဲ့ အကြီးကြီး တစ်ထုပ်ရတယ်၊၊ လမ်းထိပ် လက်ဖက်ရည်ဆိုင်မှာ ချိုင့်အကြီးကြီး ပေးထားခဲ့ပြီး ဈေးအပြန်ဝင်ယူ၊ အီကြာကွေးဖြစ်ဖြစ် နံပြားဖြစ်ဖြစ် ၀ယ်ပြီး အိမ်ရောက်တဲ့အခါ အမေက ရေနွေးရောပြီး မောင်နှမတွေ သောက်ကြရတာ သမီးဘယ်လိုမှ မေ့မရခဲ့ဘူး၊၊
ကျောင်းပိတ်တာနဲ့ အစ်ကိုတွေနဲ့ လိုက်ဆော့ရတာ အမောပဲ၊၊ သူတို့က မခေါ်ချင်ရင်လည်း သမီးကတော့ လိုက်တာပဲ၊၊ အမေကို တိုင်ရတာ အမောပေါ့၊၊ အိမ်နားမှာ ရေကန်အကြီးကြီးမှာ အစ်ကိုတွေက ရေကူးတယ်၊၊ ငါးမျှားကြတယ်၊၊ သမီးတို့ကတော့ ရေစပ်မှာ ပေါက်နေတဲ့ ရေကနစိုသီးတွေ ခူးပြီး ဆော့ကြတာပေါ့၊၊ ပြီးရင် စွန်လွှတ်တယ်၊၊ ကုလားမခြေထောက် ပြိုင်ကြရင်း ခြေချော်ကျလို့ သမီးရဲ့ သွားနှစ်ချောင်း ကျွတ်ဖူးတယ်လေ၊၊ ဒီလိုပျော်စရာတွေဟာ ဘယ်တော့မှ ပျောက်ဆုံးသွားမှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြတယ်၊၊
အဖေ အလုပ်နားတဲ့နေ့တွေဆို အိမ်ရှေ့ ၀ါးကွပ်ပျစ်လေးမှာ မိသားစုတွေ ၀ိုင်းထိုင်ရင်း အမေကျွေးတဲ့ လက်ဖက်သုပ်စား၊ ထန်းလျက်ခဲဝါးရင်း အဖေငှဲ့ပေးထားတဲ့ ရေနွေးပူပူလေးကို သောက်ရတာ အရသာရှိပုံများ ပြောမနေပါနဲ့တော့၊၊ ဒီခြံလေးရောက်မှ အမေက သမီးအတွက် ညီမလေးနဲ့ မောင်လေးတစ်ယောက် မွေးပေးတယ်၊၊ အဲ့ဒီတော့ သမီးတို့ မောင်နှမခြောက်ယောက်မှာ ကိုယ်ပိုင်သရက်ပင် တစ်ပင်စီရှိတယ်၊၊ အစ်ကိုလတ်က ဘယ်တော့မှ သမီးတို့နဲ့ အတူမနေဘူး၊၊ သူ့အပင်ပေါ်မှာ လင့်စင်ထိုးပြီး အဖေ့ပုဆိုးစုတ်လေး တွေ ခင်းပြီးကာပြီး နေတယ်၊၊ မုန့်စားချင်ရင် ကြိုးနဲ့ခိုပြီး ဆင်းလာတယ်၊၊ တစ်နေ့တော့ သူ့ကြိုးကို ရှဥ့်ကိုက် ထားလို့ ပြုတ်ကျမှ မှတ်သွားတယ်လေ၊၊ မမေ့စရာတွေ အများကြီးပေါ့၊၊
သမီး ငါးတန်းနှစ်မှာပေါ့၊၊ မှတ်မှတ်ရရ ၁၉၈၈ ခုနှစ်၊၊ ဘာမှန်းမသိရတဲ့ အမေ့ရဲ့ စိုးရိမ်မူတွေ အဖေ့ ပူပင်သောကတွေ ယောက်ယက်ခတ်နေတဲ့ လူတွေ သမီးစိတ်ရှုပ်လိုက်တာ၊၊ သမီးတို့ကို ကျောင်းလာမတက် ရင် ကျောင်းထုတ်ခံရမယ်တဲ့။ အမေက မလွှတ်ချင်တော့ဘူး၊၊ နောက်ဆုံး မှတ်မိတာကတော့ ကျောင်းခန်းထဲ မှာ သမီးတို့ အငယ်တန်းလေးတွေကို ထည့်ပိတ်ထားတယ်၊၊ ဘယ်သူမှ အပြင်မထွက်ရဘူးတဲ့၊၊ ကျိုက်ဝိုင်းဘု ရားလမ်းမကြီးမှာလည်း လူတွေကို ဖွေးနေတာပဲ၊၊
ကျောင်းဝင်းကြီးကို ဆရာတွေက သော့ခတ်လိုက်တာ တွေ့ရတယ်၊၊ နောက် (၈)တန်းက အကိုကြီးတွေ အပြင်ကို ပြေးထွက်ပြီး ကျောင်းဝင်းတံခါးကို ဖြိုတော့ အားလုံးက ၀ိုင်းလက်ခုပ်တီးတော့ သမီးတို့တွေလည်း ဘာမှန်းမသိဘူး မြင်ရတာ ပျော်စရာကြီးမို့ လက်ခုပ်တီးလိုက်တာ သမီးလက်ဝါးတွေတောင် ကျိန်းစပ်သွားတာ ပဲ၊၊
ကျောင်းတံခါးကြီးလည်း ၀ုန်းဆို ပြိုသွားရော လူတွေ ရဲတွေ ကျောင်းထဲ ပြေးဝင်လာကျတော့ သမီးတို့တွေ လည်း ကြောက်ကြောက်နဲ့ ထွက်ပြေးကြတာ ကျောင်းနောက်ဖေး အိမ်သာဘက်ပေါ့၊၊ အိမ်ပြန်ရောက်လို့ အမေ့ရင်ခွင်ထဲရောက်မှ ကြောက်စိတ်ပြယ်တယ်၊၊ အင်းစိန် အထက (၂)မှာ ကျောင်းတက်နေတဲ့ အစ်ကိုကြီး လည်း ပြန်မလာ၊ အိမ်ကို သမီးကို လာပြန်ပို့တဲ့ သမီးနဲ့ ကျောင်းတူတဲ့ အစ်ကိုနှစ်ယောက်လည်း ဘယ်ပြန် ထွက်သွားမှန်း မသိဘူး၊၊ အဖေက သူတို့ကို ထွက်ရှာ၊၊ သမီးတို့ ညီအမနှစ်ယောက်နဲ့ လသားလေးပဲ ရှိသေးတဲ့ မောင်လေးကို ဖက်ပြီး စိုးရိမ်ပူပန်သောကရောက်နေတဲ့ အမေကို ကြည့်ပြီး သမီးဗိုက်ဆာတာတောင် မပြော ရက်ခဲ့ဘူး၊၊
နောက်ပိုင်းမှာ အစ်ကိုတို့ လွယ်အိတ်ထဲမှာ အမွေးဖွားဖွားလေးတွေပါတဲ့ ဂျင်ဂလိလို့ခေါ်တဲ့ သံချွန်လေးတွေ ရှိလာတယ်၊၊ အစ်ကိုတွေကလည်း လစ်ရင်လစ်သလို ပျောက်သွားတတ်တယ်၊၊ သမီးတို့ အိမ်လေးမှာ စကားလုံးတွေ ပါးရှားလာတယ်၊၊ မိဘတွေရဲ့ သက်ပြင်းချသံတွေနဲ့အတူ သေနတ်သံတွေကြားရင် ညည သမီးတို့တွေ အိပ်မရကြတော့ဘူး၊၊ သမီးတို့မှာ စားစရာ ပြတ်မှာစိုးလို့ အဖွားလေးပေးမယ့် ဆန်ထုပ်ကို အဖေက ဟိုး … ကြည့်မြင်တိုင်ကနေ သမီးတို့နေတဲ့ သမိုင်းအထိ ခြေလျင် ထမ်းပိုးပြီး ပြန်လာတယ်၊၊ အမေ့မှာ အဖေပြန် မရောက်မချင်း ဘာမှမစားဘဲ အိမ်ရှေ့မှာ ထွက်စောင့်နေတယ်၊၊ ကျိုက်ဝိုင်းဘုရားလမ်းမကြီးမှာ ပဲအပုတ်နံ့တွေ လှိုင်လာတယ်၊၊ ဈေးထဲမှာ သမီးကြိုက်တဲ့ မုန့်တွေ မရောင်းတော့ဘူး၊၊ သမီးတို့ မမြင်ဖူးတဲ့ ပစ္စည်းတွေပုံပြီး ရောင်းနေကြတယ်၊၊ အဖေက အမေနဲ့ အစ်ကိုတွေကို အပြင်က ဘာမှ မယူလာဖို့ ဘာလာ ရောင်းရောင်း ဘာမှ မ၀ယ်ဖို့ မှာတယ်၊၊အားလုံးပြီးသွားတဲ့အခါ သမီးတို့ကျောင်းတွေ ပြန်ဖွင့်တယ်၊၊ စာမေးပွဲ လည်း ဖြေရတယ်၊၊ ဘာမှလည်း မသိဘဲနဲ့လေ၊၊
ဒါပေမယ့် အိပ်ပျက်ညတွေ ပြီးဆုံးသွားပြီလို့ ထင်ခဲ့တာ တကယ်တော့ မဟုတ်ခဲ့ဘူး၊၊ အဲ့ဒီအချိန်ကျမှ သမီးတို့ မိသားစုတွေရဲ့ ဘ၀တွေဟာ အိမ်မက်ဆိုးတွေရဲ့အစနဲ့ ကြုံလာရမှန်း သိလိုက်ရတာ။
သမီးတို့ နေရာလေး ဖျက်ပေးရမယ် တဲ့၊၊
အစိုးရစက်ရုံတွေနဲ့ ကိုက် ၁၀၀ လား၊ ၃၀၀ လား အကွာအထိ ဖျက်ပေးရမယ်တဲ့၊၊
အိမ်ဖျက်ရတော့မယ်လို့ သိလိုက်တဲ့အချိန်မှာ အဖေ့မျက်နှာကို မြင်ရတာ ပြိုတော့မယ့် မိုးလိုပါ၊၊
အဖေဟာ သမီးတို့ရဲ့ ကောင်းကင်ပါ၊၊ အဖေရဲ့ မျက်နှာညိုတော့ သမီးတို့ ဘာမှန်းမသိဘဲ ငိုချင်ခဲ့တယ်၊၊
တို့ဘယ်ကိုသွားမလဲ တဲ့၊၊
အိမ်မပြောင်းခင် အပင်တွေကို ရောင်းခဲ့လို့ရတယ်ဆိုတော့ အဖေက အပင်အရေအတွက်နဲ့ ရောင်းတော့ သမီးတို့ရဲ့ ကိုယ်ပိုင်အပင်လေးတွေကို လာခုတ်ကြတော့ အမေရိုက်တာတောင် မငိုခဲ့တဲ့ အစ်ကိုလတ်က ရှိုက်ကြီးတငင် ငိုခဲ့တယ်၊၊ သူ့လင့်စင်လေး ပျက်သွားတာကိုး၊၊ ပြောင်းရတော့မယ် တက်ကြတက်ကြဆိုပြီး စစ်ကား ရိန်းဂျားကားကြီးတွေ ဆိုက်လာတော့ အပြေးအလွှား တက်ကြတဲ့အခါ ကားထွက်ခါနီး သမီးရဲ့ အချစ်ဆုံး သူငယ်ချင်းက ပြေးလိုက်လာပြီး သစ်ခွအုံကြီး လိုက်ပေးတယ်၊၊ အဲ့ဒီသစ်ခွအုံကြီးက အရင်တုန်းက ပန်းပွင့်ရင် သမီးတို့ ခူးမှာစိုးလို့ တဟဲ့ဟဲ့နဲ့ အော်ဟစ်တားနေခဲ့တာ။ အခုတော့ သူ့အမေကြီးက ဒါတွေကို ဂရုမ စိုက်အားတော့ဘူး ထင်ပါရဲ့။
အကွေ့အကောက်တွေ လမ်းမကြီးတွေ တံတားကြီးတွေ ဖြတ်ပြီး နောက်ဆုံး မြစ်ကြီးတစ်စင်းကို ဖြတ်အပြီးမှာ ကွင်းပြင်ကျယ်ကြီးကို တွေ့ရတယ်၊၊ ဘာဆိုဘာမှ မရှိဘူး၊၊ အလံလိုလို အ၀တ်စလေးတွေ ထောင်ထားတဲ့ ကန္နားဖျင်းတဲလေးတွေ။ ကားဖြတ်သွားတော့ မျက်စိအကြောင်သားလေးတွေနဲ့ ရပ်ကြည့်နေတဲ့ သမီးတို့အရွယ် ကလေးလေးတွေ၊၊ မီးခိုးလေးတွေ အူနေတဲ့ တဲလေးတွေ၊၊ ရေစည်လှည်းကို ကုန်းတွန်းနေတဲ့ ကျောကုန်းပြောင်နဲ့ လူတွေ၊၊ သမီးတို့တွေကတော့ တခါမှ မမြင်ဖူးတဲ့ မြင်ကွင်းကို ကြည့်ပြီး အရာရာဟာ ပါးစပ်အဟောင်းသား ဖြစ်ရတယ်၊၊ ဘာမှန်းမသိ ကြောက်စိတ်လည်း ၀င်လာလို့ အဖေရင်ခွင်ထဲဝင်ပြီး အဖေ့မျက်နှာကိုကြည့်တော့ အံကြိတ်ပြီး အေးစက်တင်းမာနေတဲ့ တစ်ခါဖူးမှ မမြင်ဖူးတဲ့ ပုံရိပ်ကို တွေ့ရတယ်၊၊ မောင်လေးကို ပွေ့ပြီးလိုက်လာတဲ့ အမေမျက်နှာကလည်း ခံစားချက်မဲ့နေသလို၊၊
ဒါ … မင်းတို့ နေရမယ့်နေရာပဲ တဲ့၊၊
ဘာဆိုဘာမှ မရှိဘူး၊၊ အရိပ်ဆိုလို့ မြက်ပင်လေး တစ်ပင်တောင် မရှိတဲ့နေရာ၊၊
ဘုရားရေ … ဘယ်နေရာများပါလိမ့်၊၊ သောင်ပြင်လွှတ်ခံရတဲ့ သူတွေလိုပါလား၊၊
တံလျပ်ရောင်တွေကလည်း တ၀င်းဝင်း၊၊ မြင်လေရာဟာ လေဟာနယ်ကြီး တစ်ခုလို၊၊
လေတိုက်ပုံကလည်း အဖေ့လက်ကိုသာ ဆွဲမထားရင်း သမီးတို့ မောင်နှမတွေ လွင့်သွားမှာတောင် စိုးတယ်၊၊ မြင်ရတဲ့ မြေကြီးပတ်ကြားအက် အကွဲကြီးတွေက မြေပုံဆွဲထားသလို၊၊
ကားကြီးပေါ်က ချပြီးတဲ့ ပစ္စည်းပုံတွေနဲ့ သမီးတို့ကို လက်ဆွဲပြီး မတ်မတ်ရပ်နေတဲ့ အဖေ့မျက်နှာကို မကြည့်ဝံ့ တော့ဘူး၊၊ တရွေ့ရွေ့ဝေးသွားတဲ့ ဖုန်တထောင်းထောင်းနဲ့ ကျောခိုင်းထွက်သွားတဲ့ ကားကြီးကို ငေးကြည့်ရင်း သမီးတို့ရဲ့ အနာဂတ်ကို တွေးမိတော့ …၊၊
အဖေနဲ့ အစ်ကိုတို့ ထိုးထားတဲ့ ကန္နားဖျင်း တဲလေးထဲမှာ မောင်လေးနဲ့ ညီမလေး ဘေးမှာနေရင်း မီးမွှေးနေတဲ့ အမေကို ငေးကြည့်မိတယ်၊၊ မောင်လေးက ရေဆာတယ်လို့ ပြောတာကို အမေကိုပြောတော့ သမီးတို့မှာ သောက်စရာရေတောင်မရှိတဲ့ အဖြစ်တွေအတွက် သမီးရင်ထဲမှာ နာကျင်ခဲ့တယ်၊၊ မိဘတွေဆို ဘယ်လိုနေခဲ့ မလဲလို့ မတွေးရဲတော့ဘူး၊၊
မနက်တစ်ခေါက် ညနေတစ်ခေါက် ရေလာပေးတဲ့ ဘောက်ဆာကားကြီးကို မျှော်ရတဲ့အလုပ်၊၊ သားလေး ငါးလေးကို နီးရာရွာတွေက လာရောင်းမှ စားရတယ်၊၊ ညဘက်ဆို ပိန်းပိန်းမှောင်နေတဲ့ အမှောင်ထုကြီးကြားမှာ ညညဆို သူခိုးပူလွန်းလို့ ကိုယ့်လုံခြုံရေးအတွက် ကိုယ့်ဘာသာ အလှည်ကျ ကင်းစောင့်ရတဲ့ အစ်ကိုတွေ ဘေးမှာ ထိုင်ရင်း ခြောက်သွေ့သွားပြီဖြစ်တဲ့ သစ်ခွအုံလေးကိုငေးရင်း သမီးတို့ရဲ့ အိမ်ဟောင်းလေးကို လွမ်းတဲ့ စိတ်နဲ့ ငိုမိတယ်၊၊
ကျောင်းတက်ရတဲ့ ဘ၀ကတော့ တစ်သက်တာအတွက် ဘယ်လိုမှ မေ့လို့ရမယ် မထင်ဘူး၊၊ မြို့သစ်မှာ သမီးတို့အတွက် ကျောင်းမရှိဘူးဆိုရင် ယုံမှာလား၊၊ မိုးသည်းသည်း လေထန်ထန်မှာ သမီးတို့မောင်နှမတွေ ငမိုးရိပ်ချောင်းကိုဖြတ်ပြီး ကျောင်းတက်ခဲ့ရတယ်လေ၊၊ ညီမလေးက ခေါင်မိုးပြည့်အောင် မမိုးရသေးတဲ့ မြို့သစ် ကျောင်းလေးမှာ တက်ရတယ်၊၊ သမီးတို့ မောင်နှမတွေ ကျောင်းသွားရင် မောင်လေးကိုပွေ့ရင်း စိတ်မချလွန်းလို့ မျက်စေ့တဆုံး ငေးကြည့်နေတဲ့ အမေကိုကြည့်ရင်း သမီးတို့မောင်နှမတွေ ၀မ်းနည်းစိတ်မ ကောင်းဖြစ် နောက်ကြောင်းမအေးသလို ခံစားခဲ့ရတယ်၊၊၊ အိမ်အပြန်မှာ လမ်းပျောက်ပျောက်သွားနေတဲ့ အဖေ့ကို မျှော်ကြရင်း သမီးတို့ ရင်မောခဲ့ရတယ်၊၊
ဒီလိုမျိုး သမီးတို့ရဲ့ ဘ၀တွေ အားလုံးပြောင်းပြန်လှန်သလို နေရာတွေ ပြောင်းပေးခဲ့ရတာတွေဟာ ဘာကြောင့် ဘယ်သူ့ကြောင့် ဘာတွေကြောင့်ဆိုတာ သမီးငယ်ငယ်တုန်းက မသိခဲ့တာ အမှန်ပါ၊၊ သမီးတို့ရဲ့ ဘ၀တွေကို အငြိုးမရှိဘဲ ပျက်စီးအောင် လုပ်ခဲ့သူတွေကို ဘာကြောင့်ဆိုတာ သိအောင်ကြိုးစားမယ်လို့ သမီးဆုံးဖြတ်ခဲ့ တယ်၊၊
သိလိုက်တဲ့ အချိန်မှာ သမီးက သမီးတို့လို သိသွားတဲ့ သူတွေကို လုံခြုံအောင် ထိန်းသိမ်းထားတဲ့ နေရာတစ် ခုမှာ ရောက်နေပြီအဖေ၊၊ ဒါပေမယ့် သမီးသိချင်တာ တစ်ခုရှိတယ်။ သမီး အရိပ်လို အမြဲကြည့်ခဲ့တဲ့ အဖေရဲ့ မျက်နှာ အဲ့ဒီအချိန်မှာ ဘယ်လိုရှိနေမယ်ဆိုတာကိုပါ အဖေ …။
(တိုင်းပြည်ရှိပြီး တိုင်းပြည်ပျောက်နေရတဲ့၊ နေရာရှိပြီး နေရာပျောက်နေရတဲ့၊ အိမ်ရှိပြီး အိမ်ပျောက်နေရတဲ့ ဘ၀တွေအတွက် …)
ဆုမွန်
Posted by မဆုမွန် at Tuesday, September 23, 2008 3 comments
Labels: ဆောင်းပါး
ကျေးဇူးတင်ပါတယ်
အားလုံး စိတ်ရောကိုယ်ရော ငြိမ်းချမ်းကြပါစေ....
ကျွန်မရဲ့ အိမ်လေးကို အင်တာနက်တိုင်းပြည်ထဲက ဘလော့ကာမြို့ထဲမှာ မြေနေရာလေးရှာပေးပြီး စိတ်ရှည်ရှည်နဲ့ အိမ်လေးတစ်အိမ်ဆောက်ပေးပြီး အခန်းလေးတွေ ထဲမှာ တစ်ခုချင်းနေသားတကျဖြစ်အောင် လုပ်ပေးတဲ့ ကျွန်မရဲ့ချစ်သူလေး...
ကျွန်မရဲ့အိမ်လေးကို အရောင်အသွေးစုံအောင် မအားလပ်တဲ့ကြားက အချိန်တွေအများကြီးပေးပြီး
ဆေးရောက်စုံတွေခြယ်မူန်းထားတဲ့ တိုက်အိမ်အစိမ်းလေးဆောက်ပေးတဲ့ ကျွန်မရဲ့အစ်ကို ကိုမွှေး
ဘလောကာတို့ တတ်အပ်တဲ့ ပညာရပ်တွေဖြစ်တဲ့ ခဏဘမ်းနည်း အမြဲဘမ်းနည်း တစ်သက်လုံးဖျက်နည်း အိုင်ပီစစ်နည်း ဇော်ဂျီစာလုံးရိုက်နည်း စာလုံးချုံနည်း ချဲ့ နည်းတွေ စတဲ့နည်းမျိုးစုံကို သင်ပေးတဲ့ အန်တီခင်မင်းဇော်..
ကျမမှာ ဘလော့လေး မရှိခင်တုန်းက ကျမရေးချင်ခဲ့သမျ ရေးဖြစ်ခဲ့သမျတွေကို အရေးတယူနဲ့တင်ပေးခဲ့တဲ့ အစ်ကိုအရင်းလိုလေးစားချစ်ခင်ရပါသော ဆရာလွမ်း(ဒေါက်တာလွမ်းဆွေ)ကို ကျေးဇူးတင်ပါတယ်။
အချိန်ပေးပြီး ကျွန်မရဲ့ဘလော့သေးသေးလေးကို လာဖတ်ပေးကြတဲ့မိတ်ဆွေတွေကို တကယ်ကျေးဇူးတင်ပါတယ်..
မဆုမွန်
Posted by မဆုမွန် at Tuesday, September 23, 2008 1 comments
Labels: ရင်ဖွင့်စာ
ရွှေဂုံတိုင်ကို လွမ်းတယ်
အိမ်ကို လွမ်းရင် စာဖြစ်တယ်
ချစ်သူကို လွမ်းရင် ကဗျာဖြစ်တယ်
သူငယ်ချင်းတွေကို လွမ်းလို့
အခု ငါငိုချင်း ရေးနေတယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ဒီဇင်ဘာ နောက်ဆုံးရက်ကို ရောက်တိုင်း ငါလွမ်းနေမိတယ်
ငါတို့ သူငယ်ချင်းတွေအားလုံး နောက်ဆုံး ဆုံခဲ့ကြတာကိုပေါ့ …။
လဖက်ရည်ဆိုင်တွေမှာ ငါတို့ရယ်သံတွေ ရှိသေးတယ်
ငါတို့ စကားလုံးတွေက စားပွဲခုံတွေမှာ ပေကျံနေတုန်း
ငါတို့ပေါ့ … တချိန်တုန်းက ရွှေတိဂုံဘုရားမှာ ဓာတ်ပုံရိုက်ခဲ့ဖူးတယ်
ငါတို့ပုံရိပ်တွေ ကျောက်တိုင်သိတယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ငါတို့ပေါ့ အနောက်ရွှေဂုံတိုင် လမ်းမပေါ်မှာ
လမ်းတွေလျှောက်ခဲ့ဖူးတယ်
ငါတို့ခြေရာတွေ ကျန်နေသေးတယ်
သေချာတယ် …
ငါတို့ခြေရာတွေ ပြန်ကောက်ဖို့ ငါတို့ ပြန်လာမယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
အခုတော့ တနေရာဆီ်
ရင်ကွဲ ...
ရှင်ကွဲပဲ …
ကျနော်တို့ဟာ သမိုင်းမှာတော့ ကျနော်တို့ ဖြစ်ခဲ့တယ်
ဇာတ်လိုက်တွေချည်းပဲ ပြောပြီး အော်အော်ရယ်ခဲ့တဲ့ ငါတို့
လူတွေရဲ့ အကြည့်အောက်မှာပဲ ရှင်သန်ခဲ့တဲ့ ငါတို့ 
လက်ကိုင် တုတ်တွေလည်း ဖြစ်ခဲ့ဘူးရဲ့
လက်ညှိုးထောင် ခေါင်းညိတ်တွေလည်း ဖြစ်ခဲ့ဖူးရဲ့…။
ဒါပေမယ့် အမေသိတယ် … ငါတို့ကို
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ထောက်လှမ်းရေးနောက်ကို ၀ိုင်းလိုက်နေတဲ့ သူငယ်ချင်းတွေကြားမှာ
အိမ်ပေါ်မှာ အိပ်နေတဲ့ သူငယ်ချင်းကို လွမ်းတယ်
၅၉ တိုးစီးတဲ့ သူငယ်ချင်းကို လွမ်းတယ်
တာမွေညတွေကို လွမ်းတယ်
အရည်ကျဲကျဲ မုန့်တီကို လွမ်းရင်းနဲ့
သူငယ်ချင်းတွေကလွဲရင်
သူစိမ်းကို ဆက်ဆံရေးကျဲတဲ့ သူငယ်ချင်းကို လွမ်းတယ်
ဆေးပေါ့လိပ် ကြိုက်ပြီး ကွမ်းမစားတဲ့ သူငယ်ချင်းကို လွမ်းတယ်
စကားလုံး အကြီးကြီးတွေ ပြောပြီး … လူကောင်သေးတဲ့ သူငယ်ချင်းကို လွမ်းတယ်
တာမွေညတွေကို လွမ်းတယ်
ကိုယ်တိုင်က ချစ်တတ်ပြီး မချစ်ရဘူးလို့ တားဆီးခဲ့တဲ့ သူငယ်ချင်းကို လွမ်းတယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
တခါတခါ အံ့သြတာတခု ရှိဖူးတယ်
ကိုယ့်ကိုယ်တိုင် သိတဲ့ ကိုယ့်ဝန်းကျင်ကို ကာကွယ်ပေးလွန်းတာ တခုပဲ
မထိနဲ့ ... မထိနဲ့ ...
တကယ်ဆို ကိုယ်ကိုယ်တိုင် သိနေခဲ့တာပဲလေ
ရွှေဂုံတိုင်ကိုလွမ်းတယ် …။
လူတိုင်းကို လူတွေလို့ နားလည်တယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
အင်း … အုပ်စုထဲမှာ ခွဲထွက်ခဲ့သူတွေရဲ့ သမိုင်းအကြောင်း ပြောပြမယ်
အင်မတန် ပြဿနာရှာသော … ကောင်မလေးက အခု သတင်းထောက်တဲ့၊
အင်မတန် ကြီးကျယ်သော ကောင်ကလေးက
ကလေးတွေကို စာပြပေးနေရင်းက ဆရာလုပ်တယ်၊
သူတို့နှစ်ယောက် တချိန်ကျရင် ခွဲရမယ်တဲ့ …
ကောင်လေးက ဒုက္ခသည်စခန်းမှာ နေထိုင်ရင်း
ကောင်မလေးကတော့ တရားမ၀င် နေထိုင်ရင်း
သူတို့ ဘာဆက်ဖြစ်ကြမယ် မသိဘူးတဲ့လေ …။
တခါမှ အလုပ်မလုပ်ဖူးတဲ့ ကောင်လေးက အန်ဂျီအိုမှာ ၀န်ထမ်းတဲ့
အေအိုင်ဒီအက်စ် ဝေဒနာသည်တွေ အတွက်တဲ့လေ
လှိုင်သာယာကို လွမ်းတယ် …။
နောက်တယောက်ကတော့ စေတနာ့ဝန်ထမ်းတဲ့
လေလှိုင်းတွေမှာ လေမိုးထန်တတ်တဲ့ ကောင်လေးပေါ့၊
နောက်တယောက်ကတော့ ယုံကြည်ချက်အတွက် နေထိုင်နေတုန်းတဲ့
နောက်တယောက်ကတော့ အမေရဲ့ မျှော်လင့်ချက်တွေကို ငွေယူပြီး ဖြည့်ဆည်းပေးနေတုန်း
ထမင်းစားပွဲမှာစောင့်ပြီး … သားပြန်အလာမှာ သတင်းထူး စောင့်နေတုန်းတဲ့
တွံတေး ဒလကားဈေးတွေသာ တက်တက်လာတယ် သူကတော့ မပြောင်းလဲသေးဘူးလေ
တွံတေးကို လွမ်းတယ် …။
အင်း .. နောက်တယောက်ကတော့ ဘုဘောက်ပြောနေရင်း ကျူရှင်ဆရာ ဖြစ်သွားသတဲ့
စကားပြောရင်းတောင် စိတ်မရှည်တတ်တဲ့ ကျနော်တို့ရဲ့ လူမိုက် အခုတော့ပုံစံက ဆရာလိုပါတဲ့
...........
ဘာဖြစ်ဖြစ်
ဘာကြီးတွေပဲ ဖြစ်ဖြစ် ...
သေချာတယ် ...
ဒေါင်းအလံအောက်မှာပဲ တွေ့ခဲ့ကြတယ်
ငါတို့ ဒေါင်းအလံအောက်မှာပဲ ပြန်ဆုံမယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ငါတို့တွေ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ
တွံတေးသိန်းတန် သီချင်းကိုပဲ ဆိုရတော့မပေါ့
ဒါမှမေ့ချင်ယောင် ဆောင်နေသူတွေကို ပြန်သတိရစေမယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ကျနော်တို့ဟာ ကျနော်တို့ဖြစ်တယ် ဆိုတာလေးပဲ ပြောချင်ပါတယ်
ငါတို့ဟာ ဘုရားသခင်တောင် မမြင်နိုင်တဲ့ ကြိုးနဲ့ ချည်နှောင်ထားတဲ့ လူငယ်တွေ ဖြစ်တယ်တဲ့ …။
လာဗျာ … ကဗျာရွတ်ရအောင်
ငါတို့ အတူတူဖြစ်တယ်
ငါတို့ဟာ တူညီတဲ့ မတူညီမူတွေ ဖြစ်တယ်
ငါတို့ဟာ မတူညီခဲ့တဲ့ နေရာတွေကနေ တူညီခဲ့တယ် …။
ဒါဟာ ငါတို့အတွက်တော့ အားပေါ့
ကွဲပြားမှုတွေကို ကျေနပ်စွာ လက်ခံရင်းနဲ့
ငါတို့ဟာ တူညီမှုတွေကြားကကို မတူညီမူတွေကို ရှာကြမယ်
ပြီးရင် ပြန်တူညီရမယ်
ဒါ … ငါတို့ ဖြစ်တည်မှု ဖြစ်တယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ဘ၀ရဲ့ အချိန်တော်တော်များများကို ဖြတ်သန်း
ငါတို့ခရီးတွေ ကြမ်းခဲ့ကြပေမယ့်
ငါတို့ဟာ ဇတ်လိုက်တွေ ဖြစ်တယ်
သိပ်သေချာတာ နောက်တခုရှိတယ်
ငါတို့ဟာ ဘယ်တုန်းကမှ ဇာတ်ရံတွေ မဖြစ်ခဲ့ဘူး …။
မယိုင်မလဲ ခိုင်မြဲသော လက်တို့ဖြင့် ဆက်ဖောက်မယ် သူငယ်ချင်း
ငါတို့ဟာ ခေါင်းဆောင်ကောင်းတွေ ဖြစ်နိုင်တယ်၊ နောက်လိုက်ကောင်းတွေလည်း ဖြစ်တယ်
သေချာတယ် ငါတို့ဟာ အမေတူ သားသမီးတွေဖြစ်တယ်
ဒါဟာ သမိုင်းကပေးတဲ့ လက်ဆောင်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ငါတို့ဟာ တနေရာစီ စီးမျောချင် စီးမျောနေမယ်
သေချာတယ် ပြန်ကပ်မယ့် ကမ်းဟာ တခုတည်း ဖြစ်တယ်
ငါတို့ ပြန်လာမယ်
တန်ဖိုးထားတတ်အောင် ထားကြရမယ်
ငါတို့ရဲ့ အရိပ်တွေကို ဆေးမသုတ်နဲ့ မဖျောက်ဖျက်နဲ့ ငါတို့ပြန်လာမယ်
စွန့်ခွာခဲ့တာ မဟုတ်ဘူး ဆိုတာတခုပဲ အရင်ပြောမယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
ငါတို့ ပြန်လာမယ်
ငါတို့ ကတိပေးတယ်
ငါတို့ရဲ့ အရေခွံတွေကို ခွာခဲ့ပေးမယ်
ဝပ်ကျင်းဟောင်းလေးမှာ .. ငါတို့ရဲ့ ဥခွံဟောင်းတွေ ရှိသေးတယ်
ငါတို့ ပြန်လာမယ်
သိပ်သေချာတာ တခုထပ်ပြောမယ်
ငါတို့ဟာ ငါတို့ဖြစ်တယ်
ကောင်းလိုက်တဲ့ ဒီဇင်ဘာညတည ဖြစ်ခဲ့ပြီ သူငယ်ချင်းရေ …
အိုကေ … သူငယ်ချင်း ...
မြန်မာပြည်က ကောင်းကင်နဲ့ ထိုင်းနိုင်ငံက ကောင်းကင်
သေချာတယ် အခုချိန်ဆို အရောင်တူနေမှာ ...
ဝမ်းနည်းစရာတော့ တွေ့မယ်
သူငိုချင်လို့ မိုးတော့ညို့နေမယ်
ပြီးရင် ရောင်နီလာမယ်
ငါတို့ ပြန်ဆုံမယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။
အဲဒီအချိန်ကို ငါစောင့်နေမယ် သူငယ်ချင်း
၂၀၀၈ကို အတူကြိုမယ် .. သေချာတယ်
လိုင်သာယာရဲ့ အဝေးပြေးလမ်းမကြီး တနေရာမှာ
တေးသံတွေ အခုထိ ပဲ့တင်သံ ကြားနေတုန်းပဲတဲ့ ...
နှစ်သစ်ကူးတွေဟာ အဲ့တုန်းကလိုပဲ လှနေမယ်ဆိုတာ ယုံကြည်တဲ့နေ့ ငါတို့ ပြန်လာမယ်
သေချာတာပေါ့ ဒီနှစ်ဟာ ငါတို့ဖြစ်ရမယ်
မျက်နှာသစ်ပြီး ငါတို့ လက်ဖက်ရည် သောက်ကြမယ် ...
ဘာဖြစ်ဖြစ် .. အခါးရေအိုးတွေကတော့ တာဝန်ကျေနေဦးမှာပဲ ငါတို့သိတယ်
ငါတို့ ပြန်လာမယ်
ဟုတ်ပြီ သူငယ်ချင်း
သေချာတယ်
ငါတို့ တနေ့ ပြန်ဆုံမယ်
ရွှေဂုံတိုင်ကို လွမ်းတယ် …။ ။
မင်းဆုမြတ်
Posted by မဆုမွန် at Tuesday, September 23, 2008 2 comments
Labels: ကဗျာ
နယူးရီးယားည ထိုင်းမှာသာတဲ့လ
ကောင်းကင်ကြီးကို ကြည့်ပြီး ကြေကွဲနေတာလေ
ဘန်ကောက်မှာ ကောင်းကင်ကြီးကို မီးပန်းတွေနဲ့ ပစ်ပေါက်ကြတော့မယ်
ကောင်းကင်ကြီးက ပြောတယ်
ငါ့ရင်ကို မီးနဲ့ပေါက်မှ ပျော်မယ်ဆိုရင် ပျော်ပါတဲ့ …။
ကောင်းကင်ကြီးက ပြောတာပါ
ကောင်းကင်ကြီးက သူ့ဘာသာသူ နေနေတာပါ
ငါ့ရင်ကို မီးနဲ့ပေါက်မှ ပျော်မယ်ဆိုရင် ပျော်ပါတဲ့
ဘန်ကောက် ကောင်းကင်ကြီးကို မကြည့်ရက်ဘူး
မိုးမင်းကြီးက ကောင်းကင်ကြီးကို မကြည့်ရက်ပေမယ့်
ဆောင်းနတ်မင်းကြီးက နှင်းမှုန်လေးတွေ ဖြန်းပေးပါမယ်တဲ့
နှစ်သိမ့်ပုံများ ပြောပါတယ် …။
အလန့်တကြား ထအော်လိုက်တယ်
‘ဟက်ပီး နယူးရီးယား’တဲ့
ကောင်းကင်ကြီးမှာ မီးတွေ ဖြာကျနေလိုက်တာ
နောက် သူများက ‘ဟက်ပီး နယူးရီးယား’
ငါက ‘ဖရီးဘားမား’ တဲ့ …။ ။
Posted by မဆုမွန် at Tuesday, September 23, 2008 1 comments
Labels: ကဗျာ
ကြွေလွင့်ကြယ်တစ်ပွင့်
အခုတလော ကြယ်တွေ သိပ်ကြွေလွန်းတယ်….
နက်မှောင်နေတဲ့
ဟော့ဟိုကောင်းကင်ကြီးမှာပေါ့…..
ပိန်းပိတ်နေတဲ့ကြားက အလင်းလက်ဆုံးတောက်ပနေလိုက်ကြတာ
တစ်ချို့ကြယ်စင်တွေ အလင်းဆုံးတောက်လောင်ပြီးမှ ကြွေကျသွားတယ်…..
အခုတလော ကြယ်တွေကြွေလိုက်တာ…………
အခုတလော နွေနေကလဲ သိပ်ပူလွန်းတယ်
ပူပြင်းလောင်ကျွမ်းနေတဲ့
ဟော့ဟို မြန်မာပြည်ဘက်ခြမ်းမှာပေါ့….
မြန်မာ့မူမြန်မာ့သွေး မြန်မာ့အရေး အမြဲရှေ့ တန်းကပါတဲ့
အဲ့ဒီ့မနလာမှာလောင်ခဲ့သမျ..မီးထဲမှာ.. ဒီအပူမီးအကြီးဆုံးပဲ..
ကျမျက်ရည်တွေဆိုတာလဲ ငြိမ်းလို့ ကိုမနိုင်ဘူးတဲ့…
အခုတလော မီးတွေလောင်လိုက်တာ…
အမေ..
ကွဲလွဲမူတွေသိပ်များလွန်းတဲ့ ဒီနေရာမှာ တူညီမူကတစ်ခုတည်းရှိတယ်..
အားလုံးရဲ့ တူညီတဲ့နူတ်ဖျားကထွက်တဲ့ နာမ်စားက
အားလုံးအတွက်
ငါတို့ အမေ…တဲ့..
အမေ…..ငြိမ်းချမ်းတဲ့ဘုံဘ၀မှာအေးချမ်းစွာ အနားယူနိင်ပါစေ…..
အမေ့ရှေးစကားနဲ့ လူဖြစ်လာတဲ့
သမီးမဆုမွန်
Posted by မဆုမွန် at Tuesday, September 23, 2008 1 comments
Labels: ကဗျာ
ခွဲခွာခြင်းနိမိတ်
တွေ့ဆုံပြီးရင် ကွဲကွာခြင်းဆိုတာ
မဖြစ်မနေရှိလာမှာပါ
ဒါပေမဲ့ အဲဒီနိယာမတွေထဲမှာ
သံယောဇဉ်တွေမပါခဲ့ရင် သိပ်ကောင်းမှာပဲ
အခုတော့
အမှတ်တရတွေက ခြေရာအထပ်ထပ်ထင်လို့
အမှောင်ထဲမှာ
မကြားရတဲ့လှိုင်းပုတ်သံကို နားစွင့်ခဲ့တဲ့ညတွေ
အလဲအကွဲငြင်းခုန်ခဲ့တဲ့ စကားသံတွေ၊ ဇာတ်ကြောင်းတွေ
ဟာရီယို၊ ဒိုင်ကြောင်၊ ကက်ပချီနို အားလုံးက
ငါ့မှတ်ဉာဏ်မှာ ပြိုးပြက်လို့
ဒီမှာ စက္ကန့်တိုင်းသတိရနေမယ်ဆိုတာ ညာတာ
ဒါပေမဲ့
လစ်ဟာသွားတဲ့နေရာကိုမြင်တိုင်း
အကြင်နာစစ်ရင် ကို ကြားတိုင်း
မျက်ရည်မဝိုင်းမိစေဖို့ဖြေဆေး
ငါတို့ကို ပေးခဲ့စမ်းပါ
စုကလေး
(ကျွန်မညီမလေး စုကလေးရဲ့ ကျွန်မအတွက် ရေးပေးတဲ့ ကဗျာလေးပါ။
ကျွန်မတို့ ဇန်နဝါရီရဲ့ အေးချမ်းတဲ့နေ့ရက်တစ်နေ့မှာ ငွေဆောင်ကမ်းခြေကိုရောက်ခဲ့ကြတယ်။
ညတိုင်း အိပ်ဖို့ကို မစဉ်းစားဖြစ်ခဲ့ဘဲ ပင်လယ်ပြင်ကြီးဆီကနေ မမြင်ရတဲ့လှိုင်းပုတ်သံကို နားစွင့်ခဲ့ရင်း ရင်ပွင့်ခဲ့တဲ့ညတွေနဲ့ ပြန်ပြောင်းပြောဖြစ်ခဲ့တဲ့ အတိတ်ဇာတ်ကြောင်းတွေ၊
မယုံနိုင်လောက်အောင် ရင်းနှီးခဲ့ရတဲ့ သူငယ်ချင်းတွေ၊ ကျွန်မတို့ရဲ့ အကိုတွေရယ်နဲ့ အကြင်နာစစ်ရင် သီချင်းကို အမြဲတမ်းလွမ်းဆွတ်နေမိခဲ့ပါတယ်။
ရန်ကုန်ကိုပြန်ရောက်ခဲ့တဲ့နောက်မှာတော့ ကျွန်မတို့ ဟာရီယို ဆိုတဲ့ ကော်ဖီဆိုင်လေး မှာ ထိုင်ဖြစ်ခဲ့ကြတယ်။ ကော်ဖီခါးခါးကို ကြိတ်မှိတ်သောက်ရင်း အမြှုပ်ကော်ဖီလို့ ကက်ပချီနို ကော်ဖီကို ခေါ်ခဲ့ကြတယ်။ နောက်ပြီး လပ်ကီးဆဲဗင်းလက်ဖက်ရည်ဆိုင်လေးကိုလည်း လွမ်းမိပါတယ်။
အခုချိန်မှာ ပြန်ရဖို့ မလွယ်ကူတဲ့ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ခွင့်လေးရယ်၊ ကော်ဖီဆိုင်က ဆေးခါးကြီးလို့ နာမည်ပေးထားတဲ့ ကက်ပချီနိုကော်ဖီရယ်၊ M3 ရဲ့သံစဉ်ညတွေရယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ တောဂေါ်လီနဲ့ ဖုတ်လှိုက်ဖုတ်လှိုက်ရယ်ကို လွမ်း ဆွတ်နေမိပါတယ်)
Posted by မဆုမွန် at Friday, September 19, 2008 1 comments
Labels: ကဗျာ
ပထမဆုံးရေးဖြစ်သောပို့ စ်
ဒီနေ့ မမျှော်လင့်ပဲ ကိုယ်ပိုင်ဘလော့လေးတစ်ခုကို ကိုယ်တိုင်လုပ်ခွင့်ရခဲ့လို့ အရမ်းပျော်မိပါတယ်..
အရင်တုန်းက ကျန်မဘ၀အဖော်လေးက ကျန်မအတွက် ဘလော့လေးတစ်ခုလုပ်ပေးထားပါတယ် ဒါပေမယ့် ဘယ်မေးလ်နဲ့ ဖွင့်မိလိုက်မှန်းမသိလို့ ဘာမှမလုပ်ပဲ ဒီအတိုင်းထားခဲ့တယ်..
အရင်ကတော့ ဘလော့ရေးတာထက် ဘလော့လိုက်လည်ဖတ်ရတာ ပိုဝါသနာကြီးခဲ့တယ် နောက်ပိုင်း ဘလော့တွေဖတ်ရတာ ရင်မောရတယ် စိတ်ညစ်ရတယ် စိတ်မကောင်းစရာတွေချည်း တွေ့ နေရတော့..ကိုယ်ပိုင်ဘလော့လေးထဲမှာ ကိုယ်စိတ်ထဲ ရေးချင်တာလေးတွေ ကိုယ်လုပ်ချင်တာလေးတွေ တင်ပြီး စိတ်အပန်းဖြေတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်...
အိမ်ကိုလွမ်းရင် စာဖြစ်တယ်..
ချစ်သူကိုလွမ်းရင် သီချင်းဆိုဖြစ်တယ်
သူငယ်ချင်းတွေကိုလွမ်းတော့ ကဗျာဖြစ်တယ်
စိတ်မောပန်းလာတဲ့အချိန် ခရီးထွက်ရတာ အရမ်းစိတ်ချမ်းသာဖို့ ကောင်းတယ်
ဓာတ်ပုံလေးတွေရိုက်ရင်း မမြင်ဖူးတဲ့မြင်ကွင်းတွေကြားမှာ သောကတွေမေ့သွားတယ်
အရာရာအတွက် မိသားစုရယ် သတင်းတွေရယ် စာတွေရယ် ကဗျာတွေရယ် သီချင်းတွေရယ်..နောက်ချစ်သူရယ်..
တကယ်တော့လည်း ဘ၀ဆိုတာ အမြဲတမ်းတော့ စိတ်ချမ်းသာ ပြီးပြည့်စုံတယ်လို့ တော့မဟုတ်ပါဘူး...
Posted by မဆုမွန် at Friday, September 19, 2008 1 comments
Labels: ရင်ဖွင့်စာ
အ၀ါရောင် ဒီလိုင်းများ
ထိုင်းနိုင်ငံမှာ ထိုင်းဝန်ကြီးချူပ်ကို ရာထူးကနူတ်ထွက်ပေးဖို့  ပီအဒီလို့ ခေါ်တဲ့ အလယ်အလတ်တန်းစား ထိုင်းလူမျိုးတွေ စုပေါင်းထားတဲ့ မဟာမိတ်အဖွဲ့ က ဆန်နပြနေတဲ့တစ်ချိန်လုံး ၀န်ကြီးချူပ်ရုံးရှေ့ ဆန်နပြပွဲထဲမှာ သူတို့ နဲ့အတူရှိခဲ့တယ် ..
ထိုင်းတွေဝင်ပြီး စီးနင်းထားတဲ့ ထိုင်းအစိုးရအိမ်တော် အရင်ကဆို တော်ရုံလူဖြတ်ခွင့်မရှိတဲ့ ၀န်ကြီးချူပ်ရုံးထဲကို ကျန်မလဲ လူရှိန်အောင် ကဒ်လေးတစ်ခု လည်ပင်းမှာဆွဲပြီး ၀င်လိုက်ထွက်လိုက် လုပ်ပိုင်ခွင့်ရခဲ့တယ်
ထိုင်းရဲချူပ်ရုံးကို ၀င်စီးတဲ့နေ့ ကလည်း အပြေးအလွှား သေလုမျောပါးပေါ့ ဟိုဘက် ဒီဘက် ရိုက်နေ နှက်နေတဲ့ ကြားက ဖုန်းတစ်လုံးနဲ့ သတင်းပို့ နေရင်းက အသက်မထွက်ရုံတမယ်..ပျော်လဲပျော်စရာ သူရိုက်ကိုယ်ရိုက် သူတွန်းကိုယ်တွန်းပဲ
ပြီးတော့ ထိုင်းမှာ ဆန်နပြတာ တော်တော်ကို ပျော်စရာပဲ ရေသန့်ဘူးတွေက ပါကင်လိုက် ထမင်းထုတ်တွေကလဲ ဇွန်း ခရင်းနဲ့အဆင့်သင့် အသုတ်တွေလဲရှိတယ် ခေါက်ဆွဲကြော် ကြာဆံကြော် အစုံအကြော်တွေလည်းရှိတယ် ဟင်းချိုစွပ်ပြုတ်တွေလည်းရှိတယ် နှစ်ဘက်ရိုက်တဲ့နှက်တဲ့နေ့ ဆို ပိုကျွေးတယ် အားရှိအောင်ထင်တယ်..
သစ်သီးတွေ အဖျော်ရည်တွေ နောက် ခေါင်းလေးနည်းနည်းမူးရင်တောင် အကြောဆေးပါ သွင်းပေးလိုက်ဦးမယ် :)
ဘာပဲဖြစ်ဖြစ် အခုဝန်ကြီးချူပ်ပြုတ်သွားလည်း နောက်ဝန်ကြီးချုပ်ကို ဆက်တိုက်ဦးမှာပဲတဲ့ သက်ဆင် လာဘ်စားမူ မသမာမူတွေအတွက် တိုက်ပွဲဝင်နေပါတယ်ဆိုမှ ၀န်ကြီးချုပ်ဟောင်းသက်ဆင် ယောက်ဖက ၀န်ကြီးချူပ်ထပ်ဖြစ်တယ်ဆိုမှတော့ ထိုင်းတွေကလဲ စိတ်ကြီးချက်ကတော့ ပြောမနေပါနဲ့တော့ အလုံးစုံမပြောင်းမလဲမချင်း ၀န်ကြီးချူပ်ရုံးထဲက မထွက်ဘူးဆိုပဲ
ပြောရဦးမယ် ထိုင်းမှာလဲ ထိုင်းစွမ်းအားရှင်တွေ ထိုင်းကြံဖွံ့ တွေရှိတယ် သူတို့ ကအနီရောင်ဝတ်တယ်
အ၀ါရောင် ပီအေဒီတွေနဲ့  အပြန်အလှန် ရိုက်ကြ နှက်ကြနဲ့ ချကြတာ လူတစ်ယောက်သေပါရောလား ၄၄ယောက် အပြင်းအထန် ခံလိုက်ရတယ် အရေးပေါ်အခြေအနေကြေငြာလိုက်တော့ အနီကောင်လေးတွေ ငြိမ်သွားကြရော..အခုထိတော့ ဆက်တိုက်နေကြတုန်းပဲ စီးနင်းထားတဲ့ ၀န်ကြီးချူပ်ရုံးထဲမှာ စပါးပင်တွေစိုက်ပြီးကို နေဦးမှာဆိုပဲ :)
Posted by မဆုမွန် at Friday, September 19, 2008 1 comments
Labels: ကဗျာ
ထိုင်းနိုင်ငံ အယုဒယမြို့ နဂါးလောင်းလှေပြိုင်ပွဲ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နဲ့ သိပ်မဝေးတဲ့ အယုဒယမြို့ က အယုဒယမြစ်ထဲမှာ ထိုင်းရိုးရာ နဂါးလောင်းလှေပြိုင်ပွဲလုပ်တယ် ၂၀၀၈ခုနှစ် စက်တင်ဘာ ၁၃ ၁၄ ကပေါ့.. အဲ့မှာ ပထမတော့ ထိုင်းရိုးရာလှေပြိုင်ပွဲကို သွားတာပဲ နောက်မှ နိုင်ငံတကာပြိုင်ပွဲမှာ ရွှေမြန်မာတွေပါတယ်ဆိုလို့  သူတို့ နားသွားပြီး မယောင်မလည်သွားအကဲခတ်တယ် မြန်မာဆိုတဲ့ ဆိုင်းဘုတ်အောက်က ရွက်ဖျင်တဲအောက်မှာ ငူငူကြီးတွေထိုင်နေတဲ့ ကိုရွှေမြန်မာတွေကို တွေ့ ပါလေရော အင်း...စိတ်ထဲကတွေးမိတယ် ဒီပုံစံတွေနဲ့ ပြိုင်ရင်တော့ ရူံးမယ်ထင်ပါရဲ့လို့ ပေါ့..
မြန်မာအသင်းက ပွဲဦးထွက်ပွဲမှာ မလေးရှားနဲ့ပြိုင်ရတယ်.. အယုဒယမြစ်ရဲ့ ကမ်းနဖူးမှာရပ်နေရင်းက ကြက်သီးတြွေ့ဖန်းဖြန်းထလာတယ် မနားတမ်းလှော်နေတဲ့ လောင်းလှေနှစ်စင်းကို ကြည့်ပြီး ...
ငါတို့ မြန်မာနိုင်ရမယ် မြန်မာနိုင်ရမယ်ဆိုတဲ့ စိတ်က သွေးတွေပါ တဖျင်းဖျင်းဖြစ်လာတယ် မြန်မာ မြန်မာလို့ အော်မိတယ်
အံ့သြစရာကောင်းလောက်အောင်ပါပဲ တကယ့်ကို အံ့သြစရာပါပဲ
တာစထွက်ကတည်းက မြန်မာလှေက ပြေးလိုက်တာဆိုတာ နောက်က ကျားလိုက်တဲ့အတိုင်းပဲ မလေးလှေနဲ့ နစ်ပြန်ကျော်လောက်ပြတ်သွားပြီ ပြိုင်ဘက်လှေကျန်ခဲ့ပြီဆိုတာ သိလည်း လှော်တုန်းပဲ မရပ်မနားကို အသားကုန်ကျုံးလှော်လိုက်တာ ပန်းဝင်နေတဲ့အထိ ကျုံးလှော်နေတုန်းပဲ
လောင်းလှေပြိုင်ပွဲဆိုတာ လှေပဲ့ဦးအ၀င်နဲ့ချိန် ပြိုင်ကြသတဲ့ အနိုင်အရူံးကို ရုပ်မြင်သံကြားရိုက်ထားပြီးဆုံးဖြတ်ရတာာ
ဒါပေမယ့် မြန်မာအသင်းက ပြိုင်ဘက်အသင်းကို ပန်းတိုင်အ၀င် နှစ်မိနစ်အသာအပြတ်နဲ့ပန်းဝင်သွားတယ်
ကျန်မတကယ်ကိုပဲ မျက်ရည်ကျမိမတတ် ၀မ်းသာလုံးဆို့ မိတယ် ကမ်းနဖူးမှာ ခုန်ပေါက်ပြီးကို
မြန်မာနိုင်တယ် မြန်မာနိုင်တယ် မြန်မာနိုင်တယ် နူတ်က တဖွဖွအော်နေမိတယ်....
ထိုင်းမြေမှာ မြန်မာရူံးရင် ရာဇ၀င်ရိုင်းရချေရဲ့ (အလဲ့)....
အဲ့ညနေပိုင်းမှာ အယူဒယမြစ်မှာ မိုးကြီးလေကြီးကျတယ် မိုးပေါက်ကြီးတွေနဲ့အတူ လေပြင်းတွေတိုက်လိုက်တာမှ တစ်ခါမှ မကြံဖူးအောင်ပါပဲ ကမ်းနဖူးက ရွက်ဖျင်တဲ ကြီးတွေ အကုန်လဲပြိုကျကုန်တယ် ပွဲလည်းဖျက်လိုက်ရတယ်
နောက်နေ့ တွေမှာလည်း ကိုရွှေမြန်မာတွေ နိုင်တာပဲ လုံးဝရူံးပွဲမရှိပါပဲ ထိုင်းဘုရင့်စစ်တပ်လောင်းလှေနဲ့ ပြိုင်တုန်းကတော့ နည်းနည်းစိတ်လူပ်ရှားတယ် သိပ်လက်ရည်မကွာလို့  ဒါပေမယ့် မြန်မာနိုင်တယ်။။။
မြန်မာတွေက နိုင်ငံတကာအသင်းအကုန်လုံးကို ဆက်တိုက်နိုင်တယ် ရူံးပွဲလုံးဝမရှိ
ထိုင်းဝန်ကြီးချူပ်ပေးတဲ့ ဆုငွေ အမြင့်ဆုံး ဘတ်လေးသိန်းရသွားတယ် မြန်မာနိုင်တယ်.....ဆုပေးပွဲမှာ ခေါ်တာ
မြန်းမား မြန်းမား ၀င်း ၀င်း ၀င်းတဲ့ အခုထိုင်းတွေအခေါ် ဖမာ့မဟုတ်တော့ဘူး မြန်မာနိုင်တယ်...
အဲ့ညနေက ဆုပေးပွဲအပြီး မိုးကြီးလေကြီးကျတယ် အယုဒယမြစ်ကိုဖြတ်တိုက်တဲ့လေကလည်း ကြမ်းလိုက်တာ မိုးတွေဆိုတာ ညို့ နေတာပဲ ကောင်းကင်တစ်ခုလုံး မှောင်မည်းသွားတယ် လေတိုက်သံတွေကလဲ စူးစုးဝါးဝါး အော်သံကြီးလိုပဲ တ၀ူးဝူးနဲ့ အယုဒယမြစ်က စိတ်ဆိုးနေလိုက်ပုံများ လိုင်းတွေ တ၀ုန်းဝုန်းနဲ့ ။ မတတ်နိုင်ဘူးလေ..
ဒါပေမယ့် မြန်မာနိုင်တယ်.....
Posted by မဆုမွန် at Friday, September 19, 2008 3 comments
Labels: အားကစား